Saturday, March 28, 2009

ကံကောင်း

ကျုပ်နာမည်က ကံကောင်း....ကျုပ်ကိုမွေးတော့ မိုးတွင်းကြီး...ကျုပ်အကြိုက်ပေါ့.....ကျုပ်က အအေးသိပ်ကြိုက်တဲ့ကောင် ....မွေးချင်းလား ရှိတယ်လေ...ကျုပ်အစ်ကိုပေါ့....ပြောရမယ်ဆို အမွှာပူးပေါ့ဗျာ။ ဒီကောင်က ကျုပ်ထက် နာရီဝက်လောက်စောမှာပေါ့ ဒါပေမယ့် ကျုပ်မှာ မွေးချင်းရှိတယ်ဆိုတာပဲ သိတာပါဗျာ ဘယ်ဆီနေလို့ ဘယ်မှာမှန်းတောင် ကျုပ် မသိပါဘူး....ဒီလိုပဲအမေ ဆိုတာလည်း ကျုပ် မမှတ်မိဘူး.....ဗျာ ဘယ်လိုဖြစ်တာလည်း ဟုတ်လား......အေးဗျာ ကျုပ်ကံကောင်းတယ်လို့ပဲ ကျုပ်ပြောချင်ပါတယ်။ အမေ့အတွက်တော့ စိတ်မကောင်းဘူးပေါ့ဗျာ ။ ဖြစ်ပုံက ဒီလိုဗျို့....ကျုပ်ကိုမေွးပြီး သိပ်မကြာဘူး ကျုပ်လိုမျိုးကိုမှ ကြိုက်တာဆိုတဲ့လူတွေကိုရောင်းဖို့ ကျုပ်မူရင်းသခင်က ခေါ်လာတယ်လေ။ အမေကတော့ ၀မ်းနည်းပက်လက်ဖြစ်ပြီး ကျန်ခဲ့မှာပဲလို့ ကျုပ်ပြန်တွေးမိတယ်။ ထားပါတော့ဗျာ။

အဲ အဲလို ကျုပ်ကိုသူများ လက်ထဲ ရောင်းစားဖို့ခေါ်အလာ ကျုပ် ကျေးဇူးရှင် သခင်နဲ့သခင်မ ကတွေ့ပြီး ကျုပ်ကိုမွေးစားဖို့ သူတို့အိမ်ကိုခေါ်ခဲ့တော့တာပဲဗျာ.....ကျုပ်ကိုနာမည်လည်း ချစ်စနိုးနဲ့ပေးခဲ့ကြတယ်။ ကံကောင်းဆိုတာ ကျုပ်သခင်နဲ့သခင်မ ပေးခဲ့တာပေါ့ဗျာ။ ကျုပ်သခင်မက အသားဖြူဖြူ၀၀နဲ့ စီးပွားရေးသမား သခင်က အသားညိုညို ပိန်ပိန်နဲ့ ရုံးဝန်ထမ်းတစ်ယောက်ဗျို့။ ကျုပ်ကံကောင်းမှ ကံမကောင်း ဘယ်သူ ကံကောင်းမလည်းဗျာ။ ကျုပ်နဲ့ဘ၀တူတွေ ဆင်းဆင်းရဲရဲ သွားလာလှုပ်ရှားပြီး မ၀ရေစာ ဗြုတ်စဗြင်းတောင်း တွေစားနေရချိန်မှာ ကျုပ်က အေးအေးဆေးဆေး ကျုပ်အခန်းလေးထဲမှာ အိပ်နေယုံပဲ။စားချိန်ဆိုရင် သခင်က သူမစားခင် ကျုပ်စားပြီးပလား အရင်မေးသေးတယ်။ ကျုပ်မပြောနဲ့ အိမ်မှာရှိတဲ့ကြောင်ကိုတောင် သူထမင်းစားတဲ့အချိန် ကြောင်ကိုမကျွေးရသေးဘူးဆိုရင် တိရစာန်ဆိုတာ ကိုယ်ကျွေးမှ စားရတာ လက်တဆုပ် စာကျွေးရတာ ဘာမှအပန်းကြီးတာမဟုတ်ဘူးဆိုပြီး သူ့သားသမီးတွေကို ဆုံးမတတ်တယ်...။

သခင့်သားသမီးတွေထဲက အကြီးနှစ်ယောက်က ကြောင်ကို မကြိုက်ဘူး...။သခင့်ကွယ်ရာဆို ကြောင်ကို ခြေထောက်နဲ့ကန်လိုက် ကုတ်ကကိုင်ပြီး အိမ်အပြင်ကို လွှင့်ပြစ်လိုက်နဲ့ တော်တော် ဆိုးတယ်ဗျို့....။အငယ်ကောင်လေးကတော့ ကျွေးပါတယ် ...။တစ်ခါတစ်လေ သူလည်းကန်တာပဲ....။သူကကြောင်လည်း မချစ်ဘူး ဒါပေမယ့် သူ့အဖေစကားနားထောင်ပြီး ထမင်းကိုတော့ သူစားတိုင်း ကြောင်ကိုအရင်ကျွေးတယ်.....။ ကြောင်ကလည်းကြောင်ပဲ ကျုပ်ဖြင့်ဘယ်သူ့အပြစ်ပြောရမှန်းတောင် မသိဘူး။ အငယ်ကောင်က ကျွေးထားတဲ့ဟာကို သခင် ရုံးကပြန်လာလို့ ထမင်းစားပြီဆိုတာနဲ့ သခင့်ခြေထောက်နား မှာ ချွဲပြစ်ပြီး တစ်ညောင်ညောင်လုပ်တော့ သခင်ကမေးပြီလေ အငယ်ကောင်က ကွှေးတယ်ပြောလည်း သခင်က မယုံဘူးလေ....။ဘယ်ယုံမလဲ ကြောင်ကောင်က သခင်ချကျွေးတာကိုလည်း စားချင်ဟန်ဆောင်တာကိုး တစ်ကယ်လည်း မကုန်ပါဘူး.....။ဒါဆိုရင်တော့ အငယ်ကောင့် ဒေါသ အထွတ်အထိပ်ရောက်သွားပြီး သခင့်ရှေ့မှာတင် ကြောင်ကို ကန်တော့တာပဲ.....။သခင်ကလည်း ထုံးစံအတိုင်း ဆုံးမတာပေါ့ ဒီအချိန်ဆို တိရိစာန် ချစ်တဲ့ သခင်မတောင် မနေနိုင်တော့ဘူး ဒီကြောင်ပါးကြောင့် သခင်တို့ မိသားစု စကားများရတာလည်း အကြိမ်ကြိမ်.....။

ကျုပ်ကိုတော့ အကြီးနှစ်ယောက်က ရှိတယ်လို့လည်း သဘောမထားဘူး ဂရုလည်းမစိုက်ပါဘူး....။အငယ်ကောင်ကတော့ ကျုပ်ကိုချစ်တယ်...။ သခင်က တစ်ရက် တစ်ခါ ကျုပ်ကိုရေချိုးပေးဖို့တာဝန်ကိုလည်း အငယ်ကောင်က အမြဲတမ်းယူတယ်....။အငယ်ကောင်က ကျုပ်လိုပဲ အအေးကြိုက်တယ်....။ သူအအေးကြိုက်လွန်းလို့ အိမ်နောက်ဖေးမှာ သူ့အတွက် ရေကန်သေးသေး တစ်ခု သခင်ကလုပ်ပေးထားရတယ်...။နေပူတဲ့အချိန် တွေများ အပြင်ကပြန်လာရင် သခင်တို့ ဘယ်လောက်တားတား လစ်တာနဲ့ သူ့ကန်လေးထဲ ခုန်ဆင်းပြီး စိမ်နေတော့တာပဲ.....။တစ်ခါတစ်လေတော့လည်း သခင်ဝယ်ပေးထားတဲ့ ရေငုတ်မျက်မှန်နဲ့ ရေအောက် ထွန်းလို့ရတဲ့မီးသေးလေးထွန်းပြီး ရေထဲမှာနေတယ်ဆိုပြီး သူတစ်ယောက်ထဲ ဆော့ရင်ဆော့နေတတ်တာမျိုး......။ သူရေစိမ်နေရင်း စိတ်ကူးပေါက်တာပဲဖြစ်ဖြစ် ရေစိမ်ပြီးမှဖြစ်ဖြစ် ရေပုံးဆွဲပြီး သူ့စိတ်ကြိုက် ကျုပ်ကိုရေချိုးပေးတော့တာပဲ....။သူက ရေချိုးပေးရင် ငြိမ်နေမှ ကျုပ်ကလည်း မလှုပ်ရဲဘူးဗျို့....။သခင်နဲ့သခင်မက သူတို့အလုပ်နဲ့သူတို့ သခင်မညီမက ကျုပ်နားကပ်ဖို့မပြောနဲ့ ကျုပ်ကိုတောင် စေ့စေ့မကြည့်ဘူး......။ ကျုပ်ကလည်း တစ်ရက်မှာ ရေလေးတစ်ခါမှမချိုးရရင် မနေနိုင်ဘူး....။ကျုပ်အတွက် ရေစိမ်ဖို့သခင်တို့ကလုပ်ပေးမထားဘူးလေ....။ဘ၀ကလည်း သူများချိုးပေးမှ ရေချိုးရတဲ့ဘ၀....။ဆိုတော့ အငယ်ကောင်လေးသာ ကျုပ်ကို ရေမချိုးပေးချင်ဘူးဆိုရင် ဘယ်လိုများလုပ်ရပါ့လို့လည်း ကျုပ်မှာရင်မောရတာ အကြိမ်ကြိမ်....။

အငယ်ကောင်ကလည်း တစ်ရက်မှမပျက်ဘူးဗျို့.....။တစ်ခါတစ်လေများ ပူလွန်းလို့ သူရေနှစ်ခါချိုးရင် ကျုပ်လည်း နှစ်ခါပဲ....။ကာဘော်လစ် ဆပ်ပြာနဲ့ ရေကောင်းရေသန့်နဲ့ ချိုးရတဲ့ ကျုပ်ဘ၀ မြင်ကြည့်စမ်းဗျာ အစားဆိုလည်း သခင်မက ကျုပ်ကိုတော့ ဂရုစိုက်တယ်...။အငယ်ကောင်ကလည်း ကျုပ်ကိုတော့ စိတ်လိုလက်ရ ကျွေးတယ်....။တစ်ခါတစ်လေများ ကျုပ်စားနေတာကြည့်ပြီး ကံကောင်း စားကောင်းလားလို့ မေးတတ်သေးတယ်....။ကျုပ် ဝေဖာ ချောကလက် စတာတွေလည်း စားဖူးတာပေါ့ဗျာ.....။ ဟဲ ဟဲ ။ဘယ်သူရှိရမလည်း အငယ်ကောင်ပဲပေါ့.....။သခင်မက နေ့လည်နေ့ခင်း အငယ်ကောင်အိပ်ရာကနိုးရင် တစ်ခုခုကျွေးတယ်....။အငယ်ကောင်က သူဘာစားရစားရ ကျုပ်ကို တစ်ဝက်လာကွှေးတယ်....။အစုံပါဘဲဗျာ တစ်ခါတစ်လေ မုန့်လေပွေ လည်းပါသလို တစ်ခါတစ်လေ ချောကလက်လည်း ပါတယ်....။ဘာတဲ့ စတော်ဘယ်ရီ ဖျော်ရည်တောင် သောက်ဖူးသေးတယ်....။ကျုပ်လား သခင် သခင်မနဲ့ အငယ်ကောင့် ကျေးဇူး ဘယ်မေ့လိမ့်မလည်းဗျာ....။ကျုပ်ကို ရေချိုးပေးပြီးရင် အငယ်ကောင့်ကို ကျုပ်ကျောပေါတင်ပြီး အိမ်တစ်ပါတ် ပြေးတော့တာပဲ.....။အငယ်ကောင်က အဲလိုလုပ်တာကို သိပ်သဘောကျတာဗျ....။သခင်နဲ့ သခင်မကလည်း သဘောကျတာပေါ့ဗျာ အငယ်ကောင်က သူတို့အသည်းစွဲလေ....။ကျုပ်အငယ်ကောင်ကို ကုန်းပိုးပြေးပြီဆိုရင် အိမ်နီးနားချင်းကလေးတွေကလည်း သူတို့ကို ကုန်းပိုးပြီး ကျုပ်ကိုပြေးခိုင်းစေချင်တယ်.....။အငယ်ကောင်က လက်မခံဘူး....။ကျုပ်ကလည်း လုပ်မပေးချင်ပါဘူး........။အငယ်ကောင်က ဟင့်အင်းဆိုတိုင်း ကျုပ်ကလည်း ခပ်မာမာပဲ....။ကျုပ်ချစ်လည်းမချစ်ဘူးလေ သူတို့ကို သူတို့ကလည်း ကျုပ်ကို မချစ်ပါဘူး ကျုပ်ကို အသုံးချချင်ယုံသက်သက်ပဲ....။ကံကောင်းလေဗျာ ဘယ်ရလိမ့်မလဲ....။

ကျုပ်ကို ချစ်တဲ့ အငယ်ကောင့်ကြောင့် သခင်မညီမ ပြေးပေါက် မှားရတဲ့ အဖြစ်လည်း ရှိသေးတယ်ဗျို့....။သခင်နဲ့ သခင်မ နှစ်ယောက်စလုံး အပြင်ထွက်တဲ့အချိန်ဆို အငယ်ကောင့်ကို ထိန်းရအောင်လို့ သခင်မက သူ့ညီမကို ခေါ်ထားတာလေ...။ သခင်မညီမကလည်း ပျင်းပျင်း အငယ်ကောင်ကလည်း ပေါက်ပေါက်ရှာရှာ လုပ်တတ် မေးတတ်တော့ သခင်မညီမက စိတ်မရှည်ပဲ အငယ်ကောင် ထမင်းစားပြီးတိုင်း ဘာမီတွန် ၂ လုံး တိုက်တယ်တဲ့....။ အငယ်ကောင့်ကိုလည်း ဒါကအားဆေး ထမင်းစားပြီတိုင်း သောက်ရမယ်ဆိုတော့ အငယ်ကောင်ကလည်း သောက်သတဲ့....။သောက်ပြီးမှတော့ အိပ်တော့တာပေါ့ဗျာ ကလေး ကို ဘာမီတွန် ၂ လုံးဆိုတော့....။ အငယ်ကောင်အိပ်မှာ သခင်မညီမက သူနေချင်သလိုနေလို့ရမှာကိုး.....။အငယ်ကောင်ကလည်း စပ်စပ်စုစု ကောင်ဆိုတော့ ဆေးနာမည် ဘာတုန်း မေးသတဲ့ သူ့အဒေါ်ကို....။ဟိုကလည်း အငယ်ကောင့်ကို လျှော့တွက်ပြီး အမှန်အတိုင်း ဘာမီတွန် လို့ပြောလိုက်တာပေါ့....။အငယ်ကောင်ကလည်း အိပ်ဆေးမှန်းမသိဘူးလေ.....။သူသောက်ရတဲ့ အားဆေးနာမည်က ဘာမီတွန် ဆိုပြီး အသေမှတ်ထားရောဆိုပါတော့ဗျာ.....။တစ်ခါတစ်လေများ ထမင်းစားပြီးလို့ သူ့အဒေါ်က တိုက်ဖို့မေ့နေရင်တောင် ဘာမီတွန် သောက်ရအုန်းမယ်လေ ဘာလို့မတိုက်တာလည်း လို့ သူ့အဒေါ်ကိုမေးသတဲ့ ဖြစ်ပုံများ....။

တစ်ရက် အိမ်မှာ သခင်နဲ့သခင်မရှိတုန်း ထမင်းစာကာနီး မှာ အငယ်ကောင်က ကျုပ်ကို ကျွေးဖို့လုပ်ရင်း သခင်မကို အမေအမေ ကံကောင်းကို သားလို အားရှိအောင် သူစားပြီးရင် ဘာမီတွန်တိုက်ရအောင် နော်ဆိုပြီး ပြောရော ဆိုပါတော့ဗျာ......။သခင်မကလည်း ချက်ခြင်း သား ဘာမီတွန်ကို ဘယ်လို သိလည်း ဆိုတော့မှ အငယ်ကောင်က သူထမင်းစားပြီးတိုင်း အားရှိအောင် ဘာမီတွန် နှစ်လုံး တီတီ ကတိုက်တယ်လေလို့ ပြောသံဆုံးတာနဲ့ လက်ထဲက ပန်းကန်ပြားတွေပြစ်ချခဲ့ပြီး သခင်မက သူ့ညီမအခန်းကို ဒေါသတစ်ကြီးထွက်သွားတော့တာပဲ ဗျို့....။ သခင်မညီမကလည်း အခန်းထဲမှာ ရှူးတောင်ထွက်ကျတယ်တဲ့ဗျာ ကြောက်ပြီးတော့.....။ သခင်မကတော့ ငိုလည်း ငို ဒေါသတွေလည်း ထွက်ပေါ့လေ...။သခင်ကတော့ လူအေးဆိုတော့ ဘာမှမပြောပေမယ့် စိတ်တော့ တော်တော်မကောင်းဖြစ်ခဲ့ပုံပဲဗျာ ရက်တော်တော်ကြာ သခင်မျက်နှာမကောင်းခဲ့ဘူး.....။တစ်ခုတော့ ကောင်းသွားတယ်ဗျို့ သခင်မက သူ့ညီမကို ပြန်လွှတ်လိုက်ပြီး သူ့ အလုပ်တွေကို လည်း လျှော့ချလိုက်တယ်......။ကျုပ်အတွက်ကတော့ အစားပိုစားရတာပေါ့....။သခင်မက အိမ်မှာနေရင်း လာသမျှ လူကို တစ်ခုပြီးတစ်ခု လုပ်ကွှေးသလို သူ့သားသမီးသူငယ်ချင်းတွေကိုလည်း အိမ်မှာ ခေါ်ခေါ်ပြီး အမြဲတမ်းကျွေးနေတော့တာပဲ....။ကျုပ်လည်း အရင်ကထက် ပိုစားရတယ်ပေါ့ဗျာ......။ပိုလည်း စားဖြစ်တယ်ဗျို့....။ကျုပ်အလေးချိန်ကလည်း တစ်နေ့တစ်ခြားတိုးလာလိုက်တာ ကျုပ်ကိုတွေ့တဲ့လူတိုင်း မျက်လုံးပြူးရတဲ့အထိပဲ....။အရင်လိုသခင် သခင်မနဲ့ အငယ်ကောင်က ကံကောင်းရေလို့ ခေါ်ရင်တောင် မြန်မြန်ဆန်ဆန် မလာနိုင်တော့ဘူး......။

ကျုပ်အလေးချိန် မဟားဒရားကြီးတက်လာလို့ သခင်တို့က ဆရာဝန် ခေါ်ပြပေမယ့် မထူးပါဘူးဗျာ....။ကျုပ်က မဆင်ခြင်ခဲ့တာ ကိုး....။ဆရာဝန်ကတော့ အပါတ်တိုင်းကိုလာ၇တယ်ဗျို့....။ကျုပ်လည်း ကိုယ့်ကိုကိုယ်တောင် သိပ်မသယ်နိုင်တဲ့ အဖြစ် ဖြစ်သွားတယ်ဗျာ....။နောက်ဆုံး ဆရာဝန် စကားနဲ့ပဲ ကျုပ်ကို သခင်မက ရောင်းဖို့ဆုံးဖြတ်ခဲ့တာပေါ့....။ကျုပ်ကျေနပ်ပါတယ်...။ကျုပ်နေခဲ့ရတဲ့ သက်တမ်းတစ်လျှောက် ကောင်းကောင်းနေ ကောင်းကောင်းစားခဲ့ရပြီး ပြီဗျာ....။သေလည်းသေတော့မှာပဲ ....။ကျုပ် စိတ်မကောင်းတာက သခင့်အတွက်ပါ.....။ကျုပ်ကိုရောင်းမယ့်နေ့က အငယ်ကောင့်ကို တစ်ခြားကို ပို့ထားတယ်လေ....။သခင်မကလည်း သခင်မရှိတဲ့ အချိန် ကျုပ်ကိုလာခေါ်ပါလို့ သေချာမှာထားလျက်နဲ့ ကျုပ်ကို လာခေါ်တဲ့ကောင်တွေနောက်ကျနေတာနဲ့ သခင်ပြန်အလာနဲ့ တည့်တည့်တိုးတော့တာပေါ့ဗျာ.....။ကျုပ်ကို ခေါ်ပြီးထွက်အလာ သခင့်ဆိုင်ကယ်ဝင်လာတာမြင်တာနဲ့ သခင့်ကို ကျုပ် နောက်ဆုံး ကန်တော့ ဖို့ ပြားပြားဝပ်လိုက်တော့ သခင်က ဆိုင်ကယ်ကိုပြစ်ချပြီး သူ့သူငယ်ချင်းအိမ်ဖက်ကို ထွက်ပြေးသွားတယ်လေ....။ ကျုပ် မလိုက်ချင်လို့ ဦးချတာ မဟုတ်ပါဘူးဗျာ ကျုပ်ကျေးဇူးရှင်တွေကို နောက်ဆုံး အနေနဲ့ ကန်တော့တာပါ....။သခင်မကို ကျုပ်ကန်တော့ပြီးလို့ သခင်မက အိမ်လှေကားမှာ ထိုင်ငိုနေတယ်ဗျာ....။ မဖြစ်ကြပါနဲ့ ကျုပ် ကျေနပ်ပါတယ်ဆိုတာကို သခင်နဲ့သခင်မ နားလည်အောင် ကျုပ်ဘယ်လိုပြောရမှန်း မသိဘူးဗျာ....။ကျုပ် ကိုယ့်ခန်ဒါကိုယ်တောင် သိပ်မနိုင်ချင်တော့ပေမယ့် တည်တည်ငြိမ်ငြိမ်ဖြစ်အောင်ထိန်းပြီး ထွက်ခဲ့လိုက်တယ်.....။

နှုတ်ဆက်ခဲ့ပါတယ်အငယ်ကောင်ရေလို့လည်း ကျုပ်စိတ်နဲ့ပဲ အငယ်ကောင့်ကို နှုတ်ဆက်ခဲ့တယ်....။နောက်တစ်ပါတ်လောက်နေတော့ ကျုပ်ကိုရောင်းလို့ရတဲ့ ပိုက်ဆံနဲ့ ဆွမ်းကျွေးအလှူလုပ်ပြီး သခင်နဲ့သခင်မက ကျုပ်အတွက် အမျှအတန်းဝေတယ်လေ...။ သားကြီးကံကောင်း ရောက်ရာဘ၀က သာဓုခေါ်ပါဆိုတဲ့ သခင်နဲ့သခင်မ အမျှဝေသံအဆုံးမှာ ကျုပ် အားရပါးရ သာဓုခေါ်ခဲ့တာပေါ့ဗျာ....။ဒါကြောင့် ပြောတာပေါ့ ကျုပ်က နာမည်နဲ့လိုက်အောင် ကံကောင်းတဲ့ ကံကောင်းပါလို့....။ ဗျာ ... ကျုပ်လား အော် ကျုပ်က ကျုပ်ကို ကောင်လုံးကင်စားဖို့ဝယ်မယ့် လူတွေလက်ထဲကနေ သခင်နဲ့ သခင်မက သနားလို့ပြန်ဝယ်ပြီး မွေးခဲ့တဲ့ ၀က် လေဗျာ..။

Thursday, March 26, 2009

အဖေနဲ့အမေ ။၁၀။

အဖေနဲ့ အမေ လက်ထပ်ဖို့တိုင်ပင်ပြီး အမေက ဘဘကြီးကို အဖေနဲ့ လက်ထပ်ဖို့ကိတ်စ ပြောမယ်လို့ဆုံးဖြတ်ခဲ့တယ်....အဖေကတော့ အမေ့ကို မိသားဖသား ပီပီတောင်းရမ်း စကားမြန်းဖို့ မိဘတွေခေါ်ဖို့ရွာကိုပြန်လာခဲ့တယ်.....အမေ့ဘက်မှာတော့ ဘဘကြီးက အေး ငါ့သမီးလည်း အရွယ်ေ၇ာက်ပြီ ကောင်လေးက လည်း ရိုးရိုးသားသား ပညာတတ်ပဲ အဖေ သဘောမတူစရာမရှိပါဘူးပြောပေမယ့် မေမေကြီးကတော့ အင်တင်တင် သိပ်မကြိုက်ချင်ဘူး...ဒါပေမယ့် မကြုံစဖူး တင်းနေတဲ့အမေ့ကို လည်း ဘာမှတော့ မပြောခဲ့ဘူး.......

ရွာကိုပြန်သွားတဲ့ အဖေကတော့ အဆင်မပြေခဲ့ဘူး.......အဖေရွာကိုရောက်တော့ မေကြီး နဲ့ ဘဘ က ခဏအလည်ပြန်လာတာလို့ပဲထင်ခဲ့တယ်....ဒါပေမယ့် အဖေက အဖေနဲ့အမေ ကျွန်တော်လက်ထပ်ချင်တယ် မြို့ပေါ်က ဘယ်သူ့သမီး ပါ....အခု ကျွန်တော်တို့လက်ထပ်ဖို့ အဖေ နဲ့ အမေ လိုက်တောင်းပေးပါဆိုတော့ ဘဘ ကပါ လူလေး ရာ မင်းကွာ အဝေးကြီးက ယူမယ့်အစား ကိုယ့်ရွာက မင်း အမေပေးစားတဲ့ သူနဲ့ ယူပါ့လားကွာ အဖေတို့နဲ့ အနီးနားလည်းနေရတယ်လို့ပြောခဲ့တယ်......မေကြီးကတော့ ငါသဘောမတူဘူး ဒီမိန်းမကြီးကိုလည်း ငါသိတယ်....နောက် ငါ့သားက ပညာတတ် ဒီကောင်မက ပညာတတ်မဟုတ်ဘူး ပိုက်ဆံပဲရှိတာ ငါ့သားကို နှိပ်စက်မှာ သဘောမတူဘူးဆိုပြီး ငိုလို့နေတော့တယ်.......

အဖေကတော့ ယတိပြတ်ပဲ သား ရွာက ကောင်မလေးကို မယူနိုင်ဘူး မြစ်တာလည်းမရှိဘူး သားကောင်မလေးကိုပဲ ယူမယ် အဖေနဲ့အမေ လိုက်တောင်းပေးပါလို့ပဲ အဖေဇွတ်ပြောခဲ့တယ်......နောက်ဆုံး ဘဘနဲ့မေကြီးက အေး လူလေး သဘောပါလို့ ပြောခဲ့တယ်........ပေါက်တော့မယ့်ဗုံးလို အခြေအနေမျိုးရောက်နေတယ်ဆိုတာတော့ အဖေမသိခဲ့ဘူး........အဖေက ရွာကနေ မြို့ပေါ်ပြန်တက်လာပြီး အမေ့ကို အကျိုးအကြောင်းပြော ရွာက မေကြီးနဲ့ဘဘ နဲ့ ရွာလူကြီးတွေလိုက်လာမယ့် ရက်ကို စောင့်ခဲ့တယ်.......ရွာက လူကြီးတွေနဲ့ အတူ မေကြီးနဲ့ဘဘ ရောက်လာတဲ့နေ့က လူကြီးတွေနဲ့အတူ အဖေ အမေ့ဆီကို တောင်းရမ်းဖို့ ထွက်ခဲ့ကြတယ်......


မေမေကြီးကလည်း သဘောမတူချင်ပေမယ့် အိမ်မှာ အကောင်းဆုံးတော့ပြင်ဆင်ပေးခဲ့တယ်......အဖေတို့ အမေ့အိမ်ကိုရောက်တဲ့အချိန် အားလုံးက ဖော်ဖော်ရွေရွေ ကြိုဆိုခဲ့ကြတယ်.......တစ်ကယ်တော့ မေကြီးရဲ့ရင်ထဲမှာ ပိုက်ဆံ မရှိတဲ့ စိတ်နဲ့ သိမ်ငယ်စိတ်တွေ များပြီး မာန်တင်းထားရတယ်ဆိုတာ အဖေ မရိတ်မိခဲ့ဘူး.........အဖေဟာ ပိုက်ဆံမရှိလို့ မင်္ဂလာဆောင်ကိုလည်း သမီးဘက်ကပဲ စိုက်ပြီး ဆောင်ရမှာပဲ အဖေနဲ့အမေ လို့ပြောပြီး အေးပေါ့ သမီးရယ် ရိုးသားမှုက တန်ဖိုးပိုရှိပါတယ်လို့ ပြောခဲ့တဲ့ အမေတို့မိသားစု အသံတွေကိုလည်း မေကြီး မသိခဲ့ဘူး...........မင်္ဂလာစကားတွေ ကမ်းလှမ်းပြီး နေ့ကောင်းရက်သာ ရွေးတဲ့ ထိ ပြသနာမရှိသေးပေမယ့် မင်္ဂလာဆောင်ပေးရမှာလားလို့ စိုးရိမ်နေတဲ့ မေကြီးက စကားတစ်ခွန်းထပြောလိုက်တဲ့ အချိန်မှာ အမေတို့ရဲ့ သားရှင် သမီးရှင် စေ့စပ် ကမ်းလှမ်းပွဲက မရည်ရွယ်ပဲ ပျက်ခဲ့ရတယ်......ပိုက်ဆံ ရှိတဲ့မိဘ မာန်နဲ့ ပိုက်ဆံမရှိတဲ့မိဘ မာန်တွေကြားမှာ အဖေနဲ့အမေဟာ မြေဇာပင် ဖြစ်ခဲ့ရတယ်.......


အားလုံးအဆင်ပြေနေတဲ့အချိန်မှာ မေကြီးက ကျွန်မက သဘောတူတာမဟုတ်ဘူး ကျွန်မသားက ပညာတတ် ရှင်တို့သမီးက ဘာမှတတ်တာမဟုတ်ဘူး ကျွန်မတို့က မင်္ဂလာလည်း မဆောင်ပေးနိုင်ဘူး .....ကျွန်မသားက ပညာတတ်မိုလို့ ရှင်တို့ဘက်က မင်္ဂလာဆောင်ပေးရမယ်လို့ ပြောလိုက်တဲ့အချိန်မှာ အဖေ့ ခေါင်း ပုတ်လောက်ကြီးသွားသလို အမေကလည်း စိတ်သိပ်နာသွားခဲ့တယ်....မေမေကြီးကတော့ ချက်ခြင်းပဲ အခု အိမ်ပေါ်က ဆင်းသွား မင်းလည်း ဆင်းသွားဆိုပြီး အဖေတို့ကို နှင်ချခဲ့တယ်........မိဘကို မစော်ကားချင်တဲ့ အဖေကတော့ စိတ်မကောင်းချင်းကြီးစွာနဲ့ ဘယ်လိုမှဖြေရှင်းလို့ မရတော့တဲ့ ကိတ်စကို ခေါင်းငိုက်စိုက်ချပြီးပဲ ပြန်လာခဲ့ရတယ်.......

အဖေ့ကိုလည်း မေကြီးနဲ့ဘဘ တို့က ရွာကို အတင်းအကျပ် ပြန်ခေါ်ခဲ့ကြတယ်........ရွာမှာ အဖေ တစ်ပါတ်လောက် စိတ်တွေလေနေခဲ့တယ်.......သိပ်မကြာဘူး မေကြီးက အဖေ့ကို ရွာက ရပ်ဆွေရပ်မျိုး တစ်ယောက်နဲ့ ပေးစားဖို့ကြံတဲ့အချိန်မှာတော့ အဖေ အိမ်ကနေ မေကြီးတို့ကြည့်နေတဲ့ကြားက ဖိနပ်တောင်မပါ အမေ့ဆီကို ပြေးထွက်ခဲ့တယ်.......မြို့ပေါ်ရောက်တော့ ဖိနပ်မပါ ဘဲ ညှိုးနွမ်းနေပြီး ဆိုင်ရှေ့မှာ ခပ်ငိုင်ငိုင်လာရပ်နေတဲ့အဖေ့ကို အမေ က ဘယ်လိုဖြစ်လာတာလည်းဆိုပြီးထွက်ခေါ်ခဲ့တယ်........မေမေကြီးကလည်း ဘယ်လိုဖြစ်လာတာလည်း ကွယ် လာလာ ဆိုပြီး မေမေကြီးကိုယ်တိုင် အဖေ့ကို သနားပြီး အိမ်ထဲကို ခေါ်ခဲ့ကြတယ်.......အဖေကတော့ အိမ်ထဲရောက်ရောက်ချင်း မေမေကြီးဘဘကြီးနဲ့ အမေ့ကို ဖြစ်ခဲ့သမျှကိတ်စတွေ အတွက် တောင်းပန်ခဲ့တယ်.....မေမေကြီး ဘဘကြီးနဲ့ အမေက အဖေ့ကို ခွင့်လွှတ်ခဲ့ကြတယ်.....

ဘဘကြီးနဲ့မေမေကြီးက အဖေ့ကို အဲဒီညမှာတော့ အမေ့ မောင်တွေနဲ့ အတူ သိပ်ခဲ့တယ်....အမေ့မောင်တွေကလည်း အဖေ့အပေါ်မှာ ဒီနေ့ဒီချိန်ထိ ချစ်ကြောက်ရိုသေပြီး အဖေကလည်း အစ်ကိုကြီး တစ်ယောက်လို စောင့်ရှောက်ခဲ့တယ်.......ဘဘကြီးနဲ့ မေမေကြီးက ဒီလိုတော့ မဖြစ်ဘူး ဒို့ကတော့ သဘောတူတယ် သမီးကလည်း မင်းအပေါ်မြစ်တာရှိတယ် မင့်မိဘတွေကိုတော့ ပြောဖို့လိုလိမ့်မယ်....ဒို့ပဲ မင်္ဂလာဆောင်ပေးမှာပါ တစ်ရှက်က နေနှစ်ရှက်တော့ မဖြစ်ချင်ဘူးလို့ အဖေ့ကိုပြောတော့ မိဘအပေါ်မှာ မကောင်းမမြင်ပေမယ့် သိပ်ကိုကောင်းတဲ့ ယောက်ခမ နဲ့ အမျိုးသမီးပါလားလို့ အဖေ တွေးခဲ့တယ်.....

နောက်တစ်ပါတ်လောက်နေအပြီး အဖေရွာကို ပြန်ခဲ့တယ်.....ရွာရောက်တော့ အဖေ့ကို မေကြီးက စကားမပြောခဲ့ဘူး.......အဖေက တော့ အမေနဲ့အဖေ သားလက်ထပ်မယ် အမေနဲ့အဖေ အကုန်ကျခံစရာမလိုပါဘူး သားတို့ အခြေအနေကိုလည်း တစ်ဖက်က သိပါတယ်...အဖေနဲ့အမေ မိဘနေရာလေးကနေတော့ နေပေးပါ မင်္ဂလာဆောင်လေးတော့ လာပေးပါလို့ အဖေပြောရတယ်......မေကြီးကတော့ အဖေ့ကို စကားတစ်လုံးမှမပြောတော့ဘူး.....မျက်စိမျက်နှာမကောင်းတဲ့ ဘဘကတော့ အေးပေါ့ လူလေးရာ လာရမှာပေါ့ကွာ လို့ပဲ ပြောခဲ့တယ်......တစ်သက်လုံး မိဘ စိတ်ဆင်းရဲအောင်မလုပ်ခဲ့တဲ့ အဖေ စိတ်မကောင်းပေမယ့် အမေ့ကို ချစ်တဲ့စိတ်ကိုတော့ မလွန်ဆန်နိုင်ခဲ့ဘူး.......

သိပ်မကြာခင်မှာပဲ အဖေနဲ့အမေ မင်္ဂလာဆောင်ဖို့ ဘဘကြီးတို့က ကောင်းကောင်းမွန်မွန်လုပ်ပေးခဲ့တယ်.......အမေ မင်္ဂလာဆောင်မယ်ကြားတော့ အမေ့ကို ကြိုက်တဲ့ အရာရှိပေါက်စ တစ်ယောက်က အစိမ်းရောင် တွေကြည့်ပါတဲ့ လက်ဖွဲ့တွေ ပို့ခဲ့တယ်.....အဲဒီ အရာရှိပေါက်စက နောင်တစ်ချိန်မှာ အဖေတို့ရဲ့အထက်အရာရှိကြီးဖြစ်ခဲ့တာပေါ့.......အမေ့ကိုလည်းသိကြ မေမေကြီးတို့ မျက်နှာလည်းရှိတော့ အဖေနဲ့အမေရဲ့ မင်္ဂလာဆောင်က တော်တော်လေးကို စည်စည်ကားကားဖြစ်ခဲ့ပေမယ့် ပွဲပြီးကာနီးမှာမှ ရုပ်ဆိုးကျည်းတန်စရာဖြစ်ခဲ့တယ်......ပွဲပြီးကာနီးမှာ သားကိုချစ်တဲ့ဇော အမေ့ကို မြင်မြင်ချင်း မကြည်တဲ့ စိတ်တွေနဲ့ အောင့်အီးထားရတဲ့ မေကြီးက မအောင့်နိုင်မအီးနိုင်တော့ပဲ အော်ဟစ်ငိုယိုပြီး ငါ့သားကိုလုတဲ့ကောင်မ ငါ့သားပညာတတ်လေးကို ငါ့လက်ထဲကလုတယ် နင်ပြုစားထားတာ တစ်သက်လုံးမိဘစကားနားထောင်တဲ့ သားက အခုတော့ နင့်ကြောင့် ငါတို့ကို စုံကန်ခဲ့ပြီဆိုပြီး မင်္ဂလာဆောင်အတွင်းမှာတင် ထလုပ်တော့တာပါဘဲ.......

သာယာပျော်ရွှင်တဲ့ မင်္ဂလာဆောင်က ချက်ခြင်းပဲ အကျည်းတန်သွားတော့တယ်......မေမေကြီးကတော့ ချက်ခြင်းပဲ မင်္ဂလာပွဲကို အခုရပ်စမ်း ဆိုပြီး ခိုင်းခဲ့တယ်.......အဖေကတော့ ထိုင်ခုံတစ်ခုမှာထိုင်ပြီး ခေါင်းငိုက်စိုက်ချလို့ပဲ ထိုင်နေခဲ့တယ်....အရှက်ခွဲခံရတယ်ဆိုပြီး ခံစားလိုက်ရတဲ့အမေက လက်ဖွဲ့တွေ အကုန် ချက်ခြင်းမီးပုံရှို့ခဲ့ပြီး အဖေ့ကိုလည်း ကျွန်မ တစ်ခုလပ်ဖြစ်လည်း ဂရုမစိုက်ဘူး ဒီလောက်စော်ကားတာ မခံနိုင်ဘူး ရှင်နဲ့ ကျွန်မ ပြတ်ပြီ နောက်လည်း မလာနဲ့ ဘယ်သူ့မှလည်းဂရုမစိုက်ဘူးဆိုပြီး အဖေ့ကိုပါ နှင်ထုတ်ခဲ့တယ်......အဖေကတော့ မေကြီးတို့နဲ့ ရွာကိုလည်းပြန်မလိုက် ဘာစကားမှလည်းမပြောတော့သလို ခေါင်းငိုက်စိုက်ချလို့ ထွက်လာခဲ့ရတာပေါ့........

တစ်လလောက်အကြာမှာ အဖေ ဘဘကြီးကနေတစ်ဆင့် အမေ့ဆီကိုပြန်ဝင်ခဲ့တယ်.....ဘဘကြီးက အမေ့ကို အဓိကဖြောင်းဖျခဲ့တယ်......အမေကလည်း အရှက်ခွဲခံရလို့သာ စိတ်နာတယ် အဖေ့အပေါ်မှာတော့ ချစ်တဲ့စိတ်ရှိခဲ့တယ်.......ဒီလိုနဲ့လက်ထပ်ပြီး ၂ လကျော်အကြာမှာမှ အဖေအမေနဲ အကြင်လင်မယားဖြစ်ခဲ့ရတယ်........မေမေကြီးက အဖေ့ကို စာမပြနဲ့တော့ ဆိုင်မှာ လူလိုတယ် ဆိုင်မှာပဲ ၀ိုင်းလုပ်ဝိုင်းစား နေဆိုပြီးခိုင်းလို့ အဖေ အမေနဲ့အတူ မေမေကြီးတို့အိမ်မှာနေခဲ့တယ်......အဖေဟာ ပိုက်ဆံကြောင့် အမေ့ကို ယူခဲ့တာမဟုတ်ဘူးဆိုတာ ကို ကျွန်တော် အကြွင်းမဲ့ယုံတဲ့အဖြစ်တွေ နောက်ပိုင်းမှာ ဖြစ်လာခဲ့တယ်.....မေမေကြီးတို့ အိမ်မှာ အဖေ တောက်တိုမယ်ရ အကုန်လုပ်ခဲ့တယ်.......မေမေကြီး စိတ်မထင်ရင်မထင်သလို ဆူငေါက် တာကိုလည်း အဖေ တစ်ခွန်းမှ ခွန်းတုန့်မပြန်ခဲ့သလို အမေ့အပေါ်မှာလည်း အရာအရာ အလျော့ပေးပြီး အဖေ နေခဲ့တယ်......

ကြာလာတော့ အဖေ့ကိုကြည့်ပြီး မေမေကြီး အဖေ့ကို ပြောနေဆိုနေတာတွေကြည့်ပြီး အမေ့ရင်ထဲမှာ အဖေ့အတွက် တော်တော်ခံစားရပေမယ့် ပြောခွင့်မသာခဲ့ဘူး.....တစ်ရက် မုန့်ဖိုမှာ မီးထိုးပေးနေတဲ့အဖေ့ကို ဒါလေးတောင် သုံးမကျဘူး လုပ်နေကိုင်နေတာ သွားစမ်း ငါမမြင်ချင်ဘူး လို့မေမေကြီးကပြောတော့ အဖေ ကုတ်ကုတ် ကုတ်ကုတ် နဲ့ အိမ်နောက်ဖေးမှာ သွားထိုင်နေတာကို မြင်တော့ အမေ တော်တော်စိတ်မကောင်းဖြစ်ပြီး အဖေ့နောက်လိုက်ခဲ့တယ်......အဖေ့ကို အမေက စိတ်မကောင်းဘူး ဆိုတော့ အဖေက အော် လူကြီးပဲ ရပါတယ် သည်းခံနိုင်တယ် စိတ်မကောင်းမဖြစ်နဲ့ ဆိုပြီး အမေ့ကို ပြန်နှစ်သိမ့်ပေးခဲ့တယ်......အမေကတော့ အဲဒီနေ့က ပဲ ဆုံးဖြတ်လိုက်တယ် အဖေ့ကို ဒီဘ၀ထဲမှာ နှစ်မထားတော့ဘူးဆိုတာကို.......

အဖေနဲ့အမေ ။၉။

အဖေထွက်သွားပြီး တစ်ပါတ်ကျော်လောက်ကြာတော့ အမေ့ဆီကို အဖေ့စာရောက်လာခဲ့တယ်....ရည်းစားဖြစ်ပြီးမှ ပထမဆုံးလာတဲ့ စာမိုလို့ ရင်ခုန်ခဲ့တဲ့ အမေ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ခဲ့ဘူး........အဖေ့စာကို ဖတ်ပြီး အမေ စိတ်လည်းတော်တော်ဆိုးခဲ့တယ်.......အမေ့ မြစ်တာကို စော်ကားတယ်လို့ တစ်ခါ အမေက ပြန်ခံစားခဲ့ရတယ်.......စိတ်ဆတ်တဲ့အမေက သမီးရည်စား နောင် လင်မယားဖြစ်မယ့်လူအချင်းချင်း
အဲလောက်လေးမှ နားမလည်ဘူးဆို အမေကလည်း စိတ်မ၀င်စားတော့ဘူး ဆိုပြီး စာပြန်ပို့ခဲ့တယ်.....အမေ့စာ ရမှ အဖေ တစ်ကယ် ပြာယာခတ်ရတော့တယ်........အမေ့ဆီကိုလည်း စာပြန်ရေးရတဲ့အပြင် အဖေ့အစ်ကိုဆီကိုလည်း စာလှမ်းရေး အကူညီတောင်းခဲ့ရတယ်.........

အမေ့စိတ်ထဲမှာတော့ တော်တော်စိတ်နုတဲ့လူလို့ သတ်မှတ်ခဲ့မိတယ်......တစ်ဖက်ကလည်း အမေ့ကို ကြိုက်တဲ့ အရာရှိပေါက်စ နှစ်ယောက်ရှိနေတော့ တော့်လို ကျောင်းသားကို ကျုပ်က ချစ်တာပဲ ကျေးဇူးတင်အုန်းလို့ အမေ့ရင်ထဲမှာ အပျိုတစ်ယောက်ရဲ့ အတ်တ ၀င်ခဲ့တယ်......တစ်မှိုင်မှိုင် တစ်တွေတွေမဖြစ်ပေမယ့် စိတ်ညစ်နေတဲ့အဖေ့ကို သူငယ်ချင်းတွေကပါ မင်းက လျှာရှည်တာကိုး ယူထားလိုက်ပြီးတာပဲ နောက်လည်း မင်းယူမှာပဲ ကိုယ့်ရည်းစားပေးတာ ရှက်စရာမဟုတ်ပါဘူးကွာ ရယ်လို့ ဖြေသိမ့်ပေးခဲ့ကြတယ်......အဖေကတော့ အမေပေးလိုက်တဲ့အထုတ်ကို အထုတ်လိုက် သူ့အခန်းထဲမှာ ချထားဆဲ.........

တစ်လကျော်ကြာ စာပို့စာယူ ၅ ခေါက်လောက်လုပ်အပြီး မှာမှ အမေ့ ဆီက စိတ်ပြေပါတယ် ဆိုတဲ့ စာ အဖေရခဲ့တယ်.........အမေနဲ့ အဖေ ပြန်ပြေလည်တဲ့နေ့ကစလို့ အမေက တစ်လ တစ်ခါ အဖေ့ဆီကို စားစရာအပြင် ကျောင်းလခ ပါ ပို့ပေးတဲ့အတွက် အဖေ အရင်ထက် စာရင်တော့ ပိုအဆင်ပြေခဲ့တယ်........နောက်ပိုင်းမှာ အမေပိုက်ဆံပို့နေတာကို ဦးလေးက သိသွားပေမယ့် အဖေ့ကိုတော့ အထောက်ပံ့ မပျက်ခဲ့ဘူး........သူများကို လုပ်ပေးရတာကို ၀ါသနာ ပါတဲ့အမေနဲ့ရည်းစားဖြစ်တဲ့အဖေ့အတွက်တော့ နောင်အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်လာမယ့် ရည်းစားတစ်ယောက်ကိုရခဲ့တာပေါ့.......

အရင်ကထက် အနည်းအကျဉ်းပိုက်ဆံပိုလာပေမယ့် အဖေက အသုံးအစွဲကို ယခင် အတိုင်းပဲ ချွေတာ သုံးစွဲခဲ့ပြီး ပုံမှန်နေခဲ့တယ်......အမေ့ဆီက ပိုက်ဆံပို့ပြီးနောက်မှာမှ သူငယ်ချင်းတွေက မင်းမှာပိုက်ဆံရှိပြီပဲ မင်းဟာမင်းသောက် လာပါ လိုက်ခဲ့ပါ လက်ဖက်ရည်ဆိုင်ကိုဆိုလို့ အဖေ ပထမဦးဆုံးအကြိမ်လက်ဖက်ရည်ဆိုင်ထိုင်ဖူးခဲ့တယ်........လက်ဖက်ရည်ဆိုင်ရောက်တော့လည်း အဖေ့အတွက် ဘာမှမထူးရှားခဲ့ပါဘူး.......လူတွေရှုပ်ရှုပ် စကားတွေ အုပ်ကြွက်အုပ်ကြွက် ပြောနေကြတဲ့ လက်ဖက်ရည်ဆိုင်ကိုလည်း အဖေမကြိုက်ခဲ့ဘူး.....လက်ဖက်ရည်သောက်ပြီး အဆောင်ပြန်တော့မယ်ဆိုတဲ့အဖေ့ကို သူငယ်ချင်းတွေက လက်ဖက်ရည်ဆိုင်ဆိုတာ ဇိမ်နဲ့သောက်ပြီး အေးအေးဆေးဆေးထိုင်ရတယ် ဆိုပြီးဆွဲခဲ့လို့ အဖေ ဆက်ထိုင်ခဲ့ရတယ်.....

နောက်ပိုင်းတော့ ရံဖန်ရံခါ မှလွဲပြီး အဖေ လက်ဖက်ရည်ဆိုင် မထိုင်ဖြစ်ခဲ့ဘူး........အဖေ့ရင်ထဲမှာ အမေ့ပိုက်ဆံဆိုတာလည်း စွဲနေခဲ့တယ်.....လက်ဖက်ရည်သောက်ဖို့ အဖေ စိတ်မရဲခဲ့သလို ဒီလို လတ်လျား လတ်လျား လုပ်နေတဲ့လူတွေလို ငါ့ဘ၀က အဆင်မပြေဘူး ဆိုတဲ့စိတ်နဲ့ အဖေ မထိုင်ဖြစ်ခဲ့ဘူး.....လက်ဖက်ရည်ဆိုင် ထိုင်မယ့်အချိန်ကို ငါစာလုပ်မှဖြစ်မယ်လို့ပဲ အဖေ တွေးခဲ့တယ်........အဖေ့တက်ကသိုလ်ကျောင်းသားဘ၀မှာ အဖေဟာ လက်ဖက်ရည်ဆိုင်ကို စုစုပေါင်း ငါးကြိမ်ပဲ ထိုင်ဖူးခဲ့တယ်.......

ဒီလိုနဲ့ နှစ်ဝက်လောက်မှာ အဖေ့ဆီကို အလည်လာမယ်ဆိုတဲ့ အမေ့ဆီက စာအဖေရခဲ့တယ်......ခဲအို မန်းဒလေးကိုအလာမှာ အမေက အဖေ့ဆီကို အလည်လိုက်ခဲ့တာပါ....အဖေကတော့ လာမယ်မထင်ထားပဲ အမေလိုက်လာမယ်ဆိုတော့ တော်တော်ပျော်မိခဲ့တယ်........အဖေ့သူငယ်ချင်းတွေကို ပြောပြတော့ အဖေ့သူငယ်ချင်းတွေက မင်း အ၀တ်အစားကောင်းကောင်းလိုမှာပေါ့ကွ ကောင်မလေးနဲ့လျှောက်လည်ရင် ငါတို့ အ၀တ်တွေ ယူဝတ်ကွာဆိုပေမယ့် အဖေ ညင်းခဲ့တယ်.......အမေ ၀ယ်ပေးလိုက်တဲ့ ပုဆိုးနဲ့ အင်္ကျတော့ ၀တ်မှလို့ အဖေ တွေးခဲ့တယ်........

အဖေနဲ့ ပါတ်သက်လို့ သမီးရည်းစားလို ဖိန်းတိန်းရှိန်းတိန်းဖြစ်တဲ့ အရသာကို မန်းဒလေးကိုအရောက် အဖေ့အဆောင်ကို သွားတဲ့နေ့မှ အမေခံစားခဲ့ရတယ်.......အမေလာတာကိုသိတဲ့ အဖေ့သူငယ်ချင်းတွေက အဖေ့နာမည်အော်ပြီး စကြနောက်ကြတဲ့အခါ ကြည်နူးမှုနဲ့အတူ အပျိုတစ်ယောက်ရဲ့ ရှိန်းတိန်းတိန်း အရသာကို အမေခံစားခဲ့ရတယ်......(စစချင်းမှာ ဘေးပါတ်ဝန်းကျင်ရဲ့ စေ့ဆော်မှုကလည်း အဖေ့အပေါ်ကို အမေ အချစ်တိုးစေခဲ့တယ်လို့ ကျွန်တော်ယူဆမိခဲ့တယ်)......အဆောင်ကသူငယ်ချင်းတွေ အသံသေးအသံကြောင်နောက်ပြောင်နေတဲ့ကြားက အမေ့လက်ကိုဆွဲ ထွက်ခဲ့တဲ့ ငယ်စဉ်ထဲက မသိစိတ်မှာ အားငယ်ခဲ့တဲ့ အဖေ့ရင်ထဲမှာလည်း ထူးဆန်းတဲ့အင်အားတွေရှိနေခဲ့ပြီး လောကကြီးကို ပိုလို့ ထိပ်တိုက်ရင်ဆိုင်ရဲတဲ့ သတ်တိတွေ ၀င်ခဲ့တယ်......အဖေနဲ့ အမေဟာသူတို့နေခဲ့တဲ့တစ်လျှောက် ဆန့်ကျင်ဘက်လိင်နဲ့ပါတ်သက်လို့ မရခဲ့ဘူးတဲ့ ခံစားမှုကို စတင်ခံစားခဲ့ရတယ်.......

အမေကတော့ ကျွန်တော် ဂ တန်း ၉ တန်း အရွယ်လောက်ထိ ကျွန်တော်မေးလို့ ပြန်ပြောတိုင်း အဖေ့ဆီကို အမေသွားလည်တဲ့ အချိန် ကိုပြန်ပြောတဲ့ အခါတိုင်း သူ့မျက်နှာမှာ ကျေနပ်တဲ့ အရိပ်အရောင် ကြည်နူးတဲ့ အရိပ်ရောင် ကျွန်တော် အမြဲတမ်း တွေ့ရတယ်.....ကျွန်တော် သိသလောက် အမေ့ဘ၀မှာ အဖြစ်ချင်ဆုံး ၂ ခု ရှိခဲ့တယ်.....တစ်ခုကတော့ ပညာတတ်ဘ၀နဲ့ တက်ကသိုလ်တွေမှာ ပညာသင်ပြီး အရာရှိမကြီး အနေနဲ့ ရပ်တည်ချင်ခဲ့တာဖြစ်ပြီး နောက်တစ်ခုကိုတော့ ကျွန်တော် စဉ်းစားမိတိုင်း အမေ့ကို သိပ်သနားတယ်.......အမေဖြစ်ချင်တဲ့ နောက်တစ်ခုက ပင်လယ်ကမ်းစပ်က ကျောက်ဆောင် မှာ ထိုင်နေပြီး သူ့လည်ပင်းမှာ ပ၀ါစည်းထားမယ် အဲဒီ ပ၀ါ တစ်လွင့်လွင့်ဖြစ်နေတဲ့အချိန်မှာ ဓာတ်ပုံ ရိုက်ထားတာကို သူလိုချင်တာပါဘဲ.........

(တွေးကြည့်ရင် ရီချင်စရာဖြစ်ပေမယ့် သားသမီး ယောင်္ကျားနဲ့ ဆွေမျိုးတွေအတွက် သူ့ဘ၀ကို နှစ်ပြစ်လိုက်တဲ့ အမေ့အတွက် ကျွန်တော် သနားမိတယ်........သားသမီးတွေကိုသာ သွားချင်ရာသွား ပိုက်ဆံထုတ်ပေးခဲ့ပေမယ့် သူကတော့ အိမ်ထဲက အိမ်ပြင် အဖေ့ ထမင်းတစ်နပ်က အစ ပူပန်ပြီး အမေဘယ်ကိုမှမရောက်ခဲ့ဘူး......ကျွန်တော်ရန်ကုန်မှာ ကျင်လည်နေတဲ့တစ်ချိန်က အလည်ရောက်လာတဲ့အမေ့ကို အမေ သားပင်လယ်ကို လိုက်ပို့ပေးမယ်လေဆိုတော့ အမေအသက်လည်းကြီးပါပြီသားရယ် ငါ့သားတို့ လူလားမြောက်တာကို ပဲ အမေကျေနပ်ပါတယ် ဘာမှမဖြစ်ချင် ဘယ်မှလည်း မသွားချင်ပါဘူး ဆိုပြီး အမေ ကျွန်တော့်အသည်းကို ခွဲခဲ့တယ်.....)

အမေဟာ သူမဖြစ်ခဲ့ရတဲ့ ဘ၀တစ်ခုကို အတုအယောင် တစ်ခုအနေနဲ့ တစ်ခဏ ကြုံကြိုက်လိုက်ရတာလေးကိုပဲ ကျေနပ်နေခဲ့တယ်........တစ်ပါတ်လောက် ကြာအပြီး အမေ့ ခဲအို ကိတ်စတွေလည်း ပြီးတာနဲ့ အမေတို့ နယ်ကိုပြန်ခဲ့တယ်.......အဖေကျောင်းမပြီးခင် အချိန်ထိ အဖေနဲ့အမေ ဘ၀မှာ ထူးထူးခြားခြား အပြောင်းအလဲရယ် မရှိခဲ့ဘူး.........အဖေ့ဆီက စာပုံမှန်လာသလို အမေ့ဆီက တစ်လတစ်ခါ အဖေ့အတွက် စားစရာသောက်စရာနဲ့ ငွေ လည်း အဖေ့ဆီကို ရောက်ခဲ့တယ်.........အမေက အိမ်က ဖုတ်တဲ့ ကိတ်မုန့်နဲ့ တစ်ခြားမုန့်တွေပါထည့်ပေးခဲ့လို့ အဖေ့ဘ၀မှာလည်း တက်ကသိုလ်နောက်ဆုံးနှစ်ရောက်မှ ကိတ်မုန့်ဆိုတာ စားဖူးခဲ့တယ်.....

အမေတို့ အိမ်မှာလည်း ဘဘကြီး ထူထူထောင်ထောင်ပြန်ဖြစ်လာလို့ အမေလည်း အရင်ကလောက် မပင်ပန်းခဲ့ ပေမယ့် မေမေကြီး အတွက်နဲ့ကတော့ စိတ်ညစ်စရာဖြစ်ခဲ့ရတယ်......ဇာတ်ဇာတ်ကျဲ မေမေကြီးကို ခပ်အေးအေး ဘဘကြီးလည်း ပြောလို့မနိုင်ခဲ့ဘူး........အမေကတော့ မောင် ညီမ တွေ ကြောင့်သာ နေနေရတယ် အဖေလည်း ရှိနေပြီဖြစ်လို့ ခပ်ဝေးဝေးကိုသာ ပြေးထွက်ချင်တဲ့ စိတ်တွေဖြစ်နေခဲ့တယ်.....အဓိက ကတော့ ထင်ရာစိုင်းနေတဲ့ မေမေကြီးကြောင့်ပေါ့.........မေမေကြီးကလည်း သူ့ကို ကျအောင် ပြောနိုင်တဲ့သူကို လိုချင်တာပေးလေ့ရှိပြီး စေတနာရှိတယ် ဒါပေမယ့် ကျအောင် မပြောနိုင်တဲ့လူဆို ခါးခါးသီးဖြစ်တတ်တဲ့ စိတ်ရှိတော့ အမေ နေရထိုင်ရ တော်တော် ဆိုးမှာပဲလို့ ကျွန်တော် တွေးမိတယ်.......

နှစ်ဝက်ကျော်ကျော်လောက်မှာပဲ အဖေလည်း မန်းဒလေးမှာ ကျောင်းပြီးခဲ့လို့ ရွာကိုပြန်လာရတယ်........ရွာကို ဘွဲ့တစ်ခုပိုက်ပြီး ပြန်လာတဲ့ အဖေကတော့ ရှေ့ ဘယ်လိုဆက်လျှောက်ရမယ်ဆိုတာ မခန့်မှန်းနိုင်ခဲ့ဘူး..........မေကြီးကတော့ ထုံးစံအတိုင်းပဲ ရွာမှာ ကျောင်းဆရာလေးပဲလုပ်ပါ လူလေးရယ် အမေတို့နဲ့လည်း မခွဲရဘူး ဆိုပြီး နားချခဲ့တယ်.....အဖေကတော့ ကြိုးစားပြီး ကျားကုတ်ကျားခဲ သင်လာရတဲ့ ပညာနဲ့ အလုပ်လုပ်ချင်ခဲ့တယ်.......ဒီတစ်ခါတော့ ဘဘကိုယ်တိုင်ပါ ရွာမှာ ကျောင်းဆရာလုပ်ဖို့ အဖေ့ကို တိုက်တွန်းခဲ့တယ်.........

ခပ်အေးအေး အဖေကတော့ စဉ်းစားအုန်းမယ် ဆိုပြီး ရွာရောက်ပြီး တစ်ရက်နှစ်ရက်နေတော့ အမေ့ဆီထွက်လာခဲ့တယ်........ကျောင်းပြီးလာပြီ ဖြစ်ပေမယ့် အဖေနဲ့အမေမှာ ရှေ့ရေးအတွက် ဘယ်လို ခရီးဆက်ကြမယ်ဆိုတဲ့ အတွေး မရှိခဲ့ကြဘူး.......အဖေ အမေ့ဆီကို ရောက်လာတော့ အမေက ဘဘကြီးနဲ့မေမေကြီး နဲ့ အဖေ့ကို မိတ်ဆက်ပေးခဲ့တယ်.....ခပ်အေးအေး ဘဘကြီးကတော့ ပညာလည်းတတ် အေးလည်းအေးတဲ့ အဖေ့ကို သဘောကျပေမယ့် မေမေကြီးကတော့ အင်္ကျအနွမ်း ပုဆိုးအနွမ်း နဲ့ နွမ်းဖတ်နေတဲ့ အဖေ့ကို သိပ်သဘောမတွေ့ခဲ့ဘူး.........တစ်ခွန်းမှပြန်မပြောခဲ့တဲ့မေမေကြီးကို အဖေနဲ့ပါတ်သက်ရင်တော့ မရဘူးနော် ဆိုတဲ့ပုံနဲ့ အမေ နေတော့ အမေ့စိတ်ကိုလည်း သိတဲ့ မေမေကြီး ဘာမှတော့ မပြောခဲ့ဘူး.......

အမေ့သတ်တိ အမေ့ခွန်အားကိုမြင်ပြီး ရှေ့ရေးအတွက် အတွေးပေါင်းစုံနဲ့ အဖေ ရွာပြန်ခဲ့တယ်......ရွာမှာ တစ်ပါတ် နှစ်ပါတ်လောက်နေအပြီးမှာတော့ အမေရှိတဲ့ မြို့မှာ ကျူရှင် ပြမယ် ဆိုပြီး မေကြီးနဲ့ဘဘကို အဖေခွင့်တောင်းခဲ့တယ်........မေကြီးက ခွင့်မပြုချင်ပေမယ့် စိတ်ထက်သန် နေတဲ့ အဖေ့ကို ဘဘက ခွင့်ပြုခဲ့တယ်.......ဒီလိုနဲ့ အဖေ အမေနေတဲ့မြို့မှာ ဆယ်တန်း အင်္ဂလိပ် ကျူရှင်သင်တန်းဆိုပြီး ကျောင်းသား ၁၀ ယောက်လောက်ကို စာပြတဲ့ အလုပ်ကို စလုပ်ခဲ့တယ်.......အဖေ စာသင်ဖို့အခန်းလေးကို အမေပဲငှားပေးခဲ့ပြီး အဖေနေဖို့အတွက်ပါ အမေစီစဉ်ပေးခဲ့တယ်........အဖေ့ အင်္ဂလိပ်စာသင်တန်းဖွင့်ပြီး တစ်နှစ်နီးပါး အဖေ အဆင်ပြေနေခဲ့တယ်.....အိမ်ထောင်တစ်ခုကြီး အလုံးစုံ မတည်ထောင်နိုင်သေးပေမယ့် အမေ့ကို ကျွေးဖို့ကတော့ လုံလောက်ပါတယ်ဆိုတဲ့ စိတ်နဲ့ အမေနဲ့လက်ထပ်ဖို့ အဖေ တိုင်ပင်ခဲ့တယ်........

အဖေနဲ့အမေ ။၈။

အမေခရီးကနေ အိမ်ပြန်ရောက်တော့ မေမေကြီးက သူ့ဆုံးဖြတ်ချက်တစ်ခုကိုပြောခဲ့တယ်......အမေ အံ့သြပြီး မလုပ်စေချင်ပေမယ့် မေမေကြီးကတော့ သူလုပ်ချင်တာကို ဇွတ်လုပ်ခဲ့တယ်.......နတ်တွေက ၀က်သားမကြိုက်ဘူး စားသောက်ဆိုင်က ၀က်သားအဓိကထားရတာ စားသောက်ဆိုင်ကို ဖြုတ်မယ်လို့ မေမေကြီးက ဆုံးဖြတ်ခဲ့တယ်.......ခေါက်ဆွဲကြော်စားရင်တောင် ၀က်ဆီနဲ့မှ ကောင်းတယ်လို့ ယူဆတဲ့ စားသုံးသူတွေရှိတဲ့နေရာမှာ ကြက်သား သို့ တစ်ခြားအသားနဲ့ရောင်းလည်း ရောင်းကောင်းမယ့်ပုံမပေါ်ခဲ့ပါဘူး........အမေကတော့ စိတ်ပျက်ယုံမှတစ်ပါး ဘာမှမလုပ်နိုင် မပြောနိုင်ခဲ့ဘူး........ဦးဆောင်လုပ်နေရပေမယ့် မေမေကြီးအပေါ် အမေ့စကားကလည်း မအောင်မြင်ခဲ့ပါဘူး..........

မေမေကြီး သမီး အကြီး ယောင်္ကျားရပြီး အိမ်ပြန်လာပေမယ့် ကူဖော်လောင်ဖက်လည်း မရခဲ့သလို သူတို့ကလည်း မေမေကြီးထားတဲ့အတိုင်း ခပ်အေးအေးပဲ နေသာသလိုနေခဲ့တယ်........ဘဘကြီး နည်းနည်းထူထူထောင်ထောင်ဖြစ်လာခဲ့လို့ အမေ မဆိုသလောက် သက်သာပေမယ့် မေမေကြီးကတော့ နတ်ရုပ်တွေ နတ်ကတော်တွေ နတ်ပွဲတွေနဲ့ပဲရုပ်ယှက်ခတ်နေခဲ့တယ်.......(မေမေကြီးက ယနေ့အချိန်ထိ ဒီနတ်တွေကို စွဲလမ်းနေတာ ယုံကြည်မှုကြောင့် မဟုတ်တော့ဘူး လူငယ်တွေ ဒစ်စကို သွားသလို မျိုး အလေလိုက်ချင်နေတာလို့ ကျွန်တော်ပြောတော့ ဘဘကြီးက ထောက်ခံခဲ့တယ် သူကိုယ်တိုင်လည်း မေမေကြီးနဲ့အတူ နောက်ပိုင်းမှာ ပူးပေါင်းခဲ့တယ် )

ဒီနှစ်အပိုင်းအခြားမှာ အမေ့ကို လာတောင်းတဲ့သူတွေလည်း တော်တော်များခဲ့တယ်.....တစ်ယောက်ကိုမှတော့ အမေ့ကို ဦးဆောင်မှုပေးနိုင်လိမ့်မယ် လို့ အမေမထင်ခဲ့ဘူး......အားလုံးကို အမေ အလိမ်မာ သုံးပြီးညင်းပယ်ခဲ့သလို ပွဲကြမ်းခဲ့ရတဲ့ အခေါက်တွေလည်း အမေ့မှာရှိခဲ့တယ်.......အမေ တို့မြို့မှာ ကျူရှင်ဆရာဘ၀နဲ့ ၀င်ငွေကောင်းနေတဲ့ ကျူရှင်ဆရာတစ်ယောက်က အမေ့ကို တင့်တောင်းတင့်တယ် လာတောင်းပေမယ့် အမေ ဆတ်ဆတ်ခါနာအောင် ဒေါသထွက်ခဲ့တယ်.....စိတ်လည်း တော်တော်တိုခဲ့တယ်......ကျူရှင်ဆရာက လူကောင်း လူတော်ပေမယ့် ကင်ဆာရောဂါကြောင့် သူ့အောက်နှုတ်ခမ်းက အောက်ကို ၁ လက်မလောက်ထူပြီးတွဲကျနေပြီး အဲဒီကတစ်ဆင့် သွားရည်တွေ ကျလာတာကို မကြာခဏသပ်သပ်တင်ရတယ်......မေမေကြီးဆိုင်မှာလာလာထိုင်ပြီး အမေ့ကို ချိတ်နေထဲက အမေ အင်မတန်ရွံခဲ့တယ်.......သွားရည်ကို လက်နဲ့သုတ်ပြီး ခါလိုက်တဲ့ သူ့ရဲ့အမူအရာက အမေ့ရင်ထဲမှာ ခါးခါးသီးသီး ရွံရှာမိခဲ့တယ်.......

အမေဟာ သူ့ဘ၀ အတွက် လက်တွဲရမယ့် လူရွေးရတော့မယ်လို့ လည်း ဆုံးဖြတ်ခဲ့တယ်.......ပညာမတတ် နယ်မြို့လေးမှာ ကြီးပျင်းခဲ့ရပေမယ့် အမေဟာ သူ့ဘ၀အတွက် လက်တွဲရမယ့်လူကိုရွေးချယ်ဖို့အတွက်ကိုတော့ မှန်ကန်တဲ့ အချက်တွေကို ထည့်သွင်းစဉ်းစားနိုင်ခဲ့တယ်.......တစ်ချို့ပညာတတ်ပေမယ့် မျက်နှာပိုးမသေတာမျိုး စတဲ့ သေးသေးလေးတွေကိုလည်း အမေ သဘောမကျခဲ့ဘူး..........ကမ်းလှမ်းလာသူတွေထဲက သေချာစစ်စစ်ပေါက်ပေါက် အမေ သဘောမကျတဲ့အချက်တွေနဲ့ စစ်ထုတ်လိုက်တော့ အဖေဟာ ကံကောင်းသူ ဖြစ်လာခဲ့တယ်.......တစ်ခုရှိတာက သူ့ဘ၀ လက်တွဲဖော် သူ့ကို ဦးဆောင်နိုင်မှုပေးနိုင်မယ့်လူလို့ အမေက အဖေ့ကို သတ်မှတ်ခဲ့ပေမယ့် အဖေကတော့ အမေဒီလို သတ်မှတ်ထားတာမသိသေးသလို အမေ့ဆီကို ဘယ်လို သဘောထားတယ်ဆိုတာ စာတွေရေးကောင်းနေခဲ့သလို သူ့ရဲ့အစ်ကို အဲဒီကတစ်ဆင့် အမေ့အစ်မ သူကမှ အမေ့ဆီကို စကားတွေပါးနေခဲ့တယ်........

အမေ ဟာ အဖေ့ကို နှလုံးသားနဲ့ ရွေးခဲ့တာမဟုတ်ဘူး ဦးဏှောက်နဲ့ ရွေးခဲ့တယ်လို့ ဆိုရပေမယ့် အဖေနဲ့အတူ သွားခဲ့ရတဲ့ ပုဂံခရီးမှာ အဖေ့ရဲ့ အနေအထိုင်အပြောအဆိုနဲ့ အဖေအမေ့အပေါ်မှာထားတဲ့ စိတ်ကို တော့ မှတ်မှတ်ထင်ထင်ရှိခဲ့တယ်.......ရိုးသားတဲ့ အဖေ့မြစ်တာစာရေးဟန်နဲ့ လက်ရေးလက်သားကလည်း အမေ့ကိုဆွဲဆောင်တဲ့အရာတွေ ဖြစ်ခဲ့တာပေါ့......အဖေနဲ့ပါတ်သက်လို့ စိတ်ကူးယဉ်တဲ့အချိန် ယဉ်နေရပေမယ့် အေးအေးဆေးဆေး စိတ်ကူးယဉ်နေရတဲ့ဘ၀တော့ မဟုတ်ခဲ့ဘူး.......ပွဲတွေ လမ်းတွေ နဲ့ အိမ်ပေါ်မှာ စတည်းချနေတဲ့ မေမေကြီး ဆွေမျိုးသားချင်းတွေ ရပ်ဆွေရပ်မျိုးတွေရဲ့ ဒဏ်တွေက မသေးခဲ့ဘူး.......စားတာသောက်တာတင်မက ငွေကြေးတွေပါ အင်နဲ့အားနဲ့ပါလာတဲ့အခါ မေမေကြီးနဲ့ အမေ မတက်စဖူး ပြသနာ တက်ဖို့တွေဖြစ်လာခဲ့တယ်.....တစ်သက်လုံး အင်နဲအားနဲ့ အရွယ်နဲ့မမျှအောင် အမေလုပ်ခဲ့ပြီး ဘာမှပြန်မပြောခဲ့ပေမယ့် မောင်ညီမလေးတွေ မျက်နှာကြည့်ပြီး မေမေကြီးကို ပထမဆုံး အကြိမ် အမေ ခွန်းတုံ့ပြန်ဝေဖန်ခဲ့တယ်.....

ရလာဒ်ကတော့ မေမေကြီး မီးစွဲနေတဲ့ ထင်းချောင်းနဲ့ ရိုက်တာကို အမေခံရတာပါဘဲ........ဒါတွေဟာ ငါ့စီးပွား ငါလုပ်လာတာ ငါကြိုက်သလိုလုပ်မယ်ဆိုတဲ့စကား ကို အမေသိပ်နာခဲ့တယ်........အားကြိုးမာန်တက်လုပ်ခဲ့တဲ့ အလုပ်တွေအပေါ်မှာ အမေ စိတ်အားထက်သန်မှု သိပ်မရှိတော့ပေမယ့် အလုပ်တွေကိုတော့ ပြစ်မချခဲ့ဘူး.........လုပ်ရင်းကိုင်ရင်း မေမေကြီးကို စိတ်တွေပျက်ရင်း အချိန်တွေတစ်ဖြည်းဖြည်းကုန်လာခဲ့တယ်..........တစ်ရက် အမေ မုန့်ဆိုင်မှာထိုင်နေတုန်း ဆိုင်ရှေ့ကို ပုဆိုး ခပ်နွမ်းနွမ်း အင်္ကျခပ်နွမ်းနွမ်း နဲ့ အဖေ ရောက်လာခဲ့တယ်.....ကျောင်းပိတ် လို့ရွာကို ပြန်အရောက် အနီးအနားမြို့က အမေ့ဆီ အဖေ ရောက်လာခဲ့တယ်..........အဖေ့ကို မြင်လိုက်ရတဲ့ အချိန်မှာ အမေ ရှက်ကိုးရှက်ကန်း ဖြစ်မနေခဲ့တာကိုလည်း အဖေ သဘောကျခဲ့တယ်..........

အားကိုးတော့မယ်လို့ ဆုံးဖြတ်ခဲ့တဲ့ အမေကတော့ အဖေ့ကိုမြင်လိုက်တဲ့အချိန်မှာ အသွင်အပြင် နွမ်းဖတ်နေပေမယ့် အဖေ့မျက်နှာအဖေ့ဟန်ပန်ကို ကြည့်ပြီး ပိုလို့ အားကိုးချင်စိတ် ပေါက်ခဲ့တယ်........အဖေနဲ့ အမေ ပထမအခေါက်မှာ တည်တည်ငြိမ်ငြိမ် တွေ့ခဲ့ကြပြီး အမေနဲ့မှာ လက်သွက်လာတဲ့ အဖေက အဖြေပါတစ်ခါထဲ တောင်းခဲ့တယ်.......ကျွန်တော် မသိသေးတဲ့ အဖေနဲ့အမေ လူငယ်ဘ၀မှာလည်း ရှက်ကိုးရှက်ကန်း ဟန်ဆောင်တာ အမူပိုတာ တွေ ရှိမယ်မထင်ဘူးလို့ ကွှန်တော်သိတဲ့ အဖေနဲအမေကို ကြည့်ပြီး မှတ်ချက်ချဖြစ်ခဲ့တယ်.......အမေကတော့ သိပ်လည်း မူမနေချင်ဘူး တော်ကြာလွတ်သွားမှာလည်း ဆိုးရသေးတယ်လို့ တစ်ဟားဟားနဲ့အော်ရင်း ပြောပြခဲ့တယ်.....

တတိယအခေါက် အဖေ မြို့ပေါ်တက်လာတဲ့အကြိမ်မှာ အမေ အဖေ့ကို အဖြေပေးခဲ့တယ်.......ရည်းစားပိုးလာတဲ့ အဖေက ကားခ မရှိလို့ ရွာကလမ်းလျှောက်လာပြီး အမေ့ဆီကိုရောက်ရင် အပေါ်က ခေါင်းအုံးအောက်ထားအိပ်လို့ ခေါက်ရိုးကျိုးနေတဲ့ အင်္ကျနွမ်း ပုဆိုးအနွမ်း ဖော့ဖိနပ်နဲ့ အဖေ့ခြေထောက်မှာ ဖုန်တွေနဲ့ဖွေးနေခဲ့တာ သိပ်ရီဖို့ကောင်းတယ်လို့ အမေ ထင်ခဲ့တယ်.........အဲဒီသူကိုပဲ သူ့ဘ၀တစ်ခုလုံး အမေ ပုံအပ်ခဲ့တယ်........အဖေနဲ့ အမေရည်းစားဖြစ်ပေမယ့် အလုပ်တစ်ဖက်နဲ့ ရှုပ်နေတဲ့အမေ့ကို အေးအေးဆေးဆေး လည်း စကားမပြောနိုင်ခဲ့ပါဘူး........အဓိပါယ် ပိုရှိလာတယ်လို့တော့ အဖေ ထင်ခဲ့တယ်.........

အဖေ မန်းဒလေးကို ကျောင်းပြန်တက်ဖို့ အသွား အမေ့ကိုလာနှုတ်ဆက်တဲ့အချိန်မှာတော့ အမေက အဖေ့အတွက် လက်ဆောင် တစ်ထုပ်ထည့်ပေးခဲ့တယ်.......ကျောင်းရောက်မှ ဖွင့်ကြည့်ပါလို့လည်း အမေ ပြောခဲ့တယ်.........အဖေကျောင်းကိုရောက်တော့ သူငယ်ချင်းတွေက ဒီကောင် တိုးတက်လာပြီး တစ်ထုတ်တိုးလာတယ် လို့ အဖေ့ကိုနောက်တာ အဖေ ကြုံခဲ့ရသေးတယ်.........အမေထည့်ပေးလိုက်တာက အဖေ့အတွက် ငါးပိကြော် အသားကြော်မျိုးစုံ အ၀တ်အစား နှစ်စုံ ပိုက်ဆံ ၁၅၀ လွယ်အိတ် စတာတွေပါ......အဖေဟာ သိပ်ကို အံ့သြပြီးစိတ်လည်းတိုသွားခဲ့တယ်.........ချက်ခြင်းပဲ အမေ့ဆီကို စာရေးပြီး သူ ဒါကို သိပ်စိတ်ဆိုးကြောင်း သူဟာ အမေ့အပေါ်မှာ ပိုက်ဆံကြောင့်ချစ်ခဲ့တာမဟုတ်ကြောင်း အမေ့ကိုမြစ်တာ သက်သက်ဖြင့်သာချစ်တာဖြစ်ကြောင်း ဒါတွေဟာ သူ့ကိုစော်ကားသလိုပဲ သူခံစားရကြောင်း စာရေးပြီးချက်ခြင်းပဲ စာတိုက်ပုံးကိုသွားထည့်ခဲ့တယ်.........

အမေ့အနေနဲ့ကတော့ အဖေ့ရဲ့ ဆင်းရဲနုံချာမှုကို ခန့်မှန်းမိသလို အစ်မကတစ်ဆင့်လည်းကြားခဲ့ရတယ်.......အဖေတက်နေရတဲ့တက်ကသိုလ်လိုနေရာမျိုးကို ရောက်ချင်ခဲ့ပေမယ့် ဘ၀ပေးအရ မရောက်နိုင်ခဲ့ဘူး.......ဒါပေမယ့် ချစ်သူ ရည်းစားက ဒီလိုနေရာမျိုးကိုရောက်နေတဲ့အခါ ရောက်နေတဲ့လူကို ပံ့ပိုးပေးချင်တဲ့စိတ်ရှိခဲ့တယ်......အိမ်ထောင်ဖက်အထိ ရည်ရွယ်လိုက်တဲ့ အမေက အဖေ့ကို သမီးရည်းစားပေမယ့် လင်ယောင်္ကျားအဖြစ် သဘောထားပြီးထောက်ပံ့ပေးခဲ့တယ်........အဖေနဲ့ အမေ မွေးဖွားကြီးပြင်းကျင်လည်ရာ ပါတ်ဝန်းကျင်မတူတဲ့အခါ အယူအဆ လွဲခဲ့ကြတယ်.........အမေကတော့ ထည့်ပေးလိုက်တဲ့ ပြစ်စည်းတွေကို အဖေ တွေ့သွားရင် အမေ့ရဲ့ ဂရုစိုက်မှု ကြင်နာတတ်မှုတွေကို အဖေ အသိအမှတ်ပြုမယ်ထင်ခဲ့တယ်........ဒါပေမယ့် အမေ မျှော်လင့်သလို ဖြစ်မလာဘူးဆိုတာ အဖေထွက်သွားပြီး တစ်ပါတ်ကျော်အကြာမှာ သိခဲ့ရတယ်........

အဖေနဲ့အမေ ။၇။

အဖေနဲ့ အမေ ဘ၀ဘယ်သူပိုကြမ်းလဲဆိုရင် သူမသာ ကိုယ်မသာပါဘဲလို့ပြောရမလိုပါဘဲ.....အဖေကချို့ချို့တဲ့တဲ့ ကျောင်းတက်ရပေမယ့် ကျောင်းစာနဲ့ ကျေးဇူးရှင်တွေရဲ့ အိမ်မှုကိတ်စလောက်ကလွဲလို့ အဖေ့မှာပူပင်စရာမရှိခဲ့ဘူး......အမေ့မှာတော့ ပိုက်ဆံတွေ အိတ်နဲ့အပြည့်ထည့်ပြီး ပြေးလွှားလှုပ်ရှား လုပ်ငန်းတွေကြီးကျပ်ရပေမယ့် အိပ်ရာပေါ်ကထူထူထောင်ထောင်ဖြစ်ကာစ အဖေ ထင်ရာစိုင်းတစ်ဇွတ်ထိုးလုပ်ချင်တာလုပ်နေတဲ့ အမေ အရွယ်မရောက်သေးတဲ့မောင်ညီမလေးတွေနဲ့ အမေဟာ ကလေးအမေတစ်ယောက်ပုံစံပေါက်လာခဲ့တယ်......တစ်ခါတစ်လေ အငယ်ဆုံးမောင်လေးကို ချီပိုးပြီး အလုပ်လုပ်နေတဲ့အမေ့ကို ကောင်မလေးဘယ်တုန်းက ယောင်္ကျားရ ကလေးရသွားတာလည်းဆိုပြီး မတွေ့တာကြာတဲ့လူတွေက မေးရင် အမြဲလို စိတ်ရှုပ်နေတဲ့အမေ သည်းမခံနိုင်ပဲ ပြန်အော်မိခဲ့တယ်........

မေမေကြီးဆေးလိပ်ခုံထောင်လိုက်လို့ ဆေးလိပ်သိပ်သောက်တဲ့ဘဘကြီး ဆေးလိပ်ပြတ်သွားခဲ့တယ်.....ဖြစ်ပုံက ဘဘကြီး ထူထူထောင်ထောင်နဲ့ မေမေကြီးဆေးလိပ်ခုံကိုသွားကြည့်တဲ့အချိန်မှာ ဆေးလိပ်သမတွေက သနပ်ဖက်တွေကို ဖင်ခုထိုင် ဆေးရိုးတွေခြေထောက်နဲ့နင်းနေတာ ကြည့်ပြီး ဘဘကြီးတစ်ခါထဲဆေးလိပ်ပြတ်သွားခဲ့တယ်.....အမေကတော့ ဘဘကြီးအဲလိုဆေးလိပ်ပြတ်သွားလို့ မေမေကြီး ဆေးလိပ်ခုံကို ရှားရှားပါးပါး ကျေးဇူးတင်ခဲ့တယ်..........မေမေကြီးကတော့ အဲဒီအချိန်မှာ သူတစ်ခါမှ မကြားဘူးခဲ့တဲ့တောင်ပြုန်း မနှဲလေး မြင်းဖြူရှင် ကိုကြီးကျော် စသဖြင့် အိမ်ပေပ်က ဘုရားစဉ်အောက်မှာ ခုံတန်းကြီးနဲ့ သေချာကျကျနနပြင်ခဲ့တာ ကွှန်တော်တို့ကလေးဘ၀ကနေ လွန်မြောက်လို့ ယနေ့ထိ ရှိနေဆဲပါ.........

မေမေကြီး ဒုတိယသမီး အမေ့အစ်မ လတ်ကတော့ သူ့ယောင်္ကျား တာဝန်ကျတဲ့နေရာမှာ မေမေကြီး ခွဲပေးလိုက်တဲ့ ပိုက်ဆံနဲ့ စီးပွားရေးလုပ်တာ တော်တော်အဆင်ပြေနေခဲ့တယ်.......အမေနဲ့မတူ သူ့အစ်မနဲ့မတူ အသားမည်းမည်းမျက်နှာပြဲပြဲ အစ်မလတ်က လက်ကောက်တံတောင်လောက်ဝတ်ပြီး သိပ်မောက်မာခဲ့တယ်လို့ အမေပြောပြခဲ့တယ်.......အမေ့အုပ်ထိန်းမှုအောက်မှာ နေခဲ့ရတဲ့အမေ့မောင်တွေညီမလေးတွေကတော့ ယနေ့အချိန်ထိ အမေ့ကိုသာ အစ်မကြီးလိုသဘောထားပြီး အကြီးနှစ်ယောက်ကိုတော့ မောင်နှမသာ တော်တယ် အစ်မရယ်လို့သဘောမထားခဲ့ကြဘူး.........(နောက်ပိုင်းမှာ ကျွန်တော့်အစ်ကို သူတို့နှစ်ယောက်ကိုပေးလိုက်တဲ့နာမည်ကိုပဲ မွေးစကလေးကနေ အမေ့အောက်က မောင်အထိ အဲဒီနာမည်ပဲခေါ်ကြတော့တယ်........အကြီးဆုံးကို ဂျီဝမ်း လို့ခေါ်မယ် အလတ်ကိုကျတော့ ဂျီတူးလို့ခေါ်မယ် အမေ့ကို ကွမ်ရင်မယ်တော် အဖေ့ကို ကျိကုန်း အဲလိုခေါ်မယ်လို့ အစ်ကိုက စလိုက်တဲ့စကားကနေ သူတို့နှစ်ယောက်ကို ဂျီဝမ်းနဲ့ ဂျီတူးဆိုပြီး ခေါ်ခဲ့ကြတယ်......)

အမေတစ်ယောက်ထဲဆိုင်က အလုပ်သမားတွေနဲ့ပျားပန်းခတ်အောင်လုပ်နေရရင် အမေ့မောင်တွေညီမတွေက သူတို့နိုင်သလောက် အမေ့ကိုကူခဲ့တယ်............မေမေကြီးကတော့ နတ်မှိုင်းမိသွားလိုက်တာ အမေ့ဆီက ပိုက်ဆံသိမ်းဖို့လောက်ပဲ သူ အာရုံရှိနေခဲ့တယ်........ဒီလိုနဲ့တစ်ရက်မှာ ဖြူဖွေးပြီးလုံးနေတဲ့ ချစ်စရာသားလေးတစ်ယောက်ပိုက်ပြီး မေမေကြီးရဲ့သမီးအကြီးဆုံးသူ့ယောင်္ကျားနဲ့အတူ အိမ်ပြန်လာခဲ့တယ်........သူ့သမီးကြီးကို သိပ်ချစ်တဲ့မေမေကြီး ငိုလို့မဆုံးနိုင်ခဲ့ဘူး.......အမေကတော့ အစ်မကြီးရဲ့ကလေးလေးကို ချစ်လို့မဆုံးခဲ့ဘူး........အရပ်ရှည်ရှည် အသားဖြူဖြူ သမီးကြီးကို သိပ်မျှော်လင့်ခဲ့တဲ့ မေမေကြီးက သမီးကြီးယောင်္ကျားကိုတော့ မကြည်လင်ခဲ့ဘူး.......ဒါပေမယ့် သမီးမျက်နှာ မြေးလေးမျက်နှာနဲ့ မေမေကြီးက သားမက်ကို အလုပ်ကထွက်ခိုင်း သူ့အလုပ်တွေမှာ ၀ိုင်းလုပ်ဝိုင်းစား သမီးကြီးလည်း အတူနေဆိုပြီးခိုင်းခဲ့တယ်........

မေမေကြီးရဲ့ သမီးကြီးနဲ့ သားမက်ကလည်း မေမေကြီးအစီအစဉ်ကိုသဘောတူခဲ့တယ်.........မေမေကြီး သားမက် အလုပ်ထွက်ဖို့ကိတ်စ အပြင် မေမေကြီးသမီးကြီးက ပုဂံကိုအလည်သွားချင်တယ်လို့ပါပြောတော့ မေမေကြီးခွင့်ပြုခဲ့တယ်........မတွေ့ရတာကြာပြီဖြစ်တဲ့ မေမေကြီးအချစ်ဆုံးသမီးကြီးစကားက မေမေကြီးအပေါ်အောင်ခဲ့တယ်.......သမီးကြီးပြန်လာလို့ ပြုံးပျော်ရွှင်မြူးနေတဲ့မေမေကြီးက ရှားရှားပါးပါး အင်မတန် သဘောကောင်းစွာနဲ့ အမေ့ကို ငါ့သမီးလည်း ဘယ်မှမရောက်ဘူးဘူး အလုပ်တွေကြည့်လုပ်နေရတာ ငါ့သမီးလည်း လိုက်သွား အမေလုပ်လာတာ အမေ ခဏ ဦးစီးထားမယ် လိုက်သွားသမီးလို့ အမေ့ကိုပြောခဲ့တယ်........မေမေကြီးက ထူးထူးဆန်းဆန်း အမေ့အပေဘောကောင်းနေတော့ အမေ ကိုယ့်နားကိုယ်တောင် ဟုတ်ရဲ့လားလို့ထင်ခဲ့တယ်......ဒါပေမယ့် မေမေကြီးကတော့ စိတ်လိုလက်ရ လက်ဝတ်လက်စားတွေ ထုတ်ပေး အ၀တ်အစားတွေဝယ်ပေးလုပ်ခဲ့တယ်......ပါးစပ်ကလည်း ငါ့သမီးလေး ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ဦးစီးနေရတာ သနားပါတယ် လှလှပပလေး ၀တ်သွား ငါ့သမီးသုံးချင်တာသုံးခဲ့ဆိုပြီး အမေ့ကိုထည့်ပေးလိုက်တယ်.......

အိမ်အလုပ်တွေကိုပြစ်ပြီးလည်းမသွားချင် ဘယ်မှမရောက်ခဲ့ဘူးလို့ သွားလည်းသွားချင်နဲ့ နောက်ဆုံး မေမေကြီးခွင့်ပေးတုန်း သွားဖြစ်အောင်သွားမယ်ဆိုပြီး အမေ ဆုံးဖြတ်လိုက်တော့တယ်........အမေတို့အရင်ဆုံး အမေ့အစ်မကြီးယောင်္ကျားကိတ်စ အတွက်နဲ့ မန်းဒလေးကိုသွားခဲ့ကြတယ်........မန်းဒလေးမှာ ကိတ်စ၀ိတ်စတွေပြီးတော့ အမေ့အစ်မယောင်္ကျား အမေ့ခဲအိုက သူ့ညီဝမ်းကွဲဆီသွားလည်ရအောင် ဆိုပြီး အမေ့ကိုပါ ခွေားခဲ့တယ်.......တစ်ကယ်တော့ အမေ့အစ်မနဲ့ အမေ့ခဲအိုက ရည်းစားမရှိသေးတဲ့အမေ့ကို အမေ့ခဲအိုရဲ့ ညီနဲ့ ပေးစားဖို့ သူတို့ဘာသာသူတို့ တိုင်ပင် သဘောတူခဲ့ကြတာပါ.........အမေ အမေ့အစ်မ အမေ့ခဲအို တို့ အမေ့ခဲအို ညီရှိတဲ့နေရာသွားတော့ အမေ့ရင်ထဲမှာ မမြင်ဘူးတာတွေမြင်ရ မတွေ့ဘူးတာတွေတွေ့ရတော့ ၀မ်းလည်းနည်း ပျော်လည်းပျော်မိခဲ့တယ်.....အမေတို့သွားခဲ့တာ မန်းဒလေးတက်ကသိုလ်ဝင်းထဲကိုပါ........

တက်ကသိုလ်ထဲရောက်တော့ အမေ့ခဲအိုက သူ့ညီရှိတဲ့ အဆောင်ကို အမေတို့ကိုခွေားခဲ့တယ်......အဆောင်ရောက်လို့ ဧည့်ခန်းမှာ အမေ့ခဲအိုရဲ့ညီကို အမေတို့ထိုင်စောင့်နေခဲ့ကြတယ်......ခဏနေတော့ အသားညိုညို ခန်ဒါကိုယ်အသင့်အတင့်နဲ့ အရပ် ၅ ပေ ၇ လက်မလောက်ရှိတဲ့ နောင်တစ်ချိန်မှာ အမေရဲ့ အိမ်ဦးနတ်ဖြစ်လာမယ့် အမေ့ခဲအိုရဲ့ညီ ကျွန်တော့်ဘ၀ရဲ့ ဟီးရိုး အဖေရောက်လာခဲ့တယ်.......


ဧည့်ခန်းထဲကိုဝင်လာတဲ့အဖေ့ကိုမြင်တော့ အမေ့ရင်ထဲ လူပျိုတစ်ယောက်ရဲ့ရှေ့မှာ ခံစားရတဲ့အပျိုတစ်ယောက်စိတ် မရှိပေမယ့် အဖေ့မျက်နှာပေါ်က ရိုးသားမှုနဲ့ တည်ငြိမ်မှုကိုတော့ အမေသတိထားမိခဲ့တယ်.......အဖေကတော့ ဧည့်ခန်း ဆက်တီပေါ်မှာထိုင်နေတဲ့အမေ့ကို မြင်မြင်ချင်းသဘောကျခဲ့တယ်..........အမေ့ငယ်ငယ်က ဓာတ်ပုံတွေအရ တည်တည်ငြိမ်ငြိမ်ချောတဲ့ အမေ့ကို အဖေ သဘောကျခဲ့တာ မဆန်းပါဘူးလို့ ကျွန်တော်တွေးမိခဲ့တယ်.........အဖေ့ အစ်ကိုဝမ်းကွဲ က ဒါသူ့ရဲ့ ခယ်မ လို့ပြောပြီး အဖေနဲ့အမေကို မိတ်ဆက်ပေးခဲ့တယ်........

အမေနဲ့ပါတ်သက်လောက် ဘယ်လောက်ထိအောင် အဖေဖြစ်ခဲ့လည်းဆို သူ့ဘ၀မှာ တစ်ကြိမ်တစ်ခါမှ မပျက်ခဲ့ဘူးတဲ့ကျောင်းကို အဲဒီနေ့မှာ ပျက်ခဲ့ပြီး အစ်ကိုဝမ်းကွဲ အစ်ကိုဝမ်းကွဲအမျိုးသမီးနဲ့ အစ်ကို့ခယ်မ အမေတို့နဲ့အတူ မန်းဒလေးမှာဘုရားတွေလိုက်ဖူးခဲ့တယ်.........ဘုရားတွေဖူးရင်း ဘယ်လိုလည်း မောင်သန်း (အဖေ့ရွာနာမည်)ကောင်မလေးကို ကြိုက်လားလို့ အဖေ့အစ်ကိုက ကပ်မေးတော့ အဖေ ပြုံးစိစိ လုပ်နေခဲ့တယ်.....ငါ့တစ်သက်နဲ့တစ်ကိုယ် မင်းပြုံးစိပြုံးစိ လုပ်နေတာ အခုမှ မြင်ဘူးတော့တယ်ဆိုပြီး အဖေ့အစ်ကိုက ဟားတိုက်ရီခဲ့တယ်.......အမေဟာ နောက်ပိုင်းမှာ ပါးလေးတစ်ဖက်တွန့်ပြီး ပြုံးတော့မှာလိုလို ဖြစ်နေတဲ့ အဖေ့ ပုံစံကို မှတ်မှတ်ထင်ထင်ရှိခဲ့တယ်......

သူ့ရဲ့ ကိတ်စတွေ ပြီးရင် သူတို့ ပုဂံကို ဆက်သွားမှာလို့ပြောတော့ ကျောင်းစာကိုပဲ စိတ်ဝင်စားခဲ့တဲ့ ကျောင်းစာက လွဲရင် ဘာမှစိတ်မ၀င်စားခဲ့တဲ့ အဖေဟာ အချစ်နတ်ဖမ်းစားခံရပြီး ပုဂံကို လိုက်ချင်ခဲ့တယ်.......ပုဂံကို ရောက်ဖူးချင်တာထက် အမေပါတဲ့ခရီးကို လိုက်ချင်တဲ့စိတ်က အဖေ့မှာပိုခဲ့တယ်.....လိုက်ချင်စိတ် ပြင်းပြပေမယ့် အဖေ့အစ်ကိုကိုတော့ အဖေ မပြောခဲ့ဘူး.......အဖေ့မှာ ဒီလိုသွားလာဖို့လည်း ပိုက်ဆံမရှိခဲ့ဘူး........အဖေ့အစ်ကိုကတော့ သူ့အမျိုးသမီးနဲ့ တိုင်ပင်ပြီး အဖေနဲ့အမေနီးစပ်အောင် အဖေ့ကိုပါ ခေါ်ခဲ့ဖို့ဆုံးဖြတ်ခဲ့တယ်......အဖေကတော့ မသိခဲ့ဘူး.........ပုဂံသွားကာနီးမှာ မောင်သန်း မင်းလိုက်မလားလို့ပြောတော့ အဖေ ၀မ်းသာခဲ့တယ်.......ဒါပေမယ့် ကျွန်တော့်မှာပိုက်ဆံမရှိဘူး အစ်ကို ဆိုတော့ အဖေ့အစ်ကိုက အဲဒါမပူနဲ့ မင်း ကျောင်းကခွင့်ရရင်လိုက်ခဲ့ဆိုတော့ သူများစီက အလကား မလိုချင်တဲ့အဖေ ဒီတစ်ခေါက်တော့ သူငယ်ချင်းတွေပါ အံ့သြရလောက်အောင် ကျောင်းဖျက်ပြီး ပုဂံကို အဖေ့အစ်ကိုနဲ့အတူ လိုက်ခဲ့တယ်........

အဖေ အမေ အဖေ့အစ်ကိုနဲ့ သူ့အမျိုးသမီး ပုဂံအသွား ရိုက်ထားတဲ့ဓာတ်ပုံလေးမှာ ပုဆိုးအနွမ်း အင်္ကျအနွမ်းလေးနဲ့ ကုတ်ချောင်းချောင်းရပ်နေတဲ့ အဖေ့ကိုကြည့်ပြီး အဖေ အမေ့ကိုချစ်တဲ့စိတ်နဲ့သာ လိုက်ခဲ့တယ် ဘယ်လောက်များအားငယ်လိုက်မလည်းလို့ကွှန်တော်တွေးမိခဲ့တယ်..........အဖေကတော့ ဒီခရီးမှာ အမေနဲ့ ရင်းနှီးပြီး အနီးကပ် နေခဲ့ရတဲ့အတွက် သိပ်ပျော်ခဲ့တယ်.........လမ်းခရီးမှာ အမေက အဖေ့ရဲ့ ပင်ကိုယ်ရိုးသားမှုနဲ့ အေးဆေးမှု တွေကို သဘောကျခဲ့ပေမယ့် အမေ့ရင်ထဲကိုတော့ အဖေ ရောက်မလာခဲ့ဘူး.........အမေ့အစ်မကတစ်ဆင့် အဖေ့ရဲ့စာတော်မှုတွေကိုလည်း အမေကြားခဲ့ရတယ်..........ဒီလိုနဲ့ ပုဂံမှာ လည်ပတ်ပြီး အပြန်မှာတော့ အဖေ မန်းဒလေးမှာ ကျောင်းဆက်တက်ဖို့ နေခဲ့ရတယ်........ရည်းစားမထားဘူးတဲ့အဖေက ကျွန်တော်စာရေးလို့ရမလား ခင်ဗျာလို့ အမေ့ကို ခွင့်တောင်းပြီး အမေ့ဆီက လိပ်စာတောင်းထားနိုင်ခဲ့တယ်......အမေ့ရင်ထဲအဖေ မရောက်သေးဘူးလို့အမေ ပြောပေမယ့် အဲဒီအချိန်ထဲက အမေ အဖေ့ကို အမှတ်ပေးပြီး စိတ်ဝင်စားစပြုခဲ့ပြီလို့ ကျွန်တော်ထင်ခဲ့တယ်..........

အဖေ့သူငယ်ချင်းတွေကတော့ အချစ်မှာပျော်ဝင်သွားတဲ့ အဖေ့ကို ၀ိုင်းဝန်းနောက်ပြောင်ခဲ့ကြတယ်........အမေ့ကိုချစ်တဲ့စိတ်နဲ့ ပထမဆုံး လုပ်တဲ့အလုပ်ကတော့ စိတ်လည်း ညစ်နေပြီဖြစ်တဲ့ ဦးလေး အိမ်ဘေးက သူဌေးမရဲ့ညီမကို ကျောင်းလိုက်ပို့ပေးရတဲ့အလုပ်ကို မလုပ်ပေးတော့ဘူးလို့ အဖေ ဆုံးဖြတ်ခဲ့တာပါဘဲ.......ဘာလို့လည်းလို့ ကျွန်တော်မေးတော့ အမေအထင်လွဲမှာဆိုးလို့ လို့ အဖေ ပြန်ဖြေခဲ့တယ်......အဖေနဲ့အမေ ဘာမှမဖြစ်သေးပေမယ့် အဖေကတော့ သူ့ဘက်က အစစအရာရာကင်းအောင် နေရမယ်လို့ အဖေတွေးခဲ့တယ်.........အဖေ ဆုံးဖြတ်ပြီးတာနဲ့ သူဌေးမအိမ်ကိုသွား အစ်မ ကျွန်တော့်ကောင်မလေး ရှိပြီမို့ သူအထင်လွဲမှာဆိုးလို့ ကျွန်တော်လိုက်မပို့ပေးနိုင်တော့ဘူး လို့ အဖေ ပြောရဲခဲ့တယ်.......သူဌေးမက အံ့သြသွားပေမယ့် အဖေ့ကို စိတ်မဆိုးခဲ့ဘူး.........အစ်မက အစ်မညီမလေးနဲ့မင်းကို နေရာချပေးဖို့စဉ်းစားခဲ့တာ မင်းက ချစ်သူရည်းစားရနေပြီဆိုတော့လည်း ဘယ်တတ်နိုင်မလည်း နောင်လည်း အကူညီလိုတာရှိရင်ပြော အစ်မညီမလေးကို လည်း ညီမလေးလို စောင့်ရှောင် မောင်နှမလို နေကြလို့ ပြောခဲ့ပေမယ့် အဖေ့ဦးလေးကတော့ ဒေါသ အမျက်ခြောင်းခြောင်းထွက်ခဲ့တယ်.......

မွဲချင်တဲ့ခွေးပြာပုံတိုးဆို တာ ဒီလိုကောင်မျိုးပေါ့လို့ အဖေ့ကိုရှေ့ထားပြီး လူပုံအလည်မှာပြောခဲ့ပေမယ့် အဖေ စိတ်မဆိုးခဲ့ဘူး.......ကျေးဇူးရှင်ဦးလေးဘက်ကကြည့်တော့လည်း မှန်ပါတယ်လို့အဖေ တွေးခဲ့တယ်.........ဦးလေးရဲ့ အမျိုးသမီး ကတော့ အဖေ့အပေါ်နားလည်ခဲ့တယ်.........အဲဒီလမှာပဲ ဦးလေးက အဖေ့ကို ဒဏ်ခတ်တဲ့အနေနဲ့ အ၀တ်လျှော်တဲ့ဆပ်ပြာပေးပြီး အဲဒါနဲ့ပဲသွားတိုက် သွားတိုက်ဆေး မ၀ယ်ပေးနိုင်ဘူးဆိုပြီး ဘာမဟုတ်တဲ့ဟာလေးတွေမှာ အဖေ့ကို လုပ်မပေးခဲ့ဘူး.........အဖေကတော့ ငါ့ကို ဆက်ထောက်ပံ့တာပဲကျေးဇူးတင်ရမယ် အရင်ကလည်း ငါ ဆားနဲ့တိုက်လာတာပဲ ဘာမှမဖြစ်ပါဘူးလို့ နှလုံးသွင်းခဲ့ပြီး ကျေးဇူးရှင်တွေကို မပြစ်မှားမိအောင်နေခဲ့တယ်.......

စာကိုလည်းမှန်မှန်ကြိုးစားရင်း အမေ့ဆီကိုလည်း အဖေ စာမှန်မှန်ထည့်ခဲ့တယ်..........အဖေ ဟာ အမေ့ကို စိတ်ဝင်စားတဲ့အကြောင်း သူ့ဘ၀မှာ ပထမဆုံးအကြိမ်ချစ်မိတာဖြစ်ကြောင်း အမေနဲ့အတူ သွားခဲ့ရတဲ့ခရီးကိုလည်း သူမမေ့ကြောင်း သူ့ပညာနဲ့ အမေ့ကို တစ်ချိန်မှာ တင့်တောင်းတင့်နိုင်ထားနိုင်မယ် ယုံကြည်ကြောင်း စတဲ့ အမေ့ကိုချစ်တဲ့ အဖေ့ခံစားချက်တွေကို စီကာပါတ်ကုန်း ရေးပို့လေ့ရှိခဲ့တယ်.........အဖေက အမေ့ဆီကိုစာပို့တိုင်း လကုန်ရက် မှာပို့လေ့ရှိခဲ့တယ်.........အဖေ့ဆီကစာကလည်း လဆန်းတိုင်း အမေ့ဆီကိုပုံမှန်ရောက်လေ့ရှိခဲ့တယ်........အဖေကလည်း ရည်းစားသာ မထားဘူးတာ ဗျူဟာက မဆိုးဘူးပဲဆိုတော့ အဖေ ဘာဗျူဟာမှ မဟုတ်ပါဘူးကွာ သတ်သတ်မှတ်မှတ်လေးလုပ်တတ်တဲ့အကျင့်ကြောင့်ပါလို့အဖေ ပြန်ပြောခဲ့တယ်............

အဖေနဲ့အမေ ။၆။

အဖေက ဘာမဟုတ်တဲ့ လက်ဖက်ရည်လေးတစ်ခွက်အတွက်နဲ့ အသည်းအသန် တိုက်ပွဲဝင်နေရပေမယ့် အမေကတော့ အသက်အရွယ်နဲ့မမျှအောင် အိတ်ထဲပိုက်ဆံထည့်လို့ သကြားကောက် လှောင်ပြန်ရောင်း ဆိုင်တွေ ကြီးကျပ် မုန့်ဖို ကြီးကျပ် နဲ့ လက်မလည်အောင်အလုပ်များနေခဲ့တယ်........အမေ ရည်းစားစာတွေ ဘယ်အချိန်ဖတ်တုန်းဆိုတော့ အမေ အိမ်သာတက်တဲ့အချိန်ဖတ်တယ်လေတဲ့ ဖတ်ပြီး အမေ ဘယ်လိုနေတုန်းဆိုတော့ အဖေက ရီတယ်.......အမေက ပျော်တာပေါ့တဲ့..........အမေအဲလို နေနေတဲ့အချိန်မှာ အမေ့အစ်မနှစ်ယောက်ကလည်း ခိုးခိုးခစ်ခစ်ကို ကျော်လို့ ဂိုးဂိုးဂစ်ဂစ် ဖြစ်ချင်နေခဲ့ပြီ........သူတို့တွေ ယောင်္ကျားလိုချင်နေခဲ့ပေမယ့် မေမေကြီးကတော့ သူ့သမီးတွေဟာ ကြိုက်တဲ့လူ ခေါင်းခေါက်ရွေးလို့ရတယ်ဆိုတာကနေ တစ်ပြားမှမလျော့ခဲ့ဘူး..........

ဒါပေမယ့် လာတောင်းသမျှကလည်း အမေ့ကိုကြည့်ဖြစ်နေခဲ့တယ်.....အမေဟာ အိမ်သာထဲမှာသာ ပေးတဲ့ရည်းစားစာတွေဖတ်ပြီး အပျိုအရွယ်ကြည်နူးခဲ့ပေမယ့် ပြင်ပဘ၀မှာတော့ ဒေါ်ဒေါ်မြိုင့်သမီး မွှေးနီမလေးက အာဂလေး ဆတ်ဆတ်ထိမခံ စီးပွားရေးကလည်း သွက်သလားမမေးနဲ့ဟေ့လို့ ပြောယူရပြီး ယောင်္ကျားတွေနဲ့ယှဉ်ဘောင်တန်း အလုပ်လုပ်နိုင်ခဲ့တယ်.........(အမေ ဦးစီးနေတဲ့ မေမေကြီးရဲ့ နေရာအကျယ်ကြီးရဲ့ရှေ့မှာ ပဲကြီးလှော်တောင်းနဲ့ထိုင်ရောင်းခဲ့တဲ့ အမျိုးသမီးကြီးက အခု မေမေကြီးတို့မျက်စောင်းထိုးမှာ အင်မတန်ချမ်းသာတဲ့ သူဌေးမကြီးအနေနဲ့ရှိနေပြီး မေမေကြီးနေရာတွေမှာ တူလေးတစ်ချောင်းနဲ့လက်တိုလက်တောင်းခိုင်းခဲ့တဲ့ လူငယ်လေးကလည်း အခုချိန်မှာ သစ်သူဌေးကြီးဖြစ်နေခဲ့တဲ့ ဇာတ်လမ်းတွေဟာလည်း သိပ်စိတ်ဝင်စားဖို့ကောင်းခဲ့တယ်......လူ့လောကမှာ ရိုးသားမှုနဲ့ မရိုးသားမှုတွေ အားပြိုင်တဲ့အခါ တစ်ခါတစ်ရံ ရိုးသားမှုက ရှုံ့းနိမ့်သွားခဲ့တာတွေလည်း တစ်ကယ်ရှိခဲ့တယ်.........)

မေမေကြီး သမီးနှစ်ယောက်အနက် အကြီးဆုံးသမီးကြီးက အေးလည်းအေးတဲ့အပြင် အပျိုအရွယ် မှာ မေမေကြီးရဲ့ထိန်းချုပ်မှုအောက်မှာ တစ်လွဲဖြစ်နေခဲ့တယ်.........တစ်ခါတစ်လေ လေတိုက်တိုင်းရီချင်တဲ့အရွယ်လို မှန်ကြည့်ပြီး ရီနေတတ်တဲ့ သမီးကြီးကိုကြည့်ပြီးမေမေကြီးအတွေးတွေ ပူပန်လာခဲ့တယ်.........အမှန်မှာတော့ အရွယ်ရောက်ချိန်မှာ သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်ဆိုတာကို ဘ၀မေ့တဲ့ မေမေကြီး သတိမမူခဲ့ဘူး.........မီးအပူတွေကြောင့် ဒူလာစွဲတဲ့ ယောင်္ကျား ယောင်္ကျားလိုချင်လို့ ခိုးခိုးခစ်ခစ်ဖြစ်နေတဲ့ သမီးကြီး ပညာမတတ်တဲ့ မေမေကြီးရဲ့ ရှေးရိုးတောသူတောင်သား ဆွေမျိုးများကြားမှာ မေမေကြီးတို့ဘ၀ စအခြေပျက်ဖို့ဖြစ်လာခဲ့တယ်.........

ဒါဟာ နတ်ကိုင်တာ နင်နတ်ကို အယုံအကြည်မရှိလို့ ကိုကြီးကျော် ကိုလေးကျော် မနှဲလေး တို့ အဘမြင်းဖြူရှင်တို့က နင်တို့ကိုကိုင်ထားတာ ဆိုတဲ့ မေမေကြီးရဲ့ ဇာတိ တောရွာလေးက ဆွေမျိုးတွေ ရပ်ဆွေရပ်မျိုးတွေစကားက ခပ်ရဲရဲမေမေကြီးကို တုန်လှုပ်လာစေခဲ့တယ်........သမီးကြီးနဲ့ သမီးလတ်ကတော့ ဆေးလိပ်ခုံမှာ ဆေးလိပ်လိပ်သမတွေနဲ့ ပျော်မွှေ့နေသလို မေမေကြီးကလည်း နတ်တွေ ယတြာတွေ ဗေဒင်တွေ အထူးသဖြင့်နတ်တွေ ကိုစိတ်ဝင်စားစ ပြုခဲ့တယ်......အမေကတော့ အလုပ်ပေါင်းမြောက်များစွာနဲ့ ဘဘကြီးကို ပြုစုရတာနဲ့ မောင်ငယ် ညီမငယ်တွေ စောင့်ရှောက်ရတာနဲ့ အသက်အရွယ်နဲ့မမျှ စီးပွားရေး အိမ်တွင်းရေး တစ်ယောက်ထဲ ဒိုင်ခံလုပ်နေရတော့တယ်.........အမေ့အောက်က မောင်ငယ် ညီမငယ်တွေက အမေသေဆိုသေ ရှင်ဆိုရှင် အမေ့ကိုထိရင် အသက်အသေခံမယ်ဆိုတဲ့လူတွေကြည့်ဖြစ်ခဲ့တယ်........မေမေကြီး နဲ့ အကြီးနှစ်ယောက်ကတော့ လုံးဝ မျက်နှာလွဲနေခဲ့တယ်......ဘဘကြီးက အမေ့ကို သိပ်သနားတယ်ဆိုတော့ အမေ က သမီးပျော်ပါတယ် အဖေ အဖေ နေကောင်းဂရုစိုက် သမီး လုပ်နိုင်တယ် ဆိုတော့ ဘဘကြီးမျက်ရည်ကျခဲ့တယ်.........

ဒီလိုနဲ့ နေလာရင်း တစ်ရက် မေမေကြီး သမီးအကြီးဆုံး ယောင်္ကျားနောက်ခိုးရာလိုက်ပြေးခဲ့တယ်.........သူခိုးရာလိုက်ပြေးခဲ့တာကတော့ ဆေးလိပ်လာလိပ်တဲ့ရွာက ဆေးလိပ်လိပ်သမတွေကတစ်ဆင့် သိတဲ့ စတိုင်ကောင်းကောင်းနဲ့ စစ်သား တပ်ကြပ်ကြီး တစ်ယောက်နောက်ကိုပါ.........မေမေကြီးကတော့ နောက်မှာ ဆွေ့ဆွေ့ခုန်အောင် ကျန်နေခဲ့ပြီး ဒေါသတစ်ကြီးနဲ့ အမေ့ကို မဆီမဆိုင် ထင်းချောင်းနဲ့ပေါက်လို့ အမေ့လက်မှာ သေရာပါ ဒဏ်ရာရခဲ့တယ်........ဒုတိယသမီးကိုတော့ စိုက်ပျိုးရေးကျေးဂျာလေးတစ်ယောက်နဲ့ မေမေကြီး အိမ်ထောင်ချပေးခဲ့တယ်.......သူတို့နှစ်ယောက်ကလည်း ချစ်နေကြပြီးပါပြီ..........

မေမေကြီး ဒေါသကိုသိတဲ့ မေမေကြီးသမီးကတော့ တစ်နှစ်ကျော် ကြာတဲ့ထိ မေမေကြီးတို့ဆီပြန်မလာခဲ့ဘူး........နင့်ကို ကိုကြီးကျော်တို့ အဘမြင်းဖြူရှင်တို့က ပညာပြပြီ ဆိုတာတွေကလည်း ပိုဆိုးလာခဲ့တယ်.......မေမေကြီးတို့အိမ်ကို နတ်ရုပ်တွေ နတ်ကတော်တွေ စ၀င်လာတဲ့အချိန်ပေါ့.........အဖေကတော့ တတိယနှစ်ကျောင်းသားကြီး အနေနဲ့ကျောင်းမှာ ပြန်တက်နေတဲ့အချိန် အမေကလည်း စီးပွားရေးမှာ ဂျင်ဂျင်လည်ပြီး ရည်းစားတစ်ယောက်မှမရှိသေးတဲ့အချိန် ထိ ဖူးစာရေးနတ်က အဖေနဲ့အမေကို တွေ့ဖို့အချိန်ဆွဲနေခဲ့တယ်........လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ လောက်ကပေါ့.............


နှစ်ပေါင်းများစွာ ရွာက သူငယ်ချင်းလောက်သာ သူငယ်ချင်းရှိခဲ့တဲ့ အဖေ့အတွက် တကသိုလ် တတိယနှစ်မှာတော့ အဖေ့ရဲ့ အေးဆေးမှု စာတော်မှုကို သဘောကျပြီး အဖေ့ကို ခင်တဲ့ သူငယ်ချင်းအရင်းတွေ အဖေရှိခဲ့တယ်....အဖေ့သူငယ်ချင်းတွေက စာတော်တဲ့ လူပေ လူချမ်းသာ သားသမီးတွေဖြစ်ခဲ့တယ်........အထက်တန်းကျောင်းသားဘ၀မှာ အဖေ့မှာ သူငယ်ချင်းမရှိဘူးလား ကျွန်တော်မေးတော့ ကားတာရာဖိနပ် သေချာလျှော်ဖွတ်ပြီးဝတ်ထားပေမယ့် မွဲစုတ်နေတဲ့ ကျောင်းစိမ်း ပေါက်ပြဲနေတဲ့ လွယ်အိတ်လေးနဲ့ အဖေ့ကို ပေါင်းချင်တဲ့လူမရှိခဲ့ဘူးလို့ အဖေပြောပြခဲ့တယ်......အဖေ့ကို တောသား ဟေ့ကောင် ငမွဲလို့ခေါ်ခဲ့ရင်တောင် အဖေ အပြုံးမပျက်ခဲ့ဘူး....တစ်နေ့မှာ မင်းတို့ထက် ငါသာရမယ်ဆိုတဲ့စိတ်တော့ နုနယ်တဲ့အဖေ့ရင်ထဲမှာ စွဲထင်ခဲ့တယ်......

တတိယနှစ်မှာ အဖေ သူငယ်ချင်းတွေ ရှိလာခဲ့ပေမယ် လက်ဖက်ရည်ဆိုင်ဆိုတာတော့ အဖေနဲ့ဝေးနေဆဲပဲ.......လူငယ်လေး အဖေဟာ တစ်ခါတစ်လေ အားလပ်ချိန်မှာတစ်ခြားကျောင်းသားတွေလို အပန်းဖြေနည်း တစ်ခုခုလုပ်ဖို့စိတ်ကူးခဲ့တယ်......အဖေရွှေးချယ်ခဲ့တဲ့ အပန်းဖြေနည်းကတော့ ပိုက်ဆံမကုန်ပဲလုပ်လို့ရတဲ့ အဆောင်မှာကျောင်းသားတွေအတွက်ထားပေးတဲ့ ၀ိတ်ပြားတွေကို အဖေသွားမခဲ့တာပါဘဲ........လူဖလံလေးအဖေဟာ အဲဒီလို ၀ိတ်မခဲ့တာကြောင့် ကြည့်ကောင်းရုံဗလနဲ့ လူတစ်ယောက်ဖြစ်ခဲ့တယ်.................အဖေစတိတ်ရှိုးလည်း မကြည့်ဘူးဘူးပေါ့ဆိုတော့ အဖေက ဟာ အဖေက သားတို့ထက်ကြည့်ဖူးတယ် အဖေက လူကိုယ်တိုင် ဂစ်တာတီးပြီး သီချင်းဆိုနေတာကိုအေးဆေးကြည့်ရတာဆိုတော့ ကျွန်တော်လည်း စိတ်ဝင်စားခဲ့တယ်.......


အဖေတို့တတိယနှစ် စတက်တဲ့အချိန်မှာ မန်းဒလေးတက်ကသိုလ်မှာ ထင်ရှားတဲ့လူနှစ်ယောက်ရှိခဲ့တယ်......တစ်ယောက်ကတော့ စိုင်းထီးဆိုင်......တစ်ခါတစ်လေ စိုင်းထီးဆိုင် ကျောင်းခန်းထဲမှာ ဂစ်တာတီးနေတာတွေ့ရင် လွယ်အိတ်လေးပိုက်ပြီး အဖေနားထောင်နေတတ်တယ်......သိပ်ကောင်းတာပဲ နားထောင်လို့ ကဲ ငါ့သားကော စိုင်းထီးဆိုင် ဂစ်တာတီးပြီးသီချင်းဆိုတာ အပြင်မှာ အနီးကပ်မြင်ဘူးလားလို့အဖေက ပြန်စတယ်.....နောက်တစ်ယောက်ကတော့ နွဲ့ယဉ်ဝင်း.....အင်္ဂလိပ်စာဌာနက ဆရာမလေးက သိပ်လှတာပဲလို့ အဖေတို့ ကျောင်းသားတွေပါးစပ်ဖျားမှာ ရေပန်းစားနေခဲ့တဲ့သူက နောက်ပိုင်း အဆိုတော် နွဲ့ယဉ်ဝင်းဖြစ်လာခဲ့တယ်..........ကျောင်းပွဲတွေမှာ သီချင်းဆိုရင် သိပ်ကောင်းတာပဲ သိပ်လှတာပဲ လို့ အဖေပြောခဲ့တယ်.......အဖေ မကြိုက်ဘူးလား ဆိုတော့ အဖေ့ဘ၀က ကြိုက်ဖို့မပြောနဲ့ သူတို့လို အဆင့်အတန်းကို အိမ်မက်ထဲတောင် ထည့်မမက်နိုင်တဲ့ဘ၀လေကွာ လို့အဖေ ပြောခဲ့တယ်........(အဖေ စိတ်လည်း မ၀င်စားပါဘူးတဲ့ အမေကတော့ စာကြည့်မျက်မှန်ပေါ်က ကျော်ကြည့်ပြီး ဟင်းဟင်း လို့ရီတယ် (အမှတ်တရ နေ့တစ်ခုမှ))


အဖေဟာ တောသား ဆင်းရဲသားပေမယ့် ရိုးသားမှု စာတော်မှုနဲ့ အဖေ့ရဲ့တည်ငြိမ်မှုကလည်း သမီးရှင်တစ်ချို့အတွက် အကြိုက်ဖြစ်ခဲ့တယ်........အဖေ့ဦးလေးဆီကို လတိုင်းပိုက်ဆံသွားယူ ကျောင်းပိတ်ရက်တွေမှာ ဦးလေး အိမ်မှုကိတ်စတွေသွားလုပ်ပေးခဲ့တဲ့အဖေ့ကို အဖေ့ဦးလေးတို့ရဲ့ဘေးအိမ်က သူဌေးမ အဖေတို့ထက်ကြီးတဲ့ အစ်မကြီးက သဘောကျခဲ့တယ်........သူ သိပ်ကို သဘောကျတယ် ဒီကလေးရဲ့ရိုးသား ကြိုးစားတာကို သဘောကျလို့ သူ့ရဲ့ ညီမလေး ဆေးတက်ကသိုလ်တက်နေတဲ့ သူနဲ့ ပေးစားချင်တယ် ဆိုပြီး အဖေ့ဦးလေးဝမ်းကွဲကို ပြောခဲ့တယ်.....အဖေကတော့ ကျောင်းစာနဲ့ကျေးဇူးရှင်တွေရဲ့ ကျေးဇူး ဆပ်ဖို့လောက်ပဲ အာရုံရှိခဲ့တယ်.....အဖေ့ရင်ထဲမှာ အချစ်စိတ်ဆိုတာ လုံးလုံးမရှိခဲ့ဘူး.......ရည်းစားထားဖို့ဆိုတာ အဖေ အိမ်မက်ထဲတောင်ထည့်မမက် စိတ်ကူးတောင်မယဉ်ခဲ့တဲ့အရာတစ်ခုဖြစ်ခဲ့တယ်......

ဦးလေးတို့က ၀မ်းသာအားရ အဖေ့ကို ဒီအကြောင်းပြောတဲ့အချိန်မှာတော့ အဖေ ၀မ်းနည်းသလို စိတ်မကောင်းတော်တော်ဖြစ်မိခဲ့တယ်.........အဖေဟာ ပညာကိုပဲလိုချင်ခဲ့တယ် ဒီပညာကိုအပါတ်တကုတ်ကြိုးစားခဲ့တယ် အဖေ့ဘ၀မှာ အပျော်အပါးဆိုတာ မရှိခဲ့ဘူး ယုတ်စွအဆုံး အဖေလေချွန်တာ သီချင်း ဆိုတာတောင် အဖေ့ပါတ်ဝန်းကျင်က မကြားခဲ့ဘူးတဲ့အဖေ့လို လူတစ်ယောက်က ပညာရေးအတွက် ရောင်းကုန်တစ်ခုလို ရောင်းခံနေရပါလားလို့ ခံစားခဲ့ရတယ်........ဦးလေး တို့ကို အတိုက်အခံမပြောရဲခဲ့တဲ့အဖေ သူဌေးမရဲ့စီစဉ်မှုနဲ့ မနက် မနက် စက်ဘီးတစ်စီးနဲ့ သူဌေးမညီမကို ကျောင်းလိုက်ပို့ပြီးမှ အဖေ ကျောင်းကို ပြန်လာရတဲ့ အစီအစဉ်တစ်ခု တတိယနှစ်မှာ တိုးလာခဲ့တယ်........

အဖေဒီလိုအခြေအနေမျိုးနဲ့ကြုံခဲ့ပေမယ့် သူတို့ လိုက်ပို့ခိုင်းလို့ ငါလိုက်ပို့တယ် ဆိုတဲ့စိတ်နဲ့ ဆေးကျောင်းသူ ကို စက်ဘီးပေါ်တင် ကျောင်းရောက်ရင် ချခဲ့ပြီး ဘာစကားမှမပြော အပို့အကြို လုပ်တဲ့လူတစ်ယောက်လိုပဲ နေခဲ့တယ်.....တစ်ကယ်တော့ ဦးလေးတို့နဲ့ သူဌေးမ က အဖေတို့နှစ်ယောက်ကို မရင်း ရင်းနှီးအောင် မနီးစပ် နီးစပ်အောင် တမင် တွန်းပို့ခဲ့ကြပေမယ့် ကျောက်ရုပ် အဖေကတော့ မတုန်မလှုပ်လုပ်နေခဲ့တယ်.......သူဌေးမက ဒါတင်မက မျိုးစုံ အဖေတို့နှစ်ယောက်ကိုနီးစပ်အောင် အဖေ့ကို အိမ်မှာထမင်းတွေခေါ်ကျွေးတာကအစ ကျောင်းပိတ်ရက် မန်းဒလေးသူကို မန်းဒလေး အနှံလိုက်ပို့ဖို့ တောသား အဖေ့ကို လိုက်ပို့ခိုင်းခဲ့
တာမျိုး အဆုံး လုပ်ပေးခဲ့ပေမယ့် အဖေကတော့ ခပ်မဆိတ်သာနေခဲ့တယ်........အဖေဘာကြောင့် အဖေ မကြိုက်တာကို ပေါ်တင်ဖွင့်မပြောလည်းလို့ကျွန်တော်မေးတော့ အဖေ့ဘ၀က အခု ငါ့သားဘ၀လို မဟုတ်ဘူးလေ လို့ပြောတော့ ကျွန်တော် အဖေ့ကို သိပ်ကျေးဇူးတင်မိသွားခဲ့တယ်.........

ဒီလိုနဲ့ အဖေ တတိယနှစ်ကျောင်းအပိတ်မှာ ကျောင်းသူကျောင်းသားတွေ အသုံးလုံး အစီအစဉ်နဲ့ ကျေးလက်တွေကို စာလိုက်ပြကြမယ့် အဖွဲ့မှာ အဖေစာရင်းပေးခဲ့တယ်........အဖေရွာကို ဘာ့ကြောင့်မပြန်ဘဲနဲ့ ဒီအသုံးလုံး အစီအစဉ်မှာလိုက်ခဲ့တာလည်းဆိုတော့ နံပါတ် ၁ အဖေ စာမတတ်တဲ့လူတွေကို စာသင်ပေးချင်တယ် နံပါတ် ၂ အဖေ့ဘ၀မှာ မန်းဒလေးနဲ့ရွာ ပဲရောက်ဘူးခဲ့တယ် ဒီမြန်မာနိုင်ငံထဲမှာ အဖေမရောက်ဘူးတဲ့နေရာကို အစိုးရစရိတ်နဲ့ရောက်ရမယ် နံပါတ် ၃ တစ်ခြားစာတော်တဲ့ကျောင်းသားတွေနဲ့လည်း သိရမယ်.....အဲဒီလို ရည်ရည်ချက်နဲ့ အဖေ လိုက်ဖို့စာရင်းပေးခဲ့တယ်......မေကြီးကတော့ အဖေပြန်မလာလို့ ရွာမှာ တစ်ငိုငို တစ်ရီရီဖြစ်ခဲ့တယ်လို့ အဖေ နောက်ပိုင်းမှာ သိခဲ့ရတယ်.......

အဖေပါတဲ့ အဖွဲ့က ကျောက်ပန်းတောင်းနယ် ပုပါး တောင် တစ်ဝိုက်က ရွာလေးတစ်၇ွာမှာ တာဝန်ကျတယ်.........အဲဒီရွာလေးမှာ ပဲ အဖေ့ဘ၀မှာ မမေ့နိုင်တဲ့အဖြစ်အပျက် တစ်ခုဖြစ်ခဲ့ပြီး အဖေ့အပေိပ်ကောင်းခဲ့တဲ့ သူငယ်ချင်းတစ်ယောက် အဖေရခဲ့တယ်............အဖေတို့စာသင်ရမယ့်ရွာကို ရောက်ပြီး အသီးသီး ကိုယ့်အစုနဲ့ကိုယ် တာဝန်ယူခဲ့ကြရတယ်.......အဖေ စာသင်ပေးတဲ့အဖွဲ့မှာ အဖိုးကြီးအဘွားကြီးတွေလည်း ပါသလို လူငယ်လူရွယ်လေးတွေလည်း ပါခဲ့တယ်........စာသင်ချိန်ပြီး ရွာက နေတဲ့အိမ်တွေက အလုပ်တွေလုပ်ကူပြီးရင်တောင် ရွာအနီးအနား လမ်းလျှောက်ထွက်တာကလွဲလို့ ထန်းတော လိုနေရာမျိုး အဖေ မသွားခဲ့ဘူး...........အဖေ့ကို ဒိဆရာလေးက အေးချမ်းတယ်ဆိုပြီး တရွာလုံးက ချစ်ပေမယ့် အဖေတို့ပြန်ကာနီးမှာတော့ အဖေ ပြသနာ ကြီးကြီးမားမားတစ်ခု တက်ခဲ့တယ်........

အဖေ့ စာသင်သားတွေထဲက အဖေ့ညီမငယ်အရွယ် ကောင်မလေးတစ်ယောက်ကို အဖေက သံယောဇဉ်ရှိတဲ့ စိတ်အရင်းခံနဲ့ ငါ့နှမလို့ ခေါ်လိုက်တာက စတဲ့ပြသနာပါဘဲ.........ပြန်ကာနီးတစ်ရက် အဖေစာတွေကိုပြန်နွှေးပေးရင် ဟိုက ထိုင်နေတဲ့ ငါ့နှမ အစ်ကို့ကို ရွတ်ပြပါအုန်းလို့ အဖေပြောလိုက်တဲ့ အချိန်မှာ အားလုံးက ငြိမ်ကျသွားခဲ့တယ်...........အဖေကတော့ မရိပ်မိပဲ ငါ့နှမ ညဉ်းကိုပြောတာ ဆိုပြီး ထပ်ပြောခဲ့တယ်.......အားလုံးဟာ မျက်နှာမသာမယာနဲ့ အလျှိုလျှိုဆက်ထိုင်နေကြပေမယ့် တစ်ချို့ကတော့ ထထွက်သွားခဲ့တယ်.........အဖေ ငါ့နှမလို့ ခေါ်ခဲ့တဲ့ သူကတော့ ခေါင်းကို အောက်ငုံ့လို့ ခေါင်းပြန်မထောင်လာတော့ဘဲ မြေကြီးကို သာမဲကြည့်နေခဲ့တယ်.....ဘာ့ကြောင့်လည်းဆိုတာတော့ အဖေနားမလည်ခဲ့ဘူး........

ညနေပိုင်း အဖေ နေတဲ့ အိမ်ရှေ့မှာ အဖေထိုင်နေတုန်း နှမလို့ ခေါ်ခံရတဲ့ ကောင်မလေးရဲ့အစ်ကိုတွေ အဖေတွေ ဦးလေးတွေလိုက်လာပြီး အဖေ့ကို သတ်မယ် ဆိုပြီး ကြိမ်းဝါးအော်ဟစ်ပြီးလာခဲ့တယ်........ရန်ဖြစ်ဖို့မပြောနဲ့ စကားတောင် မများခဲ့ဘူးတဲ့အဖေ တော်တော် ထိတ်လန့်ခဲ့တယ်.....ကျောင်းသူကျောင်းသားတွေ ဆရာတွေ နဲ့ ရပ်ရွာလူကြီးတွေ အထူးသဖြင့်ရွာမှာ အဖေ့ကိုတွေ့ပြီး အဖေ့ကိုသိပ်ခင်သွားတဲ့ အဲဒီအချိန်က ၀န်ကြီးတစ်ယောက်ရဲ့သား အိုင်အာမှာတက်နေတဲ့ ကျောင်းသားက အဓိကဦးဆောင် ဖြေရှင်းပေးခဲ့တယ်........အားလုံးရှင်းမှ အဖေသိလိုက်တာက ဒီအရပ်မှာ နှမ ဆိုတာ ကိုယ်ယူထားတဲ့ မိန်းမကိုသာ နှမလို့ခေါ်မှန်းအဖေသိလိုက်ရတယ်.........ကျောင်းသားတွေရဲ့ ထောက်ခံချက် ကျေးရွာက တစ်ချို့ရွာသူရွာသားကြီးတွေရဲ့ အဖေအေးတယ် မသိလို့ပြောမိတာပါ ဆိုတဲ့စကားတွေကြောင့်ကော အဖေ့ပြသနာက ပြီးသွားခဲ့တယ်.......အသုံးလုံး လိုက်ခဲ့တဲ့ အဖေ့အတွေ့အကြုံက သည်းထိတ်ရင်ဖိုနဲ့ ပြီးသွားခဲ့ပေမယ့် သူငယ်ချင်းကောင်းတစ်ယောက်ကိုတော့ အဖေရခဲ့တယ်..........

အဖေတို့ အသုံးလုံးအစီအစဉ်လည်းပြီး ကျောင်းလည်း ပြန်အဖွင့်ဖြစ်တဲ့အတွက် အဖေရွာကိုတော့ မပြန်ဖြစ်ခဲ့ဘူး.........အဖေ မန်းဒလေးပြန်ရောက်ပြီး စတုထနှစ် စတက်နေတဲ့အချိန်မှာ ရွာက ထွက်သွားတာကြာပြီဖြစ်တဲ့ အဖေ့အစ်ကို နှစ်ဝမ်းကွဲတော့ မိန်းမနဲ့ ကလေးတစ်ယောက် လက်ဆွဲပြီး အဖေတို့ ကျောင်းဝင်းထဲကို အလည်ရောက်လာခဲ့တယ်........လမ်းကြုံလို့အလည်ဝင်လာတဲ့အစ်ကို့ကို အဖေဘာမှမပြုစုနိုင်ပေမယ့် သူဌေးသမီးကိုရထားတဲ့အစ်ကို ကောင်းစားနေပုံကိုမြင်တော့ အဖေ့ရင်ထဲ ၀မ်းသာမိတယ်.........အစ်ကိုကတော့ နောက်နှစ်လောက်ဆို ရွာပြန်ဖြစ်မှာဖြစ်ကြောင်း ဒီတစ်ခေါက် ကျောင်းပိတ်ရက်ကို ရွာပြန်လာဖို့အကြောင်း ပြောပြီး အဖေဇွတ်ညင်းနေတဲ့ကြားက မုန့်ဖိုးပေးပြီး သူ့အမျိုးသမီးနဲ့ကလေးလက်ဆွဲလို့ ပြန်သွားခဲ့တယ်........

ဖူးစာရေးနတ်က အဖေနဲ့အမေကို တွေ့မပေးသေးပေမယ့် အဖေနဲ့အမေကတော့ နောင်တစ်ချိန်မှာ အောင်မြင်တဲ့အိမ်ထောင်တစ်ခု ဖြစ်အောင် တည်ဆောက်ဖို့အတွက် ပညာတွေယူနေခဲ့တဲ့အချိန်တွေပါလားလို့ ကျွန်တော်ယူဆခဲ့တယ်.........

အဖေနဲ့အမေ ။၅။


အဖေကတော့ ရွာမှာ ကလေးတွေကိုစာပြပေးရင်း စာမေးပွဲအောင်စာရင်းအထွက်ကိုစောင့်နေတဲ့အချိန်ကာလတွေပေါ့...........အောင်စာရင်းထွက်တော့
အဖေ သူတို့ခေတ်အရ ခရက်ဒစ် ခုခေတ်လိုဆို ဘာသာစုံဂုဏ်ထူးထွက်ခဲ့တယ်......အဖေ့ရဲ့ အိမ်မက်တွေ တစ်ကယ်ဖြစ်မဖြစ်အဖေမသိသေးပေမယ့် အဖေ သိပ်ပျော်ခဲ့တယ်......ဆရာကြီးက အဖေ့ကို ပတ်ကား ဘောပင်တစ်ချောင်းဆုချတယ် အဖေ သိမ်းထားတာ ယနေ့ထိဆိုပါတော့.........ရွာမှာတော့ အဖေက စတားဖြစ်ခဲ့တယ်.........ဘာသာစုံဂုဏ်ထူးနဲ့ ဆယ်တန်းကိုအောင်တယ် အသက်က ၁၆ နှစ်မပြည့်သေးဘူး...........ဒါပေမယ့် အဖေတို့မှာ ရှေ့ဆက်ဖို့ ငွေအင်အားမရှိခဲ့ဘူး........မေကြီးနဲ့ဘဘ က ရွာမှာကျောင်းဆရာလေးပဲလုပ်ဖို့ တိုက်တွန်းပေမယ့် အဖေက မလုပ်ချင်ခဲ့ဘူး..........အဖေနဲ့အတူတူ တက်ခဲ့တဲ့ သူငယ်ချင်းနှစ်ယောက်လည်း အောင်ခဲ့တယ်........

အဖေ တစ်ခါမှမိဘကို စိတ်မဆိုး စိတ်မကောက် ပြန်မအော်ခဲ့ပေမယ့် အဲဒီတစ်ခေါက်တော့ တော်တော်စိတ်ဆိုးမိတယ်.....ဒါပေမယ့် သေချာပြန်စဉ်းစားတော့လည်း ပိုက်ဆံမရှိဘူး......ဒါကိုအဖေသိတယ်......နောက်ဆုံး သူငယ်ချင်းနှစ်ယောက်ကို တိုင်ပင်ကြည့်တော့ စစ်ထဲဝင်မယ်ဆိုတာနဲ့ အဖေလည်း စစ်ထဲဝင်ဖို့ဆုံးဖြတ်လိုက်တယ်.......အဖေစစ်ထဲဝင်မယ်ဆိုတော့ မေကြီးက သူ့ကိုသတ်ပြီးမှ သွားပါလို့ ပြောခဲ့တယ်........အဖေ မလိုက်ဖြစ်ခဲ့ဘူး......အဖေ့သူငယ်ချင်းနှစ်ယောက်ကတော့ စစ်ထဲကိုဝင်ခဲ့ပြီး တစ်ယောက်ကတိုက်ပွဲကျလို့ တစ်ယောက်က တော့ အင်း(.....)..ဖြစ်နေပြီ......

စစ်ထဲလည်းမ၀င်ရ ကျောင်းဆက်တက်ဖို့လည်း ပိုက်ဆံမရှိ ရွာမှာကျောင်းဆရာလေးလုပ်ဖို့လည်း စိတ်မ၀င်စားနဲ့ အဖေ တစ်မှိုင်မှိုင်တစ်တွေတွေဖြစ်နေခဲ့တယ်........တစ်ရက် မေကြီးက အဖေ့ကို စကားတစ်ခွန်းပြောတယ်.......ရွာက တတ်နိုင်တဲ့ လူတစ်ယောက်က ဆေးတက်ကသိုလ်တက်ချင်ရင် ထားပေးမယ် ကျောင်းပြီးရင် သူ့သမီးကို ယူရမယ်လို့ ကမ်းလှမ်းလာတယ်ဆိုတာပဲ.........အဖေ စိတ်အရမ်းတိုခဲ့တယ်.........အမေတို့ ကွှန်တော့်ကို ငွေဝယ်ကျွန် လုပ်ခိုင်းနေတာလားဆိုပြီး အဖေ မေးခဲ့တယ်......ရွာကလူတွေနဲ့ အဖေ သိပ်ကိုကွာခြားနေခဲ့ပြီ.......အင်္ဂလိပ်စာ သိပ်ကောင်းပြီး စေတနာရှိတဲ့ဆရာကြီးနဲ့ အနီးကပ်နေခဲ့ရတဲ့ အဖေက ရွာမှာကလေးတွေကိုစာပြရင်း ဒေးကာနက်ဂျီ စာအုပ်ကို ကောင်းကောင်းဖတ်နိုင်နေခဲ့တဲ့အချိန်မှာ ရွာကလူတွေကတော့ မြန်မာစာတောင် သိပ်မဖတ်တတ်တဲ့လူတွေဖြစ်နေတာများခဲ့တယ်.............

ကျောင်းသွားတက်ဖို့ မိဘက ပိုက်ဆံလည်း ထုတ်မပေးနိုင်တဲ့အပြင် မေကြီးက အဖေ့ကို သိပ်ချစ်ခဲ့ပြီး သူ့အနားက မခွဲသွားဖို့ပဲ တွင်တွင်ပြောနေခဲ့တယ်......ရွာမှာကျောင်းဆရာလုပ်ရင် လူရိုသေရှင်ရိုသေနဲ့ ရွာက ဘုန်းကြီးပြီးရင် ကျောင်းဆရာ အခရာပဲဆိုတာကို လည်း မေကြီး ပါးစပ်က မချခဲ့ဘူး........အဖေ စိတ်ဆင်းရဲပြီး တစ်မှိုင်မှိုင်တစ်တွေတွေဖြစ်နေတာကို မကြည့်ရက်တဲ့ ဘဘက မန်းဒလေးက သူ့ရဲ့ ညီအစ်ကို ၀မ်းကွဲဆီကို အဖေ့လက်ဆွဲပြီးတက်လာခဲ့တယ်.........ဘဘ စဉ်းစားတာက ရန်ကုန် လိုနေရာမျိုးထက်စာရင် မန်းဒလေးမှာ ဆွေမျိုးနီးစပ် ရှိတော့ ကြည့်ခိုင်းမယ်ဆိုတဲ့ ရည်ရွယ်ချက် နဲ့ စဉ်းစားခဲ့တယ်......

မန်းဒလေးရောက်တော့ အဖေ့ ဦးလေး က အဖေ့အပေါ်မှာ ဖော်ဖော်ရွေရွှေနဲ့ ဦးလေး အမျိုးသမီးက လည်း သံယောဇဉ်ရှိခဲ့တယ်.......ဒါပေမယ့် အဖေ့ဦးလေးတို့ကိုယ်တိုင်လည်း အချမ်းသာကြီးမဟုတ်တဲ့အတွက် အဖေ့ကို ဆေးတကသိုလ်တော့ မထားနိုင်ခဲ့ဘူး.......အဲဒီတုန်းက မန်းဒလေးမှာဖွင့်တဲ့ ၀ိတ်ဇာသိပံမဟုတ်တဲ့ တစ်ခြားတကသိုလ်တစ်ခုကိုပဲအဖေ့ကို ထားပေးနိုင်မယ် လို့ပြောခဲ့တယ်......အဖေကျေနပ်ခဲ့တယ်........ဘာမှ မတက်ရတာထက်စာရင်တော့ အသက်မွေးဝမ်းကျောင်းတက်ကသိုလ် တစ်ခုမှာ တက်ရတာ မျှော်လင့်ချက်ရှိတယ်လို့ အဖေ တွေးခဲ့တယ်.........

အဖေတို့ ကျောင်းတွေစတက်ရမယ့်အချိန်မှာ အဖေက ၁၆ နှစ်သာသာ .........အဖေက ရွှေပြည်အေးဆောင်မှာ နေခဲ့ရတယ်.........အဖေ့ ကျောင်းလာတက်တဲ့ အထုတ်အပိုးတွေကတော့ ထန်းခေါက်တောင်း တစ်ခု (အဖုံးမပါ).....အဲဒီထဲမှာ ဆန်နည်းနည်း သတင်းစာနဲ့ ထုတ်ထားတဲ့ ထန်းညက်နည်းနည်း အပြင်ဝတ်ဖို့ အင်္ကျပုဆိုး ၂ စုံ နဲ့ အဆောင်နေရင်းဝတ်ဖို့ တစ်စုံ ဒါပဲ ပါခဲ့တယ်.......အဖေကတော့ မရှက်ပါဘူး.....အဖေ့ အတွေးထဲမှာ ရှိတာ ပညာကိုရအောင်ယူဖို့ပဲ အဖေ တွေးခဲ့တယ်.......ကြီးမားလှတဲ့အဆောင်ကြီးမှာ ထန်းခေါက် တောင်း လက်နှစ်ဖက်နဲ့ ကိုင်လို့ ယောင်တောင်တောင် လျှောက်လာတဲ့ အဖေ့ကို ကျောင်းသားတွေက ကွက်ကြည့်ကွက်ကြည့် ကြည့်နေခဲ့တယ်.......အဖေ့ရင်ထဲမှာ သိမ်ငယ်မှု ရှက်ရွှံ့မှုမရှိပေမယ့် နည်းနည်းတော့ ရှိုးတိုးရှန့်တန့်ဖြစ်မိတယ်.........

ကျောင်းသား ဘ၀ ပထမနှစ်မှာတော့ အဖေက လူမသိ သူမသိ တိတ်တိတ်ဆိတ်ဆိတ်ပဲ စာကြိုးစားတဲ့ကျောင်းသားတစ်ယောက်အနေနဲ့ နေခဲ့ရတယ်........အနီးနား သူငယ်ချင်း အခန်းဖော် သူငယ်ချင်းတွေကတော့ အဖေဟာ သိပ်အေးပြီး အမြဲတစေ စာလုပ်နေပြီး နေနိုင်တဲ့လူတစ်ယောက်ဆိုတာ မှတ်ချက်ပြုခဲ့တယ်.........ပထမနှစ် စာမေးပွဲဖြေကာနီးမှာတင် အဖေ က သူငယ်ချင်းတွေကို စာပြန်ပြပေးခဲ့တယ်..........သူငယ်ချင်းတွေစကားနဲ့ အဖေ လက်မလည်အောင် စာပြပေးနေခဲ့ရတယ်.....ဒီလိုစာပြပေးတာ ကုသိုလ်လည်းရ ကိုယ်လည်းစာရ သူများလည်းစာရ ဆိုတဲ့ ခံယူချက် အဖေရှိခဲ့တယ်........

ပထမနှစ်ပြီးလို့ ကျောင်းပိတ်ချိန်မှာတော့ အဖေ ထန်းခေါက်ဖာ ပိုက်လို့ အိမ်ကိုပြန်ခဲ့တယ်.........ရွာမရောက်ခင် မြို့ကို ၀င်ပြီး ဆရာကြီးကို ကန်တော့လို့ အဖေ့အတွေ့အကြုံတွေ ဆရာကြီးက အားရ၀မ်းသာ မေးပြီး ဆရာကြီးအိပ်ခိုင်းတာနဲ့ ဆရာကြီးအိမ်မှာ တစ်ညအိပ် ဆရာကြီးနဲ့ စကားပြော ပြီး နောက်နေ့မနက်မှာ အဖေ ရွာကို ပြန်ခဲ့တယ်...........မေကြီးကတော့ တစ်နှစ်ကြာ ခွဲနေရတဲ့ အဖေ့ကို မခွဲနိုင်မခွာရက်ဖြစ်ခဲ့တယ်.........သားသမီး ၁၁ ယောက်ရှိပေမယ့် သေသည်အထိ မေကြီးက အဖေ့ကို သူ့သားထွေးလေးလို ဆက်ဆံခဲ့တယ်........အဖေကတော့တစ်လျှောက်လုံး မရောက်ခဲ့ဘူးတဲ့ မန်းဒလေးလိုမြို့ကြီးမှာ နေခဲ့ရတဲ့အတွက် ဒေသ ဗဟုသုတ အမြင်နဲ့ ကျောင်းသားဘ၀ အတွေ့အကြုံတွေ တွေ အများကြီးရခဲ့ပြီး ရွာက ကလေးတွေကို သူ့လိုဖြစ်စေချင်ခဲ့တယ်.........ရွာမှာ အလုပ်မရှိ ထန်းတောထဲထိုင် ကွမ်းယာဆိုင်ထိုင် အလုပ်ကို အဖေ သိပ်မုန်းခဲ့တယ်........ကျောင်းပိတ်နေချိန်မှာ ရွာကကလေးတွေကို စာပြပေးရင်းနဲ့ပဲ အဖေ အချိန်တွေကုန်ခဲ့တယ်..........

ဒီကြားထဲ အဖေ့ဒီလို ချို့ချို့တဲ့တဲ့တက်နေတာကို သနားတဲ့အကြောင်း ပိုက်ဆံထောက်ပံ့မယ့်အကြောင်း နောင် တစ်ချိန် သူ့သမီးကို ယူဖို့စဉ်းစားဖို့အကြောင်း ရွာက ကြေးရတတ် ယခင် အဖေ့ကို ဆေးတက်ကသိုလ်ထားပေးမယ်ဆိုသူက မေကြီးကတစ်ဆင့်ထပ်ပြောလာခဲ့တယ်.......အမေ နောက်တစ်ခါ အဲဒါထပ်ပြောရင် သား ရွာကို ဘယ်တော့မှ ပြန်မလာတော့ဘူးဆိုတဲ့စကားနောက်မှာ ဘဘက နင်ထပ်ပြောရင် လူလေးနဲ့မတွေ့ခင် ငါနဲ့အရင်တွေ့မယ်ဆိုတဲ့စကားကြောင့် အဖေဟာ ငွေဝယ်ကျွန် ဘ၀က လွတ်မြောက်ခဲ့တယ်........

ဒီလိုနဲ့ ကျောင်းပိတ်ရက်တွေကုန်လို့ ဒုတိယနှစ်တက်ရတော့မယ် အချိန်မှာ မိဘတွေနဲ့ ဆရာကြီးကို ကန်တော့ပြီး အဖေ မန်းဒလေးကို လာခဲ့တယ်...........ဒိတစ်ခေါက်တော့ အဖေ့အကြောင်းကို သူငယ်ချင်းအားလုံး ခရေစေ့တွင်းကျ သိသွားတဲ့အချိန်ပေါ့.......ကျောင်းရှေ့ကို ကားဆိုက်တဲ့အချိန် အဖေ့ကိုမြင်တဲ့ အဖေ့ကို ခင်တဲ့ သူငယ်ချင်းတွေ ကားနားကိုရောက်လာခဲ့တယ်.....ဟေ့ကောင် မင်းအထုပ်တွေချ ချ ဆိုတဲ့ အချိန်မှာ အဖေ့ရင်ထဲမှာ ပိုက်လာတဲ့ ထန်းခေါက်တောင်းကို အရင်ပေးလိုက်တယ်......ကျန်တဲ့သူငယ်ချင်းတွေကတော့ အထုပ်သယ်ဖို့ ပုဆိုးပြင်ဝတ်တဲ့သူဝတ်နေချိန်မှာ အဖေ ကားပေါ်က ဆင်းခဲ့တယ်........ဟေ့ကောင် မင်းအထုပ်တွေ ချအုန်းလေလို့ သူငယ်ချင်းတစ်ယောက်က ပြောလိုက်တဲ့အချိန်မှာ အဖေက ငါ့အထုပ် အဲဒါ အကုန်ပဲလေလို့ ပြန်ပြောလိုက်တဲ့စကားကြောင့် သူငယ်ချင်းတွေ အံ့အားသင့်ပြီး ညိမ်သက်သွားခဲ့တယ်.......

အဖေ့ အထုပ်က ပထမနှစ်ကလိုပါဘဲ.......ဒုတိယနှစ်မှာပိုလာတာကတော့ အဖေ့ဦးလေး ပေးလိုက်တဲ့ သွားတိုက်တံ သွားတိုက်ဆေးနဲ့ ဆရာကြီးပေးလိုက်တဲ့ စတစ်ကော်လံ ရခိုင်ပုဆိုး နဲ့တိုက်ပုံတစ်ထည် ကျန်တာကတော့ ပထမနှစ်က အ၀တ်အစားတွေပဲ အဖေ ပြန်ပါလာခဲ့တယ်......ပထမနှစ် တစ်လျှောက်လုံး အဖေ ဆားနဲ့ မီးသွေးခဲကို အသုံးပြုပြီး သွားတိုက်ခဲ့ရတယ်......ဒါကို သိတဲ့ အဖေ့ဦးလေးက ကျောင်းလခအပြင် သွားတိုက်တံနဲ့သွားတိုက်ဆေးလေး တစ်ဗူးပါ ၀ယ်ပေးတော့ အဖေ ပျော်မိတယ်..........သူ့ဘ၀ တစ်လျှောက်လုံး ဆားကိုသာတွင်တွင်သုံးခဲ့ရတဲ့အဖေ တက်ကသိုလ်ဒုတိယနှစ်အရောက်မှာ သွားတိုက်ဆေးနဲ့သွားတိုက်တံကို သုံးခဲ့ရတယ်.............

မေကြီးထုတ်ပေးလိုက်တဲ့ ထန်းညက်ထုတ်ကလည်း အဖေ့အတွက်တော့ အကောင်းစား မုန့်ပါဘဲ......အဆောင်က ကျွေးတဲ့ ဟင်းနဲ့ထမင်းကို ကောင်းကောင်းမကောင်းကောင်း တစ်နှစ်ပတ်လုံး မပျက်မကွက် အဖေ စားခဲ့တယ်.........တစ်ရက်ကို ထန်းညက်တစ်လုံးအဖေစားခဲ့တယ်........နေ့လည် ထမင်းစားပြီး တစ်ချမ်း ညနေ ထမင်းစားပြီးကျန်တဲ့ထန်းညက် တစ်ခြမ်းစားတာက အဖေ့အတွက် တော့ တစ်ခြားကျောင်းသားတွေ လက်ဖက်ရည်ဆိုင်ထိုင် စားသောက်ဆိုင် ထိုင် စားနေသလိုပါဘဲ........

အဖေ တက်ကသိုလ် ကျောင်းသားဘ၀ တစ်လျှောက်လုံးမှာ လက်ဖက်ရည်ဆိုင်ဆိုတာ စုစုပေါင်း ၅ ခါပဲထိုင်ခဲ့ဘူးတယ်........ပိုက်ဆံရှိ သူငယ်ချင်းတွေက အကြိမ်ကြိမ်ခေါ်ပေမယ့် အဖေ ဘယ်တော့မှ မလိုက်ခဲ့ဘူး.......နောက်ပိုင်းမှာ သူငယ်ချင်းတွေက ပြင်းပြင်းထန်ထန် ပြောလာတဲ့အချိန်မှာ အဖေ သူ့သဘောထားကို ဖွင့်ပြောခဲ့တယ်......အဖေ့သဘောထားကတော့သူ့မှာ ပိုက်ဆံမရှိဘူး သူငယ်ချင်း ဘယ်လောက်ခင်ခင် ၁ ခါက ၂ ခါ ၂ ခါက ၃ ခါ မကောင်းဘူးလို့ ယူဆတယ်..........၂ ခါ ၃ ခါလောက်မှာ ကိုယ်က တစ်လှည့်ပြန်ပြုစုရမယ်......အဲဒီအချိန်မှာ ငါ ပြန်မပြုစု နိုင်ဘူးကွာလို့ အဖေ ပြောပြခဲ့တယ်.....တစ်ဆက်ထဲ မင်းတို့ ကိုပြန်ပြုစု စရာမလိုမှန်းငါသိတယ် မင်းတို့မမျှော်လင့်မှန်းလည်း ငါသိတယ် ဒါပေမယ့် ငါ မနေတတ်လို့ပါ လို့အဖေပြောခဲ့တယ်........ဒါပေမယ့် အဖေ့ရဲ့ရိုးသားမှု အေးဆေးမှု စာတော်မှုတွေကို လေးစားတဲ့ ခင်တဲ့ သူငယ်ချင်းတွေက သတ်မှတ်ချက်တစ်ခု ပေးလိုက်တယ်......အဲဒါကတော့ အဖေ စာ သုံးခါ ပြပြီးတိုင်း လက်ဖက်ရည်ဆိုင်တစ်ခါ လိုက်ထိုင်ရမယ်ဆိုတာပဲ..........အဖေ ခေါင်းငြိမ့်ခဲ့ပေမယ့် တတ်နိုင်သလောက်တော့ ရှောင်မယ်လို့ ဆုံးဖြတ်ခဲ့တယ်.........