Saturday, April 11, 2009

အဖေနဲ့အမေ ။၁၃။

ငယ်ငယ်က ကျန်းမာရေး မကောင်းတဲ့ အစာအိမ်ရောဂါ ရှိတဲ့ အဖေ အပြင်းအထန် ရောဂါ သည်းခဲ့သလို လသားအရွယ် သားလေးလည်း အသားဝါ ရောဂါ ၀င်လို့ အသည်းအသန်ဖြစ်ခဲ့ရတာကို အမေ အသည်းနင့်အောင် ကြုံခဲ့ရတယ်.....မစားရက်မသောက်ရက် ကျစ်ကျစ် ပါအောင် စုခဲ့တဲ့ ပိုက်ဆံလေးတွေလည်း သားကြီးနဲ့ယောင်္ကျား ဆေးကုစရိတ် အတွက် တက်တက်စင်အောင် ကုန်သွားတဲ့အပြင် အာဟာရကျွေးဖို့တောင် မလုံလောက်ခဲ့ဘူး........အဖေ အတွက် အားရှိစေမယ့်အစာ သားကြီးအတွက် အာဟာရဖြစ်စေမယ့် အစာတွေ ကျွေးဖို့ ဆရာဝန်က ပြောလိုက်တဲ့နေ့က တစ်ကျပ်တောင် မကျန်တော့တဲ့အမေ တွေတွေ ငေးငေး လမ်းလျှောက်လာရင်း ခုနေများ ၅ ကျပ်လောက် ကောက်ရရင် သိပ်ကောင်းမှာပဲဆိုတဲ့အတွေးနဲ့ ဘေးပါတ်ဝန်းကျင်တောင် သတိမထားမိလောက်အောင် လမ်းတစ်လျှောက် ပိုက်ဆံတွေ့လိုတွေ့ငြား အမေ ကြည့်မိတဲ့အထိ အမေ့စိတ်တွေ ပူလောင်ခဲ့တယ်......

အစ်ကို့ အတွက် အဟာရ အဖေ့အတွက် ဓာတ်စာ တွေအတွက် ပိုက်ဆံကောက်ရရောစးင်ကောင်းမှာ ဆိုတဲ့အတွေးနဲ့ လမ်းပေါ်ကိုသာကြည့်လျှောက်လာတဲ့အမေ့ကို သမာဒေ၀ နတ်ကောင်းနတ်မြတ်တွေက ကြည့်ရှုစောင်မခဲ့သလိုပဲ အမေ ၅ ကျပ်တန် အသစ်စက်စက် လိပ်လျက်သား နှစ်ရွက်ကို သိန်းဆုကြီးပေါက်သလောက် ၀မ်းသာရအောင်ကို တွေ့ခဲ့တယ်.......ပိုက်ဆံအလိပ်လေးကိုကောက် ဘေးဘီကိုတောင် မကြည့်နိုင် အမေ ဒုံးစိုင်း ပြေးခဲ့တော့တယ်.......ပိုက်ဆံကျပျောက်တဲ့သူ စိတ်များဆင်းရဲနေမလား ဘယ်လိုများအခက်အခဲဖြစ်သွားမလည်း တောင် အမေမစဉ်းစားနိုင်ခဲ့လောက်အောင် အမေ့ပူလောင်မှုက အမေ့ကို ဖမ်းစားခဲ့တယ်.......အဖေနဲ့အစ်ကို့အတွက် ဈေးဝယ်ဖို့ သွားနေတဲ့ အမေ့ခြေလှမ်းတွေဟာ သိပ်သွက်နေခဲ့သလို အမေ့ရင်ထဲမှာ ၀မ်းသာ ၀မ်းနည်း ကတုန်ကရင်ကိုဖြစ်ခဲ့ရတယ်.......

အဟာရဖြစ်စေမယ့်အရာတွေနဲ့ ဓာတ်စာတွေ ၀ယ်ပြီးပြန်လာတဲ့အမေ့ကို အဖေက ဘယ်ကပိုက်ဆံရလည်းလို့မေးတော့ အမေ့ပြောစကားတွေအောက်မှာ ကံကြမာရဲ့ ဖေးမမှုလေးကို အဖေကိုယ်တိုင်လည်း ၀မ်းသာဝမ်းနည်းဖြစ်ခဲ့ရတယ်.......အလုံးစုံ မကုစားနိုင်ပေမယ့် ခဏတာလေးအတွင်းတော့ ထူထူထောင်ထောင်ဖြစ်အောင် အမေ ဖန်တီးနိုင်ခဲ့တယ်......သိပ်မကြာခင်မှာပဲ အရင်က သကြားဝယ်ရောင်းလုပ်တာ ကြားတယ် သကြား စပ်ပေးပါဆိုတဲ့ လူနှစ်ယောက် အမေ့ဆီကိုရောက်လာခဲ့တယ်.......ငါ့ကံ ကောင်းလာပြီလို့အမေတွေးလို့ စနစ်တကျတောင် မလုပ်နိုင်အောင် အမေ ကျွန်မ ယူမယ်ဆိုပြီး တစ်ခါထဲ ပြောခဲ့သလို ပထမဦးဆုံးအကြိမ် အသိတစ်ယောက်ဆီက ပိုက်ဆံချီးဖို့ အမေထွက်ခဲ့တယ်........

မာနကြီးတဲ့အမေ ဘယ်သူ့ကိုမှ မခချင်တဲ့အမေ ကိုယ်တိုင် ပိုက်ဆံလာချီးတော့အသိကလည်း အမေ့ကို ယုံယုံကြည်ကြည်ချီးခဲ့တယ်......အမေ့ အတွေးထဲမှာတော့ ကုလားဘုရားပွဲ လှည့်သလိုပါဘဲ.......လာစပ်တဲ့လူနှစ်ယောက်တောင်းတဲ့ဈေးနဲ့ အပြင်မှာ အမေ ပြန်သွင်းမယ့်ဈေး ကွာဟချက်ကို တွက်ရင်း အမေ စိတ်ကူးနဲ့ မြူးခဲ့တယ်......ပိုက်ဆံရတာနဲ့ အမေချက်ခြင်း ငွေချေ သကြားအိတ်တွေကို ကားပေါ်တင် အဖေ့ကို ချက်ခြင်းပြန်လာမယ် ကလေးကို ကြည့်ထားဖို့ပြောရင်း အမေ ဇာတိမြို့ကို သကြား ရောင်းဖိုထွက်ခဲ့တော့တယ်......ကားပေါ်မှာ အစ်ကို့အတွက် ဘာဝယ်ပေးရမယ် အဖေ့အတွက် ဘာဝယ်ပေးရမယ်ဆိုတဲ့ စိတ်ကူးနဲ့ ပျော်နေတဲ့အမေ့ကို ဇာတိမြို့က စောင့်နေခဲ့တယ်......

ဇာတိမြို့ရောက်တာနဲ့ အမေ့အသိ နို့ဆီစက်ကို အမေ တန်းသွားပြီး သကြားသွင်း တော့ မေမေကြီးမျက်နှာ အမေ အရင်လုပ်ခဲ့တဲ့ အမေ့မျက်နှာတွေနဲ့ နို့ဆီစက်ကလည်း မဆိုင်းမတွ ယူခဲ့လို့ အမေ ပိုက်ဆံလေး ကိုင်လို့ ပျော်ပျော်ရွှင်ရွှင် ပြန်ထွက်လာနိုင်ခဲ့သလို ၀ယ်စရာရှိတာ ၀ယ်ပြီး ချက်ခြင်းပြန်ဖို့ အမေ စိတ်ကူးနဲ့ ဒုန်းစိုင်း ပြန်ထွက်ခဲ့ပေမယ့် အမေ့ အပျော် ဟာ ရေရှည်မခံတဲ့အပြင် ပြသနာတွေ တစ်သီကြီးလာတော့မယ်ဆိုတာကိုတော့ အမေ မသိခဲ့ဘူး.......မြင်းလှည်းပေါ်မှာ ပျော်ပျော်ရွှင်ရွှင်လိုက်လာတဲ့ အမေ့နောက်ကို နို့ဆီစက်ကလူတွေလိုက်လာပြီး မြင်းလှည်းပေါ်ကတောင် မဆင်းခိုင်း ရဲစခန်းကို တန်းမောင်းခိုင်းခဲ့တယ်......ဘာဖြစ်လို့လည်း ဘာဖြစ်လို့လည်း အမေ မျက်ကလဲဆန်ပြာမေးပေမယ့် နို့ဆီစက်ပိုင်ရှင်ကတော့ သိပ်စိတ်တိုနေပြီး ရဲစခန်းကိုသာ မြင်းလှည်းဆရာကို အရောက်မောင်းခိုင်းခဲ့တယ်........

ရဲစခန်းေ၇ာက်မှ အမေသိရတာကတော့ အလောတစ်ကြီးနဲ့ လာစပ်တဲ့သူတွေ ပြတဲ့ သကြားအိတ်တစ်အိတ်ကိုသာ ကလောင်ထိုးကြည့်ပြီး ကျန်အိတ်တစ်ချို့ကို အပျော်ဇောနဲ့ အမေ အပေါ်ယံသာ ရှပ်ကြည့်ခဲ့သလို နို့ဆီစက်ပိုင်ရှင်ကလည်း အမေ့ကိုယုံကြည်စိတ်နဲ့ ဖွင့်တောင်မကြည့်ယူထားခဲ့တဲ့ သကြားအိတ်တွေက အပေါ်ယံ သကြားအောက်မှာ သဲတွေ အပြည့်ဆိုတာ အမေထွက်သွားမှ သိခဲ့ရတယ်......ယုံကြည်မှုကို အလွဲသုံးစား လုပ်ရကောင်းလား ဆိုပြီး နို့ဆီစက်ပိုင်ရှင်က စိတ်ဆိုးခဲ့လို့ ခင်မင်မှုတွေနောက်ထား အမေ့ကို ရဲစခန်းမှာ အမှုဖွင့်ဖို့ ခေါ်ခဲ့တော့တယ်.........အမေကတော့ စိတ်ဓာတ်အကျကြီးကျလို့ မျက်ရည်သာ ကျလို့နေတော့တယ်......ဘယ်လိုမှ ရှင်းလို့မရတော့တဲ့ အနေအထားမှာ အမေ အချုပ်ခန်းထဲဝင်ကာနီး ဆဲဆဲမှာပဲ အမေ့သတင်းကြားတဲ့ မေမေကြီးရောက်လာပြီး နို့ဆီစက်ပိုင်ရှင်ကို ပြင်းပြင်းထန်ထန်ပြောဆိုနေချိန်မှာပဲ အမေ့ကို သိတဲ့ ကားဆရာ နဲ့ စပါယ်ယာလေးရဲစခန်းထဲထိရောက်လာပြီး အမေ သကြားအိတ်တွေကားပေါ်တင်တုန်းက လာရောင်းတဲ့ လူနှစ်ယောက်ပါ ပါတယ်ဆိုတာ ပြောပြခဲ့လို့ အမေ သိတ်ခါတော့ ဆယ်နိုင်ခဲ့ပေမယ့် ပိုက်ဆံတွေတော့အားလုံး ရေစုန်မျောခဲ့တယ်......

မေမေကြီးကလည်း ဘယ်လိုလည်း စီးပွားရေးသမကြီး အချုပ်ထဲတောင် ရောက်တော့မလို့ပါလား ဆိုပြီး ငေါ့ ခဲ့ပေမယ့် အမေ့ကိုကြည့်ပြီး သနား ခဲ့တယ်.....ဒါပေမယ့် စိတ်မာတဲ့မေမေကြီးက အိမ်ကိုတောင် မခေါ် အမေချီးထားတဲ့ပိုက်ဆံနဲ့ လိုအပ်တဲ့ပိုက်ဆံ အနည်းငယ်ကို ပေးလို့ပြန်လွှတ်ခဲ့သလို အမေလည်း မျက်နှာအောက်ချလို့ အဖေနဲ့အစ်ကို့အတွက် ယူခဲ့ရတယ်......အမေ့ရင်ထဲမှာ ယုတ်မာလိုက်ကြတာ ယုတ်မာလိုက်ကြတာ လို့ ခံစားနေယုံကလွလြို့ အမေ ဘာမှမတတ်နိုင်ခဲ့ဘူး.......မဆီမဆိုင် အမေ့အတွေးထဲမှာ လူတွေက ယုတ်မာတယ် အောက်ပိုင်းက လူတွေက ပိုယုတ်မာတယ် ဆိုတဲ့ အတွေးလည်းဝင်လာခဲ့တယ်.....အိမ်ပြန်ရောက်ချိန်မှာတော့ အဖေ့ကို တိုင်တည်လို့ အမေ ချုံးပွဲချ ငိုမိတော့တယ်........လူအေး အဖေကတော့ တရားနဲ့ဖြေပါ ကံကြမာဆိုတာ ဒီလိုပါဘဲ ဆိုတဲ့စကားတွေနဲ့ အမေ့ကို နှစ်သိမ့်ခဲ့ပေမယ့် အဖေကိုယ်တိုင်လည်း အမေ့အတွက် စိတ်မကောင်းဖြစ်ခဲ့ရတာပေါ့

ဘူးသီးကြော် နဲ့ အချဉ်



စပ်နည်း


ဆန်မှုန့် ဆန်ချိန်တဲ့ခွက်နဲ့ ၂ ခွက်

ကောက်ညှင်းမှုန့် ဆန်ချိန်တဲ့ ခွက်နဲ့ ၁ ခွက်

ပဲမှုန့် ဆန်ချိန်တဲ့ခွက်နဲ့ ၁ ခွက်

ရေ ဆန်ချိန်တဲ့ ခွက်နဲ့ ၂ ခွက်

ဆား လက်ဖက်စားဇွန်း ၁ ဇွန်း မရှိတစ်ရှိ (မမောက်စေနဲ့)

ဆော်ဒါ လက်ဖက်စားဇွန်း ၁ ဇွန်း မရှိတစ်ရှိ (မမောက်စေနဲ့)


အားလုံးကို ရောပြီး ကြက်ဥ ခေါက်တဲ့ ဟာနဲ့ ရောမွှေလိုက် ( ယောင်းမနဲ့မွှေလည်းရပါတယ် ဟိုဟာနဲ့ကျတော့ ပိုညက်တယ်)


၁၅ မိနစ်လောက်နှပ်ထား....ဆီအိုးတည်ထား အပူချိန်ကို နံပါတ် ၂ လောက်မှာပဲထား ........

ဆီပူလာရင် ဗူးသီးတွေကို အကြော်အနှစ်ထဲကို တူလေးနဲ့ နှစ် ပြီးရင် အနှစ်တွေ အများကြီးမပါအောင် တူလေးနဲ့ အနှစ်ခွက်ပေါ် ခဏ ကိုင်ထားလိုက်အုန်း ....ပြီးတော့မှထည့်


အိုးထဲမှာ ဒီတိုင်း မထားနဲ့ မွှေပေး လှိမ့်ပေး ဒီတိုင်းထားရင် တစ်ဖက်က ကျက်ပြီး တစ်ဖက်က မကျက်ဘူး....အကျက်ညီအောင် လုပ်ရတယ်....တောက်လျှောက်ကြီးတော့မွှေစရာမလိုပါဘူး ၂ မိနစ် တစ်ခါလောက်ပေါ့.....ဆိုင်မှာ စားတဲ့ ဗူးသီးကြော်အရောင် မရှိတစ်ရှိဆို ချလိုက်တော့ ရပြီ ဒါပဲ.....အပေါ်မှာကြည့် အဲဒီကာလာထွက်မှ စားလို့ကောင်းတာ

အချဉ်ရည်အတွက် အရင်ဆုံး မန်ကျည်းသီး လက်မတစ်ဆစ်စာ ရေနွေးနဲ့စိမ်ထား (အပြစ်ကြိုက်ရင် ရေနည်းနည်း အကျဲကြိုက်ရင် ရေများများ အကောင်းဆုံးက ထမင်းစားဇွန်းနဲ့ လေးဇွန်းခန့်)

ကြက်သွန်ဖြူ နှစ်တက်

ဂျင်း လက်တစ်ဆစ် လျော့လျော့

ဆား လက်ဖက်ဆားဇွန်း တစ်ဝက်ခန့်

အချိုမှုန့် လက်ဖက်စားဇွန်း တစ်ဝက်ခန့်

ငရုတ် သီး ၇ တောင့် ကို အားလုံး ရောထောင်း


ထောင်းလို့ကြေသွားပြီးရင် မန်ကျည်းသီးစိမ်ထားတဲ့ ပန်းကန်ထဲက မန်ကျည်းသီး အဖတ်တွေဖယ်ပြီး (အနှစ်ပဲယူမယ်) ထောင်းထားတာတွေထည့်

ပြီးရင် ငံပြာရည် လက်ဖက်စားဇွန်း တစ်ဝက်ထည့်

ကြက်ဖ ငရုတ်ဆီ လက်ဖက်စားဇွန်း တစ်ဇွန်းထည့် (အရောင်လှအောင်)

ပြီးရင် နံနံပင်လေး ထည့်လိုက် ဒါပဲ ပြီးပြီ။

အဖေနဲ့အမေ ။၁၂။

တစ်ယောက်လက် တစ်ယောက်တွဲလို့ အားကိုတစ်ကြီးလာခဲ့တဲ့ အဖေနဲ့အမေ အိမ်ရှေ့အရောက်မှာ အဖေနဲ့အမေကို မြင်တဲ့မေမေကြီးက အိမ်ရှေ့ထွက်လာပြီး နင်တို့ နှစ်ယောက် ငါ့အိမ်ရိပ်တောင် မနင်းနဲ့ အခုထွက်သွားဆိုပြီးထွက်ပြောခဲ့တယ်......အမေကတော့ ချာကနဲ လှည့်ထွက်ခဲ့ပေမယ့် အဖေကတော့ ဘာစကားမှမပြောနိုင်အောင် ဆွံ့အခဲ့ပြီး အိမ်ရှေ့မှာ ခဏရပ်နေခဲ့တယ်.....နောက်မှ သတိဝင်လာပြီး အမေ့နောက်ကို အဖေ အပြေးလိုက်ခဲ့တယ်......အမေ့ရင်ထဲမှာ ရှက်စိတ် နာကျည်းစိတ်တွေနဲ့ ကိုယ်ဝန်ကိုတောင် ဂရုမစိုက်နိုင်လောက်အောင် အမေ လျှောက်လာခဲ့တယ်.....အဖေနဲ့ အမေ ကားဂိတ်ကို ပြန်ရောက်လာခဲ့ပြီး တစ်ယောက်နဲ့တစ်ယောက် ဘာစကားမှမပြောနိုင်အောင် ဖြစ်ခဲ့ပြီး အတွေးကိုယ်စီနဲ့ထိုင်နေတုန်းမှာပဲ အမေ့အစ်မ အကြီးဆုံး ကားဂိတ်ကိုရောက်လာခဲ့တယ်.......ကိုယ်ဝန် နေ့စေ့လစေ့ကြီးနဲ့ ဟိုသွားဒီသွား မသွားနဲ့ အစ်မ သူငယ်ချင်း အိမ်မှာ သွားနေ ဆိုပေမယ့် အမေက တော့ အိမ်ပြန်ဖို့ပဲ ပြောခဲ့ပြီး အစ်မ ပြောတာကို ငြင်းခဲ့တယ်........အမေ့ကို စိုးရိမ်တဲ့အဖေက အချိန်တော်ကြာအောင် ဖျောင်းဖျအပြီးမှာ အမေ အစ်မရဲ့ သူငယ်ချင်းအိမ်ကို လိုက်ဖို့ သဘောတူခဲ့တယ်.....

ချို့တဲ့တဲ့ အမေ့အစ်မ သူငယ်ချင်း အိမ်မှာ အဖေနဲ့အမေ မျက်စိ သူငယ်နားသူငယ် နဲ့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိပဲ ယောင်လည်လည် ဖြစ်ခဲ့ရတယ်......ပိုက်ဆံက မရှိ အမေ့အစ်မသူငယ်ချင်းကလည်း ချို့တဲ့ အမေ့ အစ်မကလည်း အမေတို့ကို နေရာချပေးပြီးတာနဲ့ မေမေကြီးရန်ကြောက်ရလို့ အမြန်ပြန်သွားတဲ့အတွက် အမေတို့မှာ ရှေ့ဘယ်လို တောင် လုပ်ရမှန်းမသိခဲ့ဘူး.......ဒါပေမယ့် နောက်တစ်နေ့မှာ အမေ့အစ်မက စားစရာ သောက်စရာ တွေနဲ့ အတူ အမေတို့ဆီ ပြန်ရောက်လာလို့ စိတ်တော့ နည်းနည်းအေးခဲ့ရတယ်........ကလေးမွေးဖို့ ဆေးရုံ တက်ဖို့ကိုတော့ အမေ့အစ်မလည်း မတတ်နိုင်ခဲ့ဘူး.......နောက်ဆုံး ရှိတဲ့ ပိုက်ဆံလေးနဲ့ အရပ်လက်သည်နဲ့ မွေးဖို့လမ်းကိုပဲ ရွေးခဲ့ရတော့တယ်.....ပညာတတ် အဖေကတော့ အရပ်လက်သည်နဲ့ မွေးဖို့ကို စိတ်မချပေမယ့် ဘာမှမတတ်နိုင်တဲ့ဘ၀မှာ မျက်စိ စုံမှိတ်ပြီး လက်ခံခဲ့ရတော့တယ်......

ဒီလိုနဲ့ အမေ မွေးမယ့်နေ့မှာ ကံဆိုးမ သွားလေရာ မိုးလိုက်လို့ရွာဆိုသလို မိုးတွေ အပြင်းအထန်ရွာနေခဲ့သလို မိုးတွေ သဲနေတုန်းမှာပဲ အကြီးဆုံးသားကြီးကို အောင်အောင်မြင်မြင် မွေးနိုင်ခဲ့တယ်........ကလေး အနှီးတောင် မရှိတဲ့ အမေ အဖေ့ မရှိမယ့် ရှိမယ့် ပုဆိုး စုတ်လေးတွေ အမေ့အစ်မ ယူလာပေးတဲ့ သူ့အမျိုးသား ပုဆိုးစုတ်လေးတွေနဲ့ သားကြီးကို ထွေးပွေ့ခဲ့ရပေမယ့် သံယောဇဉ်ကြီးလွန်းတဲ့ အမေ့ရင်ထဲမှာ သားကြီးကို တစ်စိမ့်စိမ့်ကြည့်လို့ သောကတွေ ဒုတ်ခတွေ အရာရာ အားလုံးကို မေ့သွားပြီး သိပ်ကို အေးချမ်းခဲ့တယ်.....ကူသူမရှိ အရပ်လက်သည် တစ်ယောက် နဲ့ မိန်းမ တစ်ယောက်သာ ဘေးနားမှာရှိပြီး မွေးခဲ့ရတဲ့ အမေ့အတွက်လည်း စိုးရိမ်ကြီးနေတဲ့ အဖေလည်း ရုပ်ရှင်တွေထဲကလို သားလေးမွေးတယ်ဟေ့ အမေလည်း ကျန်းမာတယ်ဆိုတဲ့အချိန်ကျမှ ရင်ထဲက အပူလုံး ကျပြီး အခန်းထဲကို စွတ်ဝင်ပြီး အမေ့ကို ထွေးပွေ့နိုင်ခဲ့တယ်.......

အဲဒီအတွက် ကျွန်တော် ဆိုနေကျ သီချင်းလေးတစ်ပုဒ်တောင် ရှိခဲ့တယ်.......ဍဍဍဍမြို့စွန်ရပ်ကွက် တစ်ခုက တဲကလေးထဲမှာ.....ကြေကွဲ ငိုရှိုက်သံ သဲ့သဲ့ ကြားမိတယ်.....မိုးသံလေသံ ကြားက အညတရ တဲရဲ့ ငိုရှိုက်သံ....ဘယ်.......သူ တစ်ယောက်မှ ဂရုမပြုကြတယ်စသဖြင့်ပေါ့........လွန်ခဲ့ပြီးတဲ့ အချိန်တွေမှာ အစ်ကိုက ဂစ်တာတီး လို့ ကျွန်တော်က အဖေနဲ့အမေကို ဒီသီချင်းလေး ဆိုပြခဲ့ဘူးတယ်.......အဖေနဲ့အမေ သားကြီးကို ခက်ခက်ခဲခဲမွေးအပြီး တစ်ပါတ်လောက်အကြာ အမေသွေးနု သားနု အချိန်မှာပဲ အဖေ တာဝန်ကျရာ မြို့ကို ပုဆိုးစုတ်နဲ့ထွေးထားတဲ့ သားကြီးကို ပိုက်လို့ ပြန်ခဲ့ကြတယ်......အိမ်ပြန်ရောက်တဲ့ အမေ အလုပ်မလုပ်ပဲ မနေနိုင်တဲ့ အမေ အဖေ တားနေတဲ့ကြားကပဲ သွေးနုသားနုနဲ့ အိမ်အလုပ်တွေလုပ် အရင်လို ခရမ်းချဉ်သီးလေး ရောင်းနဲ့ အဖေ ဘယ်လောက်တားတား လုပ်မြဲလုပ်ခဲ့တယ်.....သွေးနု သားနု ပင်ပန်း ခက်ခဲတဲ့ ဒဏ်တွေက အမေ အသက်ကြီးလာတဲ့အချိန်တွေမှာ သိပ်ကို ခံရလိမ့်မယ်ဆိုတာတော့ အမေမသိခဲ့ဘူး........

သွေးနု သားနု ကလေးလေးကို ပိုက်လို့ ဖြူဖြူဖွေးဖွေး အမေ ဈေးလမ်းဘေးမှာ ပလတ်စတစ်စပေါ် ခရမ်းချဉ်သီး ပုံရောင်းနေတဲ့ အမေ့ကို ဂရုဏာ သက်ခဲ့ကြတဲ့ ဈေးဝယ်သူတွေကလည်း မရှားခဲ့ဘူး.......ရသမျှ ပိုက်ဆံလေးကို ကျစ်ကျစ် ပါအောင် စုရင်း အမေ မုန့်ဟင်းခါးဆိုင်လေး ဖွင့်ဖို့ စိတ်ကူးခဲ့တယ်.....အမေ လမ်းဘေးမှာ ခရမ်းချဉ်သီးထိုင်ရောင်းနေတာထက်စာရင် မုန့်ဟင်းခါးဆိုင်လေးက ပိုကောင်းတယ်ဆိုတဲ့စိတ်နဲ့ အဖေကလည်း မုန့်ဟင်းခါးဆိုင်ဖွင့်ဖို့ အားပေးခဲ့တယ်.....ဒီလိုနဲ့ လေးလ ငါးလလောက်အကြာမှာ အဖေနဲ့အမေ မုန့်ဟင်းခါးဆိုင် သေးသေးလေးတစ်ခုဖွင့်လာနိုင်ခဲ့တယ်.....မုန့်ဟင်းခါးဆိုင်ဖွင့်တဲ့အချိန်မှာ အမေက အဖေ့ကို အိမ်မှာလုပ်ကူရင်ကူ ဆိုင်မှာ လာပြီး ကူမရောင်းဖို့ကို အပြင်းအထန် တားမြစ်ခဲ့တယ်......အရာရှိပေါက်စ ဖြစ်နေတဲ့အဖေ့ကို မုန့်ဟင်းခါးဆိုင်မှာ မုန့်ဟင်းခါး ရောင်းနေတဲ့ အဖြစ်မျိုး မဖြစ်စေချင်ပေမယ့် အမေ့ကိုသိပ်ချစ်တဲ့အဖေကလည်း အမေ တစ်ယောက်ထဲပင်ပန်းမှာစိုးရိမ်လို့ အားချိန်တွေမှာကူရောင်းပေးချင်ခဲ့တယ်......အမေက အပြတ်ပြောပြီးတားတဲ့အတွက် အမေ မနက် မုန့်ဟင်းခါးဆိုင်ထွက်နိုင်အောင် အဖေက ရုံးကပြန်ရောက်တာနဲ့ အမေ ဘာမှ လုပ်စရာမလိုအောင် ကို လုပ်ပေးခဲ့တယ်......

မနက်ဆို အမေမုန့်ဟင်းခါးဆိုင်ဖွင့်မယ့်နေရာကို အဖေလိုက်ပို့ပေးပြီး ရုံးကို သွား ညနေဆို ရုံးကနေ ဘယ်ကိုမှ မ၀င်နိုင်ပဲ အမေ များပင်ပန်းနေမလား ဆိုတဲ့စိတ်နဲ့ အဖေ အမြဲ အိမ်ကို အမြန်ရောက်အောင်ပြန်လေ့ရှိလို့ လုပ်ဖော်ကိုင်ဖက် ၀န်ထမ်းတွေက အဖေ အမေ့အပေါ်ချစ်တဲ့စိတ် အမေ အဖေ့ပေါ် ချစ်တဲ့စိတ်ကို ထူးထူးခြားခြား အသိအမှတ်ပြုခဲ့ကြတယ်......အမေ့ မုန့်ဟင်းခါးဆိုင်လေးကလည်း အရသာကောင်းတဲ့အတွက် ရောင်းကောင်းပေမယ့် အမြတ်အနေနဲ့ကတော့ ပြောလောက်အောင် မရခဲ့ဘူး......ရသမျှပိုက်ဆံလေးကိုတော့ အမေ ကျစ်ကျစ်ပါအောင် စုထားနိုင်ခဲ့တယ်.....လုံလောက်တဲ့ ပိုက်ဆံရရင် အမေ အရင်က လုပ်ခဲ့တဲ့ သကြားဝယ်ရောင်းကို ပြန်လုပ်ဖို့ ရည်ရွယ်ခဲ့ပေမယ့် ဘ၀ ဆိုတာ ကိုယ်တွေးတိုင်းကိုယ်လုပ်တိုင်း ဖြစ်ချင်မှ ဖြစ်တာဆိုတာကို အမေ ပထမဆုံးစသိဖို့ အကြောင်းတွေ ဖန်လာခဲ့ပြန်တယ် .....

Friday, April 3, 2009

အဖေနဲ့အမေ ။၁၁။

တစ်လလောက်အကြာမှာ အဖေ့ကို အမေ ရန်ကုန်ကို အလုပ်လျှောက်ဖို့လွှတ်ခဲ့တယ်.......အမေပေးလိုက်တဲ့ ပိုက်ဆံကို ကိုင်ပြီး တောသား အဖေ ရန်ကုန်ကို ပထမဆုံး ရောက်ဖူးခဲ့တယ်.......အဖေရန်ကုန် ရောက်ရောက်ချင်း ဆက်သွယ်တာကတော့ အသုံးလုံးသင်တန်းမှာ တွေ့ခဲ့တဲ့ အဖေ့ကိုသိပ်ခင်တဲ့ အဲဒီအချိန်က ၀န်ကြီးတစ်ယောက်ရဲ့သားကိုပါ.......အဖေ ဖုန်းဆက်ဆက်ခြင်း အဖေ့သူငယ်ချင်းက ၀မ်းသာအားရနဲ့ အိမ်ကိုလာခဲ့ဖို့ ခေါ်လို့ အဖေ လိုက်သွားခဲ့တယ်......သူငယ်ချင်းမိသားစု နဲ့အတူ တစ်ခြား လူကြီးတွေပါနေတဲ့ နေရာကိုရောက်တော့ အဖေ့ကို အဆင့်ဆင့်စစ်ဆေးတာကို အဖေ သိပ်စိတ်ညစ်ခဲ့တယ်......အဆင့်ဆင့်စစ်ဆေးပြီး အကြိမ်ကြိမ် မေးမြန်းပြီးမှ အဖေ သူ့သူငယ်ချင်းကို တွေ့ခဲ့ရတယ်.....တွေ့တွေ့ချင်းပဲ သူငယ်ချင်းက အဖေ့ကို တစ်ခုခုသွားစားမယ်ဆိုပြီး အပြင်ကို ခေါ်ခဲ့တဲ့အချိန်မှာပဲ ခင်ဗျားဆီကို ကျွန်တော် နောက်ဘယ်တော့မှ မလာတော့ဘူးဗျာ လို့ပြောတော့ သူငယ်ချင်းက ခွင့်လွှတ်ပါဗျာ ကျွန်တော့်အဖေတို့ လုံခြုံရေးအတွက်ပါလို့ ပြန်ပြောခဲ့တယ်......

အဖေ့သူငယ်ချင်းက အဖေ့အပေိပ်ကောင်းခဲ့ပါတယ်......အဖေ့သူငယ်ချင်းက အဖေ့ကို လမ်းကြောင်း နှစ်ခု ချပေးခဲ့တယ်.....တစ်ခုကတော့ နိုင်ငံခြားရေးရုံးမှာ လုပ်ဖို့နဲ့ နောက်တစ်ခုက အမေ့ကို နားလည်အောင်ပြောပြီး လူပျိုအနေနဲ့ အိုဒီအက်စ်ကို တက်ချင်ရင် တက်ခွင့်ရအောင် လုပ်ပေးမယ်ဆိုတာပါဘဲ........ဒါပေမယ့် နှစ်ခုစလုံးကို အဖေငြင်းခဲ့တယ်......နိုင်ငံခြားရေးရုံးလိုနေရာမျိုးမှာ လုပ်ရရင် ရန်ကုန်မှာနေရမယ် ဒါပေမယ့် တစ်သက်လုံးတောမှာ ခပ်အေးအေးနေလာတဲ့အဖေက မျက်စိရှုပ် နားရှုပ် ရန်ကုန်ကို ဒီနေ့အထိ စိတ်မ၀င်စားခဲ့သလို မေကြီး မကြိုက်တဲ့ စစ်တပ်ထဲကို ၀င်ဖို့လည်း အဖေ စိတ်မကူးခဲ့ဘူး.......ကျွန်တော့် ပညာနဲ့ ပါတ်သက်တဲ့ဌာနမှာ ၀င်လို့ရအောင် ကူညီပေးနိုင်ရင် ကူညီပေးပါ အဲဒါရရင်လည်း ကျွန်တော် နယ်မှာပဲနေချင်တယ် လို့အဖေ တောင်းဆိုခဲ့တယ်.....

အဖေ့သူငယ်ချင်းက အဖေ့ကို စဉ်းစားပါအုန်းဗျာ ဒီနေရာတွေဆိုတာ လူတိုင်းလိုချင်တယ် ကွှန်တော် ခင်ဗျားကိုသဘောကျလို့ ခင်ဗျားကို ခင်လို့သာ လုပ်ပေးမှာပါဆိုပေမယ့် အဖေကတော့ သူ့ဆုံးဖြတ်ချက်ကို မပြင်ခဲ့ဘူး........နောက်ဆုံးမှာ အဖေ့အလိုကျပဲ အဖေ့သူငယ်ချင်းက ကူညီပေးခဲ့တယ်.......ရန်ကုန်ကို တစ်ခါမှ မရောက်ဖူးတဲ့အဖေ့ကို အဖေ့သူငယ်ချင်းက တိရိစာန်ရုံက အစ ကလေးတစ်ယောက်လို လိုက်ပို့ပေးခဲ့လို့ အဖေ့မှာ အံ့သြတစ်ကြီး မြင်မြင်သမျှ အထူးအဆန်းဖြစ်ခဲ့ရတယ်........အလုပ်ကိတ်စတွေကိုလည်း အစစအရာရာ ပေါက်ရောက်တဲ့ သူပဲ လိုက်လုပ်ပေးခဲ့တယ်.....အားလုံးကိတ်စ၀ိတ်စတွေ အပြီး သူငယ်ချင်းကို နှုတ်ဆက်လို့ အဖေ အမေ့ဆီကိုပြန်လာခဲ့တယ်.........ကျွန်တော် နောက်မလာတော့ဘူးဗျာ ရန်ကုန်က ကျွန်တော်နဲ့ ဘယ်လိုမှ အပ်စပ်မှာ မဟုတ်ပါဘူး ခင်ဗျားဆီလည်း နောက်လာဖြစ်တော့မှာ မဟုတ်ပါဘူးဗျာ ဆိုတဲ့ အဖေ့ကို အေးဗျာ ခင်ဗျားကို ကျွန်တော် နဲ့အတူ နိုင်ငံခြားရေးရုံးမှာ လုပ်စေချင်တာ ရန်ကုန်ရောက်ရင် ကွှန်တော့်ဆီ တော့ဝင်ပါဗျာလို့ ပြောပြီး အဖေ့ကို လိုက်ပို့ပေးခဲ့တယ်........

နယ်ပြန်ရောက်တော့ အဖေ အလုပ်လျှောက်တာ အဆင်ပြေခဲ့တယ် ဆိုလို့ အမေလည်း ၀မ်းသာခဲ့ရတယ်.....မေမေကြီးကတော့ ရိပ်ဖမ်းသံဖမ်းလောက်ပဲ သိပြီး သူ့ရင်ခွင်ကနေ အမေ နဲ့ အဖေ ထွက်ဖို့ကြိုးစားနေတယ်ဆိုတာကို အတိအကျ မသိခဲ့သလို အမေကလည်း မပြောခဲ့ဘူး.......မေမေကြီးက အဖေ့အပေါ် အပိုင်တွက်ခဲ့တာလည်း ပါခဲ့တယ်.......ဆင်းရဲသားအဖေ ပိုက်ဆံကို ၁၀၀ ကျော်ထက် ပိုမကိုင်ဘူးတဲ့အဖေက အမေနဲ့ရအပြီးမှာ ပိုက်ဆံတွေ နေ့တိုင်းအများကြီးဝင်တာကိုလည်း အဲဒီအချိန်က အံ့သြခဲ့သလို သဘောလည်းကျခဲ့တယ် စီးပွားရေးလိုင်းကို......ဒါပေမယ့် အဖေ့ကို အရာရှိ တစ်ယောက် ဖြစ်စေချင်တဲ့ အမေကတော့ စီးပွားရေးဆိုတာ ပိန်လိုက်ဖောင်းလိုက် ဘာမှသေချာတဲ့အရာမဟုတ်ဘူးလို့ ဆိုခဲ့သလို မေမေကြီးရဲ့ လေတိုက်တိုင်းပြောင်းလဲနေတဲ့စိတ်ကိုလည်း အမေ အဖေ့ကို ပြောပြခဲ့တယ်.......အဖေ အရာရှိတစ်ယောက်ဖြစ်ခဲ့တာ အမေ့လမ်းကြောင်းပေးမှုကြောင့်ဆို မှားမယ်လို့ ကျွန်တော် မထင်ခဲ့ဘူး..........

အဖေရန်ကုန်က ပြန်လာပြီး ၄ ၅ လအတွင်း အရာရှိပေါက်စဘ၀နဲ့တာဝန်ထမ်းဆောင်ဖို့ စာထွက်လာခဲ့တယ်.......အဲဒီအချိန်က အမေ့ရဲ့ အပျော်ဆုံးအချိန်ပေါ့........မိဘအိမ်က ခွာရတော့မှာဖြစ်လို့ အမေ မေမေကြီးနဲ့ဘဘကြီးကို ဖွင့်ပြောရမယ့် အချိန်ရောက်လာခဲ့ပြီ......အရာရာအားလုံး ထင်သလောက်မလွယ်ဘူးဆိုတာ အမေ ကြိုတွေးထားပေမယ့် သိပ်ဆိုးရွားလိမ့်မယ်လို့တော့ အမေမထင်ခဲ့ဘူး..........အမေနဲ့အဖေ ဘဘကြီးနဲ့မေမေကြီးကို အဖေ အလုပ်ရလို့ သွားရတော့မယ်လို့ပြောတဲ့နေ့က ဘဘကြီးက မျက်နှာသိပ်ပျက်ခဲ့တယ်......ဒါပေမယ့် အဖေ့လိုပဲ အေးချမ်းတဲ့ဘဘကြီးက အေးပေါ့သမီးရယ် အဖေနားလည်ပါတယ် သမီးဘ၀ အတွက် မှန်ကန်တဲ့လမ်းကို ရွေးလိုက်တာ အဖေ နားလည်ပါတယ်ဆိုပေမယ့် ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက် ဆိုတဲ့ စိတ်အင်မတန်ကြီးတဲ့ မေမေကြီးကတော့ အမေမရှိရင် သိပ်လိပ်ပါတ်မလည်လောက်တဲ့ အလုပ်တွေကိုတွေးပြီး အကြီးအကျယ်ကို ပေါက်ကွဲခဲ့တော့တာပါဘဲ.......အဖေနဲ့အမေ မမျှော်လင့်ခဲ့တဲ့အဖြစ်တွေလည်း ဆက်တိုက်ဖြစ်လာခဲ့ရတော့တယ်.......

အမေနဲ့အဖေ အဖေ တာဝန်ကျရာ နေရာကို သွားတော့မယ် အမေ လိုက်သွားတော့မယ် ဆိုတာလည်း သိရော မေမေကြီးက ယမ်းပုံမီးကျဖြစ်ပြီး အမေ့ကို ကောင်းကော့င်းဆဲခဲ့သလို အဖေလည်း မသက်သာပါဘူး......အဖေက အမေ့ကို တစ်ခွန်းမှ ပြန်မပြောပါနဲ့လို့ တောင်းဆိုထားလို့ အမေလည်း ငြိမ်ခံနေခဲ့တယ်.....နောက်တော့ မေမေကြီးက ငါဆင်ထားတဲ့ လက်ဝတ် လက်စားတွေ ချွတ်ခဲ့ဆိုပြီး အမေ့ကို ပြောခဲ့တော့တာပါဘဲ.....ဘဘကြီးက မင်းကွာ ငါ့သမီးကို ဒီလိုတော့ မလုပ်ပါနဲ့ဆိုပေမယ့် တော် တစ်ခွန်းမှဝင်မပြောနဲ့ ကျုပ် ပိုက်ဆံနဲ့ ဆင်ထားတာ ကျုပ်သဘောဆိုပြီး အမေ့ဆီက လက်ဝတ်လက်စား အကုန် ချွတ်ယူခဲ့တယ်......အဲဒီအချိန်မှာတော့ အဖေ တော်တော့်ကို စိတ်မကောင်းဖြစ်ခဲ့သလို အမေကလည်း မေမေကြီး ကို တော်တော်နာသွားခဲ့တယ်.....နောက်ဆုံး နားကပ်ပဲ ကျန်တော့တဲ့ အမေက နားကပ်ပါ ချွတ်ပြီး ရော့ယူထားပါ အမေ ဆိုပြီး အကုန်ကို ချွတ်ပေးခဲ့တယ်......

အမေ့မှာ သူ သပ်သပ်လုပ်ထားတဲ့ သကြားဝယ်ရောင်းက ရတဲ့ ပိုက်ဆံလေးရှိပေမယ့် မေမေကြီးက ဒီပိုက်ဆံတွေလည်း ငါ့ပိုက်ဆံပဲ မယူရဘူးဆိုလို့ အဖေနဲ့အမေ ခရီးသွားဖို့တောင် ခက်ခဲခဲ့ရတယ်......အမေ့အစ်မ နှစ်ယောက်နဲ့ ဘဘကြီးက တိတ်တိတ် ခိုးပေးခဲ့လို့သာ အဖေနဲ့အမေ အဖေတာဝန်ကျရာမြို့ကို ထွက်လာနိုင်ခဲ့တယ်......ပြောင်းလာတယ်ဆိုပေမယ့် အဖေနဲ့အမေမှာ တော်တော့်ကို ချို့ချို့တဲ့တဲ့ နိုင်ခဲ့ပါတယ်......ထမင်းချက်စားဖို့ ဒန်အိုးတစ်လုံး ဟင်းချက်ဖို့ ဒယ်ပိုင်းတစ်ခု ဖျာတစ်ချပ် အိုးတစ်လုံး သစ်တာလေး တစ်လုံး နဲ့ တစ်ကယ့်ကို အမေ့ဘ၀ ပြောင်းလဲခဲ့ရတယ်.....မေမေကြီးက အ၀တ်အစားက အစ ငါဝယ်ပေးတာ မယူသွားနဲ့လို့ ပြောခဲ့တဲ့ အမေ့မှာ ဘော်လီတောင် လက်ချိုးရေလို့ရခဲ့တယ်......အဖေကတော့ ဆင်းရဲမှုနဲ့ ကျင့်သားရနေပေမယ့် အမေ့ကို တော်တော်သနားခဲ့တယ်.....ငါ့ကြောင့် ဖြစ်ရတာ ဆိုတဲ့ စိတ်နဲ့ အမေ့အပေါ်လည်း အဖေ တော်တော်ကြင်နာခဲ့တယ်.....

အိုးတစ်လုံး ဖျာတစ်ချပ် ထင်းရှူးသစ်တာတစ်လုံး ဒယ်ပိုင်းတစ်ခု နဲ့ အဖေနဲ့အမေဘ၀ကမှ တစ်ကယ့်ကို သုညက စရတယ်လို့ ဆိုရမယ်.......အဖေ တာဝန်ကျတဲ့နေရာ က အဖေနဲ့အမေ နေရမယ့် အိမ်ကို ရောက်တဲ့နေ့ကဆို ရောက်ရောက်ချင်းစားစရာမရှိလို့ လင်မယားနှစ်ယောက် ရေသောက်နေခဲ့ရတယ်.......အဖေ အလုပ် ဆင်းရမယ့်နေရာကို စုံစမ်းကြည့်တော့လည်း ၂ မိုင်လောက် ဝေးတယ်ဆိုတာ သိတော့ ဘယ်လို သွားမလဲ အမေက စိုးရိမ်ပူပန်ခဲ့ပေမယ့် အဖေကတော့ မပူနဲ့ ငယ်ငယ်ကတောင် ရွာကနေ မြို့ပေါ်ေ၇ာက်အောင် လမ်းလျှောက်ခဲ့သေးတာပဲ အခုလည်း လမ်းလျှောက်သွားမှာပေါ့ဆိုတော့ အရာရှိပေါက်စ အဖေ့အတွက် အမေစိတ်မကောင်းခဲ့ဘူး......နောက်နေ့ကစလို့ အိတ်ကလေး ဆွဲလို့ ဖော့ဖိနပ်လေးနဲ့ ရုံးတက်ဖို့ လမ်းလျှောက်ထွက်သွားတဲ့ အဖေ့ကို အမေ အိမ်ပေါက်ကနေထိုင်ကြည့်ပြီး စိတ်တော်တော်မကောင်းခဲ့ဘူး.....အဖေကတော့ ပြုံးပြုံးရွှင်ရွှင်နဲ့ပဲ ရုံးကိုသွားခဲ့တယ်.......

ကံဆိုးမသွားရ မိုးလိုက်လို့ရွာဆိုသလို တစ်လလောက်အကြာမှာ အမေ အော့အန် လာပြီး ပထမဆုံး ကိုယ်ဝန်ကို လွယ်ထားရမှန်း သိခဲ့ရတယ်......သောက်စရာ အားဆေးဆိုတာ မဆိုထားနဲ့ အားရှိစေဖို့ အတွက် အာဟာရဖြစ်မယ့် အစာလေးတောင် အမေမစားနိုင်သလို မေမေကြီးတို့ဆီ နဲ့ အစ်မတွေ ဆီ လည်း အမေ လှမ်းပြီး အကူညီမတောင်းခဲ့ဘူး.......မိသားစုလေးဘ၀ကို ပိုင်ဆိုင်၇တော့မယ့်အရေးတွေးပြီး အဖေပျော်ပေမယ့် အမေ့ကို အဖေ ဘာမှမစွမ်းဆောင်ပေးနိုင်ခဲ့ဘူး.....အဖေရတဲ့လခက သိပ်ကိုနည်းခဲ့တယ်......ရိုးသားတဲ့အဖေက အရာရှိပေါက်စ အဖေ အစိုးရပိုက်ဆံ ဘုန်းဖို့ကိုလည်း စိတ်မကူးခဲ့သလို အမေကလည်း ခွင့်ပြုမှာမဟုတ်ဘူးဆိုတာ အဖေ သိခဲ့တယ်......

ကိုယ်ဝန် တစ်ဖြည်းဖြည်းရင့်လာတဲ့ အမေက အာဟာရဆိုလို့ ဆန်ပြုတ်နဲ့ ကြက်ဥလောက်သာ အထူး စားစရာအနေနဲ့ စားခဲ့ရတယ်......အဖေကတော့ နေ့တိုင်း ၄ မိုင်လောက် လမ်းလျှောက်ရပေမယ့် ညနေ အိမ်ပြန်ရောက်တိုင်း အိမ်အလုပ်တွေ တစ်ယောက်ထဲ ဒိုင်ခံလုပ်မယ်ဆိုပြီး အမေ့ကို ဘာမှမခိုင်းခဲ့သလို ညနေတိုင်းလည်း အမေနဲ့ လမ်းလျှောက်ထွက်ခဲ့တယ်.......ညောင်းညာနေပေမယ့် ကိုယ်ဝန်ဆောင်ဆိုတာ လမ်းလျှောက်ရတယ်ဆိုပြီး ဇွတ်အမေ့ကို လမ်းလျှောက်ထွက်ဖို့ ခေါ်တဲ့ အဖေ့ကို အမေ သိပ်သနားခဲ့သလို အဖေ့အတွက် စက်ဘီးလေးတစ်စီးနဲ့ ဗိုက်ထဲက ကလေးကို မွေးဖို့ အမေ ဈေးထွက်ရောင်းဖို့ စဉ်းစားခဲ့တယ်......

ဈေးထွက်ရောင်းမယ်ဆိုပေမယ့် ပိုက်ဆံမရှိတော့ ဘာရောင်းရမှန်းလည်း အမေမစဉ်းစားနိုင်ခဲ့ဘူး....နောက်ဆုံးတော့ ကိုယ်ဝန်ကြီးနဲ့ သူဌေးသမီးအမေက ခရမ်းချဉ်သီးဒိုင်တစ်ခုကိုသွား ခရမ်းချဉ်သီးတစ်ချို့ကို ခေါက်ပြန်ပေးနဲ့ယူလို့ အမေတို့နေတဲ့နေရာ က ဈေးလေးတစ်ခုမှာ အဖေ့ပုဆိုးစုတ်လေးခင်းပြီး ခရမ်းချဉ်သီး ထိုင်ရောင်းခဲ့တယ်.....စရောင်းတဲ့နေ့ကဆို အမေ ရှက်လွန်းလို့ ပုဆိုးလေး ခေါင်းပေါ်တင် မျက်နှာကို လူမမြင်အောင် ဖုံးပြီး ငုတ်တုတ်ထိုင်နေခဲ့တယ်.......အမေ့ကို သိတဲ့ လူတစ်ချို့က ခရမ်းချဉ်သီးဝယ်ရင်း စပ်စုတဲ့သဘောနဲ့ သေချာကြည့်ရင် အမေ သိပ်ရှက်ခဲ့တယ်......နောက်ပိုင်းမှာတော့ ငါ ကောင်းေ၇ာင်းကောင်းဝယ်လုပ်စားတာပဲ ရှက်စရာမလိုဘူးဆိုပြီး အမေ့ စိတ်ထဲ တွေးပြီး အမေ ခပ်တည်တည် နေနိုင်ခဲ့တယ်.....

သိပ်မကြာခင်မှာပဲ အဖေ့အတွက် စက်ဘီးအဟောင်းလေး တစ်စီး ၁၅ ကျပ်နဲ့ အမေ ၀ယ်ပေးနိုင်ခဲ့တယ်......စက်ဘီးလေး အိမ်မှာရောက်လာတဲ့နေ့က အဖေက ဆီထိုး ဖုန်သုတ်နဲ့ အဖေနဲ့အမေ လင်မယားနှစ်ယောက် မာစီးဒီးကြီး ၀ယ်နိုင်ခဲ့သလိုပါဘဲ......စက်ဘီးလည်း ရပြီ လက်ထဲလည်း နည်းနည်းလေး စုမိပြီပဲ ကလေးမွေးဖို့ အားမွေးရအုန်းမယ် ခရမ်းချဉ်သီးမရောင်းဖို့ အမေ့ကို အဖေ တားခဲ့တယ်......နောက်တစ်နေ့ စက်ဘီးလေး စီးပြီး ရုံးကိုထွက်သွားတဲ့ အဖေ့ကိုကြည့်ပြီး အမေ စိတ်ချမ်းသာခဲ့သလို အမေ့ကျေးဇူးကိုလည်း အဖေ လုံးဝ မမေ့ခဲ့ဘူး........ကိုယ်ဝန် ရင့်လာတဲ့ အမေ အစားအသောက်ချို့တဲ့တဲ့ အမေ့ကို အဖေက မေမေကြီးတို့ဆီ ပြန်ဖို့ တရားချခဲ့တယ်.....အမေကတော့ မေမေကြီးကို စိတ်နာတဲ့အနာဟာ တော်တော်နဲ့ မပြေနိုင်ခဲ့ဘူး.......မေမေကြီးကိုလည်း အမေအယုံအကြည်မရှိတော့ပေမယ့် တရားချလွန်းမက ချလာတဲ့ အဖေ့စကားကို နားထောင်ပြီး အမေ မေမေကြီးတို့ဆီ ပြန်ဖို့လက်ခံခဲ့တယ်.........အဖေ ရုံးပိတ်ရက် တစ်ရက်မှာ အဖေနဲ့အမေ မေမေကြီးတို့ဆီ ထွက်လာခဲ့ကြတယ်......အဖေနဲ့အမေ့ရင်ထဲမှာလည်း သူဌေး မေမေကြီးဆီကို အားကိုးတစ်ကြီးလာခဲ့ပေမယ့် ကံကြမာဘယ်လောက်တောင် ဆိုးမလည်းဆိုတာ ကိုတော့ မသိခဲ့ကြသလို မမျှော်လည်း မမျှော်လင့်ခဲ့ကြဘူး.......အမေ့မျက်နှာ အမေ့ကိုယ်ဝန်ကြောင့် အရာရာ အားလုံး အဆင်ပြေမှာပါလို့ တွေးထားတဲ့ မျှော်လင့်ချက်တွေနဲ့ အဖေနဲ့အမေ မေမေကြီးတို့ဆီကို လာခဲ့ကြတယ်.....