Saturday, May 30, 2009

အဖေနဲ့အမေ ။၁၆။

အဖေနဲ့အမေ စီးပွား တစ်စတစ်စ တက်လာနေပေမယ့် မေမေကြီး စီးပွားတွေကတော့ မသိမသာ ကျလာနေတယ်ဆိုတာ ဘယ်သူမှ သတိမထားမိခဲ့ကြသလို မေမေကြီး ကိုယ်တိုင်လည်း မယုတ်လျော့ဘူးလို့ ထင်နေခဲ့တယ်......တစ်ချိန်ထဲမှာပဲ မေမေကြီး ဆီမှာ ရွာက ရပ်ဆွေရပ်မျိုးအနေနဲ့မိသားစုလိုက် ထမင်းလာစား မုန့်လာစား လုပ်နေတဲ့ မိသားစုတစ်စု က မေမေကြီး အကူအညီနဲ့ အိမ်ဆိုင်လေး တစ်ခုကို ဖွင့်လာနိုင်တယ် .......မေမေကြီးအိမ်ရှေ့မှာ ပဲကြော် ပဲလှော်ရောင်းတဲ့ အဒေါ်ကြီးကလည်း မြို့ပေါ်ကနေ ပျောက်ချင်းမလှပျောက်သွားခဲ့သလို မေမေကြီး အိမ်မှာ လက်တိုလက်တောင်းခိုင်းတဲ့ ဦးလေးတစ်ယောက်ကလည်း မြို့ပေါ်ကို လာတဲ့ ဂျပန် အဖွဲ့တစ်ခုရဲ့ လက်တိုလက်တောင်းအနေနဲ့ လိုက်သွားခဲ့တယ်.....ကျန် သားသမီးတွေ အပြိုင်းအရိုင်း ကြီးလာပေမယ့် အမေ မရှိတဲ့နောက်ပိုင်းမှာ မေမေကြီးက အရာရာသူ့သဘော ထင်ရာစိုင်းလာတာကလည်း ဆိုးသထက် ဆိုးလာတယ်......အမေ့ဆီကို အလည်အပါတ် ရောက်ရောက်လာတတ်သလို အမေကလည်း အိမ်ကို ရံဖန်ရံခါ ပြန်တတ်ပေမယ့် သူ့စီးပွားနဲ့ပါတ်သက်ရင်တော့ ထင်ရာဆိုင်းနေတဲ့ မေမေကြီးကို အမေ တစ်ခွန်းမှ ၀င်မပြောသလို ပညာတော်ပြီး မေမေကြီးလုပ်နေကိုင်နေတာတွေကို မကြိုက်ပဲ အမေ့ကို အားကိုးတဲ့ အမေ့အောက်က မောင်ကိုတော့ အမေ ကျောင်းထားပေးမယ်ဆိုပြီး အဖေနဲ့အမေပဲ ထောက်ပံ့ခဲ့တယ်......

အမေတို့စီးပွားတက်နေတဲ့အချိန်မှာ မေမေကြီးမှာ မုန့်ဖို လက်ဖက်ရည်ဆိုင် နဲ့ မြေတွေသာ ရှိတော့သလို ကျန်တာတွေက ရပ်ဆွေရပ်မျိုးကိုပေးတာလိုလို နတ်ကတော်ကို ပေးတာလိုလိုနဲ့တော်တော်ကို ကုန်သွားခဲ့တယ်......သားသမီးက ဆီဦးထောပါတ် ကျွေးရင် မေမေကြီးက သဘောကျချင်မှကျတာဖြစ်ပြီး လမ်းဘေးက အကြော်တစ်ခုလောက်ဝယ်ကျွေးပြီး အမေ အမေ နဲ့ လုပ်တဲ့သူဆို မေမေကြီးက သူ့အပေိပ်ကောင်းတယ်လို့ ထင်တဲ့စိတ်လည်း ရှိခဲ့သလို အခုထိ ရှိဆဲ ဆိုတာ ကျွန်တော် ကိုယ်တိုင် သိခဲ့ရတယ်......တစ်ခါ မေမေကြီး ရဲ့ ဆက်ဆံရေးကလည်း အင်မတန်ဆိုးဝါးတာကို ကျွန်တော် ကိုယ်တိုင် ငယ်ငယ်က မြင်ခဲ့ရတော့ ဘယ်လိုကြောင့်များ ချမ်းသာလာသလဲဆိုတာ စဉ်းစားလို့မတတ်အောင် ဖြစ်ခဲ့ပေမယ့် အဖေကတော့ မေမေကြီးတို့ဟာ ကံတရားကြောင့်ချမ်းသာလာတယ် ဒါကို အသိဥာဏ်နဲ့မထိန်းချုပ်နိုင်ဘူး တစ်ကယ်တော့ ပညာမတတ်ခြင်း အသိဥာဏ် မရှိခြင်းရဲ့ အကျိုးဆက်တွေပဲလို့ သုံးသပ်ပြခဲ့တယ်......

အမေ ကတော့ ဘာမှဝင်မစွက်ဖက်တော့သလို ဘဘကြီးကတော့ အမေ ဒီလို နေခဲ့တာကို စိတ်မကောင်းကြီးစွာ ဖြစ်ခဲ့ရတယ်........ဘဘကြီး ဘယ်လိုပဲ စိတ်မကောင်းဖြစ်ပေမယ့် စိတ်မာတဲ့ အမေက လုံးဝကိုလှည့်မကြည့်တော့ပဲ အဖေနဲ့လက်ထက်ပွား သူ့စီးပွားကိုသာ အားကြိုးမာန်တက် တစိုက်မတ်မတ် လုပ်ခဲ့တယ်......အမေ အားကြိုးမာန်တက် လုပ်သလို စီးပွားကလည်း တစ်ရှိန်ရှိန်ကို အရှိန်အဟုန်နဲ့တက်လာခဲ့တယ်.......ရွာတွေကို အမေကိုယ်တိုင် တစ်ရွာဝင်တစ်ရွာထွက် ဆင်းသလို စပါးလှေ့နေတဲ့ စပါးခင်းတွေ ကန်သင်းရိုးတွေအပေါ်မှာ ကျွန်တော့်ကို ခေါ်တဲ့အခါ ခေါ်လို့ တဘက် တစ်ထည် ခေါင်းမှာပေါင်းတဲ့အခါ ပေါင်း ကျူရိုး ဦးထုပ် ဆောင်းတဲ့အခါ ဆောင်းလို့ အမေ နေပူမိုးရွာမရှောင် အလုပ်လုပ်ခဲ့တယ်........စပါးတွေကို ဆန်စက်မှာ ဆန်ဘ၀ကိုပြောင်းပြီးရင် အမေ့ဆန်ဂိုဒေါင်ထဲကို ထည့်ရတယ်.......အမေဆန်တင်တဲ့ရက်ဆို တီအီးကားမြိုင်မြိုင်ဆိုင်ဆိုင် အလုပ်သမား တစ်ပြုံကြီးနဲ့ ကျွန်တော် သိပ်ပျော်ခဲ့ရသလို အမေလည်း ဗလာစာအုပ်တစ်အုပ် ဘောပင်တစ်ချောင်းနဲ့ အမြတ်တွက်ပြီး စိတ်ကူးနဲ့ မြူးနေတဲ့ အချိန်တွေပါဘဲ........

အဖေ့ကိုတော့ အမေက တိုင်ပင်ပေမယ့် လုံးဝ ၀င်မပါစေခဲ့သလို အဖေလည်း ဘာမှ လုပ်စရာမလိုခဲ့ဘူး.......အလုပ်တွေ အမေ ပျားပန်းခတ်အောင်လုပ်နေပေမယ့် မူလတန်းတက်နေရတဲ့ အကြီးနှစ်ယောက် ဝေယျာဝတ်စ မပျက်စေရသလို အဖေရုံးသွားချိန်တန်ရင်လည်း ခေါက်ရိုးကျိုးပြီးသား အကျီ မီးပူကျ ပုဆိုး ပြောင်နေအောင်တိုက်ထားတဲ့ ကတ္တီပါ ဖိနပ် စီးလို့ အဖေ ကျော့နေအောင် သွားခဲ့ရတယ်.....အမေ ဟာ အသက်ကြီးတဲ့ အချိန် အဖေက နားပါတော့လို့ ပြောတဲ့ အချိန်ထိ စီးပွားနဲ့ အိမ်မှုကိတ်စကို တစ်ပြိုင်ထဲ မလစ်ဟင်းအောင် လုပ်နိုင်ခဲ့လို့ ကျွန်တော်တို့ဘ၀မှာ အိမ်ဖော်ဆိုတာ မရှိခဲ့ မတွေ့ခဲ့ဘူးသလို ရွာတစ်ရွာက အဖေ အမေ့အတွက် ကူဖော်လောင်ဖက် ရအောင် ခေားခဲ့ဘူးတဲ့ အစ်မတစ်ယောက်ကလည်း လုပ်စရာရှိ ကိုယ့်ဟာကိုယ်လုပ်နေကြပြီး အငယ်ဆုံးကျွန်တော်က အစ သူ့ကို ပြောရမှာ အားနာခဲ့သလို အမေက လည်း မခိုင်းခဲ့တဲ့အတွက် နေရတာ ပျင်းတယ်ဆိုပြီး ပြန်သွားခဲ့ဘူးတယ်.........သူဟာ ပထမဆုံးနဲ့ နောက်ဆုံးအကြိမ် အိမ်ဖော်အဖြစ်ရောက်လာခဲ့သူဖြစ်ပြီး ကျွန်တော်တို့ မိသားစုဝင်အားလုံး ငါတို့က အိမ်ဖော်နဲ့ မကိုက်ပါဘူး ဆိုပြီး တစ်ညီတစ်ညွတ်ထဲ ဆုံးဖြတ်ခဲ့ကြတာ ဒီနေ့ထိပါဘဲ.......


စကားကို ပြောချင်ရာပြောပြီး ငယ်ငယ်က ၀၀လုံးလုံး ကျွန်တော့်ကိုတော့ အမေကအသည်းစွဲဖြစ်ခဲ့သလို သွားလေရာခွေားပြီး လက်ပေါ်ကကို မချခဲ့ဘူး.......ကျွန်တော့်ငယ်ဘ၀မှာ အမေ့လက်မောင်းတုတ်တုတ်ပေါ်မှာအိပ်ပြီး အမေ့စကားပြောသံကို အမေ့လက်မောင်းနဲ့ ကပ်ထားတဲ့ ကျွန်တော့်နားကနေ တစ်ဆင့် ကြားခဲ့ရတာဟာ အမေ့ရဲ့ ကျွန်တော့်အတွက် သားချော့တေး လိုပါဘဲ.....အမေဟာ ကျွန်တော့်ကိုချစ်လွန်းလို့ မူကြို သွားထားတဲ့နေ့မှာ မူကြိုဆရာမက ခေါ်ပြီး နမ်းလိုက်တာနဲ့ တစ်ပြိုင်နက်ထဲ မဖြစ်ပါဘူး ပေးပေး အပ်ထားတဲ့ပိုက်ဆံလည်း ယူလိုက်တော့ ဆိုပြီး ကျွန်တော့်ကို တစ်ခါထဲ ပြန်ခေါ်လာခဲ့တော့တယ်.......ကျွန်တော် ငယ်ငယ်က မူကြိုကျောင်းမှာ အမေကျွန်တော့်ကို ချစ်စိတ်ကြောင့် တစ်နာရီပြည့်အောင်တောင် မနေခဲ့ရသလို အမေကလည်း သွားလေရာ ကျောပိုးလိုက် ပွေ့ပိုက်ထားလိုက် လက်ဆွဲသွားလိုက်နဲ့ ကျွန်တော့်ကို ခွေားခဲ့တယ်........အမေ က ဘေးနားကလူတွေ အောချလောက်အောင်ကို ကျွန်တော့်အပေါ်မှာ အချစ်ကြီးခဲ့တယ်.......


ဒီနှစ်ကာလ အပိုင်းအခြားတွေမှာ အဖေနဲ့အမေ ဘ၀က ဘာမှထူးထူးထွေထွေ မဖြစ်သလို စီးပွားရေးကလည်း တက်မြဲတက်ခဲ့တယ်.......တစ်ချိန်က ဖျားနာနေတဲ့ အဖေနဲ့အစ်ကို စားဖို့အတွက် ပိုက်ဆံလေး ငါးကျပ်လောက် ကောက်ရရင်ကောင်းမှာပဲလို့ တမ်းတခဲ့ဘူးတဲ့အမေ က ထင်းရှူးသေတ္တာနဲ့ ထည့်ထားလောက်အောင် ပိုက်ဆံ ရှိလာသလို ဘဏ်မှာလည်း အလုံအလောက် အပ်ထားနိုင်ခဲ့တယ်..........အမေ သူ့ပိုက်ဆံတွေနဲ့ ၀ယ်ထားတဲ့ လက်ဝတ်လက်စား ရှိနေတဲ့ ကျောက်တွေကို ထုတ်ပြီး ပီတိဖြစ်တဲ့အချိန်တိုင်းမှာ ကျွန်တော်လည်း အမေ့ငွေပုံအလည်မှာထိုင် မတော်တရော် အမေဆွဲပေးထားတဲ့ ဆွဲကြိုး လက်စွပ် လက်ကောက် စတာတွေကျွန်တော့်ကိုယ်မှာ ဆင်ပြီး အမေက ပီတိ ဖြစ်တဲ့အခေါက်ပေါင်း မနည်းအောင်လည်း ကျွန်တော်ကြုံခဲ့ရတယ်........အမေနဲ့ အတူတူ နေခဲ့ရတဲ့အချိန်တွေမှာ ကျွန်တော်ဟာ မသင်ခဲ့ပေမယ့် အမေ မသိမသာ သင်ပေးခဲ့တဲ့ ပညာတွေ ကို အများကြီး ကျွန်တော်တတ်ခဲ့ရတယ်........

စပါး သွားဝယ်တဲ့အခါ စပါး ကြည့်တဲ့အခါ ကလေးပဲ ရှိသေးတဲ့ ကျွန်တော့်ကို သား ဒီမှာတွေ့လား ဒါက အဖျဉ်းများတယ် ဒီစပါးက သန့်တယ် ဒီဆန်က အေးမ ဒီဆန်က မနောသုခက စလို့ စီးပွားရေးမှာလည်း တစ်ဖက်မှာ အမေ ၅၀၀ နဲ့ဝယ်ထားတဲ့ပြစ်စည်းကို ပြန်ရောင်းတဲ့အချိန် ၆၀၀ နဲ့တင်ရောင်းပြီး ကျွန်မက မမြတ်ဘူး အရင်းအတိုင်းရောင်းတာပါ ဆိုတဲ့အခါမျိုးမှာ ကလေးပဲရှိသေးတဲ့ကျွန်တော်က ဘာမမြတ်တာလည်း အမေလိမ်တယ် အမေ ၁၀၀ မြတ်တယ်လေ သားသိတယ် ဦးဦးကို အမေလိမ်နေတာဆိုရင် အမေက ရီလို့နေပြီး အဲဒါသာကြည့်တော့ ကျွန်မ သားရှေ့ စီးပွားကို မလုပ်ရဲအောင်ပဲဆိုပြီး ရှက်ရှက်နဲ့ပြောပြီးမှ ကွယ်ရာမှာ စီးပွားဆိုတာ ဒီလိုပြောလို့မရဘူးသားရဲ့ဆိုတာမျိုးက အစ ပြောပြသလိုလိုနဲ့ သင်ပေးခဲ့တယ်........အမေ့ ရွှေတွေထုတ်ပြီး ကျွန်တော့်ကို ဆင်လို့ အမေ ပီတိ ဖြစ်တဲ့အချိန်မှာလည်း ဒါက ၁၅ ပဲရည် ဒါက အခေါက် စသဖြင့် အမေက ပြောပြောပြတဲ့အတွက် တစ်ချိန်မှာ ကျွန်တော့်အတွက် ဒါတွေဟာ အသုံးဝင်ခဲ့သလို အဖေကလည်း ကျွန်တော်နဲ့လိုက်မယ် ကလေး စာအုပ်လေးတွေနဲ့ ကျွန်တော့်ရဲ့ စာဖတ် ဘ၀ကို အစပျိုးပေးခဲ့သလို မကောင်းတာလုပ်ရင် မကောင်းဖြစ်မယ် စိတ်ထားကောင်းရင် ကံကောင်းမယ်ဆိုတာကို ပုံပြင် ဥပမာလေးတွေနဲ့အတူ လိမ်မာပြီး မူလတန်းတွေမှာ စာတော်နေတဲ့ အစ်ကိုနဲ့ အစ်မထက် ကျွန်တော့်ကို အထူးပြု သင်ပေးခဲ့တာ ပုဏ္ဍားကြီး ဟောစာတမ်းက အဖေတို့အပေါ် တော်တော် သက်ရောက်ခဲ့တယ်လို့ နောင်တစ်ချိန်မှာ ကျွန်တော် တွေးမိခဲ့တယ်......

အဖေ ဟာ သူ့ဝန်ထမ်းဘ၀ကိုလည်း အမေ့ကျေးဇူးကြောင့်သာ သိတ်ခါ ရှိရှိ ဖြတ်သန်းနိုင်ခဲ့တယ်ဆိုတာလည်း အမြဲလို ပြောလေ့ရှိသလို အမေ့ စီးပွား တစ်ရှိန်ရှိန် တက်နေချိန်မှာ အဖေ့ ၀န်ထမ်းဘ၀က အဖေ့ရာထူး အဆင့်အတန်းကလည်း နှစ်ကာလအပိုင်းအခြားအလိုက် တစ်ဆင့်ပြီးတစ်ဆင့်တက်လာခဲ့တယ်......အဖေ နိုင်ငံခြားက ပြန်လာပြီးနောက်ပိုင်းမှာ အဖေ့ရဲ့ တည်ငြိမ်အေးဆေးပြီး ရိုးသားမှုကို သဘောကျတဲ့ အဖေတို့လို အရာရှိအဆင့်တွေ ၀င်ချင်ထွက်ချင်လှတဲ့ အဖေတို့ရဲ့ အကြီးဆုံးလူကြီးရဲ့ ညာလက်ရုံး တစ်ပည့်ဖြစ်လာခဲ့တယ်.......အဖေကတော့ ဆရာအရင်းမို့ ရိုသေလေးစားတာကလွဲလို့ အပိုတွေ သိပ်မလုပ်တဲ့အတွက် အဖေ့လိုပဲ အေးဆေးပြီး တည်တည်တန့်တန့် ကျွန်တော်တို့အခေါ် ဘဘဦးမောင် (နာမည်အရင်းမဟုတ်) အဖေ့အပေါ်မှာ အမှတ်အပြည့်ပေးခဲ့တယ်.......

ဘဘဦးမောင် ကတော် အန်တီလှ (နာမည်ရင်းမဟုတ်) နဲ့ သားသမီးတွေ ကြောင့်တော့ အမေ အတန်ငယ် စိတ်ညစ်ခဲ့ရသလို သူတို့ဟာ မောက်မာလှပေမယ့် အမေ့ကိုတော့ အိမ်တွင်းရေးက အစ ဖွင့်ဟ တိုင်ပင်ခဲ့သလို သူတို့ရဲ့ အင်မတန်အရေးကြီးတဲ့ ကိတ်စတွေကို အမေ ကိုယ်တိုင်ဦးဆောင်ပြီးဖြေရှင်းပေးခဲ့ရတာတွေရှိခဲ့တယ်.......ကျွန်တော်ကိုယ်တိုင် ခံစားခဲ့ရတဲ့အကြိမ်တွေ ရှိသလို ကျွန်တော့်အပေါ် ချစ်ခဲ့တာတွေလည်း ရှိခဲ့တယ်......ဒီလိုအကြိမ်တွေတိုင်း အဖေနဲ့ အမေ စိတ်မကောင်းဖြစ်ရပေမယ့် ဘဘဦးမောင်ရဲ့ ပြည့်ဝတဲ့ စိတ်ဓာတ်ရယ် သူတို့ရဲ့ တစ်ကယ်အရေးကြီးလာတဲ့အချိန်မှာ အမေနဲ့အဖေကို အားကိုးတစ်ကြီးဖြစ်ခဲ့တာတွေရယ်ကြောင့် အဖေနဲ့အမေဟာ အကြိမ်ကြိမ်သီးခံခဲ့ရတယ်.......အဲဒီကာလအပိုင်းအခြားမှာပဲ အဖေ အတန်တန် တားနေတဲ့ကြားက ရွာမှာပဲ နေပါဆိုတဲ့ ကြားက ဘဘနဲ့မေကြီးက အဖေရှိရာ အဖေတာဝန်ကျရာနေရာကို လိုက်လာခဲ့တယ်.......

ဇွတ်ကို ပြောင်းလာတဲ့ ဘဘတို့ေ၇ာက်လာပြီးတဲ့အချိန်မှာ ဆယ်တန်းအဆင့် သာရှိတဲ့ ညီ ညီမ လေးယောက်ကို အဖေ ရုံးတွေမှာ ပြာတာအနေနဲ့သွင်းပေးနိုင်ခဲ့ပေမယ့် ဘဘတို့ကိုတော့ အလုပ်မလုပ်ခိုင်းပဲ အောက်က လူလားမမြောက်သေးတဲ့ ညီ ညီမ တွေကို ပါ အမေနဲ့တိုင်ပင်လို့ အိမ်လေးတစ်လုံးငှား တင်ကျွေးခဲ့တယ်......စိတ်တို ဒေါသကြီးပေမယ့် အမှတ်အတေး မထားတဲ့ အမေက အဖေ့မိဘကို မိဘအရင်းလို သဘောမထားနိုင်သည့်တိုင်အောင် မိဘ နီးနီးသဘောထားခဲ့သလို အဖေ့မောင်ညီမတွေ အပေါ်မှာလည်း ရည်ရွယ်ချက် ကြီးကြီး ထားခဲ့ပြီး မောင်ညီမ အရင်းတွေလို သဘောထားခဲ့တယ်.....အကယ်ရ်ျ သူတို့ တစ်ခုခုဖြစ်ခဲ့ရင် အဖေ စိတ်ဆင်းရဲမှာ အဖေ့သိတ်ခါ ကျဆင်းမှာကိုလည်း အမေ ထိတ်လန့်ခဲ့တာလည်း ပါခဲ့တယ်......အဖေ့ညီမတွေကိုဆိုရင်လည်း ရုံးတွေမှာ စာရေး စာချီ အနေနဲ့ တည်တည်တန့်တန့် ဖြစ်စေချင်ခဲ့ပြီး အဖေ့သူငယ်ချင်း လူပျို အရာရှိတွေနဲ့ နေရာချပေးဖို့အထိ အမေ အကြံလည်း ကြီးခဲ့တယ်.......ဒါပေမယ့် သူတို့ဟာ ခံစားချက်နဲ့ လူတွေ ဆိုတာကိုတော့ အမေနဲ့အဖေ မေ့လျော့ထားခဲ့ကြတယ်..........

ဘဘတို့ ရောက်ပြီး တစ်နှစ်အကျော် အကြာမှာ အဖေနဲ့အမေ ရဲ့ ရင်ထဲကို ဆူးတစ်ချောင်း စိုက်လာခဲ့သလို အဖေနဲ့အမေ ကိုကြည့်လို့ ငယ်သေးတဲ့ ကျွန်တော်တို့ရင်ထဲမှာလည်း ဆူးလေးတွေ စ၀င်လာခဲ့တယ်......အထူးသဖြင့် ကောင်းကောင်း သိတတ်နေပြီဖြစ်တဲ့ အစ်ကိုနဲ့အစ်မရင်ထဲမှာ ဆူးတဲ့ဆူးက ပိုကြီးခဲ့တယ်......တစ်ရက်မှာ အိမ်မှာ ဘဘတို့ မေကြီးတို့နဲ့အတူ ကျွန်တော်တို့မိသားစု ထမင်းစားအပြီးမှာ ဘဘက လူလေး အဖေ ဒီတိုင်းမနေတတ်ဘူး အဖေ ညစောင့်အလုပ်လောက်တော့ လုပ်ချင်တယ်ဆိုတဲ့အချိန်မှာ အဖေ တော်တော်တုန်လှုပ်ခဲ့သလို အမေ ကလည်း မျက်စိမျက်နှာသိပ်ကိုပျက်ခဲ့ရတယ်......အဖေက ချက်ခြင်းပဲ အဖေရယ် သားက ဒီမှာ နိုင်ငံခြားသားတွေနဲ့အတူ လုပ်နေရတဲ့ အရာရှိ အဖေက ညစောင့်ဆိုရင် ဘယ်ကောင်းပါ့မလည်း အေးအေးနေပါ အဖေရယ် သားကျွေးထားနိုင်ပါတယ်လို့ပြောခဲ့သလို အမေကလည်း ဦးလေး ကိုသန်း (အဖေ့နာမည်ရင်းမဟုတ်) မျက်နှာကိုလည်း ကြည့်ပါအုန်း ကျွန်မ တို့က ဘာမှမဖြစ်ပါဘူး ကိုသန်း မျက်နှာကိုတော့ ကြည့်ပါလို့ ပြောတဲ့ အချိန်မှာပဲ ညဉ်း ၀င်မပြောနဲ့ ငါ့သား ကို ငါတို့ ပဲပြောမယ် ညဉ်းဝင်ပြောစရာမလိုဘူးလို့ မေကြီးက ထပြောခဲ့လို့ အဖေကော အမေပါ အံ့သြခဲ့ရတယ်.....

အဖေကတော့ ဘာမှမပြောပေမယ့် အမေကတော့ ကျွန်တော်တို့ လက်ဆွဲလို့ အပြင်ကို ချက်ခြင်းပဲ ထွက်လာခဲ့သလို အမေ မျက်ရည်ကျတာကိုလည်း ကျွန်တော် စမြင်ခဲ့ရတယ်......အဖေက ဘဘကို အကျေအလည် အဲဒီနေ့က ပြောခဲ့ပေမယ့် ဘဘကတော့ လုပ်ကိုလုပ်မှာလို့ ဆုံးဖြတ်ချက်ချထားခဲ့ပုံရခဲ့တယ်.......နောက်ပိုင်းမှာလည်း အဖေ မလုပ်ပေးရင် သူ့ဟာသူ ရှာမယ်လို့ ဘဘက ဇွတ်ပြောလာတဲ့အချိန်မှာတော့ ပါတ်ဝန်းကျင်က ရိုက်ခတ်လာမယ့် ဒဏ်တွေကို သိသိကြီးနဲ့ အဖေ ဟာ ဘဘကို သူကိုင်ထားရတဲ့နေရာတွေက သက်သက်သာသာ အိပ်လို့ရမယ့် အရေးသိပ်မကြီးတဲ့ နေရာမှာ ညစောင့်အနေနဲ့ ထားခဲ့ရတော့တယ်.......အဖေနဲ့ အမေ တွေးထားသလို သားက အရာရှိ ချွေးမက သူဌေး ဖအေကြီးကတော့ ညစောင့် လုပ်နေရတယ်ဆိုတဲ့ ရိုက်ခတ်မှုတွေ အရှိန်ပြင်းပြင်းနဲ့ အဖေနဲ့ အမေ အပေါ်အပြင် ငယ်ရွယ်တဲ့ ကျွန်တော်တို့အပေါ်ကိုပါ ရိုက်ခတ်လာခဲ့သလို မေကြီးရဲ့ သားကအရာရှိပေမယ့် ချွေးမ က ချုပ်ကိုင်ထားတော့ ကျွန်မတို့မှာ ညစောင့်လုပ်စားနေရတာပါ ဆိုတဲ့ ဘေးပါတ်ဝန်းကျင်ကိုလည်ပြောခဲ့တာတွေကလည်း တော်တော် တာသွားခဲ့တယ်.......

အဖေဟာ အကြိမ်ကြိမ် အိမ်မှာ မေကြီး နဲ့ ဘဘကို ရိုရိုသေသေခေါ်ပြောခဲ့ပြီး အမေကလည်း အဖေ့ညီတွေ ညီမတွေကို မောင်ရင်း နှမရင်းတွေလို အ၀တ်အစားက အစ ဆင်ပေးခဲ့တဲ့အပြင် ဘဘနဲ့ မေကြီးကို အလုပ်ဆက်မလုပ်ဖို့နဲ့ အိမ်မှာ လာနေဖို့ ပြောပေမယ့် ပြောတဲ့ အကြိမ်တိုင်း နင့်ကြောင့် ငါတို့ ဒီလိုနေရတာ နင်ငါတို့သားကို ချုပ်ထားလို့ ဒီလိုဖြစ်ရတာ မင်းလည်း မင်းမိန်းမကို ကြောက်လို့ ဒီလို တွေ ဖြစ်ရတာ ဆိုတာကို မေကြီးက ပြောခဲ့သလို ဘဘကလည်း အနည်းငယ် ထောက်ခံခဲ့တယ်.......နောက်ပိုင်းမှာ ဘေးပါတ်ဝန်းကျင်ကို အမေ့အပေါ် တစ်မျိုးထင်အောင် လိမ်လည်ပြောဆိုရင်း မေကြီးက သူ့ကိုယ်သူပါ အဖြစ်မှန်ကို လိမ်မိရက်သားဖြစ်လာခဲ့သလို ဒါတွေဟာ အမှန်တွေပါလို့ သူ့ကိုယ်သူပါ ထင်လာခဲ့တယ်.......အဖေ့ မျက်နှာကိုပဲကြည့်ပြီး အဖေ စိတ်ချမ်းသာစေချင်တဲ့ အဖေ့ကို မြင့်တက်စေချင်တဲ့ အမေက သူ့အပေါ် ရိုက်ခတ်လာတာတွေကို အားလုံးခ၀ါ ချလို့ အဖေ့မိဘ မောင်နှမကို သူ့ မိဘလို မောင်ညီမတွေ လို သဘောထားခဲ့တယ်ဆိုတာကတော့ ကျွန်တော်တို့နဲ့ အဖေပဲ သိခဲ့ရပေမယ့် ဘေးပါတ်ဝန်းကျင်ကတော့ အနည်းငယ်ပဲသိခဲ့ရသလို အမေတို့ စီးပွားတက်လာတဲ့အပေါ် အဖေ နေရာရလာတဲ့အပေါ်မှာ မလိုသူတွေကတော့ မေကြီးစကားအပေါ်မှာ သံယောင် အကြီးအကျယ်လိုက်ခဲ့ကြလို့ မလိုလားအပ်ပဲ ပြသနာတွေက ကြီးသထက် ကြီးလာခဲ့တယ်........

အိမ်မှာနေချင်တယ်ဆိုလို့ ခေားတဲ့ အဖေ့ ညီမက အစ အမေ့အပေါ်မှာ ဆူဆောင့် အောင့် လာပြီး ငါ့အစ်ကိုအိမ်မှာလာနေတာ နင်လည်း ငါ့အစ်ကိုကျေးဇူးကြောင့် ဒီလိုနေရတာ ငါနေချင်သလို နေမယ်ဆိုတဲ့ပုံစံတွေဖြစ်လာပြီး ကသိကအောက်တွေ စဖြစ်လာရတော့တယ်......ပြသနာတွေ ပိုဆိုးဖို့ ကြုံလာရတာကတော့ အမေ့ရဲ့ သံယောဇဉ်ကြီးတဲ့ စိတ် အဖေ့ညီမဟာ သူ့ညီမ ပဲလို့ ထားတဲ့ စိတ်ကနေ စလာခဲ့တော့တယ်.......အဖေ့ရဲ့ နောက်ညီမတစ်ယောက် ရုံးတစ်ရုံးမှာ တည်တည်တန့်တန့် စာရေးမ အလုပ်ရနေတဲ့ ညီမတစ်ယောက် ရည်းစားရပြီး ယူမလိုဖြစ်နေချိန်မှာ အမေ သိခဲ့ရလို့ လိုက်စုံစမ်းခဲ့တယ်.......အဖေ့ညီမ ရဲ့ ရည်းစားက မူးရူးနေပြီး ပညာမတတ် အလုပ်ကိုင်မရှိပဲ ၀ပ်ရှော့ တစ်ခု မှာ လက်တိုလက်တောင်း အဆင့်သာ ရှိတယ်လို့ သိလိုက်ရချိန်မှာ အမေ အဖေ့ညီမကို ခေါ်ပြီး ဘယ်လိုမှ သဘောမတူနိုင်ဘူး အစ်မ ညဉ်းအစ်ကို သူငယ်ချင်း အရာရှိတစ်ယောက်နဲ့ နေရာချပေးမယ် ညဉ်းအစ်ကိုလည်း သဘောတူမှာမဟုတ်ဘူး အဆက်ဖြတ်ပါ အိမ်မှာလာနေပါလို့ အမေ အတန်ကြာ ပြောဆိုဆုံးမပြီးတဲ့ ခဏမှာတော့ ဟုတ်ကဲ့ အစ်မလို့ အဖေ့ညီမကပြောခဲ့တယ်....အမေလည်း သူ့ရဲ့ စေတနာ နဲ့ ဆိုဆုံးမ မှုကို နာခံသားပဲ လို့ ထင်ပြီး အဖေ့ညီမဘ၀ အတွက် အဖေ့ဂုဏ်သိတ်ခါအတွက် လုပ်ရမယ့် ကိတ်စတွေးပြီး စိတ်ကူးနဲ့ အကွက်ချနေခဲ့တယ်......ဒါပေမယ့် အမေ ဟာ စီးပွားရေးသမားပေမယ့် သံယောဇဉ် နဲ့ လူတွေကို အကွက်ချတဲ့အခါမှာတော့ အမှားကြီးမှားခဲ့တယ် ဆိုတာ သိလိုက်ရတော့တယ်......

Sunday, May 24, 2009

အဖေနဲ့အမေ ။၁၅။

အဖေ ယုံချင်ချင် ဖြစ်ရတာက အဖေ့ကို မသိတဲ့ ပုဏ္ဍား ကြီးက အိမ်မှာ ကျန်ခဲ့တဲ့ အမေ့မှာ ကိုယ်ဝန် ရှိနေကြောင်း အဖေ မကြာခင် အလုပ်အကိုင် နေရာ ပြောင်းရတော့မှာဖြစ်ကြောင်း ကိုယ်ဝန်က မွေးလာတဲ့ ကလေးက ယောင်္ကျားလေး နဲ့ ဘယ်နေ့ဘယ်ရက်မှာ မွေးလာမှာ ဖြစ်တဲ့အကြောင်း ဒီကလေး ခန်ဒါကိုယ်မှာ ထင်ရှားတဲ့ အမှတ်ကြီးပါလာမှာ ဖြစ်တဲ့အကြောင်းကိုပြောခဲ့တယ်.....အမေ ကိုယ်ဝန် ရှိနေကြောင်း ပြောတာကို အဖေ အံ့သြပေမယ့် ဒီလောက် အတိအကျကြီးတော့ အဓိပ္ပါယ် မရှိဘူးဆိုပြီး အဖေ လည်း အလုံးစုံတော့ မယုံခဲ့ဘူး.....ရန်ကုန်မှာ အပြောင်းအရွှေ့အတွက် လုပ်ပြီး အဖေ အမေ ရှိရာ တောင်ပေါ်ဒေသကို အမြန်ပြန်လာခဲ့တယ်......တောင်ပေါ် ဒေသမှာပဲ အဖေနဲ့အမေ အပြောင်းအရွှေ့အတွက် စောင့်ရင်း သုံး လေးလ အချိန်ကို ကုန်စေခဲ့တယ်........ဒီကြားထဲမှာပဲ အဖေနဲ့အမေ သည်းထိတ်ရင်ဖို ဖြစ်စရာတစ်ခုက ကြုံလာခဲ့ပေမယ့် ပြောပလောက်အောင် အန္တာရယ်တော့ မကြုံခဲ့ကြဘူး.....အဖေ တာဝန်ကျရာ မြို့ရဲ့ လက်အောက်ခံ ရွာလေးကို အမေ အစ်ကိုနဲ့ အစ်မကို ခေါ်ပြီးသွားခဲ့တဲ့ အခေါက်မှာပဲ သူပုန်တွေနဲ့ အစိုးရတပ်တွေ တိုက်ပွဲကြားမှာ အဖေနဲ့ အမေ အစ်ကိုနဲ့အစ်မ ပိတ်မိနေခဲ့တယ်.....အိမ်လေး တစ်အိမ် မှာ ပြားပြားဝပ်အောင် ၀ပ်နေတဲ့ အဖေတို့အပေါ် ကျည်ဆံတွေ တစ်ဖွဲဖွဲဖောက်ထွက်ခဲ့ပေမယ့် အဖေနဲ့အမေ အစ်ကိုနဲ့အစ်မ ဘေးမသီရန်မခခဲ့ကြဘူး....နောက်ဆုံး အစိုးရတပ် အကူအညီနဲ့ပဲ အဖေတို့ မြို့ပေါ် ပြန်ရောက်ခဲ့ရတယ်.......

လေးလနီးပါး ကြာပြီးတဲ့နောက်မှာ အဖေ့ ဆီကို ပြောင်းရွှေ့ခွင့်ပြုလိုက်သည် ဆိုတဲ့ စာလေး ရောက်လာခဲ့တော့တယ်.......အဖေ့ကို ၀ိုင်းပြီး နှုတ်ဆက်ပွဲလုပ်တဲ့နေ့က အဖေ့ဘ၀မှာ ပထမဆုံးနဲ့နောက်ဆုံး အကြိမ် ဖဲဝိုင်း ထိုင်ဖြစ်ခဲ့တယ်.....ကျွန်တော် ဖဲမရိုက်တတ်ဘူးဆိုတဲ့ အဖေ့ကို အမှတ်တရ လာရိုက်ဆိုပြီး ဘူကြီး ရိုက်နည်းသင်ပြီး ရိုက်ခဲ့ကြတယ်......အဲဒီနေ့က အဖေ ပိုက်ဆံ ၂၅၀ ကျော် နိုင်နေတဲ့အချိန်မှာ ဘေးက အမေက တော်တော့ တော်တော့ လို့ပြောနေတော့ အားလုံးကလည်း အဖေ့ကို ၀ိုင်းသိမ်းကြမယ် ဆိုပြီး သိမ်းခဲ့ကြပြီး အဖေနဲ့အမေ့ကို သဘောတကျ ရီခဲ့ကြတယ်......တစ်ကယ်ဆို အဖေက ဖဲဆိုတာကို ပထမဆုံးကိုင်ဖူးတာဖြစ်သလို အမေ့ဘ၀မှာလည်း ဖဲဝိုင်းဘေးမှာ ပထမဆုံးနဲ့နောက်ဆုံးအကြိမ်ထိုင်ဖူးခဲ့တာပါဘဲ......အားတုံ့အားနာ ဖြစ်နေတဲ့ အဖေ့ကိုလည်း ခင်ဗျား ပြောင်းစရိတ်ရတာပေါ့ ယူသွားဆိုပြီး အားမနာအောင် ပြောခဲ့ကြတယ်......ပိုက်ဆံ ၂၅၀ ကလည်း အဖေနဲ့ အမေ ပြောင်းဖို့ရွှေ့ဖို့ အထောက်အကူပြုတဲ့အပြင် အမေ့ လက်ထဲက ကျောက်စိမ်းထုပ်လေးကလည်း အဖေနဲ့အမေ အိမ်မက်တွေကို မက်ခွင့်ပေးခဲ့တယ်.......

ခန်းတီးကနေ အဖေနဲ့အမေ အဖေ အရင်တာဝန်ကျရာ နေရာကိုပဲ ပြန်ပြောင်းခဲ့ရပြီး သိပ်မကြာခင်မှာပဲ အငယ်ဆုံးသား ကျွန်တော့်ကို အမေ အောင်အောင်မြင်မြင်မွေးခဲ့တယ်......ကျွန်တော့်ကို မွေးတဲ့ နေ့က အဖေ အံ့သြတစ်ကြီး ဖြစ်ပြီး ပုဏ္ဍားကြီး ရဲ့ ဗေဒင် ဟောစာတမ်းကို အသည်းအသန်ပြန်ရှာခဲ့ရတယ်......မွေးလာတဲ့ကလေးက ဘယ်နေ့မွေးမယ် ဆိုတဲ့ အကြောင်းကလည်း တူနေခဲ့သလို ခန်ဒါကိုယ်မှာ ကြီးမားတဲ့ အမှတ်အသားပါ လိမ့်မယ် ဆိုတာလည်း မှန်နေခဲ့တယ်.....အမေ့ကိုလည်း အဖေ ပြောပြခဲ့ပေမယ့် စိတ်တို စိတ်ဆတ် စိတ်ကြီးပြီး လက်တွေ့ကျတဲ့ အမေက ဒါတွေကို မယုံကြည်ခဲ့သလို အာရုံလည်း မရှိခဲ့တဲ့ အတွက် အဖေလည်း မေ့မေ့ပျောက်ပျောက် ထားခဲ့ပေမယ့် ကျွန်တော့်ကို မွေးပြီးချိန်မှာတော့ အဖေ စိတ်ဝင်တစ်စားပြန်ကြည့်ခဲ့သလို အိမ်မက်တစ်ခုကိုလည်း မျှော်လင့်ခဲ့တယ်.......

မွေးလာတဲ့ကလေးက မိဘကို အကျိုးပြုမှာဖြစ်သလို စိတ်ပျော်ရွှင်အောင်ထားဖို့ ဒီကလေး စိတ်ပျော်ရွှင်လေ မိဘ စီးပွားတက်လေ ဖြစ်မယ့်အကြောင်းနဲ့ မွေးပြီး မကြာခင် နိုင်ငံရပ်ခြားသွားရမယ် ဆိုတဲ့ အကြောင်းကို အဖေ စိတ်ဝင်စားခဲ့သလို မျှော်လည်း မျှော်လင့်ခဲ့တယ်.......ကျွန်တော့် ကိုမွေးတဲ့အချိန်မှာတော့ ကျောက်ကလေး တစ်လုံး ရောင်းချပြီး နောက်ဆုံး သားလေးကိုတော့ အနှီးနဲ့ ကျကျနနမွေးမယ် ဆိုတဲ့ အမေ့ဆန်ဒ ကို အဖေ ဖြည့်စည်းပေးခဲ့သလို အဖေနဲ့အမေ သားသမီး ၃ ယောက်မှာ ကျွန်တော်က အနှီးဖြူဖြူ နဲ့ထွေးပွေ့ခံရတဲ့ သားလေး လို့ အမေက အမြဲ ပြောမဆုံးဖြစ်ခဲ့ရတယ်......ဗေဒင် စကားပဲ မှန်ခဲ့လေသလား အဖေနဲ့အမေ့ ကံပဲ စတက်ဖို့ ဖန်လာလေသလား မခွဲနိုင်ပေမယ့် ကျွန်တော့်ကို မွေးပြီး သုံးလ အကြာမှာ အဖေ နိုင်ငံခြား ပညာတော်သင် ထွက်ခဲ့ရတယ်.......

အဖေကတော့ ငါ့သားလေးကြောင့်လို့ တစ်ဖွဖွ ပြောပြီး နိုင်ငံခြားကို ထွက်ခဲ့တယ်လို့ အမေက ပြန်ပြောပြတဲ့အချိန်ဆိုရင် ကျွန်တော် ပြုံးဖြီးဖြီး နဲ့ သဘောကျနေလေ့ရှိခဲ့တယ်......သားအကြီးဆုံးကိုလည်း အကြီးမိုလို့ အလတ်ကိုလည်း အလတ်မိုလို့ သားသမီးသံယောဇဉ်သိပ်ကြီးတဲ့ အမေ့ရဲ့ အသည်းကျော်လည်း ကျွန်တော် ဖြစ်ခဲ့တယ်.......အဖေ နိုင်ငံခြားကို ပညာတော်သင်ထွက်ခဲ့ပေမယ့် အမေက မေမေကြီးတို့အိမ်ကို မပြန်ပဲ အဖေ့အတွက် ရတဲ့ အိမ်မှာပဲ သားသမီး သုံးယောက်နဲ့ အတူ တစ်ယောက်ထဲပဲနေခဲ့တယ်........ဒါပေမယ့် ကျွန်တော့်ကို မွေးပြီး တဲ့ အချိန် အဖေလည်း နိုင်ငံခြားကို ထွက်သွားတဲ့ အချိန်မှာ သားသမီး သုံးယောက် နဲ့ တစ်ယောက်ထဲ နေနေ တဲ့ အမေ့ဆီ စိတ်မာလှချည်လား ငါ့သမီးရယ်လို့ ဆိုပြီး မေမေကြီး ရောက်လာခဲ့တယ်.......၀၀ လုံးလုံး နဲ့ သူ့ အမျိုးဝင်စားတယ်လို့ ယုံကြည်တဲ့ ကျွန်တော့်ကို မေမေကြီးက လက်ပေါ်က မချခဲ့ဘူး.......

မေမေကြီး ဘယ်လောက် အိမ်ကို ပြန်ခေါ်ခေါ် အမေကတော့ ကျွန်မ ဒီအိမ်မှာပဲ နေမယ် အမေ လို့ ပြောခဲ့တဲ့အတွက် မေမေကြီး စိတ်မကောင်းချင်းကြီးစွာနဲ့ ပြန်ခဲ့ရပြီး နောက်ပိုင်းမှာတော့ အမေ့ဆီကို နှစ်ပါတ်တစ်ခါ စားစရာသောက်စရာ အစုံအလင် နဲ့ ရောက်ရောက်လာခဲ့တယ်.......စားစရာ သောက်စရာ အစုံပါလာတဲ့ မေမေကြီးလာရင် အစ်ကိုနဲ့အစ်မက သိပ်ပျော်ခဲ့တယ်လို့ အမေက ပြန်ပြောခဲ့တယ်.....အဖေ နိုင်ငံခြားမှာ ပညာသင်နေတဲ့အချိန် အမေလည်း တောင်ပေါ်က ပါလာတဲ့ ကျောက်ကလေး နည်းနည်းကို ထုခွဲရောင်းချပြီး စားသောက်နေထိုင်ရပေမယ့် မေမေကြီးရောက်လာပြီး အစစအရာရာ ပြန်ထောက်ပံ့လို့ ငါးလုံးထက် ပိုမရောင်းခဲ့ရဘူး..........ကျွန်တော့်ကိုမွေးပြီး သုံးနှစ်ကျော် ကြာပြီးတဲ့ အချိန်မှာ နိုင်ငံခြားကနေ အဖေ ပြန်ရောက်လာခဲ့တယ်.......


နိုင်ငံခြားက ပြန်လာမယ့် အဖေက ရန်ကုန်ကို မရောက်ဘူးတဲ့ အမေ ဘဘ နဲ့ အဖေ့ ကျေးဇူးရှင် ဦးလေး တို့ကို လာကြိုစေခဲ့တယ်....အကြီးနှစ်ယောက်ကို မေမေကြီးဆီမှာ ထားခဲ့ပြီး စကားပြောတတ်ကာစ အငယ်ဆုံး ကျွန်တော့်ကိုတော့ အမေ ရန်ကုန်ကို ခေါ်လာခဲ့တယ်.....အဖေ နိုင်ငံခြားမှာ ရှိနေတုန်းက ဓာတ်ပုံတွေ ပြပြီး အဖေ မှန်းသိစေခဲ့ပေမယ့် အဖေ့ကို ပြန်တွေ့တဲ့ အချိန်မှာ ကျွန်တော် အဖေ့ကို မမှတ်မိခဲ့သလို ဦးဦး လို့ပဲ ခေါ်ခဲ့တယ်......အဖေ ပြန်ရောက်တဲ့ နေ့က ကျွန်တော် ပြောခဲ့တာကို အဖေနဲ့အမေ အခုထိ သတိရတိုင်းပြန်ပြောနေခဲ့တယ်.....အမေ့ကို အမေ ဒီဦးဦးက သားတို့နဲ့ အတူတူ အိပ်မှာလား သားက အမေနဲ့ပဲ အိပ်ချင်တာ ဒီဦးဦး နဲ့ အတူ မအိပ်ချင်ဘူးဆိုလို့ အဖေက တစ်ဟားဟား ရီလို့ သဘောကျခဲ့တယ်ဆိုတာ အမြဲပြန်ပြောလေ့ရှိတယ်........အဖေ ပြန်ရောက်လာပြီးတဲ့အချိန်မှာလည်း အမေက မေမေကြီးရဲ့ ဦးလေးဝမ်းကွဲ အမေ့ ဘကြီးဝမ်းကွဲ ၀င်စားတယ်ထင်တယ်လို့ ပြောခဲ့သလို အဖေကလည်း အမေ ပြောတာကို အထိုက်အလျောက်ယုံခဲ့တယ်.......ထို့အတူ အမေနဲ့အဖေ ကျွန်တော့်အတွက် ၀ိဝါဒ ကွဲစရာလည်း အနည်းငယ်ဖြစ်ခဲ့တယ်.....

လက်နက်တွေနဲ့ ဝေးရာမှာထားပါ ဆိုတဲ့ ပုဏ္ဍား ကြီးဟောခဲ့တဲ့ ဟောစာတမ်းကို ဘယ်သူမှ သင်မပေးရပဲ သိုင်းတွေ ကပြနေတဲ့ ကျွန်တော့်ကိုကြည့်ပြီး အဖေ အကြွင်းမဲ့ယုံစ ပြုလာသလို စိုးရိမ်စိတ်နဲ့ ငယ်သေးတဲ့ကျွန်တော့်ကို မနက်ဆို ဘုရားမရှိခိုး မနေရ ညဆို ဘုရား မရှိခိုးမနေရ အဖေနဲ့အတူ လုပ်ခိုင်းခဲ့ပေမယ့် အသက်ကြီးလာရင် ဘုရားတရားဘက်လိုက်သွားလိမ့်မယ် တစ်ယောက်ထဲ လူတွေနဲ့ဝေးရာထွက်သွားလိမ့်မယ်ဆိုပြီးပါတဲ့ အဟောကိုလည်း အမေကယံကြည်ခဲ့တဲ့အတွက် ကျွန်တော့်ကို စိတ်ရင်းအတိုင်း နေစေချင်ခဲ့လို့ တစ်ခါတစ်လေ ဘုရားရှိခိုးရမှာလိုလို တစ်ခါ တစ်လေ စိတ်ဆိုးစိတ်ကောက် ဒေါသ ထွက်ရမှာလိုလို ကျွန်တော့်မှာလည်း ဖြစ်ခဲ့ရတယ်.........အဖေ ပြန်လာပြီးတဲ့နောက်မှာ တစ်ချိန်က စက်ဘီးလေး တစ်စီးတောင် တော်တော် ဖျစ်ဖျစ်မြည်အောင် ၀ယ်စီးခဲ့ရတဲ့အဖေလည်း နိုင်ငံခြားက ပါလာတဲ့ ရွှေအိုရောင် ဆိုင်ကယ်လေး နဲ့ ရုံးတက် ရုံးဆင်းလုပ်လာနိုင်ခဲ့သလို အမေကလည်း အဖေ ဒီလို ဆိုင်ကယ်လေးနဲ့ ရုံးသွားနေတာကို သိပ်ကို ကြည်နူးခဲ့တယ်........

အဖေကတော့ ဒီဆိုင်ကယ်လေးပြန်ရောင်းခဲ့ချင်ပေမယ့် လက်ထဲမှာ ကျောက်ရှိတဲ့ အမေက မရောင်းဖို့ တိုက်တွန်းခဲ့သလို အဖေ့ကို အရာရှိပီပီသသ ကျော့နေအောင် နေစေချင်ခဲ့တယ်......အဲဒီအချိန်က စလို့ ဆင်းရဲသား အဖေ တောသား အဖေ ဖိနပ်တောင် ကားတာယာ စီးခဲ့ရတဲ့ ကျောင်းတက်ကျောင်းဆင်းလမ်းလျှောက်ခဲ့ရတဲ့အဖေ အမေ့ကျေးဇူး အဖေ့ပညာနဲ့ ဘ၀ကို အေးအေးဆေးဆေး ဖြတ်သန်းခဲ့ရတော့တယ်......သူ့ဘ၀ကို ယောင်္ကျားနဲ့ သားသမီးတွေအတွက် အလုံးစုံ မြုပ်နှံလိုက်တော့မယ်လို့ အမေကလည်း အပြီးအပိုင်ကို ဆုံးဖြတ်ချက်ချခဲ့တယ်.....အဖေပြန်လာပြီးတဲ့နောက်မှာ လက်ထဲ ကျောက်နဲ့ ပိုက်ဆံ အနည်းငယ် ရှိပေမယ့် အမေနဲ့အဖေ ဘာစီးပွားရေး လုပ်လိုက်ရမှန်းလည်း မစဉ်းစားနိုင်ခဲ့ဘူး.......ဒါပေမယ့် ဒီတိုင်း ထိုင်မနေချင်တဲ့အမေက လောလောဆယ်မှာ လုပ်တတ်တဲ့ အီကြာကွေး စမူဆာ ပေါက်စီ လုပ်ပြီး လက်ဖက်ရည်ဆိုင်တွေကို လိုက်သွင်းမယ်ဆိုတော့ အဖေက ဒါဆိုရင် သူရုံးမသွားခင် တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် လိုက်ပို့မယ် လို့ ဆိုခဲ့တယ်.....အရာရှိ အဖေကို အမေက မလုပ်စေချင်ပေမယ့် အဖေက ဘာမှရှက်စရာမရှိဘူး ငါတို့ကောင်းရောင်းကောင်းဝယ်လုပ်စားတာ ငါလည်း ဘာမှမဟုတ်ဘူး ငါပို့မယ် ပဲ ပြောခဲ့လို့ အဲဒါဟာ အတည်ဖြစ်ခဲ့တယ်.......မနက်ဆို ၃ နာရီလောက် အိပ်ရာထ အီကြာကွေး စမူဆာ ပေါက်စီတွေလုပ်လို့ အဖေက မနက်စောစော ဆိုင်ကယ်မှာ အထုတ်တွေချိတ်လို့ လက်ဖက်ရည်ဆိုင်တွေကို လိုက်ပို့တဲ့ အလုပ်ကို အဖေနဲ့ အမေ အချိန်တော်တော်ကြာကြာလုပ်ခဲ့သလို အဆင်လေးလည်း အထိုက်အလျောက်ပြေခဲ့တယ်......

ဒါ့အပြင် အဖေနဲ့ အလုပ်အတူတွဲလုပ်ရတဲ့ နိုင်ငံခြားသားတွေက အမေ့ အီကြာကွေး ကို မြည်းစမ်းကြည့်ပြီး ကြိုက်လွန်းလို့ အိမ်မှာ လာသင်ကြတဲ့ လူတွေ မနည်းသလို အဖေ့ကို မစ်စတာ အီကြာကွေး အမေ့ကို မစ်စ်အီကြာကွေးလို့ ခေါ်တဲ့ အထိအောင်ပဲဖြစ်ခဲ့တယ်......နောက်ပိုင်းမှာတော့ မီးအပူ သားသမီး သုံးယောက် နဲ့ အဖေ့ ဝေယျာဝစ္စအကုန် လုပ်နေရတဲ့အမေ့ကို အဖေက ဆက်မလုပ်ခိုင်းတော့ပေမယ့် လက်ဖက်ရည်ဆိုင်တွေက အမေ့ဆီက နည်းယူ ချင်တဲ့အတွက် အိမ်မှာ သင်ပေးရတဲ့လူက မနည်းခဲ့သလို အမေက ပိုက်ဆံမယူခဲ့တဲ့အတွက် အဖေနဲ့အမေ နေခဲ့ရတဲ့ နေရာမှာ အဖေတို့ လက်ဖက်ရည်သောက်သွားရင် ဘယ်ဆိုင်ကမှ ပိုက်ဆံ မယူ ကြိုက်သလောက် စားလို့ရတဲ့အပြင် အပြန်မှာ အိတ်နဲ့ ထည့်ထည့်ပေးတတ်ကြလွန်းလို့ လက်ဖက်ရည်ဆိုင်တောင် မထိုင်ရဲအောင် ဖြစ်ခဲ့ရတယ်.......

အဖေနဲ့အမေက တတ်တဲ့ပညာကို မလျှိုခဲ့သလို စေတနာ ရဲ့ အကျိုးကိုလည်း အကြိမ်ကြိမ်ခံစားခဲ့ရတယ်.......အဖေနဲ့အမေ ခန်းတီးက ပြောင်းလာရတော့မယ့်အချိန်မှာ မျက်နှာငယ်နေတဲ့ အိမ်မှာလက်တိုလက်တောင်းခိုင်းတဲ့ ဦးလေးကို အမေက မင်းကျေးဇူးကြောင့် အဆက်အသွယ်လေးတွေနဲ့ အစ်မ တို့အဆင်ပြေခဲ့တာ မင်းလည်း လုပ်စားကိုင်စားဆိုပြီး အမေပေးခဲ့တဲ့ ကျောက်လေးကို ထုခွဲပြီး ကျောက်တွင်းတူးတဲ့ဦးလေးက ကျောက်တွင်းအောင်လို့ သူဌေးကြီးအဖြစ်နဲ့ အဖေနဲ့အမေကို လာကန်တော့တာလည်း ၀မ်းပန်းတစ်သာ ကြုံခဲ့ရတယ်......ဦးလေး ယူလာတဲ့ လက်ဆောင် တွေထက် ဦးလေးရဲ့ မပြီးနိုင်မစီးနိုင် ကန်တော့နေတဲ့ အပြုအမူကို အဖေနဲ့ အမေ မျက်ရည်လည်အောင် ကြည်နူးခဲ့ရတယ်.....ဒီဦးလေးက အမေ့ကို ကျောက်လုပ်ဖို့ ခေါ်ခဲ့ပေမယ့် အမေက ဒီနေရာကို နောက်တစ်ခေါက်ပြန်မလာချင်တော့သလို မင်းလည်း ရေရှည်မနေပါနဲ့လို့ ပြောခဲ့တယ်......(နောက်ပိုင်းမှာ ဒီဦးလေးက ခန်းတီးနယ်ဘက်မှာ ကျောက်တွင်းပေါင်းများစွာ ပိုင်ခဲ့ပြီး မန်းဒလေးမှာ သူဌေးကြီးအဖြစ်နဲ့ အဖေနဲ့အမေကို အကြိမ်ကြိမ်ခေါ်ခဲ့ပေမယ့် အဖေနဲ့အမေကတော့ မန်းဒလေးရောက်ခဲ့ရင်တောင် အလည်အနေနဲ့မ၀င်လို့ ဦးလေး က စိတ်မကောင်းဖြစ်ခဲ့ရတယ်.......)

အဖေ့ အလုပ်ပဲ ရှိပြီး လက်ထဲမှာ ပိုက်ဆံ အလုံအလောက် ကိုင်ထားတဲ့ အမေနဲ့အဖေလည်း စီးပွားရေးတစ်ခုတော့ လုပ်မှ လို့တွေးပြီး တွေးတောကြံဆ နေတုန်းမှာပဲ အထက်မြန်မာပြည်ကို ဆန်ဖြန့်နေတဲ့ အမေ့ ငယ်သူငယ်ချင်းက ဆန်ကုန်သည်လုပ်ဖို့ အကြံပေးခဲ့လို့ အမေ အဖေ့ကို တိုင်ပင်တဲ့အခါ အဖေကလည်း သဘောတူခဲ့တယ်.......စစချင်းမှာ အလုပ်သင် အနေနဲ့ နည်းနည်းသာ ရင်းခဲ့တဲ့ အမေ အဆင်ပြေစပြုလာပြီး နားလည်လာတဲ့အချိန်မှာ အရှိန်အဟုန်နဲ့ လုပ်ဖို့ အဖေ့ကို တိုင်ပင်တဲ့အချိန်မှာ အဖေကလည်း အမေ့သဘော ခွင့်ပြုခဲ့တယ်......အဖေနဲ့ အမေ ကြိုးစားမှုကြောင့်လို့ ကျွန်တော်ထင်ခဲ့ပေမယ့် အဲဒီအချိန်က အဖေနဲ့အမေဟာ ကျွန်တော့်ကြောင့်သာ လုပ်သမျှ စီးပွား အဆင်ပြေခဲ့တယ် ကျွန်တော့်ကို ကိုယ်ဝန်ဆောင်ထဲက အဆင်ပြေခဲ့တယ် ကျွန်တော့်ကြောင့်ဆိုတာကို တရားသေ စွဲယူထားသလို ကျွန်တော် လိုချင်တာ မရှိမဖြစ်ရအောင်လည်း ထားခဲ့တယ်.......ကျွန်တော် ပူဆာလို့ လုပ်ပေးရတိုင်း ပိုပို ၀င်တယ်လို့လည်း တွေးခဲ့တယ်.......ကျွန်တော်ဟာလည်း လိုချင်တာ မရမရှိရခဲ့သလို အကြီးနှစ်ယောက်ကိုလည်း အဖေနဲ့အမေက ပြစ်ပယ်မထားခဲ့ပေမယ့် အမေ့သားလိုဖြစ်နေတဲ့ ကျွန်တော်ကတော့ အစ်ကိုအစ်မနဲ့ သူစိမ်းနည်းဆန်ခဲ့ရတယ်.......

ဆန်ကုန်သည် လုပ်ရတာ အဆင်ပြေလာတဲ့အမေက အဖေတာဝန်ကျရာ မြို့နယ် ပါတ်လည်က ရွာတွေမှာ စပါးမထွက်ခင်ထဲကပိုက်ဆံတွေ ကြိုပေးခဲ့ပြီး စပါး ထွက်တဲ့အချိန် ယူတဲ့ စနစ်ကို လုပ်ခဲ့တယ်.....အမေတို့အခေါ် စပါးကြိုပေး လို့ပဲ ခေါ်ခဲ့တယ်.......ပိုက်ဆံလည်း ကြိုပေးတဲ့အပြင် စပါးပေါ်ချိန်မှာ ပေါက်ဈေးအတိုင်း ထပ်ပေးတဲ့ အမေ့စိတ်ဓာတ်ကို လေးစားတဲ့ စပါးခင်းပိုင်ရှင်တွေကလည်း ဘယ်သူ လာဝယ်ဝယ် အမေကလွဲလို့ မရောင်းခဲ့ဘူး.......စည်းဖျက်တဲ့ လူအနည်းငယ် ရှိပေမယ့် ဘေးနားက ကျန်တဲ့ စပါးခင်းပိုင်ရှင်တွေ ပြောတာနဲ့ ဒီလိုလူတွေလည်း နောက်ဆံး အမေ့ဆီပဲပြန်ရောက်လာခဲ့လို့ အမေက ပြိုင်ဘက်ကင်းဖြစ်ခဲ့တယ်......ကိုယ့်ဘက် ကြည့်မကြည့်ပဲ သူလည်းအဆင်ပြေ ကိုယ်လည်း အဆင်ပြေ ဆိုတဲ့ စီးပွားရေးစိတ်ဓာတ် ထားခဲ့တဲ့အတွက် အဖေနဲ့အမေ စီးပွားရေးက တစ်ရှိန်ရှိန်တက်လာခဲ့တယ်........

Friday, May 1, 2009

အဖေနဲ့အမေ ။၁၄။

အမေ လူလိမ်ခံရပြီးနောက်ပိုင်း သူ့အိမ်ထောင်နဲ့သူ အဆင်ပြေနေတဲ့ တစ်ခြားမှာ အိမ်ခွဲနေတဲ့ အမေ့ အစ်မလတ် က အစ်မရှိတယ် အားမငယ်နဲ့ အစ်မ တစ်လတစ်ခါ လာမယ် အခုလည်း ငါ့ညီမတို့အတွက် အစ်မ လိုအပ်တာတွေ ယူလာတယ်ဆိုပြီး အမေနဲ့အဖေ ရှိရာကို ရောက်လာခဲ့တယ်.......အမေက မုန့်ဟင်းခါးဆိုင်လေး ပြန်ဖွင့်ချင်တယ်ဆိုလို့ အမေ့အစ်မလတ်ကပဲ အရင်းလေး ပြန်ထုတ်ပေးလို့ အမေ မုန့်ဟင်းခါးဆိုင်လေးလည်း ပြန်ဖွင့်နိုင်ခဲ့တယ်......တစ်ကယ်တော့ ကလေးအ၀တ်အစားလေးတွေ အမေကြိုက်တတ်တဲ့စားစရာသောက်စရာတွေကို မေမေကြီးကလည်း ငါပေးတယ်ဆိုတာ မသိစေနဲ့ သိရင် နင်နဲ့ငါ သေခန်းပြတ်ပဲလို့ ပြောပြီး ထည့်ပေးလိုက်တာတွေလည်း ပါခဲ့ပေမယ့် အမေကတော့ ဒါတွေကို နောက်ပိုင်းမှ သိခဲ့ရတယ်.......

လူလိမ်ခံရပြီးနောက်ပိုင်းမှာ အမေ အဖေတာဝန်ကျရာနေရာမှာလည်း နေရတာတော်တော်စိတ်ဆင်းရဲခဲ့တယ်.....အဖေ့ကို ပြောင်းလို့ရရောစးင်ပြောင်းပါလို့ အမေ အဖေ့ကို တဂျီဂျီ ပြောတဲ့အထိ ဖြစ်လာခဲ့တယ်......အမေ့စိတ်ထဲမှာ သိပ်ယုတ်မာတဲ့လူတွေ ဒီနေရာမှာ လူယုတ်မာကြည့်ပဲ တောင်ပေါ်ဒေသတွေမှာဆို ရိုးသားကြမှာပဲ လို့တွေးပြီးပြောပေမယ့် အဖေကတော့ တောင်ပေါ်ဒေသပဲဖြစ်ဖြစ် မြေလတ်ဒေသပဲဖြစ်ဖြစ် ယုတ်မာတဲ့ လူက ယုတ်မာတာပါဘဲလို့ အမေ့ကို တရားချပေမယ့် အမေကတော့ နေနေရတဲ့နေရာမှာ တော်တော့်ကို စိတ်မပျော်မရွှင်ဖြစ်နေခဲ့ရတယ်........ပိုက်ဆံလည်းလောက်လောက်လားလားမရှိ အဖေကလည်း အရာရှိပေါက်စဆိုတဲ့ ဂုဏ်ကလွဲလို့ လစာကမယ်မယ်ရရမရှိ အမေ့ မုန့်ဟင်းခါးဆိုင်လေးက ရတဲ့ ပိုက်ဆံ အမေ့အစ်မ လာလာပို့တဲ့ စားစရာ ကလေးအတွက် ဈေးချုပ်အထည်လေးတွေ မေမေကြီး အမေမသိအောင် ထည့်ပေးလိုက်တဲ့ စားစရာ တွေ နဲ့ပဲ အဖေနဲ့အမေ ရပ်တည်ခဲ့ရတယ်......

အစ်ကို့ကိုမွေးပြီး ၂နှစ် အကြာမှာ အမေ ဒုတိယ ကိုယ်ဝန်ကို ဆောင်ရတယ်.......ဒုတိယ ကိုယ်ဝန် ဆောင်ရတဲ့ အချိန်မှာ အခြေအနေလည်း ပြောလောက်အောင်မဆိုးတာရယ် အမေ့အစ်မ ထောက်ပံ့နေတာရယ် အဖေက တားတာရယ်ကြောင့် အမေ မုန့်ဟင်းခါးဆိုင်လေးကို အပြီးရပ်လိုက်တော့တယ်.....အမေ့မုန့်ဟင်းခါးသည် ဘ၀လည်း အဲဒီမှာပဲ အဆုံးသတ်ခဲ့ပြီး နောက်တစ်ခါ မုန့်ဟင်းခါးသည်ဘ၀ကို အမေပြန်မရောက်ခဲ့တော့ဘူး.......အလုပ်မရှိရင် မနေတတ်တဲ့အမေ့ကို အဖေက စက်ချုပ်သင်တန်းလေး တစ်ခု တက်ခိုင်းခဲ့တယ်.......အမေလည်း အိမ်မှာ ဒီတိုင်းထိုင်မနေရအောင် ကလေးတွေ ကြီးလာရင်လည်း အ၀တ်အစားဖိုး အပိုမကုန်ရအောင် ဆိုတဲ့ အဖေ့ ရည်ရွယ်ချက်ကို အမေလည်း သဘောတူခဲ့ပြီး စက်ချုပ်သင်တန်းလေးလည်း အမေတက်ခဲ့တယ်......အဲဒီစက်ချုပ် သင်တန်းလေးမှာ သင်ခဲ့တဲ့ စက်ချုပ်ပညာလေးကပဲ အမေနဲ့အဖေ အစ်ကိုနဲ့အစ်မ အနောင်တစ်ချိန်မှာ လူဖြစ်လာမယ့် ကျွန်တော့် ဘ၀ကိုပါ အကြီးအကျယ်ပြောင်းလဲပေးနိုင်ခဲ့တယ်......

ဒုတိယ ကိုယ်ဝန်ကိုတော့ အမေ အဖေတာဝန်ကျရာမှာပဲ မွေးခဲ့တယ်......ပိုက်ဆံလေးလည်း အတင့်အသင့် လက်ထဲရှိပေမယ့် ကလေးအနှီးက အစ အမေ ပုဆိုးစုတ်ကိုပဲသုံးခဲ့တယ်......ဒုတိယ ကလေးက သမီးလေးမို့ အဖေကလည်း ပျော်ခဲ့တယ်.....သားတစ်ယောက် သမီးလေးတစ်ယောက် တို့တွေ နောက်တစ်ယောက်တော့ထပ်ယူရအောင် ဆိုပြီး အမေနဲ့အဖေ ရည်ရွယ်ခဲ့ကြတယ်........အဖေ့အလုပ်အနေနဲ့လည်း အဖေက လက်ရှိနေရာမှာ အခြေချပြီး ရာထူး အဆင့်ဆင့်တက်အောင် ကြိုးစားဖို့ ရည်ရွယ်ခဲ့ပေမယ့် အမေကတော့ နှစ်ရှည်လများ ဒီနေရာမှာ မပျော်ခဲ့တဲ့ စိတ်ဟာ အစ်မကို မွေးပြီးမှာ ပိုလို့ ဆိုးလာခဲ့တယ်......အဖေ့ကို နောက်တစ်နေရာပြောင်းဖို့ နေ့စဉ်နေ့တိုင်း ပြောလာတဲ့အခါမှာတော့ အဖေ အမေ့သဘောကျ တောင်ပေါ်ဒေသကို ပြောင်းဖို့ လျှောက်လွှာတင်ခဲ့တော့တယ်.....

ဘယ်သူမှ မသွားချင်တဲ့ တောင်ပေါ်ဒေသ ကို ပြောင်းခွင့် တင်ခဲ့တဲ့ အဖေ့လျှောက်လွှာက သိပ်မကြာခင်မှာပဲ ရာထူး တစ်ဆင့်တိုးနဲ့ ပြောင်းရွှေ့ခွင့်ပြုလိုက်သည် ဆိုပြီး ပြန်ကျလာခဲ့တယ်......အမေကတော့ သူသွားချင်တဲ့ တောင်ပေါ်ဒေသကိုလည်း သွားရ အဖေလည်း ရာထူး တစ်ဆင့်တိုးတဲ့အတွက် သိပ်ကိုပျော်ရွှင်ခဲ့တယ် ......အဖေ ပြောင်းရွှေ့ခွင့်ကျတဲ့နေရာက အဲဒီခေတ်ကဆို တစ်ကယ့်ကို ခေါင်ပြီး သူပုန်တွေနဲ့အစိုးရတပ် တိုက်ပွဲတွေ ဖြစ်နေတဲ့ ခန်းတီးနယ်က မြို့လေးတစ်မြို့ ပါဘဲ.....မရှိမယ့် ရှိမယ့် ပြစ်စည်းလေးတွေ သိမ်းလို့ ကလေး နှစ်ယောက် လက်ဆွဲ အဖေနဲ့အမေ မန်းဒလေးကနေ ပထမဆုံး အကြိမ် အစိုးရစရိတ်နဲ့ လေယာဉ်စီးလို့ အစိမ်းသက်သက် နယ်မြေကို ပြောင်းလာခဲ့ကြတယ်......

အဖေ တာဝန် ကျတဲ့ မြို့ရောက်တော့ မြို့သာ ဆိုတယ် တစ်ကယ်တော့ တောသာသာပါဘဲ.......ရောက်ရောက်ချင်းမှာ လည်း အဖေနဲ့အမေ သည်းထိတ်ရင်ဖို အဖြစ်ကလည်း ဖြစ်ဖြစ်အောင်ကို ဖြစ်ခဲ့သေးတယ်......နေကြာစေ့လေး စားနေတဲ့ အစ်ကို့ နှာခေါင်းထဲကို နေကြာစေ့ဝင်ပြီး သွေးတွေ ထိန်းမရအောင် ထွက်နေလို့ ထိုင်တောင် မထိုင်နိုင် အစ်ကို့ကိုပွေ့လို့ အဖေ့မှာ ဆေးရုံကို အသည်းအသန်ပြေးရတာပါဘဲ........အမေ့ကိုထားခဲ့ပြီး အစ်ကို့ကို ပွေ့လို့ ပြေးထွက်သွားတဲ့ အဖေ့ကိုကြည့်ပြီး သမီးလေးပိုက်လို့ အမေ စိတ်တွေမော ရင်တွေပူနဲ့ နယ်မြေသစ်မှာပထမဆုံး ကြုံရတဲ့ သည်းထိတ်ရင်ဖို အဖြစ်ပါဘဲ.....ကံကောင်းထောက်မလို့ အစ်ကိုလည်း ဘာမှမဖြစ်ခဲ့ဘူး........အဖေနဲ့အမေ နေဖို့ကိုလည်း ရုံးမှာ ဘယ်သူလာလာ လက်တိုလက်တောင်း လုပ်ပေးတဲ့ လူတစ်ယောက်ကပဲ စီစဉ်ပေးခဲ့သလို အဖေနဲ့အမေရဲ့ လက်တိုလက်တောင်းလည်း သူကပဲ အကုန်လုပ်ပေးခဲ့တယ်.......

အဖေ့အတွက် အိမ်မရှိတဲ့နေရာမှာ သူ့ စီစဉ်ပေးမှုနဲ့ပဲ သူများအိမ်အောက်ထပ်လေးမှာ အဖေနဲ့အမေ ငှားနေရတယ်......အိုးခွက်ပန်းကန် ၀ယ်ဖို့ အစစအရာရာ သူပဲ စီစဉ်ပေးလို့ အဖေတို့လည်း တော်တော်ကို အားကိုးခဲ့ရတယ်......အရင် ရောက်နှင့်နေတဲ့ ဦးစီးမှုးတွေကလည်း အသက် တော်တော်ငယ်ငယ်နဲ့ မြို့နယ် ဦးစီးမှူးအဖြစ်ရောက်လာတဲ့ အဖေနဲ့အမေ့ကို ညီလေး ညီမလေးလို ပဲ သဘောထားပြီး တော်တော်စောင့်ရှောက်ခဲ့ကြတယ်......အဖေရောက်ပြီး သိပ်မကြာဘူး အဖေတို့ လက်တိုလက်တောင်း ဦးလေး အကြံပေးတာနဲ့ အဖေ တာဝန်ကျတဲ့မြို့ကနေ တောင် ၃ လုံးလောက်ကျော်ရတဲရွာလေးမှာ ရှေးခေတ် ဒင်္ဂါးပြားတွေ နာဂလူမျိုးတွေလက်ထဲမှာ ရှိတယ် အဲဒါ ကို သွားဝယ်ပြီး ပြန်ရောင်းရင် ရတယ်ဆိုလို့ အဖေ သွားဝယ်ဖို့ အမေ့ကို ပြောတော့ အမေက မသွားဖို့ ပြောခဲ့တယ်.....အဖေကတော့ အဆင်လေးပြေအောင် ငါကြိုးစားကြည့်မယ်ဆိုပြီး ရုံးပိတ်ရက်တွေမှာ ဒင်္ဂါးပြားတွေ ရှိတယ်ဆိုတဲ့ တောထဲက ရွာတွေကို အရောက်သွားသွား ၀ယ်ခဲ့တယ်.....တစ်ခါတစ်လေ ညမှောင်ရင် အဖေ့ ရင်ထဲမှာ စိုးရိမ်စိတ် ကြောက်စိတ် ရှိခဲ့ပေမယ် အစ်ကို အစ်မနဲ့ အမေ့မျက်နှာကိုမြင်ပြီး အဖေ အိမ် ကိုတော့ မရောက်ရောက်အောင် ပြန်လာခဲ့တယ်.......

အဖေ ဒင်္ဂါးပြားတွေ သွားဝယ်ရင် ကားတာယာ တစ်ခု ကိုလည်း ယူယူသွားတယ်.....တောင်ပေါ်တက်တဲ့ အချိန် မှာ ကုန်းရုံးတက်ပြီး တောင်ပေါ်က ဆင်းတဲ့အချိန်မှာ တာယာပြားကို ဖင်အောက် ခုထိုင်ပြီး တရွတ်လျောဆင်းတာ ပိုမြန်တဲ့အတွက် အဖေ အမြဲတမ်း ဒီလိုပဲ သွားခဲ့ရတယ်......အခြစ်ရာ ဗရဗွနဲ့ အဖေ ပြန်လာမှ အမေ လည်း သက်ပြင်းချနိုင်ပြီး လင်မယား နှစ်ယောက် ညကြီးမိုးချုပ် ထမင်းစားခဲ့ရတဲ့ရက်တွေလည်း မနည်းခဲ့ဘူး........နောက်ပိုင်းမှာ အမေက တစ်ခုခုတော့ လုပ်အုန်းမှ ဒီလို ဆိုရင် မဖြစ်ဘူး လို့ တွေးမိရင်း ဘာလုပ်ရမလည်း ပဲ ထိုင်စဉ်းစားနေခဲ့တယ်.......တစ်ရက် အိမ်မှာ လက်တိုလက်တောင်း ခိုင်းတဲ့ ဦးလေးကို ဒီက လူတွေ ခြင်ထောင်လည်း မရှီဘူး ခဏခဏ ဖျားနာနေတာ ခြင်ကြောင့် အစ်မ ခြင်ထောင် ချုပ်ရောင်းရင် ရောင်းရပါ့မလားဆိုတော့ ဦးလေးက အစ်မချုပ်တတ်လို့လား ချုပ်တတ်ရင်တော့ သေချာပေါက် ရောင်းရမှာ ပဲလို့ ပြောတာနဲ့ အမေ ပိတ်တစ်အုပ်ဝယ် ခြင်ထောင် ကို အကြမ်းချုပ်ပြီး စရောင်းကြည့်တော့ တောင်ပေားတွေက တော်တော်ဝယ်ကြတယ်......

ဝယ်တယ်ဆိုပေမယ့် သူတို့လက်ထဲမှာ ပိုက်ဆံက လောက်လောက်လားလား မရှိခဲ့ဘူး.....အဲဒီအချိန်က မှော်ဆိုတာ မဖြစ်သေးပဲ သူတို့ ဒီတိုင်းတူးရင်း ထွက်လာတဲ့ ကျောက်စိမ်းလေးတွေကိုသာ အမေ့ကို ခြင်ထောင် အခ အဖြစ်ပေးတယ်......အရည်ကောင်းတယ် အသားကောင်းတယ် ဆိုတာမှန်းသိပေမယ့် အမေက ကျောက်စိမ်းအကြောင်းလည်း ကောင်းကောင်းနားမလည်ခဲ့ဘူး.....ဘယ်လိုပဲဖြစ်ဖြစ် ဒါတွေဟာ တန်ကြေးမနည်းဘူး ဆိုပြီး အမေ ယူယူထားသလို ကျောက်သွေးတတ်တဲ့ လူတစ်ယောက်ဆီက နေ အမေ ကျောက် သွေးနည်းပါ သင်နေခဲ့တယ်......အမေ ကျောက်စသွေးတုန်းကဆို ကျောက်ပြင်ပေါ်မှာ ဒီတိုင်း သူ့စိတ်ကူးနဲ့ သူသွေးခဲ့တဲ့ ကျောက်တွေ မနည်းခဲ့ဘူး.......အမေ့ ခြင်ထောင်ကို အထူးအဆန်းဖြစ်ပြီး အိမ်ကို ခြင်ထောင်လာမှာတဲ့ နာဂ တိုင်းရင်းသားတွေလည်း တစ်နေကုန် ပြတ်တယ်ရယ်လို့ မရှိခဲ့ဘူး.......တစ်ကယ်တော့ ခြင်ထောင်ထက်ပဲ အမေ့ ကံ ကြောင့်လို့ ပြောရမလိုပါဘဲ......တစ်ခြား အမျိုးသမီးတွေ ခြင်ထောင် လိုက်ချုပ်ခဲ့ပေမယ့် အမေ့လို တော့ ခါးချိအောင် မချုပ်ခဲ့ရဘူး......

အမေစက်တစ်လုံးနဲ့ တစ်ကုပ်ကုပ် ချုပ်ခဲ့ရလွန်းလို့ အသက်ကြီးလာတဲ့အခါမှာ ခါးကိုက်တဲ့ဒဏ်ကိုလည်း အသည်းအသန်ခံခဲ့ရပေမယ့် အဲဒီအချိန်က ရခဲ့တဲ့ ကျောက်ကလည်း မနည်းခဲ့ဘူး........သိတတ်နေပြီဖြစ်တဲ့ အစ်ကိုက နာဂတွေ လာပြီး ပြန်ရင် ရေပုံးလေးဆွဲပြီး ရေဆေးဆေး ချရတာ အမော လို့လည်း အမေ ပြန်ပြောခဲ့တယ်.......နာဂတွေက ရှေ့က အ၀တ်စလေးသာပါပြီး အလေးသွားပြီးရင်လည်း ရေဆေးလေ့မရှိကြဘူး........အမေ့ အီးစော်နံတယ် သားရွံတယ် အီးခြောက်တွေလည်း ကျန်ခဲ့တယ်လို့ အစ်ကိုက အမြဲပြောလေ့ရှိခဲ့တယ်........အမေကတော့ အစ်ကို အဲလိုပြောတိုင်း ရီလို့ သာနေခဲ့တယ်.......အမေ့ လက်ထဲ ပိုက်ဆံ မရှိပဲ ကျောက်တွေသာ ရှိနေပေမယ့် ဒါတွေဟာ ပိုက်ဆံ တွေ ဆိုတော့ အမေ စိတ်ထဲ တော်တော် ပျော်နေမိခဲ့တဲ့ နှစ်တွေပါဘဲ.........ပိုက်ဆံကြောင့် ပျော်ခဲ့ရသလို လူမှုပါတ်ဝန်းကျင်မှာ သွေးပျက်ထိတ်လန့်စရာတွေလည်း အမေနဲ့အဖေ ကြုံခဲ့ရတယ်.......

အဖေနဲ့အမေ နေတဲ့ မြို့လေးမှာ သူပုန်တစ်ယောက်ကို မိတဲ့အချိန် ရေခဲမတတ်အေးနေတဲ့ရာသီဥတုမှာ တိုင်မှာ ကြိုးတုတ် တုံးလုံးချွတ်လို့ ရေလောင်းပြီး ဇကောနဲ့ ယပ်ခတ် သတ်တာကို အမေတို့ကြံခဲ့ရဘူးတယ်........အေးလွန်းလို့ အသံနက်ကြီးနဲ့ အော်နေတဲ့ အဲဒီလူရဲ့အသံကို အဖေ နဲ့ အမေ သိပ်ကို တုန်လှုပ်ခဲ့ရပြီး အင်မတန် ရက်စက် ကြမ်းကြုတ်တဲ့နေရာပါလားလို့ လည်း အမေ စိတ်ထဲ ထင်လာခဲံပြန်တယ်......နောက်တစ်ကြိမ်ကတော့ အဖေ တစ်ယောက်ပဲ သွေးပျက်ခမန်း ကြုံခဲ့ရတဲ့ အဖြစ်ပါဘဲ......မြို့နယ် အာဏာပိုင်က အဖေ့ကို ထမင်းစားဖိတ်လို့သွားတဲ့အချိန်မှာ အဖေနဲ့ မျက်မှန်းတန်းမိတဲ့ မြို့နယ်က လူတစ်ယောက် သူပုန်တွေနဲ့ အဆက်အစပ် ရှိတဲ့ လူတစ်ယောက်လည်း ရောက်နေခဲ့တယ်......အဖေတို့ စကားစမြည်ပြော ထမင်းစားသောက်နေတဲ့အချိန်မှာ စားလက်စ တန်းလန်း အိမ်ရှင် မြို့နယ် အာဏာပိုင်က ထသွားပြီး ပြန်အလာ ထမင်းစားနေတဲ့လူရဲ့ နောက်စေ့တည့်တည့်ကနေ ခြောက်လုံးပြူးနဲ့ ချိန်ပြီး ပြစ်သတ်လိုက်တော့ အသတ်ခံရတဲ့လူက တစ်ခါထဲ ထမင်းပန်းကန်ထဲကို မျက်နှာအပ်ကျသွားပြီး သေသွားတာကို အဖေ ကိုယ်တိုင် ရှေ့မှာ မြင်လိုက်ရတော့ တော်တော့်ကို သွေးပျက်သွားသလို လူအေး အဖေ သိပ်ကို ကြောက်သွားခဲ့တယ်.......

အိမ်ရှင်ကတော့ ဒီလူ က ဒီလို ရှင်းပြစ်မှ နားအေးမှာဆိုပြီး သွေးအေးအေး ပြောခဲ့ပေမယ့် အဖေကတော့ နောင်နှစ်ပေါင်းများစွာတိုင်အောင် ဒီအဖြစ်ကို မမေ့နိုင်ခဲ့သလို တုန်လည်းတုန်လှုပ်ခဲ့ရတယ်......အဖေနဲ့အမေ ရက်စက်ကြမ်းကြုတ်တဲ့ နေရာဒေသကနေ ပြန်ပြေးချင်ပေမယ့် ၀န်ထမ်းဘ၀ဟာ ထင်သလို ပြုမူလို့ မရတာကြောင့် တောင်ပေါ်ဒေသမှာပဲ ၂ နှစ်ကျော် နေခဲ့ရတယ်.........ဒါ့အပြင် တောင်ပေါ်ဒေသပဲဖြစ်ဖြစ် မြေပြန့်သားပဲဖြစ်ဖြစ် စိတ်ထား မကောင်းတဲ့လူက မကောင်းတာပဲဆိုတဲ့ အဖေ့စကားကိုလည်း အမေလက်တွေ့သိခဲ့ရတယ်.......အမေ့ဆီကို တိုင်းရင်းသားတွေ ခြင်ထောင်တွေလာချုပ်ခိုင်းပြီး အမေ ကျောက်တွေ ရနေတာကို မနာလိုတဲ့ အိမ်ရှင်က အမေနဲ့အဖေ အစ်ကိုနဲ့အစ်မ ထမင်းစားနေရင် ကြမ်းကြားကနေ သဲဖြူးဖြူးချလို့ ထမင်း ၀ိုင်းပျက်ခဲ့ရတဲ့ နေ့တွေလည်း မနည်းခဲ့ဘူး......အဖေကတော့ အင်မတန်ရိုင်းစိုင်းတဲ့နေရာမှာ အမေ့ကို စိတ်မတိုအောင် ထိန်းသိမ်းပြီး တွေ့ပြီမဟုတ်လား နေရာတစ်ကာမှာ လူဟာ လူပါဘဲ ဆိုတာကို တရားချခဲ့သလို အမေလည်း လက်ခံလာခဲ့ရတော့တယ်.......

အဖေ ပြည်မကို ပြောင်းရွှေ့ခွင့် ပြန်မကျခင် အချိန်လေးမှာပဲ တတိယကိုယ်ဝန် ကျွန်တော့်ကို အမေ ဆောင်ထားရတာကို အဖေနဲ့အမေ သိခဲ့ရတယ်......အဖေ လည်း ဒီကလေးကိုတော့ ဒီမှာမွေးလို့မဖြစ်ဘူး ဆိုတဲ့ စိတ်နဲ့ ကိုယ်ဝန်ဆောင် အမေ သား သမီးကို အိမ်မှာ နေတဲ့ ဦးလေး ကို သေချာအပ်လို့ ရန်ကုန်ကို အသည်းအသန် ဆင်းပြီး ပြောင်းရွှေ့ခွင့်ရအောင် လုပ်ရတော့တယ်.........နှစ်လည်း စေ့ပြီဖြစ်လို့ အမြန်ဆုံး လုပ်ပေးပါ့မယ်ဆိုတဲ့ အထက်အရာရှီတွေ ဆီက ကြားရတော့ အဖေ တစ်ခါ အမေတို့ရှိရာ တောင်ပေါ်ဒေသကို အမြန်ပြန်ရပြန်တယ်........အဖေ့ပူပန်မှုတွေ အမေ့ပူပန်မှုတွေ ဘယ်လောက်များကြီးလိမ့်မလည်းဆိုတာ ကျွန်တော် တစ်ခါတစ်လေ မတွေးနိုင်အောင်ပါဘဲ........ပြောင်းရွှေ့ခွင့်အတွက် အဖေ ရန်ကုန်အလာမှာ အခက်အခဲတွေ သိပ်များလွန်းလို့ စိတ်ညစ်နေတဲ့ အဖေ့ကို ကျောင်းတုန်းက သူငယ်ချင်းမ တစ်ယောက်က ပုဏား ဗေဒင် ဆရာတစ်ယောက်ရှိတယ် ပိုက်ဆံလည်း ငါပေးပေးမယ် မေးသွား သိပ်မှန်တယ် ဆိုလို့ ဗေဒင်မယံတဲ့အဖေ အေး ငါမေးမယ်ဆိုပြီး မေးခဲ့လို့ ဘ၀တစ်သက်စာ ဟောစာတမ်းလေးတစ်စောင် အဖေရခဲ့တယ်.......အဖေ့ဘ၀မှာပထမဆုံး ဗေဒင်မေးတာ ဖြစ်ခဲ့ပြီး ဒီနေ့ထိလည်း သူ့လောက် မှန်အောင် ဘယ်သူမှပြောနိုင်မှာ မဟုတ်ဘူးဆိုတဲ့ စိတ်နဲ့ ဘယ်ဗေဒင်ကိုမှ အဖေ မမေးတော့သလို အမေလည်း အဖေနဲ့ထပ်တူ ဖြစ်ခဲ့တယ်........အဲဒီအချိန်ကတော့ မယုံတစ်ဝက် ယုံတစ်ဝက်ပေါ့