Friday, July 3, 2009

အဖေနဲ့အမေ ။၂၁။

လူမမာ မေမေကြီး အိမ်ပေါ်ရောက်လာလို့ ကျွန်တော်တို့ အရင်လို နေချင်သလို နေလို့မရတော့ပေမယ့် မေမေကြီးကိုတော့ ညိုညင် စိတ်မဖြစ်ခဲ့ကြသလို အတတ်နိုင်ဆုံးလည်း ပြုစုခဲ့ကြလို့ မေမေကြီးက သူ့ကို ကလန်ကဆန် လုပ်ကြတဲ့ မြေးတွေထဲမှာ ကျွန်တော်တို့ကိုတော့ တစ်ခြား မြေးတွေထက် အချစ်ပိုခဲ့တယ်........အမေ အစွမ်းကုန် ပြုစုလို့ မေမေကြီး အတော်အတန် သက်သာလာတဲ့ အချိန်မှာတော့ မေမေကြီးက ငါ့သမီး ပေးတဲ့ အသက်ပဲအမေ့မှာ ရှိပါတော့တယ် အမေယုံကြည်တဲ့ နတ်တွေလည်း တစ်ကယ်ဖြစ်တော့ အမေ့ကို မကယ်နိုင်ပါဘူး ဆိုပြီး အမေ့ကို ကျေးဇူးတင်တဲ့ အကြောင်း လှိုက်လှိုက်လှဲလှဲပြောခဲ့လို့ အမေ လည်း ပီတိဖြစ်ခဲ့ရတယ်......



ဒီလိုနဲ့ မေမေကြီး ထူထူထောင်ထောင် ဖြစ်ကာစမှာပဲ အမေ အိမ်ကိုပြန်ချင်တယ်ဆိုပြီး အမေ တားနေတဲ့ကြားကပဲ သူ့ဇာတိမြို့ကို မေမေကြီး ပြန်သွားခဲ့တယ်.......မေမေကြီး ပြန်သွားပြီး သိပ်မကြာဘူး အမေ့မောင် အငယ်ဆုံး အမေတို့ဆီကို ရောက်လာခဲ့တယ်......စိတ်ပျက်လက်ပျက် မျက်နှာငယ်ငယ်နဲ့ ရောက်လာတဲ့ သူ့ကို အမေက ဘာဖြစ်လာတာလည်း မောင်နိုင် လို့ မေးတော့ အိမ်မှာ မေမေကြီးက နတ်ကနား အကြီးအကျယ် ပေးဖို့ လုပ်နေတယ် စိတ်ညစ်ပါတယ် အစ်မရယ် လို့ပြောတော့ အမေ လည်း စိတ်တော်တော်တိုသွားတယ်......အမေ သူ့မောင်ကို ခေါ်ပြီး မေမေကြီးတို့ဆီ လိုက်သွားတော့ အိမ်မှာ နတ်ကနား ပွဲ လုပ်ဖို့ နတ်ကတော် တွေ အိမ်ပေပ်မှာ ထိုင်နေကြပြီး မေမေကြီးလည်း အတူတူရှိနေခဲ့တယ်.......အမေက ရောက်ရောက်ချင်းပဲနတ်ကတော်တွေနဲ့မေမေကြီးရှေ့သွားပြီးအမေပြောတော့ကျွန်မပေးတဲ့အသက်ပဲ ရှိတယ် နတ် ဆိုတာ အလားဆို အခု အမေ ဘာလုပ်တာလည်း အမေ ဒီလို လုပ်လို့ အိမ်လည်း ရှိသမျှ တဖြည်းဖြည်းကုန်နေပြီ အမေ့ နတ်တွေ ဘာလုပ်ပေးနိုင်လည်း လို့ ဒေါသတစ်ကြီးပြောပြီး နတ်ကတော်တွေဘက်လှည့်လို့ ကဲ ရှင်တို့ တစ်ကယ်ဟုတ်တယ်ဆို ကျွန်မကို နတ်ဝင်အောင် လုပ်ပေး နတ်ဝင်ရင် ကျွန်မ အခုပါလာတဲ့ ပိုက်ဆံတွေအကုန် လှူမယ် ကျွန်မလည်း နတ်ကနား အကြီးအကျယ်ပေးမယ် မ၀င်ရင် အခု ဆင်းဆိုပြီး လုပ်တော့တယ်.....



မန်းဒလေးက ရောက်လာတဲ့ နာမည်ကြီး နတ်ကတော်ကြီးလည်း အမေ့ကို ကြောက်ကြောက်နဲ့ ဇွတ်ပြောနေတဲ့ အမေ့ကို နောက်ဆုံးမှာ နတ်ဝင်အောင် လုပ်ပေး ရတော့တယ်......စိတ်တိုနေတဲ့ အမေ့မောင်တွေ အမေ့ညီမတွေကလည်း အမေ့စိမ်ခေါ်ပွဲကို ၀ိုင်းကြည့်နေကြပြီး မေမေကြီးကတော့ မျက်နှာပျက်နေပေမယ့် အမေ့ ဒေါသ က ထိန်းမရခဲ့လောက်အောင်ဖြစ်ခဲ့ရတယ်.......အမေ့ကို နတ်ဝင်အောင် လုပ်ပေးမယ်ဆိုပြီး သူ့ရှေ့မှာ ထိုင်ခိုင်းပြီး နတ်ကတော်ကြီးက အစွမ်းကုန် ကြိုးစားတော့တယ်.......ဒါပေမယ့် သူဘယ်လိုပဲ ကြိုးစား ကြိုးစား တစ်ကယ်မဟုတ်တဲ့အတွက် နတ်က တော့ ၀င်မလာခဲ့ဘူး.....နောက်ဆုံးမှာ ကဲဘာနတ်မှလည်း မ၀င်ဘူး ရှင်တို့လည်း အလိမ်တွေ သွား အခု ဒီအိမ်ပေါ်က ဆင်းဆိုတဲ့အချိန်မှာ နင့် လိပ်ပြာ မလှဘူးလို့ ပြောတော့ အမေ့ မောင်အငယ်ဆုံးက ၀င်ထိုးမယ်လုပ်လို့ ရုန်းရင်းဆန်ခတ် တော်တော်ဖြစ်သွားခဲ့သလို မေမေကြီးကလည်း ငါ့အရှက်ကိုခွဲတယ် ငါ့အရှက်ကို ခွဲတယ်နဲ့ ပဲ အော်နေခဲ့တယ်.......



အဲဒီအဖြစ်နောက်ပိုင်းတော့ မေမေကြီးက အမေ့ကို စိတ်အကြီးအကျယ်ဆိုးသွားသလို အမေကလည်း မေမေကြီးကို စိတ်ဆိုးသွားတဲ့အတွက် အရင်လိုပဲ မေမေကြီးနဲ့ အမေ အဆက်အသွယ် ပြတ်သွားပြန်တယ်......လက်တွေ့ဆန်တဲ့ အမေက အရာရှိကတော်တွေကြားထဲက နတ်ကနားတွေ ဘိုးတော်တွေ ကိုးကွယ်တာကိုလည်း အယုံအကြည်မရှိတဲ့အတွက် သီးသန့်လည်း ဆန်နေခဲ့တယ်....ဒါ့အပြင် အရာရှိကတော်တွေ စုထားတဲ့ ဟိုအဖွဲ့ဒီအဖွဲ့တွေက အမေ့ကို ပါစေချင်လို့ လာခေါ်ခဲ့ရင်တောင် ကျွန်မ သားသမီး တွေဝေယျာဝတ်စ ယောင်္ကျား ဝေယျာဝတ်စ ကျွန်မ အလုပ်တွေ နဲ့ မအားပါဘူး ကျွန်မ ဒီအလုပ်တွေလည်း ၀ါသနာလည်း မပါဘူး ကျွန်မ မိသားစု အလုပ်နဲ့ တင် မအားဘူး ဆိုပြီး ဘူးခံညင်းခဲ့လို့ ဘယ်အဖွဲ့အစည်းမှာမှ အမေမပါခဲ့သလို ကိုယ်ပိုင် စီးပွား နဲ့ သားသမီး ယောင်္ကျား ဝေယျာ ၀တ်စတွေနဲ့ပဲ အမေ့ ဘ၀မှာ အချိန်ကုန်ခဲ့ရတယ်.......



မေမေကြီး နဲ့ နတ်ကနားပွဲ ကိတ်စ နဲ့ပါတ်သက်လို့ ရန်ဖြစ်ပြီး ၁ နှစ်ကျော် လောက်အကြာမှာတော့ အဖေနဲ့အမေဘ၀မှာ သားသမီးနဲ့ ပါတ်သက်လို့ စိတ်ဆင်းရဲရခြင်းတွေရဲ့ အစ လို့ ခေါ်ရမယ့် အဖြစ်အပျက် တစ်ခု ဖြစ်လာခဲ့တယ်.......လိုချင်တာ ပူဆာ တာမရလို့ အဖေနဲအမေရဲ့ သားအကြီးဆုံး ကျွန်တော့်အစ်ကိုက အိမ်ပေါ်က ဆင်းသွားတာပါဘဲ.........သားကြီး အိမ်က ထွက်ပြေးသွားမှန်းသိ လိုက်ရတဲ့ အချိန်မှာသား သမိး သံယောဇဉ်ကြီးတဲ့ အမေဟာ အရူးမီးဝိုင်းသလို ဖြစ်နေခဲ့သလို အစ်ကို အိမ်က ထွက်ပြေးသွားမှန်းသိသိချင်း ဆိုင်ကယ် တစ်စီး နဲ့ သွားတတ်မယ် ထင်တဲ့ နေရာ ကို တွေ့လို တွေ့ညား လိုက် ရှာနေခဲ့တဲ့ အဖေကို ကြည့်ရတာလည်း သနား စရာပါဘဲ......အစ်ကိုကတော့ ဘာမဟုတ် တဲ့ ကိတ်စလေးနဲ့ မိဘကို စိတ်ဆိုးပြီး အမေတို့နဲ့ သိပ်ကို အလှမ်းကွာဝေးလွန်းတဲ့ ချင်းပြည်နယ်မှာ တာဝန်ကျနေတဲ့ အမေ့ မောင် ဆီကို ထွက်ပြေးသွားခဲ့တယ်.....ဦးလေးဆီမှာပဲ ကျောင်းဆက်တက်ပြီး အစ်ကိုက ပျော်နေပေမယ့် ကျန်ခဲ့တဲ့ အဖေနဲ့အမေကတော့ သားကြီးကို လွမ်းနေခဲ့သလို အပေါင်းအသင်းသိပ်မရှိလို့ အိမ်မှာပဲ ပျော်နေတဲ့ ကျွန်တော့် အတွက်လည်း အိမ်မှာ အစ်ကို မရှိတော့တာ တော်တော်သိသာခဲ့တယ်.......



ဒီလိုနဲ့ တစ်နှစ်ကျော် ကြာပြီး အစ်ကို အိမ်ကို ပြန်ရောက်လာတဲ့ အချိန်မှာ အဖေနဲ့အမေလည်း ပျော်ခဲ့သလို အိမ်မှာလည်း အရင်လို စိုစိုပြည်ပြည် ပြန်ဖြစ်လာခဲ့တယ်.......အစ်ကိုပြန်ေ၇ာက်လို့ မိသားစု ပျော်ပျော် ရွှင်ရွှင် ဖြစ်ခဲ့ပေမယ့် အဲဒီအပျော်တွေဟာလည်း ကြာရှည် မခံခဲ့ ပြန်ပါဘူး.....ကိုးတန်းအောင်လို့ ဆယ်တန်း တက်တော့မယ့် သမီးလတ်က ယောင်္ကျားနောက် လိုက်ပြေးဖို့ လုပ်နေတာကို အဖေနဲ့အမေ သိခဲ့ရတယ်.......အဖေနဲ့ အမေ ခေါင်းကို ဆင်နင်းသလို ဖြစ်ဲခဲ့ရပြီး စာတော်တဲ့ သမီးကို ဆယ်တန်းလေး အောင်အောင်ဖြေဖို့ ဆယ်တန်းအောင်ပြီး မှ စဉ်းစားဖို့ လူကြီး လို ဆုံးမ ခဲ့ပေမယ့် သမီး စာ လည်း မကျက်ချင်တော့ဘူး အဖေနဲ့အမေ မပေးစားလည်း ခိုးရာလိုက်ပြေးမှာပဲ ဆိုလို့ အဖေနဲ့ အမေ အကြီးအကျယ် စိတ်ဆင်းရဲရတော့တယ်......နောက်ဆုံးမှာတော့ ဘယ်လိုမှပြောမရတဲ့အဆုံး ကဲ ခိုးရာတော့ လိုက်မပြေးပါနဲ့ အဖေတို့ အမေတို့ သိတ်ခါ ကျပါမယ် ဘယ်လိုမှပြောမရဘူးဆိုရင်လည်း ငါ့သမီး ရည်းစား ဘယ်သူလည်း ပြော အဖေတို့ အမေတို့ စကားပြောမယ် ဆိုပြီး ပြောခဲ့ရတယ်........



ကိုးတန်းအောင် ဆယ်တန်းတက်တော့မယ် သမီးက ယောင်္ကျား ယူဖို့ ကြိုးစားတဲ့အချိန် တားမရလို့ ပေးစားပါ့မယ် ဆိုတဲ့ အဖေနဲ့ အမေ ရင်ထဲ ဘယ်လောက်တောင် ခံစားခဲ့ရမလည်းဆိုတာ ကျွန်တော် နောက်ပိုင်းမှာ တွေးမိခဲ့တယ်.......သူ့ရည်းစားပါဆိုပြီး အစ်မက တစ်ကယ်ခေါ်လာတဲ့အချိန်မှာတော့ ပညာ တတ်တဲ့ အပြင် ရည်ရည်မွန်မွန်နဲ့ အစ်မထက် ဆယ်နှစ်ကျော် ကြီးတဲ့အတွက် အဖေနဲ့ အမေ က ပေးစားရမယ့် အတူတူ ဒိလိုလေးဆိုတော့လည်း မဆိုးပါဘူး လို့ ဖြေသိမ့်ခဲ့ရတယ်.....ဒါပေမယ့် အမေ လည်း မေမေကြီး ၀တ်ကို လိုက်ခဲ့သလိုပါဘဲ......အစ်မယူမယ့် နောင်တစ်ချိန် ကျွန်တော့်ယောက်ဖ ဖြစ်လာမယ့်သူက တစ်ချိန်က အဖေ့လိုပဲ တော်တော်ချို့တဲ့ခဲ့တယ်.......အဖေနဲ့အမေ ကတော့ အဖေတို့အမေတို့လည်း ဘ၀ အစက ခြေမဲ့လက်မဲ့ကနေ စခဲ့ရတာပဲ ဆိုတာရယ် ပိုက်ဆံ မရှိတာ အားငယ်စရာမဟုတ်ပဲ တစ်ယောက်ကို တစ်ယောက် ကြင်ကြင်နာနာနဲ့ အတူ ကြိုးစား သွားဖို့ကို ဆုံးမခဲ့ပြီး တစ်ဘက်က မိဘတွေကို အကြောင်းကြားဖို့ နေ့ကောင်းရက်သာ ရွေးဖို့ အပြင် မင်္ဂလာဆောင်ဖို့ကိုလည်း အဖေတို့အမေတို့ စီစဉ်ပေးမယ့် အကြောင်းပြောပြီး ပါတ်ဝန်းကျင်မှာ သမီးငယ်ငယ်ရွယ်ရွယ်နဲ့ လက်ထပ်တဲ့အပြင် မင်္ဂလာပါဆောင်ပေးရတယ်ဆိုပြီး အရှက်မရစေဖို့အတွက် အဖေတို့အမေတို့ ပိုက်ဆံ ထုတ်ပြီး သမီးရှင်ဘက်က ဆောင်ပေးတယ်ဆိုပေမယ့် ပါတ်ဝန်းကျင်မှာ သားရှင်ဘက်က ဆောင်ပေးတယ်ဆိုတာ မျိုး ဖြစ်စေဖို့ကိုတော့ ကတိတောင်းခဲ့တယ်.......ဒီလိုနဲ့ ကြားထဲမှာ စီစဉ်စရာ ရှိတာတွေ စီစဉ်ပြီး မင်္ဂလာဆောင်တော့မယ့် အချိန်ရောက်ကာနီးမှာ တစ်ဘက်က မိဘနဲ့ မိသားစုတွေ ရောက်လာခဲ့ကြတယ်.......အဖေနဲ့အမေဘ၀မှာ မမေ့နိုင်ဆုံး အဖြစ်အပျက်တွေ ထဲက တစ်ခုဖြစ်လာမယ့် အဖြစ်အပျက် ဖြစ်လာတော့မယ်ဆိုတာကတော့ မမျှော်လင့်ခဲ့ကြသလို တစ်ချိန်က ကိုယ် မရည် ရွယ်ခဲ့ပေမယ့် မိဘ စိတ်ဆင်းရဲခဲ့ရလို့ အခုအချိန်မှာ ၀တ်ကြွေး တစ်ခု လို ပြန်လည်လာလိမ့်မယ်ဆိုတာကတော့ မတွေးခဲ့ကြဘူး.......





မင်္ဂလာဆောင် ကျင်းပ ဖို့ ရက် အနည်းငယ် အလိုမှာပဲ အစ်မ အမျိုးသား ကိုယု ရဲ့ မိဘ ဆွေမျိုးသားချင်းတွေ ရောက်လာခဲ့တယ်.......အဖေနဲ့အမေ လည်း ကောင်းကောင်းမွန်မွန် ကြိုဆိုပြီး အဖေ တို့ ဌာန ရဲ့ ဧည့်ရိပ်သာမှာ နေရာချ လို့ ထားပေးပြီး အကောင်းဆုံး ထားပေမယ့် ကိုယု ရဲ့ မိဘတွေက မျက်နှာတွေတော့ ပျက်နေခဲ့တယ်........အထူးသဖြင့် ကိုယု အဖေက စိတ်တို စိတ်ဆတ် ဒေါသ ကြီးတတ်တယ်လို့ သိရပြီး ခပ်တင်းတင်းဖြစ်နေခဲ့တယ်......မင်္ဂလာ ကိတ်စတွေကိုလည်း အဖေနဲ့အမေ ပဲ အစစအရာရာ စီစဉ်ခဲ့ပြီး ပိုက်ဆံ မရှိတဲ့ ကိုယုတို့ မိဘတွေဘက်ကို မင်္ဂလာဆောင်ကိတ်စ တွေနဲ့ပါတ်သက်လို့ တစ်ခုမှ မပြောပဲ မင်္ဂလာပွဲလာ ဧည့်သည်တွေအနေနဲ့ပဲ ထားခဲ့ပေမယ့် ပါတ်ဝန်းကျင်မှာတော့ ကိုယု တို့ ဘက်က မင်္ဂလာဆောင်ပေးတယ်လို့ပဲ အမေ အသံလွှင့်ထားခဲ့တယ်.......



မင်္ဂလာ ဆောင်ဖို့ ရက်အနည်းငယ် အကြာ ရက်တစ်ရက်မှာပဲ ကျွန်တော် ကျောင်းက နေ ပြန်လာတဲ့အချိန်မှာ ကိုယု က အိမ်နံရံ ကို လက်သီးနဲ့ ထိုးနေပြီး အမေ ကတော့ ဒေါသတွေ အကြီးအကျယ် ကိုထွက်နေတာကို တွေ့ခဲ့ရတယ်.......ဘာဖြစ်တာလည်း အမေ လို့ မေးတဲ့အခါမှာတော့ ကိုယု မိဘတွေကို ဧည့်ခံနေတဲ့ အဖေ့သူငယ်ချင်း အမျိုးသမီး ကို ကိုယု မိဘတွေက ကျွန်မတို့သားက ပညာတတ် ကလေးမလေးက ပညာတတ်လည်း မဟုတ်ဘူး ကျွန်မ တို့ သဘောလည်း မတူဘူး သားက ယူချင်တယ်ဆိုလို့ ဇွတ်လုပ်လို့သာ ကျွန်မတို့ လာရတာ မင်္ဂလာလည်း မဆောင်ပေးနိုင်ဘူး လို့ပြောလိုက်တာကို အဖေ့သူငယ်ချင်း အမျိုးသမီးက တစ်ခြားလူတွေ ပြောရာက အမေ့ နားကို ပြန်ရောက်လာတဲ့အချိန်မှာ အမေ ဒေါသတွေ အကြီးအကျယ်ထွက်ပြီး ကိုယု ကိုပါ မင့်မိဘတွေ ခေါ်ပြီး မင်းလည်း ပြန်တော့ တို့ဒီလောက် လုပ်ပေးရဲ့သားနဲ့ တို့သိတ်ခါလေးတော့ နည်းနည်း ထိန်းသင့်တယ် အခုတော့ ရစရာမရှိတော့ဘူး မထူးဘူး မင်္ဂလာလည်း မဆောင်ပေးတော့ဘူးလို့ ပြောလို့ ကိုယု လည်း သူ့မိဘကို အကြီးအကျယ်ပေါက်ကွဲပြီး အိမ်နံရံကို လက်သီးနဲ့တစ်ထိန်းထိန်းထိုးလို့ ငို နေတော့တယ်.....



အဖေကတော့ အမေ့ကို စိတ်ကို အေးအေးဆေးဆေး ထားပါကွာ မင်း စိတ်လိုက်မာန်ပါ လုပ်ရင် သမီး ပဲဒုတ်ခရောက်မှာပေါ့ ဒီလိုပဲ ဖြစ်တတ်ပါတယ် ပါတ်ဝန်းကျင်ကို လည်း ဂရုသိပ်မစိုက်နဲ့ ဆိုပြီး ကိုယု ဘက်ကိုလည်း ကိုယု ကလည်း ကိုယု အဖေနဲ့အမေကို ပြော အခု မင်္ဂလာပွဲလည်း အကုန် စီစဉ်ပြီးပြီ ဒါတွေပြောနေလို့လည်း ဘာမှအကျိုးမရှိဘူး အဖေတို့ အကောင်းဆုံးဖြစ်အောင် လုပ်ပေးမယ် မိဘ နေရာကနေ သာ အကောင်းဆုံးနေပေးပါ လို့ ပြောခဲ့ပြီး အဖေကပဲ အစစ အဆင်ပြေအောင် စီစဉ်ခဲ့တယ်......အဖေ စိတ်ရှည်လက်ရှည်ဖြောင်းဖျခဲ့လို့ အမေ လည်း နောက်ပိုင်းမှာ အကောင်းဆုံးဖြစ်အောင် နေခဲ့သလို မင်္ဂလာပွဲလည်း အောင်အောင်မြင်မြင် ပြီးသွားခဲ့ပေမယ့် ကိုယု ကတော့ သူ့မိဘ နဲ့ သေခန်းပြတ်ပဲ နောက်လည်း အမေတို့အဖေတို့ ဆီ သားမလာတော့ဘူး အမေတို့အဖေတို့လည်း သား ကို သားလို့ မသတ်မှတ်ပါနဲ့တော့လို့ မင်္ဂလာပွဲအပြီးမှာ ပြောခဲ့လို့ ကိုယု မိဘတွေလည်း မျက်နှာ အပျက်ပျက် နဲ့ ပြန်သွားခဲ့ရတယ်.....



တစ်ကယ်တန်း ကိုယုနဲ့ ကိုယု မိဘတွေ ပြသနာတက်ချိန်မှာတော့ အမေနဲ့အဖေ က ကိုယုကိုပဲ မဲဆူပြီး မိဘကို ဒီလိုမပြောနဲ့ ဖြစ်တာက တို့နဲ့ဖြစ်တာ မင်းနဲ့ ဘာမှမဆိုင်ဘူး ဆိုပြီးပြောလို့ ကိုယု မိဘတွေလည်း အဖေနဲ့အမေ ကို ပြန်တောင်းပန်သွားခဲ့ပေမယ့် အဲဒီနောက်ပိုင်းမှာ ကိုယု ကတော့ သူ့မိဘဆီကို နှစ်ပေါက်အောင် မပြန်ပဲနေခဲ့တယ်......မင်္ဂလာပွဲ အပြီးမှာလည်း အမေ့မှာ ဒေါသ ဖြစ်စရာတွေက မပြီး နိုင်ခဲ့ဘူး.......အမေ ဒေါသ အဖြစ်ဆုံးကတော့ တစ်ထောင် နှစ်ထောင် လက်ဖွဲ့ကြတဲ့လူတွေထဲမှာ ပိုက်ဆံ ရှိပြီး ၁၅ ကျပ် ၂၀ လက်ဖွဲ့ကြတဲ့လူတွေကိုပါဘဲ......(လက်ဖွဲ့တဲ့လူတွေကတော့ ဘယ်လို စိတ်နဲ့ လက်ဖွဲ့မှန်းမသိပေမယ့် အမေကတော့ သက်သက် သူ့သမီး ကို ချိုးတာ ဆိုပြီး အဲဒီလက်ဖွဲ့စာရင်းကို မှတ်ထားပြီး နောက်ပိုင်း ဒီလို ၁၅ ကျပ် ၂၀ လက်ဖွဲ့ခဲ့တဲ့လူတွေနဲ့ပါတ်သက်တဲ့မင်္ဂလာပွဲဆို ၁၅ ကျပ်ထည့်တဲ့လူဆို သူက ၁၅ ကျပ် ထည့်ပြီး ချိုးတယ် ငါက ၃၀ ထည့်တယ်ဆိုပြီး လုပ်တတ်လို့ အဖေက မင်းကွာ မကောင်းပါဘူး အဲဒီလောက် အာဃာဒ မကြီးပါနဲ့ဆိုပေမယ့် အမေကတော့ သူ့ ခံစားချက်အတိုင်းပဲ လုပ်ခဲ့တယ်.....)



မင်္ဂလာမဆောင်ခင်က ဆယ်တန်းအောင်ရင် တက်ကသိုလ် တက်ရမယ် အမေ ဘယ်လိုထားမယ် ဆိုပြီးဆွယ်တရား ဟောခဲ့ပေမယ့် သမီးကတော့ ယောင်္ကျားပဲ ယူချင်တယ် စာလည်း မကျက်ချင်ဘူး ဆိုတဲ့ အမေ့သမီးက မင်္ဂလာဆောင်ပြီး သိပ်မကြာခင် သူ့ ဆယ်တန်းစာအုပ်လေးတွေ ထုတ်လာတဲ့ အချိန်မှာ ဒါဘာလုပ်တာလည်း လို့ အမေက မေးခဲ့တယ်........အစ်မကလည်း သမီး ဆယ်တန်း ဖြေမလို့ ဆိုတဲ့အချိန်မှာ အမေက စာအုပ်တွေ အကုန် ယူပြီး အမေ အစထဲက ပြောခဲ့တယ် ယောင်္ကျား ယူဖို့မစဉ်းစားပါနဲ့ စာကြိုးစားပါ တက်ကသိုလ် အမေ ကောင်းကောင်းထားပါမယ် ဆိုတာကို ငါ့သမီး ယောင်္ကျားယူဖို့ပဲ ပြောခဲ့တယ်.....ငါ့သမီး သဘောကျ အမေ ယောင်္ကျားပေးစားခဲ့တယ် အခု ယောင်္ကျားလည်း ရနေပြီ အမေ သမီးကို ကျောင်းမထားနိုင်တော့ဘူး ငါ့သမီးက အိမ်ထောင်သည် ဖြစ်သွားပြီး အရင်က ငါ့သမီးထမိန်က အစ အမေလျှော်ပေးတယ် ဒီနေ့ဒီအချိန်မှာတော့ ငါ့သမီး အိမ်ထောင်သည်ဖြစ်သွားတဲ့အတွက် အမေ ဘာမှမလုပ်ပေးနိုင်တော့သလို အိမ်က ငါ့သမီးမောင် ငါ့သမီးအစ်ကို ငါ့သမီးယောင်္ကျား ငါ့သမီး အဖေ ရဲ့ ဝေယျာဝတ်စတွေ အကုန် လုပ်ရမယ် ဒီနေ့ကစပြီးလည်း အမေ့ဆီမှာ ထမင်းချက်ဟင်းချက် သင်ဖို့ အမေနဲ့ မီးဖိုချောင် အတူ ၀င်ရမယ်လို့ပြောပြီး တစ်ကယ်ပဲ အဲဒီနေ့က စလို့ တစ်အိမ်လုံး ဝေယျာ ၀တ်စ ဒိုင်ခံလုပ်တဲ့အမေက သူ့အလုပ်တွေကို အစ်မ ကို ခွဲခွဲပြီး လုပ်ခိုင်းခဲ့တယ်.......



အမေက ရက်စက်လိုက်တာလို့ အစ်မက ပြောပေမယ့် အမေကတော့ အမေ ရက်စက်တာမဟုတ်ဘူး အမေတို့ သားသမီး သဘောကျ လုပ်ပေးတယ် အေး ဖြစ်သင့်တာ ကို လုပ်ခိုင်းတာ လုပ် ဆိုပြီးပဲ အမေ ခိုင်းခဲ့တယ်.......သားသမီး ကို ညီတူ မျှတူ ချစ်ပေမယ့် အဖေ တွေထုံစံအတိုင်း သမီးကိုချစ်စိတ် နည်းနည်းပိုတဲ့ အဖေကတော့ မျက်နှာမကောင်းလှပေမယ့် အမေ လုပ်ခိုင်းတာကလည်း မမှားတဲ့အတွက် မပြောသာခဲ့ဘူး.......သူ အတန်တန် တားတဲ့ ကြားက ယောင်္ကျား ယူခဲ့ပြီး မင်္ဂလာဆောင်တဲ့အချိန်မှာလည်း အရှက်တစ်ကွဲ အကျိုးနည်း ဖြစ်ခဲ့ရတဲ့အမေက တစ်ခါတစ်လေမှာ ယောင်္ကျား ယူတဲ့အတွက် ဘာတွေ ဆုံးရှုံးရသလဲဆိုတဲ့ ခံစားချက် အစ်မ ရင်ထဲမှာ ဖြစ်လာအောင် လည်း လုပ်တတ်သေးတယ်.......ထမင်း စားချိန်က အစ တစ်ခါတစ်လေ ကျွန်တော်တို့နဲ့ အတူ မစားခိုင်းပဲ ကျွန်တော်တို့ ထမင်းစားချိန်မှာ လိုအပ်တာလုပ်ပေးဖို့ အဆင်သင့်ရှိစေပြီး ကျွန်တော်တို့စားပြီးမှ စားခိုင်းတာမျိုး တစ်လတစ်ခါ အပြင်မှာ ကျွန်တော်တို့ လိုချင်တာ ကို လိုက်ဝယ်ပေးတဲ့အချိန်မှာ အစ်မ ကို မခေါ်တော့တာမျိုး အမေ လုပ်ခဲ့သလို အစ်မ ရင်ထဲမှာလည်း ဒါကို ခံစားရမှာပါဘဲ.......



အမေ ဒီလို လုပ်ပေမယ့် ပါတ်ဝန်းကျင်က သူ့သမီးကို ပြောလာရင်တော့ ဆတ်ဆတ် ထိ မခံ နိုင်အောင်လည်း ဖြစ်ခဲ့တယ်......ကျောင်းတက်နေတဲ့ကျွန်တော့်ကို လာကြိုခိုင်းတဲ့ တစ်ခေါက်မှာ ကျောင်းက ဆရာမတွေက မြင်ပြီး ဒီထဲက ဆရာမ တစ်ယောက်က အမေ့ကို လာလို့ အစ်မ သမီးကို ကျောင်းကို မလာခိုင်းပါနဲ့ ဒီလိုငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြုသွားတာ ကျန်ခဲ့တဲ့ ကလေးတွေ အားကျနေမှာဆိုးလို့ပါဆိုတော့ အမေ ဒေါသတွေ အကြီးအကျယ်ထွက်ပြီး မှန်သည် မှားသည် မစဉ်းစားနိုင်တော့ပဲ လာပြောတဲ့ ဆရာမကို အိမ်ပေါ်မှာတင် အကြီးအကျယ် ရန်တွေ့ခဲ့တယ်......ဒီလို အစ်မ နဲ့ပါတ်သက်ပြီး စိတ်ဆင်းရဲခဲ့ရတယ်ဆိုပေမယ့် အဲဒီထက် စိတ်ဆင်းရဲဖို့ အဖြစ်တွေခံစား ရဖို့ လုပ်တော့မယ့် အမေ့ အချစ်ဆုံး အငယ်ဆုံးသား ကျွန်တော် ကန်းကုန်အောင် ဆိုးဖို့ တာစူ နေတဲ့ အချိန်တွေဆိုတာတော့ အမေ လည်း အဲဒီအချိန်က မျှော်လင့်ခဲ့မှာတော့ မဟုတ်ခဲ့ဘူး......

7 comments:

Anonymous said...

Very good post!

Thandar Lwin said...

Pls continue fast.very interest

Anonymous said...

your Mom is very angry... i am afraid of her... :(

သူမ said...

ရင်မောသွားပြီ ။
အငယ်ကောင် ဆိုးတဲ့အကြောင်းဖတ်ရင် ပိုမောသွားမယ်ထင်တယ်။
၂၂ မျှော် ။။။

Anonymous said...

very good dirary ! thanks

မင်းညို said...

ဆိုးတဲ့ လူအကြောင်း ဆက်ရေးဗျို့ ။.......။

နောင်သူ said...

Anony.....ကျေးဇူး

Thandar.......မြန်မြန်ရေးရင် တစ်ချို့ဟာတွေ ကျန်ခဲ့လိမ့်မယ်

Anony.......အမေ စိတ်တိုတာ အရင်တုန်းကလေ

မလင်း......တစ်ကယ်တော့ အငယ်ကောင်က လူတော် လူကောင်း လူလိမ်မာလေးပါ ဆိုးချင်ယောာင် ဆောင်တာပါ :P

Anony.....ကျေးဇူး

အညို.....ရေးအုန်းမှာ