Thursday, December 31, 2009

Happy New Year !!!

Happy New Year All Brothers and Sisters and Friends

I wish you Health.....
So you may enjoy each day in comfort.

I wish you the love of friend and family.....
And Peace withing your heart.

I wish you the beauty of nature.....
That you may enjoy the work of God.

I wish you Wisdom to choose priorities....
For those things that really matter in life.

I wish you Generousity so you may share....
All good things come to you.

I wish you Happiness and Joy....
And Blessings for the New Year.

I wish you the best of everything....
That you so well deserve....

HAPPY NEW YEAR !


(အပေါ်ကစာသားများ အင်တာနက်မှ ကူးချပါသည် :D )

Tuesday, December 29, 2009

အဖေနဲ့အမေ။၃၄။

ဂိုဒေါင်မှူးအပြုအမူနဲ့ ပါတ်သက်ပြီး သိပ်မကြာခင်ရက်အတွင်းမှာပဲ အဖေက သူနဲ့အကြီးတန်းစာရေးအမျိုးသမီးကို စာရင်းတွေ စစစ်သလို သူတို့လည်း အဖေစစ်နေတဲ့စာရင်းတွေကြားမှာ လူးလှိမ့်နေတော့တယ်.....စာရင်းတွေ စစ်နေတဲ့ ကြားထဲမှာပဲ အဖေ့ကို ဒီဦးစီးမှူးတော့တွေ့မယ် တစ်ခါထဲကို အပြုတ်ဖြုတ်ပြစ်မယ်ဆိုပြီး ကြိမ်းဝါးနေတယ်ဆိုတဲ့အသံပြန်ကြားခဲ့ရတယ်.....အဖေ့အတွက် အားအကိုးရဆုံးကတော့ အဖေ့လက်ထောက် ဒုဦးစီးမှူးပါပဲ........ဒုဦးစီးမှူးက နယ်မြေခံဖြစ်သလို အစဉ်အဆက် ပြုတ်သွားကြတဲ့ ဦးစီးမှူးပေါင်းမြောက်များစွာလက်ထက်မှာ အလုပ်လုပ်ခဲ့သလို တစ်ရုံးလုံးကလည်း ကြောက်ကြရတဲ့အပြင် ဦးစီးမှူးအသစ်ဆိုရင် သူက ပမာမခန့်လုပ်တတ်တယ်ဆိုတာ ကို အဖေ အစောထဲက ကြိုသိခဲ့ရတယ်.......နေရာသစ်မှာ လုပ်စရာရှိတာကိုသာ လုပ်နေပြီး အလုပ်အပေါ်လေးစားတဲ့အဖေ့ကိုတော့ ဒုဦးစီးမှူးက အဖေ့အရင်ဦးစီးမှူးတွေတုန်းက မခေါ်ခဲ့တဲ့ ဆရာလို့ အဖေ့ကိုခေါ်ပြီး အင်မတန်လည်း လေးစားခဲ့တယ်.........ဦးစီးမှူးတွေ စကားလက်ဆုံကြလို့ အဖေ့ကို ကျန်တဲ့ဦးစီးမှူးတွေက ခင်ဗျားကတော့ တစ်ခါထဲကို ချုပ်ထားလိုက်တော့တာပဲ ဆိုပြီး လက်ထောက်ဦးစီးမှူး အဖေ့အပေါ် ရိုကျိုးတာကို ပြောဖြစ်ကြရင် အဖေကတော့ ပြုံးနေလေ့ရှိသလို ကျွန်တော်က ကျွန်တော့်အလုပ် ကျွန်တော်လုပ်ပြီး သူကလည်း လူကောင်းပါလို့ပဲ အဖေပြန်ပြောခဲ့တယ်.......

ဂိုဒေါင်မှူးကို အဖေ စာရင်းစစ်တဲ့အချိန် ပစ္စည်းတွေကွာနေတဲ့အတွက် မင်းလည်းဝန်ထမ်း မင်းဒုတ်ခလည်း မရောက်စေချင်ဘူး ဆရာ အထက်ကို မတင်ဘူး ပစ္စည်းတွေပြန်ထည့်ပါဆိုတော့ ဂိုဒေါင်မှူးက ကျွန်တော် ပြန်မထည့်နိုင်ဘူးဆရာ နောက်ပိုင်းမှာ ဆရာလည်း လုပ်မှာပါပဲ ဆရာ ဖျောက်ပေးပါဆိုပြီး ပေါ်တင်ကို ပြောခဲ့တယ်.......အဖေကတော့ ဒေါသလည်း မထွက်ပဲ အေး ငါကျန်တာတော့ မပြောလိုဘူး မင်းကို ရက်သက်မှတ်ပေးမယ် မင်းပြန်ထည့်ရင်ထည့် မထည့်ရင် ငါအထက်ကို တင်ရမယ်ဆိုပြီး ပြောတော့မှ ဂိုဒေါင်မှူးလည်း ပြာယာခတ်ပြီး အမေ့ကို ၀င်ကပ်တော့တယ်.......အန်တီ လုပ်ပါအုန်း ဆရာ့ကို ပြောပေးပါအုန်း နောက်ပိုင်း ဂွင်တွေက ဒီလိုဒီလို ရှိတယ် ဒါလေးတော့ ကျွန်တော့်ကို ခွင့်လွှတ်ပေးပါလို့ ပြောပေးပါ .......နောက်ပိုင်း ဂွင်တွေကို ကျွန်တော် အန်တီတို့အတွက် လုပ်ပေးပါမယ်ဆိုပြီးပြောတဲ့ အချိန် အမေက အန်တီတို့ အခုဒီကိုပြောင်းလာတာ အန်တီဘာမှမလုပ်ပဲနဲ့ကို နှစ်ပေါက်အောင် ထိုင်စားနေနိုင်ပါသေးတယ် .....ထိုင်မစားနေနိုင်လို့ ပိုက်ဆံမရှိရင်တောင် အန်တီ အလုပ်ထွက်လုပ်ပြီး အန်တီမိသားစု ကို အန်တီ ရှာကျွေးနိုင်ပါတယ်......အန်တီ့ယောင်္ကျား သိက္ခာကိုပဲ အန်တီ အလေးထားတယ် အန်တီယောင်္ကျား မင်းတို့ဆရာအလုပ်ကိုလည်း အန်တီ ဘယ်တုန်းကမှ ၀င်မစွက်ဖက်ခဲ့ဘူး နောက်လည်း မင်း ဒီစကားတွေ အန်တီ့ကို လာမပြောပါနဲ့ မင်းတို့ ရုံးကိတ်စ အန်တီ သိလည်း မသိချင်ဘူး သိသည့်တိုင် အန်တီ မင်းတို့ဆရာကို ပြောပေးလို့မရဘူး အန်တီပြောလည်း မင်းတို့ဆရာလက်ခံမှာမဟုတ်ဘူး အန်တီတို့မိသားစုက ကိုယ့်စည်းနဲ့ကိုယ် နေကြတယ်ဆိုတာ မင်း သိစေချင်တယ်လို့ ပြောလိုက်တော့ သူလည်း လက်မှိုင်ချပြီး သူ ဘုန်း ထားတဲ့ ဟာတွေကို ပြန်ထည့်ပေးခဲ့ရတယ်........


နယ်မြေအသစ်မို့ အပြင်ကို မထွက်ပဲ အိမ်ထဲမှာပဲနေနေပြီး မြို့နယ်မှူးသား ဖိုးဇော် နဲ့ ပဲ သူ့အိမ်သွားလိုက် ကိုယ့်အိမ်လာလိုက် လုပ်နေပြီး အဲဒီအသက်အရွယ်ထိ ကျွန်တော်ပေါင်းတဲ့သူငယ်ချင်းတွေထဲမှာ ဖိုးဇော်က အရိုးသားဆုံးဖြစ်တဲ့အတွက် အဖေနဲ့အမေလည်း ကျွန်တော့်အတွက် အနည်းငယ် စိတ်ပူပင်မှု ကင်းရတဲ့ကာလပါပဲ.......ဖိုးဇော်ကိုတော့ ရိုးသားလွန်းလို့ အဖေနဲ့အမေကချစ်သလို ကျွန်တော်ကလည်း ဒီနေ့အထိပဲ မေ့လို့မရနိုင်ခဲ့ဘူး.......ကျွန်တော်တို့ ကျောင်းတွေ ဖွင့်ကာနီးအချိန်မှာ တော့ အရင်လို မဆိုးတော့ပဲ စာကြိုးစားတော့မယ် ဖိုးဇော်နဲ့ပဲ ပေါင်းပြီး ဖိုးဇော်လို ရိုးရိုးသားသား နဲ့ စာကြိုးစားတဲ့ လူဖြစ်အောင်လုပ်တော့မယ် ငါ့ပုံစံကို နေရာသစ်မှာပြောင်းလိုက်တော့မယ်လို့ စိတ်ကူးမိတဲ့ကျွန်တော်က စာတော်လို့ အေခန်းကိုရောက်မယ့် ဖိုးဇော်နဲ့အတူတက်ချင်တာရယ် စာတော်တဲ့သူတွေနဲ့နေရင် စာလုပ်ဖြစ်မှာပဲဆိုတဲ့ စိတ်ရှိတာရယ်ကြောင့် အမေ့ကို အမေ သား အေခန်းမှာ နေချင်တယ် ဟိုဘက်ကျောင်းက မှတ်ချက်တွေနဲ့ဆို သား နောက်ဆုံးခန်းရောက်မှာ သေချာတယ် သားကို ကျောင်းအုပ်ဆရာမကြီး ဆီ ၀င်တွေ့ပြီး အေခန်းထားဖို့ပြောပေးပါဆိုပြီး အမေ့ကို ပြောခဲ့တယ်......အမေကလည်း ၀မ်းသာအားရ အေး အမေပြောပေးမယ် ငါ့သား စာကြိုးစားချင်စိတ်ရှိတာပဲ အမေ၀မ်းသာတယ် နောက်နေ့ အမေသွားပြောပေးမယ်ဆိုပြီး ကျွန်တော့်ကို ပြောခဲ့တယ်......

နောက်နေ့မှာတော့ လက်ဆောင်တွေ တစ်ပွေ့တစ်ပိုက်နဲ့ အမေ ကျောင်းအုပ်ဆရာမကြီးဆီကို ထွက်သွားခဲ့ပြီး ဆရာမကြီးဆီက ပြန်ရောက်တဲ့အချိန်မှာ ငါ့သားရေ မပူနဲ့ အမေ ပြောခဲ့ပြီ ငါ့သား ဖိုးဇော်နဲ့အတူတူ အေခန်းမှာ တက်ရမယ် ငါ့သားလည်း ကြိုးစား သူများတွေက စာတော်ပြီး ကိုယ်က ညံ့နေရင် ရှက်စရာကြီး ဆိုပြီး အမေ ပြောခဲ့တယ်.........ကျောင်းတက်ရမယ့် နေ့မှာတော့ ဖိုးဇော်နဲ့ ကျွန်တော် အတူသွားခဲ့ပြီး အေခန်းထဲမှာ ခပ်တည်တည်ဝင်ထိုင်နေတဲ့ ကျွန်တော့်ကို ဒီ ခန်းကို သွားရမယ်ဆိုပြီး ဆရာမက ပြောလို့ ယောင်တောင်တောင်နဲ့ ကျွန်တော် ထလာရသလို ဖိုးဇော်ကလည်း ဆရာမ သူအေခန်းမှာ မနေရဘူးလားဆိုပြီး မျက်နှာငယ်လေးနဲ့ မေးနေခဲ့တယ်.......ကျွန်တော် ဒီခန်းကို ရောက်တဲ့အချိန်မှာတော့ ကျွန်တော့်ထက် ၃ နှစ်လောက်ကြီးတဲ့သူတွေ အများစု ရှိပြီး တစ်ကယ့် လူဆိုး လူပေတွေကို ထားတဲ့ အခန်းဆိုတာ ကျွန်တော် သိခဲ့ရတယ်......ကျောင်းက အပြန် အမေ့ကို အမေ သားတော့ ဒီခန်း ရောက်သွားပြီ အမေ သေချာမပြောဘူးလားဆိုပြီးမေးလို့ အမေလည်း ဆရာမကြီးအိမ် အသည်းအသန် ပြေးပြီး မေးတော့မှ အောင်လာတဲ့အမှတ်ရယ် အရင်နေခဲ့တဲ့ကျောင်းက အလွန်ဆိုးတယ်ဆိုတဲ့ မှတ်ချက်ပါလို့ ဘယ်လိုမှ လုပ်ပေးလို့မရဘူး ဆိုပြီး အမေ့ကိုပြောခဲ့တယ်......အမေကတော့ ကျွန်တော့်အတွက် စိတ်မကောင်းဖြစ်ခဲ့ပြီး ကျွန်တော်ကတော့ စိတ်ချဉ်နည်းနည်းပေါက်ခဲ့ရတယ်........

အဖေနဲ့အမေက ကျွန်တော့်ကို အရင်လို အပေါင်းအသင်းမှားမှာစိုးရိမ် ပြီး အစစအရာရာလည်း အရင်ကထက် မျက်လုံးဒေါက်ထောက်ကြည့်နေတဲ့အချိန်ပါပဲ.......ကျွန်တော့်မှာလည်း သိပ်မကြာလိုက်ဘူး ဒုဦးစီးမှူး သားနဲ့ဆက်စပ်ပြီးသိရတဲ့ မြို့နယ်ဆရာဝန်ကြီးသား ကျွန်တော်တို့အခေါ် ငကျစ် ရယ် နွားနို့ရောင်းတဲ့ ကုလားလူမျိုး ကျွန်တော်တို့အခေါ် နှာခေါင်းရယ် နဲ့ထပ်သိခဲ့ရပြီး ဖိုးဇော်အပါအ၀င် သူတို့သုံးယောက်နဲ့ပဲ ပေါင်းနေခဲ့တယ်......အဖေနဲ့အမေက နှာခေါင်းနဲ့ ဖိုးဇော်ကို ရိုးသားပြီး ကျွန်တော့်အပေါ်လည်း ချစ်ကြတယ် ငကျစ်ကတော့ မရိုးသားဘူး ကျွန်တော့်အပေါ်လည်း သူငယ်ချင်းစိတ် မရှိဘူး လို့မှတ်ချက်ပေးပေမယ့် ကျွန်တော်ကခင်ခင်မင်မင်ပေါင်းနေလို့ ဘာမှမပြောတဲ့အပြင် ကျွန်တော့်အပေါ် မကောင်းစိတ်မွေးမှာဆိုးတဲ့အတွက် ငကျစ်လာရင် သူငယ်ချင်းအချင်းချင်း ခင်ခင်မင်မင်ပေါင်းဖို့ ကျွန်တော် မကောင်းတာရှိရင် သူတို့ကိုတိုင်ဖို့ စိတ်မခုဖို့ ပြောနေတတ်ခဲ့ပြီး နှာခေါင်းနဲ့ ဖိုးဇော်ကိုတော့ ကျွန်တော်နဲ့တန်းတူ သားတွေလိုပဲ ချစ်သလို နှာခေါင်းနဲ့ဖိုးဇော်ကလည်း အမေ့ကိုဆို အမေတစ်ယောက်လိုပဲ သဘောထားခဲ့ကြတယ်.......ကျောင်းပိတ်ရက် နေ့လည်ဆို ထမင်းချိုင့်လေးတွေဆွဲပြီး နှာခေါင်းကလည်း ကျွန်တော်ကြိုက်တယ်ဆိုတဲ့ အမဲကြော်ပါလာတတ်သလို ဖိုးဇော်ကလည်း ကျွန်တော့်အတွက် ငါးပိထောင်းဆိုပြီး သူ့အမေကို ဇွတ်ထောင်းခိုင်းပြီး ယူလာတတ်လို့ အမေက မယူလာခဲ့ဖို့ပြောတိုင်း ဒီကောင်ကြီးကြိုက်လို့ အန်တီရ အန်တီချက်ထားတဲ့ဟင်းတွေ သားတို့စားမယ် ဆိုပြီး ပျော်ပျော်ပါးပါး စားတတ်တဲ့အတွက် အမေနဲ့အဖေလည်း တို့သားလည်း အခုမှ ကလေးပုံပေါက်တော့တယ်ဆိုပြီး စိတ်ချမ်းသာခဲ့ရတယ်........

နေရာသစ်ကိုရောက်ပြီး တစ်လနှစ်လောက်အကြာမှာ အဖေက အစ်ကို့ကို လည်း ကျောင်းတက်ဖို့ကိတ်စတွေပြီးရင် ကားယူပြီး လာခဲ့ဖို့မှာခဲ့တယ်......အစ်ကိုကတော့ ရောက်လာခဲ့ပေမယ့် ကားတော့ ပါမလာခဲ့လို့ ကားကောလို့ အဖေ မေးတဲ့အချိန်မှာ ကားက သိပ်မကောင်းတော့တာရယ် ခရီးကဝေးလွန်းတာရယ်ကြောင့် ရောင်းလိုက်ပြီဆိုပြီး အစ်ကိုကပြောတော့ အမေက အမလေး ငါ့သားရယ် ဘာလို့ရောင်းလိုက်တာလည်းလို့ပြောခဲ့သလို အဖေကလည်း ဟ မင်းသဘောနဲ့မင်းရောင်းရအောင် မင့်ကားမှမဟုတ်တာ ငါတို့တောင် မတိုင်ပင်ဘူး မင်းက ဘာသဘောလည်းကွလို့ပြောခဲ့ပြီး ဘယ်မလဲ ကားရောင်းရတဲ့ ပိုက်ဆံဆိုပြီးမေးတော့ အစ်ကိုက ပိုက်ဆံတွေ ထုတ်ပေးပေမယ့် အပြည့်တော့ အဖေနဲ့အမေ မရခဲ့ဘူး........ဘယ်ရောက်ကုန်လည်း မေးတော့လည်း သုံးပြစ်ပြီပဲ ပြောတာနဲ့ အဖေနဲ့အမေ လည်း ဘာမှ ပြောလို့မရတော့ပဲ အဖေကတော့ မင်းကွာ မင်းကွာ နဲ့ဖြစ်နေခဲ့ပြီး အမေကတော့ ငါ့သားက လက်လွတ်စပါယ် သိပ်လုပ်တာပဲ အဖေနဲ့အမေကို မသနားဘူးလို့ပဲပြောခဲ့တယ်......နောက်ပိုင်းမှ အဖေနဲ့အမေ သိခဲ့ရတာက အစ်ကိုက သူ့အချစ်ဆုံးသူငယ်ချင်း ရဲ့မိဘတွေ ကွဲကြတဲ့အခါ ဒုက္ခရောက်နေတဲ့အတွက် သူ့သူငယ်ချင်း နဲ့ သူငယ်ချင်းအမေ လုပ်စားကိုင်စားလို့ရအောင် ကားရောင်းပြီး တစ်ချို့တစ်ဝက်ကို ပေးခဲ့တယ်ဆိုတာပါပဲ.........အဖြစ်မှန်ကို သိသွားတဲ့အဖေနဲ့အမေက ငါ့သားစိတ်ဓာတ်ကို အဖေတို့အမေတို့ သဘောကျပါတယ်.......လုပ်လည်း လုပ်ပေးသင့်ပါတယ်.......ဒါပေမယ့် နောက်ဆိုရင်တော့ သားသဘောကျမလုပ်ပါနဲ့ အဖေတို့အမေတို့ကို ပြောပါဆိုပြီး ပြန်မပြောနားမထောင် အစ်ကို့ကို ဆုံးမခဲ့ရတယ်........

အစ်ကို အိမ်ကိုရောက်လာတဲ့ကာလမှာ အဖေနဲ့အမေ ကျွန်တော်တို့ညီအစ်ကို နှစ်ယောက်အတွက် စိတ်အချမ်းသာဆုံးကတော့ နေရာသစ်မှာ ရေလည်း ရှားတဲ့အပြင် ရုံးဝင်းအတွင်းမှာရှိတဲ့ရေတွင်းကလည်း သံချေးရေပါပြီး ရေလိုက်ပို့တဲ့လူကလည်း လာတစ်ချက်မလာတစ်ချက်မို့ အစ်ကိုနဲ့ကျွန်တော် ထမ်းပိုး မထမ်းတတ် ထမ်းတတ်နဲ့ ရေတွေ ထမ်းပြီး အဖေနဲ့အမေ ချိုးဖို့ ရေခပ်ပေးသလို ရေတွင်းမှာသွားပြီး အမေ့ထမိန်တွေ အဖေ့ပုဆိုးတွေ ညီအစ်ကိုနှစ်ယောက် သွားသွားရှော်ပေးခဲ့တာပါပဲ.......ညီအစ်ကိုနှစ်ယောက် ရေတွင်းကနေ ရေခပ်ပြီး ဒယီးဒယိုင်နဲ့ ရေထမ်းနေခဲ့ပြီး ရေတွင်းဘေးမှာ အစ်ကိုက အမေ့ထမိန်တွေ လျှော် ကျွန်တော်က ရေခပ်ပေး လုပ်နေတဲ့ ကျွန်တော်တို့ညီအစ်ကို နှစ်ယောက်ကို လိမ္မာ လိုက်ကြတာ သားလေးတွေက ကုသိုလ်ကောင်းလိုက်တာလို့ အဖေနဲ့အမေကို လူတွေက ၀ိုင်းပြောကြရင် ကျွန်တော်တို့ အများကြီးဆိုးခဲ့တာတွေကို ဘေးဖယ်ထားပြီး လူတွေပြောတဲ့ လိမ္မာလိုက်တဲ့ သားလေးနှစ်ယောက်ဆိုတာကိုပဲ အဖေနဲ့အမေ ကျေနပ်ပီတိဖြစ်နေခဲ့ကြတယ်.......ထို့အတူ ကျွန်တော်တို့ကို လူလိမ္မာလေးတွေလို့ထင်ပြီး သားလေးတွေကို ဂရုစိုက်နော် ဒီနယ်မြေက ဆိုးတယ် သားလေးတွေပျက်စီးသွားမှာဆိုးလို့ဆိုပြီး အမေနဲ့အဖေကို လာပြောရင် အဖေနဲ့အမေကတော့ ပြုံးနေတတ်ခဲ့ပြီး တစ်ယောက်တစ်မျိုးဆိုးတဲ့ ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်ကလည်း အဲဒီအပြုံးတွေရဲ့ အဓိပ္ပါယ် ကိုသိပြီး ရီချင်မိသလို ဧည့်သည်တွေပြန်သွားပြီဆိုရင် ဒီသားနှစ်ယောက်ကြောင့် ခေါင်းမွှေးဖြူပြီး ဆံပင်ဆေးဆိုးထားတာ လူတွေကမသိဘူး ငါ့မှာ ဆေးဗူးမမြင်အောင် လူတွေသိမ်းရတာ အမော ဆိုပြီး ဟာသလည်း ပြောခဲ့သေးတယ်......

သိပ်တောင် မကြာလိုက်ဘူး ငကျစ်ရဲ့အစ်မ နဲ့ အစ်ကိုနဲ့ ရည်းစားဖြစ်သွားပြီဆိုတာလည်း သိရော အမေက မျက်ကလူးဆန်ပြာဖြစ်ပြီး ငါ့သားရယ် သူတို့က ဆရာဝန်တွေသာဖြစ်တာ လောင်းကစားသမားတွေ အကျွေးတွေဆိုတာနည်းတာမဟုတ်ဘူး ကောင်မလေးပုံစံကလည်း ကလက်တက်တက် နဲ့ အမေမကြိုက်ဘူး ဒူးတင်ပေါင်တင် ဖဲရိုက်နေတဲ့ သူတွေနဲ့ အမေ ဘယ်လိုမှ သဘောမတူနိုင်ဘူး ငါ့သား ဒီကလေးမနဲ့ ရသွားရင် အမေ ရင်ကျိုးလိမ့်မယ်ဆိုပြီး အစ်ကို့ကို ကျောင်းဘယ်တော့တက်ရမှာလည်း မေမေကြီးတို့ဆီ ပြန်နေမလားဆိုပြီးပဲ အချိန်တိုင်း အမေမေးနေခဲ့တယ်.......ဘယ်တုန်းကမှ အဖေတို့အမေတို့နဲ့ ခပ်ကြာကြာအတူ မနေချင်တဲ့အစ်ကိုကလည်း သား ဒီမှာပဲပျော်တယ်လုပ်နေလို့ အမေ့မှာ ခေါင်းမီးတွေတောက်နေခဲ့ရသလို အဖေတောင် အမေ့ကြည့်ပြီး စိတ်မချမ်းသာလို့ အစ်ကို့ကို ငါ့သား မင်းအမေ စိတ်မချမ်းသာတာ မလုပ်နဲ့ကွာ မင်းလည်း တစ်ကယ်ကြိုက်တာမဟုတ်ဘူး မင်း ဒီလို ရည်းစားတွေ ဟိုထားဒီထား လုပ်နေတာလည်း အဖေမကြိုက်ဘူးဆိုပြီး ဆုံးမခဲ့ရတယ်......အစ်ကိုကတော့ အဖေနဲ့အမေ ဘာပြောပြော ဟင့်အင်း သားဒီမှာပျော်တယ် အဖေတို့က လည်း သားက အဖေတို့အမေတို့နဲ့ နေချင်ပါတယ်ဆိုကာမှ သားကို ဇွတ်နှင်ထုတ်နေတယ်ဆိုပြီး နွဲ့ပြလို့ အဖေနဲ့အမေမှာ ရင်တစ်မမ နဲ့ စောင့်ကြည့်နေယုံကလွဲလို့ မပြောသာခဲ့ဘူး........နောက်ဆုံး မြို့ပေါ်မှာ ပွဲတစ်ခုလုပ်တဲ့အချိန် အစ်ကိုနဲ့ ငကျစ်အစ်မ ညပိုင်းချိန်းထားတယ် ဘေးနားက စီစဉ်ပေးတဲ့လူတွေလည်း ရှိတယ် ဒီနေ့ည အန်တီ့သားနဲ့ ကောင်မလေးချိန်းတွေ့ပြီးရင် ၀ိုင်းဖမ်းတယ်ဆိုပြီး လုပ်ကြလိမ့်မယ်လို့ သတင်းပေးလာတဲ့လူရှိလို့ အမေ ပြာယာခတ်ပြီးအစ်ကို့ကို ဟုတ်သလားမေးပြီး မသွားဖို့ပြောပေမယ့် ထုံးစံအတိုင်း အမေတို့ကလည်းဗျာ ဘာမှလည်း မဟုတ်ပဲနဲ့ အဲဒီလူတွေက အမေ့ဆီက စားနေရလို့ စားကောင်းအောင်လာပြောနေတာ ဆိုပြီး အမေ့ကိုပြန်ရန်တွေ့ခဲ့တယ်........အဖေကလည်း မင်း ဒီနေ့အပြင်မထွက်နဲ့ဆိုပေမယ့် ညပိုင်း မှာ အစ်ကို ခိုးထွက်သွားမှန်းလည်း သိရော အမေက အဖေ့ကိုတောင်မစောင့်တော့ပဲ တုတ်တစ်ချောင်းကိုင်ပြီး သတင်းလာပေးတဲ့ အငယ်တန်းစာရေးအစ်ကိုရဲ့ မိန်းမကို ခေါ်ပြီး အစ်ကိုတို့ချိန်းတွေ့နေတယ်ဆိုတဲ့ အိမ်ကို ဒုန်းစိုင်းပြေးခဲ့တော့တယ်.........

အစ်ကိုတို့ ချိန်းတွေ့နေတဲ့ အိမ်ရှေ့ရောက်ရောက်ချင်း ကျော်ကျော် အိမ်ပေါ်က ဆင်းခဲ့ ....နင်ဒီမှာရှိတာ ငါသိတယ် အခုချက်ခြင်းဆင်းခဲ့ ငါ့အကြောင်းသိတယ်နော် သားကို ချစ်လို့ အလိုလိုက်ထားတာ မကန်းတက်နဲ့ အကုန် ဒုတ်ခရောက်ကုန်မယ် အခုဆင်းခဲ့ဆိုပြီး ပြောတော့မှ အီလည်လည် အစ်ကို အောက်ကို ဆင်းလာခဲ့တယ်........အမေက တစ်ချိန်လုံး သူ့စကားနားမထောင်တဲ့ အစ်ကို့ကို ကုတ်က ဆွဲပြီး အိမ်ပြန်ခေါ်လာခဲ့ပြီး အဖေက မင်းကွာ သားသမီးကို ဒါမျိုးမလုပ်ရဘူး အရှက်ရသွားတတ်တယ်လို့ပြောပေမယ့် တော် ၀င်မပါနဲ့ ကျုပ်သိတယ် ဒီကိတ်စ ရသွားရင် ဘယ်လိုလုပ်မလည်း အခုတောင် အချိန်မှီလေး ဒီလို အရှက်ရမှ ဒီကောင် ဒီမှာ မနေချင်မှာ ဆိုပြီး အစ်ကို့ကိုလည်း ကျော်ကျော် အမေက သားတို့ကို ချစ်လွန်းလို့ အလိုလိုက်တာ သားတို့ မဖြစ်သင့်တာမဖြစ်ရအောင် အမေ ကြမ်းသင့်ရင်ကြမ်းရမှာပဲ အမေ့အကြောင်းလည်း သားသိတယ် အမေ့ကိုတော့ ဒါမျိုး လာမစမ်းနဲ့ ခုတစ်ခွန်းမှပြန်မပြောနဲ့ သွား အထုတ်အပိုးပြင် နောက်နေ့ပြန်ရမယ်ဆိုပြီး အစ်ကို့ကို အထုတ်အပိုးပြင်ခိုင်းပြီး နောက်နေ့မှာပဲ မေမေကြီးတို့ဆီကို ပြန်လွှတ်ခဲ့ပြီး ကျောင်းမတက်ခင် ကြားထဲ မေမေကြီးတို့ဆီမှာပဲ နေဆိုပြီး ခိုင်းခဲ့တယ်.......ပြုံးပြုံး ပြုံးပြုံးနဲ့ သဘောတစ်အားကောင်းတာဆိုပြီး သိထားပြီး အမေ့ကို သွေးတိုးလာလာစမ်းတဲ့ အဖေ့ရုံးက အကြီးတန်းစာရေးမိန်းမနဲ့ တစ်ခြားလူတွေလည်း အမေ့ဒေါသကြီးမှန်းသိခဲ့ကြပြီး အစ်မက ထင်တောင်မထင်ဘူး ဒီလောက်ဒေါသကြီးလိမ့်မယ်လို့ .....ကြောက်စရာကောင်းလိုက်တာဆိုပြီး ပြောခဲ့ကြသလို ငကျစ်တို့ မိသားစုကလည်း အမေ့ကို တော်တော်နာသွားပေမယ့် ငကျစ်အမေနဲ့ ငကျစ် ကတော့ ဟန်ဆောင်ပန်ဆောင် ကျွန်တော်နဲ့ကော အမေနဲ့ပါ အခင်မင် မပျက် နေခဲ့ကြတယ်........

အစ်ကို ပြန်သွားပြီး မကြာခင်ရက်ပိုင်းအတွင်းမှာပဲ အဖေနဲ့အမေကို ဆုံစည်းစေခဲ့တဲ့ မိန်းမနဲ့လည်း ကွဲနေတဲ့ အမေ့အစ်မအကြီးဆုံးယောင်္ကျား အဖေ့အကို ၀မ်းကွဲ အိမ်ကိုရောက်လာပြီး အိမ်မှာနေချင်တယ်ဆိုတဲ့အတွက် အဖေနဲ့အမေက အိမ်ပေါ်ခေါ်တင်ထားခဲ့တယ်.......အရက်သမား လုံးလုံးဖြစ်နေတဲ့ သူ့ကို အဖေနဲ့အမေက ညစဉ်ညတိုင်း အရက်ကောင်းကောင်း ၀ယ်တိုက်ခဲ့ပြီး အရက်သောက်ချင်ရင်လည်း အိမ်ထဲမှာသောက်ဖို့ ပြောခဲ့သလို သူကလည်း နေ့တိုင်း တစ်နေကုန်တစ်နေခန်း မူးနေခဲ့တော့တာပါပဲ........လူက မူးပြီး အရက်ကြောင်ကြောင်သလို ဖြစ်နေတဲ့ သူ့ကို ကျွန်တော်လည်း စိတ်ညစ်ပေမယ့် ဦးလေး ဆိုတဲ့အခံရယ် အဖေနဲ့အမေကို ဆုံစည်းစေခဲ့တယ်ဆိုတဲ့ အခံရယ် ပေါင်းပြီး ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့ပေမယ့် သူ့ပုံစံက တစ်နေ့တစ်ခြား စိတ်ညစ်စရာဖြစ်လာခဲ့ပြီး အဖေနဲ့အမေ အရက်ဝယ်ပေးထားတဲ့ကြားက အပြင်မှာ ထွက်ပြီး အရက်သောက်တဲ့အပြင် မူးပြီး ပြန်မလာနိုင်လို့ ဆိုက်ကားဆရာတွေ အိမ်ကို လိုက်ပို့ပေးရတဲ့ အခါတွေလည်း ရှိတဲ့အတွက် အဖေနဲ့အမေမှာ အရှက်ရစရာတွေဖြစ်လာခဲ့တယ်......တစ်ရက်မှာတော့ ကျွန်တော်က ဦးဦး အဖေနဲ့အမေက အရက်ဝယ်ပေးထားတာပဲ အပြင်မှာသွားမသောက်ပါနဲ့ဗျာ အဖေ သိက္ခာကျတယ်လို့ပြောတော့ အရက်သောက်ယုံတင်မကဘူး ငါ့တူရ အရက်ဆိုင်က မိန်းမက ဦးဦးကို သဘောကျနေတာ ဦးဦးကလည်း သူ့ကိုသဘောကျနေတာ .....အဆင်ပြေရင် ယူမယ်ကွဆိုပြီး ပြောလို့ ကျွန်တော်လည်း ဟာဗျာ ဒုက္ခပါပဲ လို့ပြန်ပြောပြီး အဖေနဲ့အမေကို အဲဒီအကြောင်း ပြောပြရတော့တယ်..........

အဖေနဲ့အမေလည်း ရုံးက ရိုးသားလွန်းတဲ့ ကချင်အစ်ကိုကြီးကို စုံစမ်းခိုင်းတဲ့အခါ သူက မူးမူးရူးရူးနဲ့ ငါက ဦးစီးမှူးအစ်ကို နင့်ကို သဘောကျတယ် ဆိုပြီး ရည်းစား စကား လိုတောင် ပြောပြီး လမ်းဘေး အရက်ဆိုင်ကလူတွေကလည်း သူ့လာရင် ဟာသတွေလုပ်နေကြတယ်ဆိုတာ သိခဲ့ရတယ်.......အဖေနဲ့အမေလည်း ဦးလေးကို ပြောဖို့ တော်တော်အကျပ်ရိုက်ခဲ့ပေမယ့် နောက်ပိုင်းမှာ ပိုဆိုးလာမှာဆိုးတာနဲ့ မျက်နှာနာနာနဲ့ပဲ ပြန်တော့ဖို့နဲ့ လုပ်ကိုင်စားဖို့ အရင်းအနှီးအနည်းငယ် ထုတ်ပေးခဲ့ပြီး သူ့ကို ပြန်လွှတ်ခဲ့ရတယ်......နေရာသစ်ကို ပြောင်းလာတဲ့အဖေနဲ့အမေအဖို့ ဘ၀အစကစလို့ အဲဒီအချိန်ထိ မှာ အမျိုးတွေနဲ့ဝေးရာကို ပထမဆုံးပြောင်းလာတာဖြစ်သလို ဘယ်လိုအခြေအနေမျိုးမှာပဲ ရပ်တည်ရတဲ့ သူဖြစ်ပစေ အဖေနဲ့အမေ အနီးနားမှာ မရှိတော့ခြင်းက သူတို့အတွက် အားကိုးရာ မြင့်မိုရ်တောင်ကြီးရွေ့သွားတဲ့သဘောပဲဆိုတာ သူတို့ကိုယ်တိုင် သိသလို ကျွန်တော်ကိုယ်တိုင်လည်း ပိုသိခဲ့ရတယ်.......အဖေ့အမျိုး အမေ့အမျိုးတွေ တစ်ယောက်လာလိုက် ပြန်သွားလိုက် နောက်တစ်ယောက်လာလိုက် ပြန်သွားလိုက်နဲ့ တော်ရုံတန်ရုံ ခပ်အေးအေးနေတတ်တဲ့အဖေတောင် စိတ်ညစ်ရလောက်အောင် အမျိုးတွေက လည်း လာလွန်းလှခဲ့တယ်..........အစ်ကို့ကိတ်စ နဲ့ အဖေ့အစ်ကို အမေ့ခဲအို ကိတ်စ ဖြစ်တဲ့အချိန်ထိ ကျွန်တော်က အေးအေးဆေးဆေး ကျောင်းတက်ပြီး အိမ်ထဲက အိမ်ပြင် သိပ်မထွက်တဲ့အတွက် အဖေနဲ့ အမေ ကျွန်တော့်အတွက် စိတ်အေး စပြုနေတဲ့အချိန်မှာပဲ မထင်မှတ်တဲ့ ရန်ပွဲတစ်ခု ကျွန်တော် ဖြစ်ခဲ့တယ်........

အဖေနဲ့အမေ။၃၃။

မေမေကြီးတို့ အိမ် ရောက်တဲ့ အချိန်မှာ ညနက်နေပြီဖြစ်သလို ကျွန်တော့် လက်သန်းကလည်း လက်မထက်တောင် ကြီးပြီး ညိုမဲပြီး ယောင်ကိုင်းနေခဲ့တယ်......ရောက်ရောက်ချင်းပဲ ဆရာဝန်ဆီသွားပြီး ကျွန်တော့်လက်ကို ကျောက်ပတ်တီးစည်းပေးခဲ့တယ်.........အမေ့ မောင်နှမသားချင်းတွေက ကျွန်တော်အဖမ်းခံရမှာဆိုးတဲ့အတွက် တစ်နေရာ ကို ပို့ပေးဖို့ အမေ့ကို တိုက်တွန်းပေမယ့် အမေကတော့ အဖေလာတဲ့ထိ စောင့်မယ် အဖေ ဖြေရှင်းနိုင်မှာပါဆိုပြီး လက်မခံခဲ့သလို အဖေ့ဆီကို ဖုန်းလည်း ဆက်ခဲ့တယ်.........အဖေ တာဝန်ကျတဲ့နေရာက အဖေ အောက်ကို ပြန်ဆင်းသွားပြီလို့လည်း သိခဲ့ရတဲ့အတွက် နောက်တစ်နေ့မှာ ကျွန်တော့်ကို မေမေကြီးတို့ဆီမှာ ထားခဲ့ပြီး အမေနဲ့မာမီ ဒီတိုင်းပြစ်ထားခဲ့တဲ့ အိမ်ဆီကို ပြန်သွားခဲ့ပြီး အဖေ့အဖေ ဘဘကလည်း အမေတို့ပြန်အလာကို အိမ်ရှေ့မှာ စိုးရိမ်ပူပန်စွာနဲ့ ပြန်လာမယ်မှန်းမသိပဲ ထိုင်စောင့်နေခဲ့တာကို အမေတို့တွေ့ခဲ့ရသလို ဘဘကလည်း အမေ့ကို ငါ့တူမ စိတ်မပူနဲ့ လူလေးလာတဲ့ထိ ဦးလေး စောင့်မယ် ပစ္စည်းတွေလည်း စိတ်မပူနဲ့ ဦးလေး စောင့်နေပေးမယ် ငါ့တူမလည်း ပြန်တော့ ဆိုပြီး အမေ့ကို ပြန်လွှတ်ခဲ့တယ်........

ဒီကြားထဲမှာ မာမီ့ အမျိုးသားက အခြေအနေကို သွားစုံစမ်းတဲ့အချိန်မှာ ကျွန်တော်နဲ့ပြသနာတက်တဲ့ဘက်က ရဲစခန်းကို တိုင်ထားပေမယ့် ရဲစခန်း စခန်းမှူးကလည်း အဖေ့ကို သိတဲ့အပြင် အဖေလည်း မရှိဘူး အဖေ့ အပေါ်လည်း လေးစားသမှုနဲ့ အဖေပြန်လာရင်တော့ ပြေလည်အောင်ဖြေရှင်းပေးမှာပါ သွားမဖမ်းပါနဲ့အုန်းလို့ ပြောထားတဲ့အတွက် ရဲစခန်းက မဖမ်းသေးသလို တစ်ဖက်ကလည်း ရဲစခန်းကို အမေက ပိုက်ဆံပေးထားလို့သာ မဖမ်းတာ ဆိုပြီး ခရိုင်ရဲစခန်းကိုပါ တက်တိုင်ထားတယ်ဆိုတာ သိခဲ့ရတယ်...............ပြသနာက မအေးမှန်း သိပေမယ့် အမေကတော့ အဖေ လည်း လာနေပြီ အဖေလာမှ ရှင်းမယ်လို့ တွေးထားပေမယ့် လမ်းပန်းဆက်သွယ်ရေးကြောင့် ကျွန်တော်ပြသနာဖြစ်ပြီး တစ်ပါတ်လောက်နေမှ အဖေ ရောက်လာခဲ့တယ်........မေမေကြီးတို့ ဆီမ၀င်ပဲ အိမ်ကို တန်းသွားခဲ့တဲ့ အဖေကလည်း အိမ်မှာ ဘဘကိုပဲတွေ့ရပြီး ဘဘက လူလေး အငယ်ကောင်တော့ ဒီလိုပဲ ပြသနာဖြစ်တယ် မင်း လိုက်သွားလိုက်အုန်းဆိုတာနဲ့ ခရီးရောက်မဆိုက် ဒါဆို ကျွန်တော် လိုက်သွားလိုက်အုန်းမယ် အဖေဆိုပြီး မေမေကြီးတို့ဆီ အဖေ ချက်ခြင်း လိုက်လာခဲ့တယ်......အဖေ မေမေကြီးတို့ဆီ ရောက်တဲ့အချိန်မှာ ကျွန်တော်က လက်ကျောက်ပတ်တီးနဲ့ လျှောက်သွားနေပြီး ကျွန်တော့်ကို ချက်ခြင်း မတွေ့လိုက်ရတဲ့အဖေက စိုးရိမ်တစ်ကြီးနဲ့ ငါ့သားကိုတွေ့ချင်တယ် ဘာဖြစ်သွားသေးလည်း သိချင်တယ် ဆိုပြီးပြောခဲ့လို့ ကျွန်တော့်မောင်နှမ၀မ်းကွဲတွေမှာ ကျွန်တော့်ကို လူခွဲပြီး လိုက်ရှာခဲ့ရသေးတယ်.......အစ်ကို ၀မ်းကွဲတစ်ယောက်က ကျွန်တော့်ကို တွေ့သွားပြီး လာလာဟေ့ကောင် အိမ်မှာ ဦးဦးရောက်နေပြီ မင်းကို တွေ့ချင်တယ် ပြောနေတယ် ပြန်လိုက်ခဲ့ဆိုပြီး ပြောတဲ့အချိန် ကျွန်တော် စိတ်တော်တော်ညစ်သွားခဲ့တယ်........အဖေကတော့ ငေါက်အုန်းတော့မှာပဲလို့ ကျွန်တော် ထင်ခဲ့တာပါ........

အီလည်လည်နဲ့ မျက်နှာရှစ်ခေါက်ချိုး လုပ်ပြီး အိမ်ပြန်ပါလာတဲ့ ကျွန်တော့်ကို တွေ့တဲ့အချိန်မှာ အဖေက ငါ့သား ဘာဖြစ်သွားသေးလည်း အဖေ့ကိုပြစမ်း လက်သန်းပဲလား တစ်ခြားဘာဖြစ်သွားသေးလည်း တော်ပါသေးတယ်ကွာ အဖေ့မှာ စိတ်ပူလိုက်ရတာ ငါ့သား ဘာမှစိတ်မပူနဲ့ အဖေ ပြေလည်အောင်ရှင်းပေးမယ် ငါ့သား ဘာမှမဖြစ်ဖို့ အဧိက ဆိုပြီး ပြောနေတဲ့ ခရီးပန်းလာတာတောင် ဂရုမထားပဲ ကျွန်တော့်အတွက် စိုးရိမ်တစ်ကြီးဖြစ်နေတဲ့ အဖေ့ကိုကြည့်ပြီး ကျွန်တော့်ဘ၀မှာ ပထမဆုံးအဖေ့ကို သနားတဲ့စိတ် အရင်ကထက် ပိုတဲ့အားကိုးတဲ့စိတ် အဖေဆိုပြီး ချစ်ခင်မြတ်နိုးတဲ့စိတ် ဖြစ်ခဲ့ရတယ်..........နောက်တော့ အမေ့ကို ဘယ်နေ့ကဖြစ်တာလည်း ဘယ်လောက်ကြာပြီလည်း မေးပြီး နောက်နေ့မိုးလင်းတာနဲ့ ရဲစခန်းကို သွားမယ် တစ်ဖက်ကိုလည်း ပြေလည်အောင်ဖြေရှင်းမယ်ဆိုပြီး အဖေ စီစဉ်ခဲ့တယ်......

နောက်နေ့မိုးလင်းတာနဲ့ အမေနဲ့အဖေရယ် မာမီနဲ့သူ့အမျိုးသားရယ် ကျွန်တော်ပြသနာ ဖြစ်ခဲ့တဲ့ အဖေတာဝန်ကျရာနေရာဟောင်းက ရဲစခန်းကို သွားခဲ့ပြီး ညနေတော်တော်စောင်းမှ ပြန်ရောက်လာခဲ့ကြပြီး အားလုံးက မျက်နှာမကောင်းသလို ပြသနာတွေ အားလုံးရှင်းသွားပြီဆိုတာ လည်း ကျွန်တော် သိခဲ့ရတယ်........မာမီက တော့ နောက်နေ့ကူးအောင်တောင် မစောင့်ပဲ ကျွန်တော့်ကို လိမ်မာဖို့ ကျွန်တော့်ကြောင့် အဖေနဲ့အမေမှာ မျက်နှာအောက်ချထားရသလို အထူးသဖြင့် အဖေ က အင်မတန် သနားဖို့ကောင်းကြောင်းနဲ့ နောက်ဆို ဒီလိုတွေ မဆိုးဖို့ကို ကျွန်တော့်ကို ထိုင်ဆုံးမနေခဲ့တယ်........အမေကတော့ စိတ်မကောင်းတဲ့ မျက်နှာနဲ့ပဲ နောက်ဆို မဆိုးပါနဲ့တော့ သားရယ် လို့ သာပြောခဲ့ပြီး အဖေကတော့ အဖေ ပင်ပန်းတယ် နားလိုက်အုန်းမယ်ဆိုပြီး စောစောစီးစီးပဲ အိပ်ရာဝင်သွားခဲ့တယ်..........ကျွန်တော့်အတွက်တော့ အဖေနဲ့အမေ ဘာတွေများဖြစ်လာသလည်း လို့သိချင်သလို မာမီကလည်း မပြော အမေကလည်း မပြောတဲ့အတွက် အတွေးပေါင်းစုံနဲ့ အိပ်မပျော်ခဲ့တဲ့ နေ့တစ်နေ့ပါဘဲ.........

နောက်နေ့မှာတော့ အဖေက ကျွန်တော့်ကို သူဆုံးမချင်ရင် ပြောနေကြအတိုင်း သား အဖေ စကားပြောအုန်းမယ် လို့ စကားခံပြီး ကျွန်တော့်ကို ဒီပြသနာ ဘာ့ကြောင့်ဖြစ်တယ်ဆိုတာသိသလားက စမေးခဲ့တယ်.......ကျွန်တော်က မသိဘူး အဖေ ဆိုတော့ သား ကပ်တဲ့အိမ်က ကလေးမက သားရည်းစားလား လို့ ထပ်မေးပြန်တယ်.......အဲဒါလည်း သားရည်းစားမဟုတ်ဘူးအဖေ ဒီတိုင်းပဲဆိုတော့ အဲဒီ ကလေးမလေးကို အခု သား ဒါးနဲ့ခုတ်လိုက်တဲ့ကောင်လေးက ကြိုက်နေတာ ဟိုကလေးမလေးကလည်း အစကသူနဲ့အဆင်ပြေမလိုလိုနဲ့ ငါ့သားနဲ့ရည်းစားဆိုပြီးဖြစ်သွားတော့ မင့်ကောင်က မင်းကို စောစောထဲက တေးထားတာ လို့ အဖေ ပြောတော့ ကျွန်တော့်မှာ အံ့သြခဲ့ရတယ်.....သား မကြိုက်ပါဘူး အဖေ သမီးရည်းစားလို လည်း မနေပါဘူးဆိုပြီး ကျွန်တော်ပြောတော့ အဖေသိပါတယ် ဒါပေမယ့် မိန်းကလေး တစ်ယောက်နဲ့ပါတ်သက်ပြီး ဒီလို ဖြစ်တော့ ဘယ်လောက်ရှက်စရာကောင်းလည်း အဲဒါအပြင် တစ်ကယ်လို့သာ အဲဒီနေ့က သားကို အမိဖမ်းဖို့ကြံခဲ့ရင် ဒါမှမဟုတ် သားဒါးနဲ့ခုတ်လိုက်လို့ တစ်ဖက်လူသေပြီး သားထောင်ကျခဲ့ရင် မင်းအမေ ဘယ်လောက်ရင်ကျိုးလိုက်မလည်း သားစဉ်းစားကြည့် သားလုပ်တာ ဘယ်လောက် အန္တာရယ်များတယ်ဆိုတာ ငါ့သား သိရဲ့လား ဆိုပြီး ပြောမှသာ ကျွန်တော်လည်း တွေးပြီး ကြောက်ခဲ့ရတယ်.......

အမေက ၀င်ပြီးတော့ အမေတို့ ရဲစခန်းအ၀ ရောက်တဲ့အချိန် တစ်ကယ့်ကို မှီယုံလေးပဲ မဖမ်းမဖြစ် ဖမ်းကို ဖမ်းရတော့မယ် ခရိုင်ကလည်း ဖမ်းခိုင်းနေပြီဆိုလို့ သားကို ဖမ်းဖို့ ရဲတွေကအထွက် အမေတို့က အ၀င် အဖေ့မှာ ကျွန်တော် ရောက်လာပါပြီ ကျွန်တော်ပြေလည်အောင်ဖြေရှင်းပေးပါ့မယ် အားလုံးအဆင်ပြေအောင် ဖြေရှင်းပေးပါ့မယ် ဆိုပြီး တောင်းပန် နေခဲ့တာ အမေ့တစ်သက်နဲ့တစ်ကို အဖေ ဒီလောက် ထိ တောင်းပန်နေတာကို မမြင်ခဲ့ဘူးဘူး ငါ့သား ဆိုပြီး ပြောခဲ့တယ်.......တစ်ဖက်က မိဘတွေကလည်း အမေက ပိုက်ဆံနဲ့လိုက်ထားတာမဟုတ်ပဲ အဖေလာအောင် စောင့်နေမှန်း သိသွားတာရယ် သူတို့သားကလည်း ဒီလို အညှိုးနဲ့ လုပ်ထားတာရယ် တွေကို သိသွားတာရယ်ကြောင့် ဆေးဖိုးဝါးခနဲ့ လျော်ကြေး ပေးရင် ကျေနပ်ပါမယ်ဆိုပြီး ပြောခဲ့လို့သာ ဒီလောက်နဲ့ပြတ်သွားပေမယ့် ရဲစခန်းမှာ အဖေ ဘာလုပ်ခဲ့ရလည်း ငါ့သား သိသလားလို့ အမေ မေးတော့ ဘယ်သိမှာလည်း အမေရာ အမေပြောမှ သိမှာပေါ့ ဆိုပြီး ကျွန်တော် က စိတ်တိုသံနဲ့ ပြောလိုက်တဲ့အချိန်မှာပဲ မာမီက သား ဖြစ်တဲ့ပြသနာက အကြီးကြီး အစ်ကို့ကို လေးစားသမှုရယ် တစ်ဖက်က ကျေအေးတာရယ်ကြောင့်သာ အကျယ်အကျယ်မဖြစ်တော့တာ ဒါပေမယ့် သားကို ဒီနယ်မြေကနေ နယ်နှင်ဒဏ်လုပ်ပြီး ခံဝန်ကတိ ထိုးရမယ်ဆိုပြီး ရဲစခန်းကို ခေါ်လာခိုင်းခဲ့တာ.....အစ်ကိုက သားကို ရဲစခန်း ထဲကို မရောက်စေချင်လို့ ကျွန်တော့်သားလေးကို မခေါ်ပဲ နဲ့ ကျွန်တော် လက်မှတ်ထိုးပေးပါရစေ ကျွန်တော် သူ့အဖေပါ ကျွန်တော်အရာရှိတစ်ယောက်ပါဆိုပြီး သားကိုယ်စား ခံဝန်ကတိ လက်မှတ်ထိုးပေးခဲ့ပြီး ဒီနယ်မြေကို သုံးနှစ်ပြန်မလာရပါဘူး ဆိုတဲ့ ကတိပါ သားကိုယ်စား လက်မှတ်ထိုးပေးခဲ့ရတာ ဆိုပြီး ပြောတဲ့အချိန်မှာ အဖေ့ကို လေးစားလွန်းတဲ့...ကျွန်တော့်ကို သူ့သားထက်တောင် ချစ်သေးတယ်ဆိုတဲ့ မာမီ့ရဲ့ ဒေါသသံနည်းနည်းစွက်တဲ့ စကားတွေရယ် မာမီ့ယောင်္ကျားရဲ့ အဖေတောင်းပန်နေခဲ့ရတာကို မြင်ပြီး အဖေ့အတွက်စိတ်မကောင်းဖြစ်တာကနေ ကျွန်တော့်အပေါ် ချဉ်သလိုဖြစ်နေတဲ့ အကြည့်ရယ် ကျွန်တော့်ကို သိပ်ချစ်ပါတယ်ဆိုတဲ့ အမေ့ရဲ့ အဖေ့အတွက် စိတ်မကောင်းဖြစ်နေတဲ့ အဖြစ်တွေရယ်ကို ကျွန်တော် ခံစားမိခဲ့တယ်.........

အဖေက ငါ့သားလည်း သိတယ် အဖေက ရဲစခန်းတွေ ဘာတွေနဲ့လည်း ပါတ်သက်ချင်တာမဟုတ်ဘူး နောက်ပြီး အဖေ့သိက္ခာနဲ့အဖေနေတာကွာ အဖေ့ကို ချစ်ရင် လေးစားရင် နောက်ဆို ငါ့သား ဒီလို အဖြစ်မျိုးတွေမဖြစ်အောင်ရှောင် အပေါင်းအသင်းလည်း ကြည့်ပေါင်း အဖေ့ကို တစ်ကယ်ချစ်ရင် သနားရင် နောင်ပြောင်းမယ့်နေရာမှာ သူငယ်ချင်း အသစ်တွေနဲ့ ငါ့သား အေးအေးဆေးဆေးနဲ့ အဖေ မျက်နှာပျက်ရမယ့် အဖြစ်မျိုးတွေ မဖြစ်အောင် နေဖို့ အဖေ ဆုံးမချင်တယ်လို့ ပြောတဲ့အချိန်မှာ အဖေ့စိတ် နဲ့ အဖေ့ရဲ့ နေပုံထိုင်ပုံ ကို ခရေစေ့တွင်းကျသိပြီး ကျွန်တော့်အတွက်နဲ့ အင်မတန် မျက်နှာအောက်ချပြီး တောင်းပန်နေရမယ့် အဖေ့ အဖြစ်ကို မြင်ယောင်မိပြီး ကျွန်တော် အဖေ့ကို သနားသွားခဲ့သလို မိုက်လိုက်တဲ့ ငါ လို့လည်း ကျွန်တော့်ကိုယ် ကျွန်တော် မြင်မိခဲ့တယ်........ဘ၀တစ်လျှောက်လုံး အေးအေးချမ်းချမ်း စိတ်ထားနဲ့ အေးအေးချမ်းချမ်းပဲ နေခဲ့ပြီး အရာရှိဖြစ်မှ သားအတွက် မျက်နှာအောက်ချပြီး ပထမဆုံးအကြိမ် ရဲစခန်းကို အဖေရောက်ခဲ့ရသလို အမေ့အတွက်လည်း ကျွန်တော် အဖမ်းခံရမှာဆိုးတဲ့ စိတ်နဲ့ အရူးတစ်ယောက်လို ဖြစ်ခဲ့ရပြီး သားအဖမ်းခံရမှာဆိုးတဲ့အတွက် ရှိသမျှ မာန်တွေ သိက္ခာတွေ ချပြီး တောင်းပန်နေခဲ့ရတဲ့ အဖေ့အတွက်လည်း အမေ စိတ်မကောင်းဖြစ်ခဲ့ရတယ်........

ကျွန်တော့် ပြသနာတွေ ရှင်းပြီး သိပ်မကြာခင်မှာပဲ အဖေတာဝန်ကျတဲ့နေရာသစ်ကို အဖေ အမေနဲ့ ကျွန်တော် တို့ သားမိသားအဖ သုံးယောက်ပြောင်းခဲ့ကြတယ်.....အဖေနဲ့အမေက အစ်ကို့ကိုလည်း မထားခဲ့ချင်ပေမယ့် ကျောင်းတက်ဖို့လုပ်စရာတွေရှိသေးတယ်လို့အကြောင်းပြပြီး အစ်ကိုက နေခဲ့တယ်.......အဖေတာဝန်ကျတဲ့ နေရာကို အိမ်ပစ္စည်းတွေလည်း ပါတဲ့အတွက် သဘောင်္နဲ့သွားခဲ့ကြပြီး အဖေ အမေနဲ့ ကျွန်တော် သုံးယောက်သွားခဲ့တဲ့ ပျော်စရာကောင်းတဲ့ ခရီးတွေထဲက ခရီးတစ်ခုပါဘဲ........အဖေကတော့ သူတာဝန်ကျတဲ့နေရာသစ်က ဘယ်လိုသာယာကြောင်း ရုံးကလည်း အဆင်ပြေကြောင်း တွေပြောနေခဲ့ပြီး အမေကတော့ ဘာစီးပွားလုပ်ဖို့ အဆင်ပြေနိုင်မလည်းပဲ မေးခဲ့တယ်.....လမ်းမှာ သဘောင်္ပျက်တာနဲ့ ရက်အနည်းငယ်ကြာပြီးမှ အဖေတာဝန်ကျတဲ့ မြို့ကို ရောက်ခဲ့ပြီး အစစအဆင်ပြေခဲ့သလို အဖေ့လက်အောက်ဝန်ထမ်းတွေကလည်း အများစု ရိုးသားကြသလို အဖေ့အပေါ်လည်း ရိုရိုသေသေလေးလေးစားစား ရှိပြီး အားရ၀မ်းသာ ကြိုဆိုကြလို့ စိတ်ကြီးပေမယ့် သဘောကောင်းပြီးပျော်ပျော်နေတတ်တဲ့ အမေနဲ့လည်း ချက်ခြင်းပဲ အဖွဲ့ကျသွားခဲ့ကြတယ်........အဖေနေရမယ့် အိမ်ကို ရောက်လို့ ပစ္စည်းတွေ နေရာချရင်း ရုံးဝန်းထဲက ၀န်ထမ်း အိမ်ရာလေးတွေမှာပဲ နေကြပြီး အမေ့ကို ကူညီလုပ်ကိုင်ပေးနေတဲ့ ၀န်ထမ်းတွေနဲ့ သူတို့အမျိုးသမီးတွေကို လက်ဖွာဖွာနဲ့ လက်ဆောင်ဆိုပြီး ပေးနေတဲ့ အမေ့ကြောင့်လည်း အားလုံးက ပျော်ပျော်ရွှင်ရွှင်နဲ့ အန်တီကြီး အန်တီကြီးဆိုပြီး ပါးစပ်ဖျားကမချတော့သလို ကလေးတွေကပါ မေကြီး ဆိုပြီး တန်းဖြစ်သွားတော့တယ်........

အဖေ မိသားစု ကို ခေါ်လာပြီလို့ သိတာနဲ့ ဘေးကပ်ရက်က မယက ရုံးက လူတွေလည်း အိမ်ကိုရောက်လာပြီး အမေ့ကို လာနှုတ်ဆက်ကြသလို မြို့နယ် မှာ တာဝန်ကျနေတဲ့ အဲဒီအချိန်က တန်ခိုးထွားလှတဲ့ ထောက်လှန်းရေးတပ်ကြပ်ကြီးကအစ အမေ့ကို လာနှုတ်ဆက်ြ့ပီး ရဲစခန်း မြို့နယ်မှူးကလည်း ပုဆိုးရင်ခေါင်းတက်ဝတ်ထားတဲ့ ရိုးသားလှတဲ့ ကျွန်တော်နဲ့ရွယ်တူ သူ့သားရယ် သူ့အမျိုးသမီးရယ်ကို ခေါ်လို့ လာနှုတ်ဆက်ခဲ့ပြီး ကျွန်တော့်သားကို ပျက်စီးမဆိုးလို့ ဘယ်သူနဲ့မှပေါင်းခိုင်းတာမဟုတ်ဘူး အခုဦးစီးမှူး ရောက်မှ သားငယ်ရှိမှန်းသိပြီး သားငယ်လာရင် ကျွန်တော့်သားနဲ့ပေါင်းခိုင်းမယ်တွေးထားတာ ဦးစီးမှူးသားဆိုရင်တော့ စိတ်ချပြီးသား ဆိုပြီး အဖေ့ကို ကြည့်ပြီး ကျွန်တော့်အပေါ်အယုံကြည်ကြီးယုံကြည်ပြီးပြောနေတဲ့ သူ့ကို အမေက မြို့နယ်မှူး မှားမယ် ကျွန်မ သားက လူဆိုး သားလေးလို မဟုတ်ဘူး ကျွန်မသားက သူ့အဖေမတူဘူး ကျွန်မ တူတာဆိုပြီး တစ်ဟားဟားနဲ့ ရီနေခဲ့တယ်........ကျွန်တော်လည်း သူပြောနေတာရယ် သူ့သားပုံစံရယ် ကြည့်ပြီး စပ်ဖြီးဖြီးနဲ့ပဲ ရီချင်နေခဲ့ရတယ်.........ဒါတွေကြောင့် အဖေဟာ သိတ်က္ခာရှိရှိ နေနိုင်ခဲ့ပြီး အေးဆေးပြီး သမာသမတ် ရှိတဲ့အဖေ့ပုံစံကြောင့် ရောက်လေရာမှာ လူလေးစားခံရတဲ့ အနေအထားနဲ့ နေနိုင်ခဲ့တယ် ဆိုတာ ကိုတော့ ကျွန်တော်သိခဲ့ရတယ်......

အဖေ ပြောင်းလာတာကို သိကြတဲ့ အနီးနားပါတ်ဝန်းကျင် မြို့ပေါ်က လူတွေကလည်း လိုအပ်တာထက်ပိုပြီး စိတ်ဝင်စားတဲ့ပုံပြနေလို့ ကျွန်တော်အဖေ့ကို ဘာလို့ သူတို့တစ်အား စိတ်ဝင်စားနေတာလည်း လို့မေးကြည့်တဲ့အခါ အဖေ့အရင်လက်ထက်က လူတွေတုန်းက အလွဲသုံးစား အရမ်းလုပ်လို့ ခဏခဏ ပြုတ်တဲ့အပြင် အဖေ့ရှေ့က လူလည်း ထောင်ကျပြီး တရားရင်ဆိုင်နေရတဲ့အပြင် သူ့မိန်းမကပါ ၀င်စွက်တဲ့အတွက် သူ့မိန်းမပါ တရားရင်ဆိုင်နေရတယ်ဆိုတာ အဖေပြောပြခဲ့တယ်.......ထို့အတူ အမေ့ကိုလည်း အလုပ်ကိတ်စတွေ ၀င်မစွက်ဖို့ နဲ့ သတိထားရမယ့် ၀န်ထမ်းတွေအကြောင်းကို ပြောပြခဲ့သလို ကျွန်တော့်ကိုလည်း ရုံးဝန်ထမ်းထဲက ဘယ်သူပဲဖြစ်ဖြစ် ရုံးကိတ်စ လာပြောရင် မသိဘူး လာမပြောနဲ့ ပြောချင်ရင် အဖေနဲ့ပဲ ပြောဆိုပြီး ပြောဖို့ အဖေ မှာခဲ့တယ်.......အရင်နေရာနဲ့မတူပဲ နည်းနည်းကွဲပြားတဲ့ လုပ်ထုံးလုပ်နည်းတွေရယ် ၀န်ထမ်းတွေရယ်ကြောင့် ငယ်ငယ်ထဲက ဘာကြောင့်ရယ်မှန်းမသိ အဖေ့ ၀န်ထမ်းအသိုင်းအ၀ိုင်းကလူတွေနဲ့ ခပ်တန်းတန်း နေတတ်တဲ့ကျွန်တော့်အတွက် ပိုလို့ ခပ်တန်းတန်းပဲနေဖြစ်ခဲ့တယ်.......အစိုးရပစ္စည်း ဘုန်းရင် မပါမဖြစ်ပါရမယ့် ဂိုထောင်မှူး နဲ့ အကြီးတန်းစာရေးကို အရင်ဦးစီးမှူးတွေလက်ထက်က ပေါင်းထားတဲ့အတွက် သူတို့က ပိုပြီး ခြေရာတိုင်းချင်ကြောင်း ၀င်ရောလာနိုင်ကြောင်းအဖေက အမေနဲ့ကျွန်တော့်ကို သတိပေးခဲ့တယ်......

အမေကတော့ စီးပွားရေးသမားပီပီ လူတွေအကြောင်းနောကျေနေတော့ ခပ်ပြုံးပြုံးပဲ သူတို့နှစ်ယောက်ကို ဆက်ဆံပေမယ့် ကျွန်တော်ကတော့ တစ်ခြားသူထက် ပိုလို့ ခပ်တန်းတန်းပဲနေဖြစ်ခဲ့တယ်.........သိပ်မကြာခင် တစ်ရက် ကျွန်တော် ထမင်းစားနေတုန်းမှာပဲ ဂိုထောင်မှူးက အိမ်ပေါ်တက်လာပြီး အစ်မ ဘာဟင်းချက်လည်း ဆိုပြီးပြောပြောဆိုဆို ကျွန်တော်စားနေတဲ့ ထမင်းဝိုင်းနားရောက်လာပြီး ပန်းကန်ထဲက အမေကြော်ပေးထားတဲ့ ၀က်သားကြော်ကို လက်နဲ့နှိုက်လိုက်ပြီး ပါးစပ်ထဲထည့်ဖို့ပြင်တော့တာပါဘဲ.....ကျွန်တော်စားနေတဲ့ထမင်းဝိုင်းထဲက ဟင်းကို အေးအေးဆေးဆေး ထိုင်စားတာမဟုတ်ပဲ ဇိုးဇိုးဇတ်ဇတ် နှိုက်စားတာကို ဘယ်သူလုပ်တာမှ မကြိုက်တတ်တာရော အဖေပြောထားတဲ့အခံနဲ့ ဒီလူက အဖေ အစိုးရ ပစ္စည်းဘုန်းတဲ့အချိန် သူ့ကို ကပ်ကိုကပ်ရမှာပဲ ဆိုတဲ့စိတ်နဲ့ ဒူးနေရာဒူး တော်နေရာတော် မနေဘူး ဂရုစိုက်စရာမလိုဘူးဆိုပြီး လုပ်တာပဲဆိုပြီး ဒေါသထောင်းကနဲထွက်သွားတဲ့ ကျွန်တော်က ပါးစပ်ဟပြီး ထည့်ဖို့ ပြင်နေတဲ့သူ့ကို ဟေ့လူ ခင်ဗျား လက်ထဲက အသားဖတ် အခုချ ပန်းကန်ထဲကို ပြန်မထည့်နဲ့ စားပွဲပေါ်ချ ဆိုပြီး ခပ်တည်တည်ပြောချလိုက်တော့တယ်........သူလည်း ကြောင်တောင်တောင်နဲ့ ဒေါသထွက်ရင် ကြောက်စရာကောင်းတဲ့ရုပ်လို့ လူတိုင်းက ပြောတဲ့ ကျွန်တော့်ရုပ်ကို ကြည့်ပြီး သူ့ပါးစပ်ထဲရောက်ကာနီးအသားဖတ်ကို စားပွဲပေါ် ပြန်ချခဲ့တယ်.....ကျွန်တော်လည်း သူ့မျက်နှာကို စေ့စေ့ကြည့်ပြီး နောက်တစ်ခါ အိမ်ပေါ်တက်ရင် ဖိနပ်ချွတ်ကနေ အသံပေး ပြောပြော ၀င်ဝင် ၀င်လာရအောင် ခင်ဗျား အဖေ အိမ်မဟုတ်ဘူး ကျုပ်စားနေရင် ဇိုးကနဲ ဇတ်ကနဲ နှိုက်မစားနဲ့ စားချင်ရင်ပြော တည်တည်တန့်တန့်ထိုင်စား ခင်ဗျား နှိုက်စားချင်တိုင်းစားနေရအောင် ခင်ဗျား ပေးထားတာ တစ်ခုမှမပါဘူး ခင်ဗျားအဆင့်နဲ့ အရာရှိတစ်ယောက်အိမ်ပေါ် လုပ်ချင်တိုင်း တက်လုပ်နေရအောင် ခင်ဗျားကို ဘယ်သူခွင့်ပေးထားလည်း အဖေ ခွင့်ပေးထားတာလား စသဖြင့် ပြောနေတုန်းမှာပဲ ကြည့်နေတဲ့ အမေက မောင်နိုင် အန်တီတို့က သဘောကောင်းပါတယ် အဆင့်လည်း မခွဲပါဘူး ဒါပေမယ့် မောင်နိုင် လုပ်နေတဲ့ပုံက အန်တီတို့ကို အရေးစိုက်စရာမလိုဘူးဆိုတဲ့ပုံစံ ဖြစ်နေတယ် အန်တီတို့ မကြိုက်ဘူး ဒါမျိုးတော့ နောက် မင်းဆင်ခြင်ပါလို့ ပြောတဲ့အတွက် ကျွန်တော်မှားသွားပါတယ် အန်တီ ညီလေးကိုလည်း အစ်ကိုတောင်းပန်ပါတယ် ဆိုပြီး အိမ်ပေါ်က ဆင်းသွားခဲ့တယ်......

Wednesday, December 23, 2009

အဖေနဲ့အမေ။၃၂။

အမေ့ကို ဆူဆောင့်ပြီး အိမ်ကနေ ထွက်လာခဲ့ပြီး ကျွန်တော် လက်ဖက်ရည်ဆိုင်မှာ သူငယ်ချင်းတစ်ချို့ကို ထိုင်စောင့်နေတုန်းမှာပဲ အမေ အနောက်က လိုက်လာပြီး အမေ စိတ်တွေ လေးနေလို့ပါ သားရယ် အိမ်ပြန်ရအောင်နော်လို့ ပြောပေမယ့် ကျွန်တော်ကတော့ စိတ်တောင်ပိုတိုသွားပြီး အမေကလည်းဗျာ ကလေးကျနေတာပဲ သားသူငယ်ချင်းတွေနဲ့ ချိန်းထားတယ် မလိုက်ချင်ဘူးဗျာ ဆိုပြီးပြောလို့ အမေလည်း ကျွန်တော့်ကို ခေါ်လို့မရတာနဲ့ အိမ်ပြန်သွားခဲ့တယ်.........အမေပြန်သွားပြီး ကျွန်တော့်သူငယ်ချင်းတွေလည်း ရောက်လာတာနဲ့ လက်ဖက်ရည်ဆိုင်မှာပဲ အရက်ပုလင်းဖွက်ပြီး အရက်သောက်လိုက် စကားပြောလိုက် လုပ်နေကြတာ ညအထိပါဘဲ.........ညပိုင်း ကျွန်တော်လည်း မူးစပြုတဲ့အချိန်မှာ ဘယ်တုန်းကမှ စိတ်ထဲမှာလည်း မရှိခဲ့ပဲ ရှိတယ်လို့တောင် မထင်ခဲ့တဲ့ လူတစ်ယောက်ဆီကို ကျွန်တော် ထွက်ခဲ့တယ်.......သူကတော့ ကျွန်တော် ၈ တန်း နှစ် တက်စမှာ ကျွန်တော်တို့အခန်းထဲက ကောင်မလေးက တစ်ဆင့် ကျွန်တော့်ကို ရည်းစားစာပေးခဲ့တဲ့တစ်ယောက်ပါဘဲ.........သူ့ကိုလည်း စိတ်မဝင်စား ရည်းစားထားဖို့လည်း လောက်လောက်လားလားစိတ် မဝင်သေးတဲ့ကျွန်တော်က အေး သူက ချစ်တယ်ဆိုတော့ ငါကလည်း ချစ်တာပေါ့ဟာ လို့ ပြန်ပြောတဲ့ နေ့က စပြီး သမီးရည်းစား လို့ သူ့သူငယ်ချင်းတွေက သတ်မှတ်ကြပေမယ့် ကျွန်တော်ကတော့ ချိန်းတွေ့မယ်ဆိုတိုင်းလည်း သွားမတွေ့သလို စကားပြောချင်လို့ဆိုတိုင်း သူ့သူငယ်ချင်းတွေပါတဲ့အချိန်လောက်သာ ဟီးဟီးဟားဟား လုပ်ခဲ့ပြီး သမီးရည်းစား စိတ်လည်း သူ့အပေါ်မှာ မရှိခဲ့ဘူး.......

ဒါပေမယ့် အရက်လည်း ဝင်ထားပြီး ပြောင်းရတော့မယ်ဆိုတဲ့ စိတ်လည်း ရှိနေတဲ့အတွက် မပြောင်းခင် သွားပြီး ရိုမန်းတစ် သွားလုပ်လိုက်ပါအုန်းမယ်ဆိုပြီး စိတ်ဝင်လာတဲ့ ကျွန်တော်က သူငယ်ချင်းနှစ်ယောက်ကို ခေါ်ပြီး သူ့အိမ်နားက သူငယ်ချင်း တစ်ယောက်ရဲ့အိမ်ကို ထွက်ခဲ့တယ်.......(.အဲဒီ ခဏ လေးကပဲ ကျွန်တော့်ဘဝ အတွက် ဖျောက်လို့မရတဲ့ အမဲစက် စွန်းထင်ခဲ့ရသလို အဖေ နဲ့ အမေ ကျွန်တော့်အတွက် သူတို့မရောက်ချင်တဲ့နေရာ ရောက်ပြီး မလုပ်ချင်တဲ့အလုပ်တွေ လုပ်ခဲ့ရတယ်).......ကောင်မလေး အိမ်နားကို ရောက်တဲ့အချိန်မှာ ကျွန်တော်က ဂစ်တာတီးပြီး တစ်ကယ်လည်း မခံစားရပဲ ဝေးရတော့မှာမို့ အသည်းပဲ ကွဲသယောင် သီချင်းတွေ ဆိုနေပေမယ့် စိတ်ထဲတော့ ဘယ်လိုမှမနေခဲ့ဘူး.......ကျွန်တော် ဂစ်တာတီးနေချိန်မှာပဲ ကောင်မလေးက သူ့အိမ်ပြတင်းပေါက်ကနေ လက်လှမ်းပြပြီး လှမ်းခေါ်တဲ့ အချိန်မှာ မူးနေတဲ့ ကျွန်တော်က ဘာဘာညာညာ မစဉ်းစားတော့ပဲ သူများအိမ်ထဲက ဖြတ်ပြီး ကျွန်တော့်ကို လှမ်းခေါ်နေတဲ့ ကောင်မလေး အိမ်နားကို အရောက်မှာပဲ သူခိုးဗျို့ သူခိုး ဆိုတဲ့ ရင်ခေါင်းသံကြီးနဲ့ အော်လိုက်တဲ့ အသံကြီးကို ကျွန်တော် ရင်ထဲမှာ ထိန်းကနဲနေအောင် ကြားလိုက်ရတော့တာပါဘဲ.........


ရန်တွေဖြစ်တိုင်း ရှုံးမယ်မှန်းသိနေရင်တောင် ထွက်ပြေးရမှာ ရှက်ပြီး ခံရိုက်တတ်တဲ့ ကျွန်တော့်အတွက် တစ်ခါမှ မကြားဘူးတဲ့ သူခိုးလို့ အအော်ခံရတာကို ကြောက်ပြီး အမောဖောက်အောင်ကို ကျွန်တော် ပြေးမိပြေးရာ ထွက်ပြေးခဲ့တယ်.......နောက်ဆုံး သူငယ်ချင်းတစ်ယောက်ရဲ့ ခြံကို တွေ့လို့ သူတို့ ခြံထဲကို ကျွန်တော်ကြောက်အားလန့်အား ဝင်ပြေးခဲ့ပြီး ကျွန်တော်ဖြစ်ခဲ့တာကိုလည်း ပြောပြခဲ့တယ်........ကျွန်တော်နဲ့အတူပါလာတဲ့ သူငယ်ချင်း နှစ်ယောက်ရယ် ဆိုင်ကယ်ရယ်လည်း ကျန်ခဲ့တဲ့အတွက် ကျွန်တော်ဝင်ပြေးခဲ့တဲ့ ခြံက သူငယ်ချင်းရယ် သူ့မိဘတွေရယ် ကျွန်တော့်ကို ပြန်လိုက်ပို့ပေးခဲ့ပြီး ပြန်လိုက်ပို့ပေးတဲ့လမ်းမှာပဲ သူခိုးလို့အော်ပြီး လိုက်လာတဲ့ လူအုပ်ကြီးနဲ့ ကျွန်တော်တို့နဲ့ ဆုံတော့တာပါဘဲ........အားလုံးက ကျွန်တော့်ကို သိသလို ကျွန်တော်ကလည်း သိတဲ့အတွက် ကျွန်တော် စိုးရိမ် မှု မရှိတော့ပေမယ့် ကျွန်တော့်ဆိုင်ကယ်ကို နေ့တိုင်းလို ငှားစီးနေတဲ့ ရပ်ကွက်လူကြီးသားကတော့ ဒီကောင်ပဲ သူခိုးက ဆိုပြီး သူ့လက်ထဲက ကိုင်လာတဲ့ တုတ်နဲ့ ကျွန်တော့်ကို ရိုက်မယ်အလုပ်မှာ လိုက်လာတဲ့လူတွေရယ် ကျွန်တော့်ကိုလိုက်ပို့တဲ့ သူငယ်ချင်း မိဘတွေရယ်က ဘာလုပ်တာလည်း သူက ဘာကိတ်စ သူခိုးဖြစ်ရမှာလည်း ဆိုပြီး ဝိုင်းပြောကြလို့ မရိုက်ဖြစ်ပေမယ့် ရဲစခန်းပို့ရမယ် ဆိုပြီး ကျွန်တော့်ကို သူ့အဖေ ဆီခေါ်သွားခဲ့တယ်.....ဘေးနားက ပါလာတဲ့ လူတွေကတော့ ကွှန်တော့်ကို စိုးရိမ်မနေနဲ့ တို့ရှိတယ် တို့က မင်းမှန်းမသိဘူး ဘာမှမဖြစ်ဘူး ဆိုပြီး ပြောခဲ့ကြပေမယ့် ရပ်ကွက်လူကြီးသားကတော့ တုတ်တဝင့်ဝင့်နဲ့ သူခိုး ဖမ်းလာတယ်ဆိုတာကို ပါးစပ်က မချခဲ့သလို အားလုံးကလည်း သိသိကြီးနဲ့ တမင် ကျွန်တော့်ကို ဒုတ်ခရောက်အောင် လုပ်နေတယ်ဆိုတာ သိခဲ့ကြတယ်..........

သူတို့အိမ်ရှေ့ အရောက်မှာ ကျွန်တော့်ကို လှည့်ပြီး ဟေ့ကောင် သူခိုး ပြောစမ်း မင်း ဘာဝင်ခိုးတာလည်း လို့ မေးပြီး ဒီကောင့်နောက်မှာ သူခိုး နှစ်ကောင်ပါသေးတယ် အဲဒီကောင်တွေ လည်း ခေါ်ခဲ့ဆိုပြီးပြောတဲ့အချိန်မှာ စိတ်ပေါက်လာတဲ့ ကျွန်တော်က လည်း အေးဟုတ်တယ်ကွာ ငါသူခိုး ငါပဲ ခိုးတာ ငါ့သူငယ်ချင်းတွေ မပါဘူး မင်းဘာလုပ်မလည်း လုပ်စမ်းကွာ သူခိုးဆီကတောင် ဆိုင်ကယ် ငှားစီးတဲ့ကောင်ဆိုပြီး ပြန်ပြောတော့ သူခိုးကများ ဆိုပြီး ကျွန်တော့်ကို ခြေထောက်နဲ့ ကန်ခဲ့တယ်........ကျွန်တော် အသားတစ်ဆတ်ဆတ်တုန်ပြီး သူ့ကို စိုင်စိုင်ကြီး ရပ်ကြည့်နေတဲ့အချိန်မှာပဲ ဘေးနားကလူတွေက သူ့မိဘတွေလည်း လူကြီးလူကောင်းတွေ မင်းလည်း သူ့ကိုသိနေတာပဲ မင်း ဘာလုပ်တာလည်း ဆိုပြီး ဝိုင်းပြောတဲ့အပြင် သူ့အဖေနဲ့ သူ့အစ်မကပါ သူ့ကို အိမ်ထဲ ဇွတ်ဆွဲထည့်ပြီး ကျွန်တော့်ကိုလည်း အိမ်ကို ကောင်းကောင်းမွန်မွန်ပြန်ဖို့ပြောခဲ့တယ်........ကျွန်တော်ကတော့ ကိုယ့်ဆီက နေ့တိုင်း ဆိုင်ကယ် ငှားစီးနေတတ်တဲ့ လူတစ်ယောက်က ကျွန်တော့်ကို သူခိုးလို့စွတ်စွဲတာကို စိတ်နာတဲ့အပြင် ကျွန်တော့်ကို ခြေထောက်နဲ့ကန်တာကို လည်း အင်မတန် ဒေါသထွက်ခဲ့တဲ့အတွက် ဘယ်သူ့ကိုမှ ဘာစကားမှပြန်မပြောတော့ပဲ ကျွန်တော့်ဆိုင်ကယ်ယူပြီးပဲ အိမ်ကို ပြန်လာခဲ့တယ်.........

ကျွန်တော် အိမ်ကို ပြန်ရောက်တဲ့အချိန်မှာ အမေက ဧည့်ခန်းမှာ ကျွန်တော်ပြန်အလာကို ထိုင်စောင့်နေသလို မျက်နှာ မကောင်းဖြစ်နေတဲ့ကျွန်တော့်ကို သားဘာဖြစ်လာတာလည်း မေးခဲ့ပေမယ့် သားသူငယ်ချင်းတစ်ယောက်နဲ့ စကားများလာလို့ပါ ဆိုတာပဲပြောခဲ့ပြီး တစ်ညလုံး ကျွန်တော် အိပ်လို့မပြောနိုင်ခဲ့ဘူး.........ကျွန်တော် တစ်ခုခု ဖြစ်တော့မယ်ဆိုတိုင်း ကြိုပြီး ခံစားနေရလေ့ရှိတဲ့ အမေက သားရယ် အမေ စိုးရိမ်လိုက်တာ ငါ့သား တစ်ခုခုဖြစ်တော့မယ် ဘယ်မှ မသွားနဲ့တော့နော် ဆိုပြီး အမေက ပြောခဲ့ပေမယ့် ဖြစ်ခဲ့တာကို စဉ်းစားပြီး ဒေါသတွေ ထွက်သထက် ထွက်လာတဲ့ ကျွန်တော်က လက်စားချေရမှ ကျေနပ်မှာ ဆိုတာကို ခံစားမိခဲ့တယ်.......တစ်ညလုံး ကျွန်တော် မအိပ်ပဲ နေခဲ့သလို နောက်နေ့တစ်နေကုန်လည်း ကျွန်တော် အိမ်ထဲမှာပဲ နေခဲ့ပြီး ညနေ စောင်းတဲ့အချိန် အမေ အပြင် ခဏထွက်သွားတဲ့အချိန်မှာ ကျွန်တော် ဓားဆွဲပြီး စက်ဘီးနဲ့ပဲ ထိုင်နေကျလက်ဖက်ရည်ဆိုင်ကို ထွက်ခဲ့တယ်........လက်ဖက်ရည်ဆိုင်ထိုင်နေတုန်းမှာပဲ အမေ ရောက်လာပြီး ငါ့သား တစ်ယောက်ထဲ ဘာထိုင်လုပ်နေတာလည်း အမေနဲ့ အိမ်ပြန်လိုက်ခဲ့ ဆိုပြီး ဘာမှမသိပေမယ့် တစ်ခုခုဖြစ်တော့မှာကို သိလို့ အင်မတန် စိုးရိမ်ပူပန်နေတဲ့ မျက်နှာနဲ့ အမေ ပြန်ခေါ်ခဲ့ပေမယ့် လက်စားချေဖို့ စိတ်ဇောကပ်နေတဲ့ ကျွန်တော်က ပြုံးပြုံး ရွှင်ရွှင်နဲ့ပဲ သားဘာမှမဖြစ်ပါဘူး အမေ...အမေ စိတ်ပူနေလို့ပါ သားခဏနေရင် ပြန်လာမယ်ဆိုပြီး အမေ့ကို ပြောခဲ့တယ်........သနားစရာ အမေလည်း စိုးရိမ်ပူပန်နေတဲ့ မျက်နှာနဲ့ အိမ်ပြန်သွားခဲ့ပြီး ကျွန်တော်ကတော့ ကျွန်တော့်ကို ခြေထောက်နဲ့ကန်ခဲ့တဲ့သူ လာမယ့် လမ်းက လက်ဖက်ရည်ဆိုင်ရဲ့ လမ်းဘေးက ခုံမှာ ထိုင်နေပြီး ဘေးနားက ပန်းခြုံထဲမှာ ဓားကို ထိုးထည့်ထားလို့ ဖြစ်လာတော့မယ့်အချိန်ကို စိတ်အားထက်ထက်သန်သန်နဲ့ စောင့်နေခဲ့မိတော့တယ်.........

အချိန်တော်တော်ကြာကြာ စောင့်ပြီးတဲ့ အချိန် ကျွန်တော် စောင့်နေတဲ့ သူ စက်ဘီးတစ်စီးနဲ့ လာနေတာကို တွေ့ရပြီး သူကလည်း ကျွန်တော့်ကို မြင်ခဲ့ပေမယ့် မခိုးမခန့်ပဲ ကျွန်တော့ကို ကြည့်ခဲ့သလို ကျွန်တော် လုပ်လိမ့်မယ်လည်း ထင်ခဲ့ပုံမရခဲ့ဘူး.......သူ ကျွန်တော့်ရှေ့က ဖြတ်တာနဲ့ တစ်ပြိုင်နက်ထဲ ပန်းခြုံထဲက ဓားကို ဆွဲထုတ်ပြီး သူ့ဇက်တည့်တည့် ကျွန်တော် ဓားနဲ့ ပိုင်းချခဲ့တော့တယ်........ဒါပေမယ့် သူ့နောက်က စက်ဘီးတစ်စီးနဲ့ ပါလာတဲ့ သူ့သူငယ်ချင်းတစ်ယောက်က ဓားဆွဲပြီး လမ်းပေါ်မှာသွားနေတဲ့ သူ့ကို ပြေးခုတ်တဲ့ ကျွန်တော့်ကို မြင်လိုက်တဲ့အတွက် လှမ်းအော်လိုက်တဲ့အချိန်မှာ သူကလည်း စက်ဘီးကို ပြစ်လှဲချပြစ်တဲ့အတွက် သူလည်း လူ့ဘဝမှာ ဆက်နေဖို့အတွက် ကံကောင်းသွားသလို မိုက်ရူးရဲကျွန်တော့်အတွက်လည်း ထောင်ထဲမှာ နှစ်အတန်ကြာနေပြီး ရာသက်ပန် ဘဝပျက်ရမယ့် အရေးက လွတ်သွားခဲ့တယ်.........မြေကြီးပေါ်မှာ လဲကျနေတဲ့ သူ့ကို မြင်လိုက်ရတဲ့ ကျွန်တော့်အတွက် ဒေါသက အဆုံးထိ လွတ်ထွက်ခဲ့သလို လူးလှိမ့်နေတဲ့ သူ့အပေါ်ကိုလည်း မိရာနေရာ ဓားနဲ့ကျွန်တော် စိတ်လိုက်မာန်ပါ ခုတ်နေခဲ့လို့ သူလည်း ဒဏ်ရာတော်တော်များများရခဲ့သလို နောက်ကနေပြီး သူ့သူငယ်ချင်း ရဲ့ ခဲတွေ ခွေးချေတွေနဲ့ ပြစ်ပေါက်တဲ့ ဒဏ်ကိုလည်း ကျွန်တော် တော်တော်ခံခဲ့ရတယ်...........နောက်ဆုံး သူ့သူငယ်ချင်း ကို ဓားနဲ့ လှည့်ခုတ်တဲ့အချိန်မှာပဲ အဲဒီလူ ပြစ်လိုက်တဲ့ ခွေးချေက ကျွန်တော့်ဓားကိုင်လက်ကို ထိပြီး ကျွန်တော့်လက်သန်း က သုံးပိုင်းလောက်ကျိုးပြီး တွဲလောင်းကျသွားတော့တဲ့ အချိန်ကျမှ ကျွန်တော့်ဓားလွတ်ကျသွားခဲ့ပြီး ဝိုင်းကြည့်နေတဲ့ သူတွေက ဝင်ဆွဲခဲ့ကြတယ်........


အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်နေချိန်မှာပဲ အမေ့မိတ်ဆွေတွေက အိမ်ပြန်တော့ အိမ်ပြန်တော့ဆိုပြီး ကျွန်တော့်ကို ဇွတ်အတင်း နှင်ထုတ်ခဲ့သလို ကျွန်တော့်ကို ဝိုင်းမဖမ်းနိုင်အောင် လုပ်ပေးခဲ့ကြတယ်.........အမေ ချုပ်ပေးထားတဲ့ သင်္ဘောသား အကျီအဖြူပေါ်မှာ သွေးအလိမ်းလိမ်းနဲ့ လက်သန်းတစ်ဖက် တွဲလောင်းကျလို့ အိမ်ပြန်ရောက်လာတဲ့ ကျွန်တော့်ကို မြင်လိုက်ရတဲ့ အမေ က အိမ်ရှေ့မှာတင် ရုတ်တရက် ပုံလဲ ကျပြီး ကျွန်တော့်ကို မျက်လုံးအကြောင်သားနဲ့ ကြည့်နေခဲ့တယ်......လူပေ လူတေ ကျွန်တော်ကတော့ အမေ သား လူတစ်ယောက်ကို ဓားနဲ့ခုတ်ခဲ့ပြီ ဆိုပြီး ပြောတဲ့အချိန်မှာတော့ ကျွန်တော့်ကို ဖက်ပြီး အမေ ရှိုက်ကြီးတစ်ငင်ကို ငိုခဲ့တော့တယ်.......အမေ အသုံးမကျတာ အမေအသုံးမကျတာ ငါ့သားကို အမေ ရအောင် ပြန်ခေါ်ခဲ့ရမှာ အခုတော့ ငါ့သားလေး ဒုတ်ခရောက်တော့မယ်နဲ့ အမေဟာ ကျွန်တော့်ကို တစ်စက်မှ အပြစ်မတင်ပဲ သူကျွန်တော့်ကို အိမ်ပြန်ပါလာအောင် မခေါ်နိုင်တာကိုပဲ သူ့ကိုယ်သူ အပြစ်တင်နေခဲ့တယ်.........သားလက်လည်း ကျိုးသွားတယ်အမေဆိုမှ ရုပ်ပျက်ဆင်းပျက် ကျိုးသွားတဲ့ လက်ကို ကြည့်ပြီး အမေ က ငိုလို့ မဆုံးနိုင်ခဲ့သလို ချက်ခြင်းပဲ အိမ်တံခါး ပိတ်ပြီး ကားသမားတစ်ယောက်ခေါ်လို့ ကျွန်တော့်လက်ကိုဆွဲပြီး မေမေကြီးတို့ဆီကို ထွက်လာခဲ့တယ်.........လမ်းတစ်လျှောက်လုံးလည်း ဖြေမဆည်အောင် အမေ ငိုနေခဲ့သလို ငါ့သား ဘာမှမဖြစ်စေရဘူး အမေ ရှင်းမယ် ငါ့သားကို ထောင်ကျမခံဘူး ဖြစ်လာသမျှ အမေ ရှင်းမယ် အမေ့ကြောင့် အမေ အသုံးမကျတာ ဆိုပြီး ငိုလည်း ငို ပါးစပ်ကလည်း တတွတ်တွတ် အမေ ရွတ်နေခဲ့တယ်.......

Thursday, December 10, 2009

အဖေနဲ့အမေ။၃၁။

အဖေက သူ့ခံစားချက်ကို မျိုချခဲ့ပေမယ့် နှစ်ပေါင်းများစွာ ဘဝကို အတူလက်တွဲကျော်ဖြတ်လာတဲ့
အမေကတော့ အဖေ အင်မတန် ခံစားခဲ့ရမှန်းသိတဲ့အတွက် နှစ်စဉ်နှစ်တိုင်း သီတင်းကျွတ်ရောက်တိုင်း မေမေကြီးနဲ့
ဘဘကြီးကို ကန်တော့ခါနီးတိုင်း ကျွန်တော့်တို့ကို အဖေ့ရှေ့ သိပ်မပြောကြနဲ့နော် အဖေက မေကြီးကို သတိရပြီး စိတ်မကောင်းဖြစ်နေလိမ့်မယ်လို့ အမြဲပြောခဲ့တယ်........

အဖေ ပြန်ရောက်လာတာနဲ့ အရင်ထဲက အကြံကြီးထားတဲ့ အစ်ကိုကလည်း အဖေက အငယ်ကောင့်ကို ၇ တန်းအောင်တာနဲ့ ဆိုင်ကယ်ဝယ်ပေးတယ် သားကဆယ်တန်းအောင်တာ ကားဝယ်ပေးလို့ ပူဆာတဲ့အပြင် အမေကလည်း ကားလေးတစ်စီးလောက်တော့ ဝယ်ရအောင်လို့ ပြောတဲ့အတွက် ကားလေးတစ်စီးလည်း ဝယ်ဖြစ်ခဲ့တယ်........အစ်ကို့ကို ဝယ်ပေးတယ်ဆိုပေမယ့် ဆင်းဆင်းရဲရဲ ဖြတ်သန်းလာခဲ့ရတဲ့အဖေနဲ့အမေ အတွက်လည်း ကားလေးဝယ်နိုင်တာကို တော်တော် ကျေနပ်ပီတိဖြစ်ခဲ့ပုံပါဘဲ.......အဖေကတော့ ရုံးသွားရုံးပြန်ကို ရုံးက ပေးထားတဲ့ ဆိုင်ကယ်လေးနဲ့ပဲ သွားမြဲသွားခဲ့တယ်......အဖေ နိုင်ငံခြားက ပြန်လာပြီး သိပ်မကြာဘူး အဖေ့ကို သိပ်မကြည်တဲ့ အဖေ့အထက် လူကြီးက အဖေနဲ့ မသက်ဆိုင်လှတဲ့လုပ်ငန်းခွင် ဝေးလံလှတဲ့ လွိုင်ကော်ကို ၆ လသွားကြီးကြပ် ရမယ်ဆိုပြီး အဖေ့ကိုလွှတ်ခဲ့တယ်.......တမင်သက်သက် လွှတ်တာကို သိတဲ့ အမေ ကလည်း အဖေ့အတွက် စိတ်တို ပေမယ့် အဖေကတော့ အေးပေါ့ကွာ လွှတ်တော့လည်းသွားရတာပေါ့ အကောင်းဆုံးဖြစ်အောင်တော့ လုပ်မှာပါ ဒါပေမယ့် ငါနဲ့တော့ မဆိုင်လှဘူး ဆိုပြီး လွိုင်ကော်ကို ထွက်သွားခဲ့ရတယ်........အဖေမသွားခင်မှာ ရုံးက ဆိုင်ကယ်ကိုပါ ရုံးကို ပြန်အပ်ခဲ့ပါဆိုလို့ ဆိုင်ကယ်ကို ပါပြန်အပ်ခဲ့ရတယ်........အမေကတော့ ဒေါသ အကြီးအကျယ်ကို ထွက်နေခဲ့တယ်..........

အဖေ မသွားခင်မှာ ပဲ ကျွန်တော်က အဖေ သား ဒီမှာ မနေချင်တော့ဘူးအဖေ သားကျောင်းမှာ ဘယ်လိုမှအဆင်မပြေသလို ပါတ်ဝန်းကျင်နဲ့လည်း အဆင်မပြေဘူး သား ဒီနေရာကနေ ပြောင်းချင်တယ် ဆိုပြီးလည်း ပြောထားခဲ့သလို နည်းမျိုးစုံနဲ့ ညစ်နေတဲ့ အဖေ့အထက်လူကြီးကို စိတ်ပျက်တဲ့အတွက် အဖေကိုယ်တိုင်လည်း သူ့လုပ်ငန်းခွင်မှာ မပျော်ခဲ့တော့ဘူး........အဖေထွက်သွားပြီး သိပ်မကြာခင် အဖေနဲ့ ရာထူးအဆင့် တစ်ခြားစီ ရှိနေတဲ့ လူတစ်ယောက်ကို အဖေ့ဆိုင်ကယ်လေး ပေးထားတာကို အမေမြင်လိုက်ရတဲ့ အချိန်မှာ အမေ့ဒေါသဟာ ပေါက်ထွက်သွားခဲ့တော့တယ်........အဖေ့ဆိုင်ကယ်လေးက အကောင်းစားမဟုတ်ပေမယ့် နှစ်ပေါင်းများစွာ အဖေ တသသ လုပ်ပြီးစီးခဲ့တဲ့ ဆိုင်ကယ်လေးကို သူများစီးနေတာ မြင်ရတော့ အမေ ဒေါသထွက်မယ်ဆိုလည်း ထွက်စရာပါ......ကျွန်တော်တို့ကိုယ်တိုင် ဒီလူ အဖေ့ဆိုင်ကယ်လေး စီးသွားတာမြင်ရင် စိတ်မကောင်းဖြစ်ရသလို ချက်ခြင်းလည်း ဒေါသကထွက်ထွက်လာတတ်ခဲ့တယ်........အမေက အဖေ့ဆီ ကို ဖုန်းလှမ်းဆက်ပြီး လွိုင်ကော်မှာ တာဝန်ကျတာ ပြည့်လို့ပြန်လာရင် ချက်ခြင်းပြောင်းမိန့်တင်ပါ ကျွန်မတို့ ဒီက နေ ပြောင်းမယ် သားအတွက်လည်း အဆင်ပြေတယ် ပြောင်းဖို့ပဲ စဉ်းစားပါ လို့ပြောခဲ့တယ်......အဖေကလည်း အေးပြောင်းတာပေါ့ကွာ လို့ပြောခဲ့တဲ့အတွက် ကျွန်တော်တို့ကော အမေပါ ပျော်ခဲ့ရတယ်.........

ပြောင်းရအောင် လို့ အမေ ပြောပေမယ့် တစ်ကယ်တော့ အမေ့စီးပွားက အဖေတာဝန်ကျတဲ့နေရာမှာ ကောင်းနေပြီးသားပါဘဲ........ဘဘ ကအစ ငါ့သမီး စီးပွားဆိုတာ ဖြစ်ချိန်တန်ဖြစ်မှာပဲ ငါ့သမီးလည်း လုပ်တတ်ကိုင်တတ်နေတာပဲ ဒီစီးပွားကို ဖက်တွယ်မထားနဲ့ လူလေးက တည်တည်တန့်တန့်နဲ့ ကြိုးစားပြီး ငယ်ငယ်ရွယ်ရွယ်ပဲ ရှိသေးတယ်.....လူလေးမဖောက်ပြန်ပေမယ့် လူလေးကို ဖောက်ပြန်ချင်တဲ့ မိန်းမတွေရှိလာမှာပဲ မိသားစု မပြိုကွဲအောင် ငါ့သမီး ဘယ်သွားသွား တစ်ယောက်ထဲ မလွှတ်နဲ့ ငါ့သမီးပါ လိုက် လို့ ပြောခဲ့တယ်..........ရှိသမျှ စီးပွားကို အပြတ်ဖြတ်ပြီး အဖေ့ဘယ်သွားသွား လိုက်ဖို့ ဆုံးဖြတ်တဲ့ အမေကကလည်း ငွေများများ ရမယ့်နည်းလမ်းကို ကြံတော့တာပါဘဲ.....တစ်ကယ်ဆို အမေရမ်းတာကံကောင်းလို့ ဆိုပြီး တွေးလိုက်ရင် ကြောက်စရာတောင်ကောင်းတဲ့ ချဲဒိုင် ကိုင်တဲ့အလုပ်ကို အမေ လုပ်ခဲ့တာပါဘဲ............လက်ခွဲ ၅ ယောက် နဲ့ သုံးသောင်းကွက် ချဲဒိုင် အမေ ကိုင်ခဲ့တယ်.......သုံးသောင်းကွက်ဆိုတာ အဲဒီခေတ်ကာလ အနေနဲ့ကတော့ လျော်လိုက်ရရင် မနည်းတဲ့ ငွေပမာဏပါ........အဖေ့ ကိုတော့ အသိမပေးပဲ တစ်ဖက်ကလည်း လုပ်လိုက်စ စီးပွားရေးကိုလုပ် တစ်ဖက်က ချဲဒိုင်လည်း ကိုင် အမေ လုပ်ခဲ့တယ်......

အမေ ချဲဒိုင်ကိုင်တဲ့ အချိန်မှာတော့ ယောက်ဖက ကုန်ပဏီ တစ်ခုမှာ အလုပ်ရလို့ အစ်မကိုခေါ်ပြီး တာဝန်ကျတဲ့နေရာထွက်သွားလို့ အိမ်မှာ အမေရယ် အစ်ကိုရယ် ကျွန်တော်ရယ် သုံးယောက်ပဲရှိတော့တယ်.......အမေ့လက်ပေါ်မှာ ကြီးပြီး အမေပဲ ပြုစု စောင့်ရှောက်ခဲ့ရတဲ့ တူမလေးကို အမေတင်မက ကျွန်တော်တို့ပါ လွမ်းဆွတ်တမ်းတ ခဲ့ရတဲ့ အချိန်တွေပါဘဲ........အမေကလည်း ချဲဒိုင်သာ ကိုင်တယ် ပထမဆုံးချဲထွက်မယ့်နေ့က ရောင်းအားကလည်းကောင်း ပေါက်လိုက်ရင် လျော်ရမှာလည်း မနည်းလို့ တစ်ထိတ်ထိတ် တစ်လန့်လန့်နဲ့ ဖြစ်နေခဲ့တယ်........အမေ နေမထိထိုင်မသာ ဖြစ်နေတာကြည့်ပြီး အမေ သား ပေါက်ဂဏန်း သွားနားထောင်ထားမယ် ဆိုပြီး အမေ့ကိုယ်စား သွားနားထောင်ခဲ့တယ်........ထွက်လာတဲ့ဂဏန်း ကိုမှတ်ပြီး အိမ်ရောက်တာနဲ့ အမေ့ကို အမေ အမေလွတ်ပြီး သားသိတယ် ဒီဂဏန်း မပါဘူး ဆိုပြီး ခပ်တည်တည်နဲ့ အမေ့ကို ပြောခဲ့တယ်......တစ်ကယ်တော့ အမေ စိတ်ပူပန်နေတာတွေ ကို ခဏဖြစ်ဖြစ် လျော့သွားအောင် ကျွန်တော် ပြောခဲ့တာဖြစ်သလို ထွက်လာတဲ့ဂဏန်းက အမေ ရောင်းထားတဲ့အထဲမှာ ပါတယ်မပါဘူး ကျွန်တော်မသိခဲ့ဘူး........အဲဒီအချိန်ကျမှ ရင်ထိတ်ရတာ ကျွန်တော် ဖြစ်ခဲ့တော့တယ်......အမေကတော့ ငါ့သားလေး ပြောတာဆို သေချာတယ် ဆိုပြီး ချဲစာအုပ်ကို လှန်ကြည့်တဲ့ အချိန် ရင်တစ်ထိတ်ထိတ်နဲ့ ကျွန်တော့်မှာ ဖြစ်ခဲ့ရတယ်........ဒါပေမယ့် တစ်ကယ်ပဲ ပေါက်တဲ့ဂဏန်းကို မအမေ မရောင်းခဲ့မိဘူး.......ပထမဆုံး အပါတ်မှာပဲ အမေ လွတ်လွတ်ကျွတ်ကျွတ် ရောင်းရသမျှ ပိုက်ဆံ အကုန်ရခဲ့တယ်........

လက်ဖွာတဲ့ အမေက သူ့ဒိုင်ခွဲတွေကို ကော်မရှင်ခအပြင် မပေါက်တဲ့အတွက် မုန့်ဖိုးတွေလည်း ပေးသလို ကျွန်တော်နဲ့အစ်ကို့ကိုလည်း ကြိုက်ရာဝယ် ဆိုပြီး အိမ်မှာ အဖေမရှိတုန်း ဖြစ်ချင်တိုင်းကိုဖြစ်နေတော့တယ်......အမေကတော့ ချဲထွက်တဲ့ရက်ဆို သားပြောရင် မှန်တယ် သားသွားနားထောင်ဆိုပြီး အမြဲပြောသလို ကျွန်တော်ကလည်း အမေ့ချဲစာအုပ်တောင် တစ်ခါမှလှန်မကြည့်ပဲ အမေ မပါဘူး သားသိတယ် မယုံရင် ကြည့်ကြည့်ဆိုပြီး အမြဲပြောရသလို တစ်ကယ်လည်း အမေ တစ်ခါမှ မလျော်ခဲ့ရဘူး......အမေ့လက်ခွဲဒိုင်တွေက အစ အစ်မနဲ့ အစ်မသားကတော့ ဟုတ်နေတာပဲဗျာ ဆိုပြီးတော့ကို အံ့သြခဲ့ရတယ်.......တစ်ကယ်တော့ အမေ ကံကောင်းခဲ့တာပါ......ကံကောင်းခဲ့လို့လည်း စီးပွားမပျက်ခဲ့တာလို့ ကျွန်တော် မြင်မိတယ်.........အဖေတာဝန်ကျတဲ့နေရာကနေ မပြောင်းခင် တစ်နှစ်တိတိ အမေ ချဲဒိုင်ကိုင်ခဲ့ပေမယ့် တစ်ခေါက်မှ အမေ မလျော်ခဲ့ရဘူး..........ကျွန်တော်တို့က အမေ့ကို အမေ အဖေပြန်လာရင် ဘယ်လို လုပ်မလည်း မေးခဲ့ပေမယ့် အမေကတော့ အေးဆေးပါ အမေ ကြည့်ရှင်းမယ်ပဲ ပြောခဲ့တယ်......လောင်းကစား လုပ်တာကို လုံးဝ သဘောမကျတဲ့အပြင် ဖြတ်လမ်းနည်းနဲ့ပိုက်ဆံရှာတာကိုလည်း သဘောမကျတဲ့အဖေ့အတွက် အမေလုပ်နေတာတွေနဲ့က ပြဒါးတစ်လမ်း သံတစ်လမ်း မို့ ပြသနာဖြစ်ဖို့က ၁၀၀ ရာခိုင်နှုံးသေချာတယ်လို့ ကျွန်တော်တို့ကတော့ တွေးမိခဲ့တယ်..........

ကျွန်တော့်အတွက်လည်း အဖေ မရှိတဲ့အပြင် အမေဆီက ပိုက်ဆံ လိုသလောက် ရနေတဲ့အတွက် တာတေလန်အောင် ကိုဆိုးတဲ့ကာလတွေပါဘဲ.........ဆိုင်ကယ်တစ်စီးနဲ့ သွားချင်ရာသွားနေတတ်ပြီး စီကနဲဆို ထိပ်ဆုံးက ကျွန်တော် ဖြစ်ခဲ့တဲ့ကာလတွေပါဘဲ..........ကျွန်တော်တစ်ခုခု ဖြစ်တိုင်းလည်း အမေက အနောက်က ပိုက်ဆံနဲ့ လိုက်ရှင်းတတ်တဲ့အတွက် ပိုက်ဆံလိုချင်လို့ ကျွန်တော့်ကို ရန်လာစတဲ့ သူတွေလည်း မနည်းလှဘူး.......ကျွန်တော်ကလည်း လက်ယဉ်စပြုလာတဲ့အတွက် တစ်ခုခုဆို ဦးအောင် လုပ် အမေက လိုက်လျော်နဲ့ အဖေ မရှိတဲ့ကာလမှာ ဖြစ်ချင်တိုင်းကို ဖြစ်နေခဲ့တယ်..........ဒီလိုနဲ့ အဖေ လွိုင်ကော်မှာ တာဝန်ပြီးလို့ ပြန်လာတဲ့အချိန်ရောက်လာခဲ့တယ်.........ပြန်ရောက်ရောက်ချင်းပဲ သူ့သူငယ်ချင်းတွေဆီက တစ်ဆင့်ကြားထားတဲ့ အဖေက မင်းချဲဒိုင်ကိုင်နေတယ်ဆို ဆိုပြီး အမေ့ကို တန်းမေးတော့တယ်.......အမေက ခပ်ပေါ့ပေါ့ပဲ အို ၁၀၀ ကွက် ၂၀၀ ကွက်ပါတော် ဆိုပြီးပြောပေမယ့် အဖေက ငါအကုန်သိတယ် မင်း အစ်မတွေ ချဲနဲ့ ဘဝပျက်နေတာကို မင်းသိသိကြီးနဲ့ လုပ်နေတာ ဘယ်လောက်ကွက်ဖြစ်ဖြစ် ဒါ ဘဝပျက်နိုင်တယ် ဆိုပြီး အမေ့ကို အဖေက မဲဆူသလို ကျွန်တော့်ကိုလည်း မင်းလည်း လူကလက်တောက် ဆိုးလိုက်မိုက်လိုက်တာ ငါမွေးထားတဲ့ သားလို့ပြောရမှာတောင် ရှက်စရာကောင်းတယ် မင်းကိုမင်း ဘာမှတ်နေလည်း ခွေးဆိုးတောရောက် ရောက်ချင်နေတာလားနဲ့ အဖေပြန်ရောက်တဲ့ အချိန်မှာ အမေနဲ့ကျွန်တော် ခေါင်းမဖော်နိုင်အောင်ကို အငေါက်ခံခဲ့ရတယ်.........အကြီးကောင်က ကြောင်မျိုးလို့ ပြောခံရတဲ့ အစ်ကိုကတော့ အဖေမလာခင်ထဲက အငေါက်ခံရမှာကို ကြိုသိလို့ မေမေကြီးတို့ဆီကို ထွက်သွားခဲ့လို့ သူကတော့ လွတ်သွားခဲ့တယ်.........ဒါပေမယ့် ကားပါယူသွားလို့ ကားပြန်လာထား မင်းကို ကားမပေးနိုင်ဘူး လို့ အဖေက လှမ်းပြောလို့ ဆူဆူဆောင့်ဆောင့်နဲ့ သူလည်း ပြန်ရောက်လာရတာပါဘဲ........

အမေကတော့ အဖေ ငေါက်ထားလို့ သူ့လက်ခွဲတွေကို တိုးတိုးတိတ်တိတ် အဖေရုံးသွားမှလာခိုင်းပြီး ခိုးလုပ်နေခဲ့တယ်.......အဖေကတော့ ပြောင်းဖို့ရွှေ့ဖို့ တွေလုပ်နေသလို အဖေ စိတ်မကောင်းအဖြစ်ခဲ့ဆုံးကတော့ အဖေ ပြန်ရောက်လာတဲ့အချိန်မှာ အဖေ့ကို ရုံးအနေနဲ့ဆိုင်ကယ်လည်း မပေးတော့သလို ဘာမှကို မပေးတော့တဲ့အပြင် ရုံးခန်းပါ ထိုင်ဖို့ နေရာ မထားပေးတော့လောက်အောင် ညစ်ခဲ့ကြတယ်........အဖေက စိတ်မကောင်းဖြစ်ရုံလောက်ဖြစ်ပေမယ့် အမေကတော့ တော်တော့်ကို ဒေါသထွက်ပြီး ယနေ့အချိန်ထိ အခဲမကြေနိုင်သေးပဲ နောက်ပိုင်းမှာလည်း အဖေ့ကိုညစ်ခဲ့တဲ့ အဖေ့အထက်လူကြီးကတော် အမေ့ဆီက အကူညီလာတောင်းတဲ့အချိန်မှာ အမေ လုံးဝမပေးပဲ သူတို့လုပ်ခဲ့လို့ အဖေ ခံစားခဲ့ရတယ်ဆိုတာကိုပြောပြီး လက်စားပြန်ချေခဲ့တယ်.........လက်စားချေတာ မကောင်းဘူးဆိုပြီး အဖေက အမေ့ကို ဖျောင်းဖျခဲ့ပေမယ့် သူတို့လုပ်ခဲ့လို့ အဖေခံစားခဲ့ရတာတွေအတွက် ပြန်ပေးဆပ်ရတာ ဒါတရားတယ်လို့ ကျွန်တော်ကပါ အမေ့ကို အားပေးအားမြှောက်လုပ်ခဲ့တယ်.........အဲဒီကာလက အိမ်မှာ အဖေ စိတ်ဆင်းရဲခဲ့ရတာကို ကိုယ်တိုင်ကိုယ်ကျ မြင်ခဲ့ရတဲ့ ကျွန်တော်နဲ့အမေ့အတွက်ကတော့ အခဲကျေဖို့ဆိုတာ မလွယ်လှပါဘူး...........

ချဲဒိုင်ခိုးလုပ်နေတဲ့ အမေ့ကို အဖေ တားမရတဲ့အပြင် ရှေ့မှာစားထားတာတွေလည်း ရှိတယ် လျော်ရမယ်ဆိုရင်တောင် အမြတ်ကျန်ပါသေးတယ် ဘာမှစိတ်မပူပါနဲ့ လို့ အမေ နားသွင်းတာကြောင့် အဖေပါ ရောယောင်ပြီး ချဲထွက်မယ့်ရက်ဆို ဘုရားစင်ရှေ့ ပုတီးတွေ ထိုင်စိပ်နေတဲ့ အဖေ့ကို ကြည့်ပြီး ကျွန်တော်နဲ့အမေ အဖေ့ကို သနားလည်းသနား ရီလည်းရီချင်ခဲ့တယ်.........ချဲထွက်ချိန်ဆိုရင် ချဲဂဏန်း သွားနားထောင်တဲ့ ကျွန်တော်ပြန်အလာကို သတင်းစာဖတ်ချင်ဟန်ဆောင်ပြီး ပေါက်ဂဏန်းမပါဘူးဆိုမှ ပြုံးပြုံးကြီး လုပ်နေတတ်တဲ့ အဖေ့ပုံစံက တစ်ကယ်ပဲ ရီချင်စရာကောင်းခဲ့တယ်........အဲဒီကာလတွေမှာ အဖေ့အတွက် ရုံးခန်းလည်း မရှိ အလုပ်လည်း မယ်မယ်ရရ မရှိလို့ အိမ်မှာ သောက်ရည်အိုး ထဲကရေ တစ်ထွာလောက် လျော့နေရင်တောင် ထဖြည့်နေတဲ့ အဖေ့ကြောင့် နေရထိုင်ရ ကျပ်တာကလွဲလို့ ဘာပြသနာမှတော့ မဖြစ်ခဲ့ဘူး.........တစ်ခြားနေရာကို ပြောင်းဖို့ စာလည်းတင်ထားပြီးဖြစ်တဲ့အပြင် အဖေကလည်း တစ်ခြားနေရာရောက်ရင် အတန်းကျနဲ့ဆို ငါ့သား ရှက်စရာကောင်းတယ် စာကြိုးစား ဒီမှာရှစ်တန်း ဟိုရောက်တော့ ကိုးတန်း ပေါ့ ဆိုပြီး ပြောထားလို့ ကျွန်တော် တစ်ဖက်ကလည်း ရန်တွေဖြစ်ရင်း အိမ်မှာလည်း စာလုပ်ဖြစ်ခဲ့တယ်.......ငါဒီမှာ ဒီနှစ်နောက်ဆုံးပဲ ဆိုတဲ့ စိတ်နဲ့လည်း ကျောင်းမှာ ဆရာမတွေ ကျွန်တော့်ကို ဘယ်လိုပညာ ပြပြ ခင်ဗျားတို့နဲ့ ဒီနှစ်နောက်ဆုံးပဲ ဆိုတဲ့စိတ်ထားပြီး ဥပက္ခော ပြုနိုင်ခဲ့တယ်.............

ကျွန်တော် စာမေးပွဲနားနီးတဲ့အချိန်မှာ ကချင်ပြည်နယ်ထဲက မြို့နယ်တစ်ခုကို မြို့နယ် ဦးစီးမှူး အနေနဲ့ အဖေ ပြောင်းမိန့်ကျလာခဲ့တယ်........ဒါပေမယ့် ကျွန်တော်လည်း စာမေးပွဲနီးနေပြီဖြစ်လို့ အဖေ အရင်နေရာသွားချပြီး ကျွန်တော်စာမေးပွဲပြီးမှ အမေနဲ့ကျွန်တော့်ကို ပြန်လာခေါ်ဖို့ အဖေစီစဉ်ခဲ့တယ်........ကျွန်တော် ကတော့ တစ်ကယ်ကို ပြောင်းရပြီဆိုပြီး အပျော်ကြီးကို ပျော်နေခဲ့တယ်.......ကျွန်တော့်အတွက် မပျော်ပိုက်ဆုံးသော နေရာကနေ ခွာရမှာဖြစ်တဲ့အတွက် အပျော်ကြီးပျော်နေခဲ့ပေမယ့် အမေကတော့ နောက်ဆုံးပိတ် အိတ်နဲ့လွယ် ဆိုသလို အဖေ့အတွက်နဲ့ အဖေ့ဝန်ထမ်းအသိုင်းအ၀ိုင်းနဲ့ အဖေ့အထက်လူကြီးကို စိတ်အနာကြီးနာခဲ့တော့တယ်..........အမေ စိတ်နာရတာက အဖေ ပြောင်းမိန့်ကျပြီးချိန်မှာ အဖေ့ကို နှုတ်ဆက်ပွဲလုပ်ကြတော့ အဖေ့ကို ပေးတဲ့ လက်ဆောင်က လယ်သမားတွေဝတ်တဲ့ အပေါစား ပုဆိုးတစ်ထည်ဖြစ်နေလို့ပါဘဲ..........တစ်ခြားအရာရှိတွေ ပြောင်းချိန်မှာ ကောင်းကောင်းကန်းကန်း ပေးခဲ့ကြပြီး အဖေ့မှ ဒီလို ပုဆိုးပေးရလားဆိုပြီး အမေ တော်တော်စိတ်နာခဲ့တယ်........အဖေကတော့ ဘာမှလည်းမပြောသလို မကောင်းတဲ့လူဆို လှည့်လည်း မကြည့်တတ်တဲ့အတွက် ရှေ့ခရီးဆက်ဖို့ပဲ စိတ်အားထက်သန်နေပြီး ကျန်တာတွေကိုတော့ မေ့ခဲ့တယ်............

ဒါပေမယ့် အဖေတာဝန်ယူရတဲ့ ဆိုဒ်ထဲက နေ့စားဝန်ထမ်းတွေကြောင့်တော့ အဖေနဲ့အမေ ဝမ်းသာဝမ်းနည်း ခံစားခဲ့ရတယ်...........အဖေ့ဆိုဒ်ထဲက နေ့စားဝန်ထမ်းတွေက မရှိဆင်းရဲသားတွေ များတာကြောင့် လူတိုင်း အမေ့ဆီက ချေးငှားခဲ့ရတယ်...........အမေကလည်း အတိုး မယူပဲ ချေးငှားပေးခဲ့ပြီး သူတို့ကလည်း ပြန်ဆပ်နိုင်တဲ့လူ ခပ်ရှားရှားပါပဲ........ပြန်မဆပ်နိုင်ခင် ကြားထဲမှာ သူတို့တတ်နိုင်တာလေး အမေ့အလုပ်မှာလာလုပ်ကူလိုက် ကျွန်တော်ကြိုက်တတ်တဲ့ ကြွက်ကြော် လေး ယူလာပေးလိုက်ကြနဲ့ နေနေခဲ့ကြသူတွေပါ......အဖေ ပြောင်းရတော့မယ် သွားတော့မယ်ဆိုမယ့်မတိုင်ခင်နေ့မှာ လက်ထဲမှာ ကျစ်ကျစ်ပါအောင်လိပ်ထားတဲ့ ပိုက်ဆံအနွမ်းလေးတွေကိုင်ပြီး ပိန်ရှုံ့နေတဲ့ ဒန်ချိုင့်လေးတွေထဲမှာ တရုတ်ဆိုင်တို့ မြန်မာဆိုင်တို့ က ဝယ်လာတဲ့ သူတို့တစ်သက်နဲ့ တစ်ကိုယ်တောင် စားဖူးရဲ့လားမသိတဲ့ စားသောက်စရာတွေနဲ့အတူ ဆရာနဲ့ဆရာကတော်ကို အကြွေးပြန်ဆပ်ရင်း လာကန်တော့တာပါ ဆရာမသွားခင် ဆရာ့ကို ပြုစုချင်လို့ ဆိုင်ကဝယ်လာတာလည်း စားသွားပါအုန်းဆရာဆိုပြီး အဖေနဲ့အမေ့ကို ထိုင်ကန်တောခဲ့ကြတယ်........မခံစားနိုင်တဲ့ အမေကတော့ အစ်မကို မကန်တော့ပါနဲ့ ဆိုပြီး အခန်းထဲဝင်လို့ ငိုနေခဲ့သလို အဖေလည်း မျက်ရည်တွေ စီးကျနေခဲ့တယ်...........သူတို့ ကန်တော့အပြီးမှာ အမေက အခန်းထဲက ထွက်လာပြီး အားလုံးပဲ မင်းတို့အကြွေးတွေ ဒီစာအုပ်ထဲမှာ အစ်မ မှတ်ထားတယ် အခု ဒီစာအုပ်ကို အစ်မဖြဲလိုက်မယ် အစ်မ မင်းတို့အကြွေးတွေကို မင်းတို့ကို မုန့်ဖိုးပေးတယ်လို့ သတ်မှတ်တယ် မင်းတို့ဆရာကလည်း တစ်သဘောထဲပါဘဲ ဆိုပြီး သူတို့ရှေ့တင် အကြွေးစာအုပ်ကို အဖေ ဆုတ်ဖြဲပြစ်ခဲ့တယ်........အားလုံးကလည်း မျက်ရည် စမ်းစမ်း စမ်းစမ်း နဲ့ ဝမ်းနည်းစရာကြီးဖြစ်ခဲ့တယ်......သူတို့ယူလာတဲ့ စားစရာတွေထဲက အဖေကလည်း သူတို့စိတ်ကျေနပ်အောင် နည်းနည်းစီလောက်စားပြီး အိမ်မှာ ကျန်ခဲ့တဲ့ကလေးတွေ စားဖို့ ပြန်ထည့်ပေးသလို အမေကလည်း ပြစ်စည်းအတိုအစလေးတွေ သူတို့ကို ပေးရင်း အဖေ မသွားခင်နေ့က သူတို့ကြောင့် ၀မ်းနည်းစရာလည်းကောင်း ကြည်နူးဖို့လည်းကောင်းတဲ့ ရက်လေးတစ်ရက်ဖြစ်ခဲ့သလို ကျွန်တော်ရယ် အဖေရယ် အမေရယ် အဲဒီနေ့ကို ဘယ်တော့မှ မမေ့နိုင်ခဲ့ကြဘူး..........

အဖေ သွားပြီး မကြာခင် ကျွန်တော်လည်း အတန်းတင် စာမေးပွဲဖြေခဲ့ရသလို အမေကလည်း အိမ်ရှိပစ္စည်းတွေ ထုတ်ပိုးလို့ ကျွန်တော် စာမေးပွဲပြီးလို့ အဖေ လာခေါ်မယ့်ရက်ကို အသင့်စောင့်နေခဲ့တယ်........ကြောင်မျိုးအစ်ကိုကတော့ မေမေကြီးတို့ဆီမှာနေသာသလို နေနေသလို တစ်ချက်မှလည်း အမေ့ဆီပေါ်မလာခဲ့ပဲ အဖေ့အဖေ ဘဘတစ်ယောက်သာ အမေ ဘာလိုအပ်လည်း ဆိုပြီး နေ့တိုင်း အိမ်ကိုလာခဲ့တယ်.......ဒီလိုနဲ့ ကျွန်တော် စာမေးပွဲနောက်ဆုံးနေ့ကို ရောက်လာသလို အဲဒီနေ့မှာ အမေက စာမေးပွဲပြီးတာနဲ့ ဘယ်မှမသွားနဲ့နော် ငါ့သား အမေ့ဆီတန်းပြန်လာခဲ့ အမေ စိတ်တွေလေးနေလို့ အဖေလာခေါ်မယ့်ရက်ကလည်း နီးနေပြီ မပြောင်းခင် ဘာမှလည်း မဖြစ်စေနဲ့ ဆိုပြီး အတန်တန် မှာခဲ့တယ်........စာမေးပွဲကို လွတ်လွတ်ကျွတ်ကျွတ်ကြီးဖြေနိုင်ခဲ့ပြီး ဘာမှ ဖြစ်စရာအကြောင်းလည်း မရှိဘူးလို့တွက်ထားတဲ့ကျွန်တော်ကလည်း အေးဆေးပါ အမေရာ ဘာမှမပူပါနဲ့ ဘာမှမဖြစ်ပါဘူး စာမေးပွဲပြီးရင် သားဘော်ဒါ တွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်လိုက်အုန်းမယ် အေးဆေးမှပြန်လာမယ်ဆိုပြီး ကျွန်တော်ထွက်ခဲ့တယ်.........စာမေးပွဲဖြေပြီး သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင် ပြီး ညနေစောင်းမှ အိမ်ပြန်လာတဲ့ ကျွန်တော့်ကို စိတ်ပူလို့ အမေ အိမ်ပေါက်ဝက ထိုင်စောင့်နေခဲ့တယ်.........စိတ်ပူနေတဲ့ အမေ့ကို ဘာမှစိတ်မပူနဲ့အမေ ဘာမှမဖြစ်ဘူး ရန်လည်း မဖြစ်ဘူး စိတ်ချ သားသူငယ်ချင်းတွေနဲ့ နှုတ်ဆက်ပွဲလုပ်မလို့ သား ရေချိုးပြီးအပြင်သွားလိုက်အုန်းမယ်ဆိုပြီး အပြင်ကို ပြန်ထွက်ခဲ့တယ်.......အမေကတော့ အမေ စိတ်တွေလေးနေတယ်သား မသွားပါနဲ့ လို့ပြောပေမယ့် အမေကလည်းဗျာ ဘာမှမဖြစ်ပါဘူးဆိုမှပဲ ဆိုပြီး ကျွန်တော်ကတော့ ဇွတ်ထွက်ခဲ့တယ်.........