Showing posts with label ကိုယ်ရေးကိုယ်တာ. Show all posts
Showing posts with label ကိုယ်ရေးကိုယ်တာ. Show all posts

Wednesday, February 17, 2016

အဖေနဲ့အမေ ။၁။

အမေနဲ့အဖေ ဇာတ်လမ်းကို တစ်အိမ်လုံးမှာ ကျွန်တော်တစ်ယောက်ပဲ စိတ်ဝင်တစား နားထောင်ခဲ့တယ်........
ကျွန်တော့်ခေါင်းထဲမှာ ကျွန်တော့်အကြောင်းတွေလိုပဲ စွဲထင်နေခဲ့တယ်.......

အမေက နယ်မြို့လေးက ကိတ်မုန့်တိုက်ပိုင်ရှင် ရဲ့ သမီးဖြစ်ခဲ့ပြီး ပိုက်ဆံရှိခဲ့ပေမယ့် အဖေကတော့ လှည်းလမ်း
ကြောင်းတောင် ကောင်းကောင်းမရှိခဲ့တဲ့ ဖုန်းဆိုးတောရွာလေးမှာ ကြီးပြင်းခဲ့ရတယ်.....အဖေက အကြီးဆုံးသား
...မောင်နှမ ၁၁ ယောက် ဆင်းရဲတဲ့မိသားစု မှာ အကြီးဆုံးသားဆိုပေမယ့် အဖေ့ကျန်းမာရေးအရ အဖေလယ်အ
လုပ်တွေ မလုပ်ခဲ့ရဘူး.....အဖေ ကလေးဘ၀မှာတင် ပင်ပင်ပန်းပန်း လုပ်ကိုင်စားသောက်ရတဲ့ လယ်သမားဘဝ
တွေကိုကြည့်ပြီး ပညာကိုသာ အရယူဖို့ အဖေ တွေးခဲ့တယ်......

အမေ ကတော့ ကောင်းကာင်းမွန်မွန် ကျောင်းတက်ပြီး ကလေးသဘာဝ ပြေးလွှားဆော့ကစားနိုင်ပေမယ့် အဖေ
ကျောင်းတက်ခဲ့ရတဲ့ ခရီးက သိပ်ကြမ်းလွန်းတယ်......မနက်လေးနာရီ ရွာကစထွက်ပြီး မြို့ပေါ်ကျောင်းရောက်တဲ့
အချိန်မှာ ၉ နာရီထိုးလုလို့ ကျောင်းတက်ခါနီးမှ အမြဲတမ်းအဖေ ရောက်လေ့ရှိတယ်.......နေ့စဉ်အဖေသွားရပေ
မယ့် စိတ်မပျက်ခဲ့ဘူး......စာတတ်မှာ လယ်မလုပ်ရမှာဆိုတဲ့ စိတ် အဖေ့ရင်ထဲစွဲနေခဲ့တယ်......ဆင်းရဲလွန်းတဲ့
မိဘက နေ့လည်စာ ထမင်းလည်း အဖေ့ကို ထုတ်မပေးနိုင်ခဲ့ဘူး.....မနက်စောစောစီးစီး အစာအိမ်နာကြောင့်
ထမင်းကြမ်းလည်းမစားနိုင်တဲ့အဖေက ဆန်ကြမ်းဆန်ပြုတ်ကို တစ်ဝသောက် ပြီး အဖေကျောင်းသွားလေ့ရှိခဲ့
တယ်.........

အဖေနဲ့ကျောင်းတက်ဖော်တက်ဖက် သူငယ်ချင်းနှစ်ယောက်နဲ့အတူ အဖေ နေ့တိုင်းမပျက်မကွက် ကျောင်းအ
ရောက်လာခဲ့တယ်......ရံဖန်ရံခါ အပြန်မှာ အဖေ့သူငယ်ချင်းတစ်ယောက်က ကျောင်းအပြန်လမ်း ကြံသကာပွဲရုံ
ကကြံသကာ နည်းနည်းဝင်တောင်းသူငယ်ချင်းသုံးယောက် အစာပြေစားပြီး ရွာအရောက်ပြန်ခဲ့ကြတယ်.....
ရွာပြန်ရောက်တာနဲ့ နွားစာစဉ်းတာစတဲ့ အသေးအဖွဲလေးတွေ လုပ်ကူပြီး ရေနံဆီမီးခွက်ထွန်းလို့ အဖေစာထိုင်
ကြည့်ခဲ့တယ်.....တစ်ခါတစ်လေ ဆောင်းတွင်းမှာ အေးလွန်းလို့ ကောက်ရိုးပုံတွေထဲစာသွားကြည့်ချိန် မီးမ
လောင်အောင် ဂရုစိုက်ရတဲ့အပြင် မနက်ဆို မြေကြီးနဲ့ကောက်ရိုးငွေ့ရိုက်တာကြောင့် မျက်လုံးတွေ မို့အစ် ခန်ဒါ
ကိုယ်တစ်ခုလုံး နာကျင်နေအောင်အဖေခံရတယ်.......ကလေးအရွယ်ပေမယ့် အဖေ ဒီဒုတ်ခတွေကို စိတ်ဓာတ်
တော့မကျခဲ့ဘူး.......

အေးအေးဆေးဆေး ငြိမ်ငြိမ်သက်သက် နေတတ်တဲ့အဖေ့ကို ငယ်ငယ်က ဘယ်လိုများကစားလည်းဆိုတာလည်း
ကျွန်တော်သိချင်ခဲ့တယ်.......အဖေ့ရဲ့ ကလေးသဘာဝ ဆော့ကစားနည်းက ရွာက သူငယ်ချင်းတွေနဲ့အတူ
တောထဲကို ငှက်ပြစ်ထွက်တာပါဘဲ.......ရွာမှာရှိနေတုန်း အမြဲလို ရွာကသူငယ်ချင်းတွေနဲ့ ငှက်ပြစ်ထွက်တတ်တဲ့
အဖေ ကျောင်းပိတ်ရက်တစ်ရက်မှာ သူငယ်ချင်းတွေနဲ့အတူထွက်ခဲ့တယ်.......အဲဒီနေ့ကစလို့ ကလေးသဘာဝ
ဆော့ကစားတာလောက်တောင်မရှိတော့ပဲ အဖေ စာသာ လုပ်နေခဲ့တယ်....အဖေ့ရင်ထဲမှာ ဒဏ်ရာတစ်ခု
လည်းရခဲ့တယ်......သူငယ်ချင်းတွေနဲ့ တောထဲအရောက် ငှက်ပြစ်နေတုန်းမှာအဖေ ငုံးသိုက်တစ်ခုကိုတွေ့လိုက်
တယ်.......အသိုက်နိမ့်နိမ့်မှာတည်ထားတဲ့ ငုံးသိုက်ထဲက ငုံးလေးကိုပြစ်ဖို့က အဖေ့အတွက် တော်တော်လွယ်ကူ
ခဲ့တယ်.......နီးနိုင်သမျှ နီးအောင် အဖေတိုးသွားပေမယ့် အဖေ့ကို မြင်နေတဲ့ငုံးလေးကတော့ မမှိတ်မသုန်ကြည့်
ပြီး ထပျံမသွားခဲ့ဘူး......

ဘာ့ကြောင့်မပျံတာလည်းဆိုတဲ့စိတ်ဲ့ အဖေ အနီးကပ်ဆုံးတိုးသွားပြီး နောက်ဆုံးတက်တစ်ကမ်းကွာသည်အထိငုံး
လေးက ကြည့်နေတုန်းမှာ အဖေ ပြစ်တောင်မပြစ်တော့ဘူး ဒီလောက်မှဖြစ်တဲ့ငုံး ဆိုပြီး လက်ထဲမှာကိုင်လာတဲ့
လောက်လေးနဲ့ ရိုက်ချခဲ့တယ်.......တစ်သက်လုံးရင်ကွဲရမယ့် အလုပ်ကို အဖေလုပ်ခဲ့မိတယ်......ငုံးလေး သေ
သွားတဲ့အချိန်မှာ ငုံးလေးအောက်မှာ ငုံးပေါက်လေးတွေ အဖေတွေ့လိုက်ရတယ်......အဖေရူးမတတ်ခံစားလိုက်
ရတယ်......မျက်ရည်တွေပိုးပိုးပေါက်ပေါက် ကျလို့ အဖေ ရွာကိုပြန်ပြေးလာခဲ့တယ်......စိတ်ဆင်းရဲပြီး တစ်ပါတ်
လောက် အဖေဖျားပြီး နေပြန်ကောင်းလာတဲ့အချိန်မှာ ရာသက်ပန် တရိတ်စာန်တွေကို သတ်တဲ့အလုပ် မလုပ်
တော့ဘူးလို့ အဖေဆုံးဖြတ်ခဲ့တယ်........နောင်တစ်ချိန်မှာငှက်ပြစ်တာ တွေတွေ့ရင် အဖေ သိပ်မုန်းလောက်
အောင်အဖေ့ရင်ထဲမှာ နင့်နင့်သီးသီးခံစားခဲ့ရတယ်........

Thursday, July 15, 2010

ထွေးထွေး နဲ့ ဇာမြင့်ကို ခပ်ရှောင်ရှောင်လုပ်ခဲ့ပြီး အေးမင်းနဲ့ ကျွန်တော်ပေါင်းတာက အဖေ့ကို စိတ်အနှောင့်အယှက်တော့ နည်းနည်းဖြစ်စေခဲ့တယ်။ အေးမင်း က ငယ်ငယ်ထဲက ပေါင်းလို့ မင်းနဲ့ငါနဲ့ ပြောနေ ဆိုနေပေမယ့် ကျွန်တော့်ထက် ရွယ်တူတော့မဟုတ်ဘူး .။ ကျွန်တော့်ထက် ၂ နှစ်ကြီးတဲ့ အေးမင်းက အမြဲလို လေးခွတစ်ချောင်းနဲ့ ငှက်လိုက်ပြစ်နေတတ်လို့ ငှက်ပြစ် ငါးဖမ်း အင်မတန် မုန်းတဲ့ အဖေက ကျွန်တော့် ကို အေးမင်းနဲ့ပေါင်းပြီး ငှက်မပြစ်ဖို့ အေးမင်းနဲ့အတူတူ လျှောက်လျှောက် မသွားဖို့ ပြောပေမယ့် ကျွန်တော်ကတော့ အားရင် အေးမင်း တို့အိမ် သွားလိုက် အေးမင်းက ကျွန်တော့်ဆီ လာလိုက်နဲ့ ပေါင်းမြဲပေါင်းနေခဲ့တယ်။ ကလေးသာသာ အရွယ်မို့ အမေကတော့ အဖေ့လို မတားမြစ်ခဲ့ဘူး။ကျွန်တော်ကလည်း အေးမင်းနဲ့သာ ဆက်တိုက်ပေါင်းနေလို့ အချိန်ကြာလာလေ အေးမင်းကို ပိုခင်တွယ်တာခဲ့တယ်..။ အိမ်မှာ ဘာလေးပဲစားရ စားရ အမြဲတမ်း ချက်ခြင်းမစားသေးပဲ ထုတ်ပိုးပြီး အေးမင်း တို့အိမ်ကို ထွက်ထွက်သွားတတ်လို့ နောက်ပိုင်း အမေက အေးမင်း အတွက် အပိုထည့်ထည့်ပေးတတ်သလို အေးမင်းကို အိမ်ခေါ်ပြီး ကျွန်တော်နဲ့ အတူတူ ထားထားတဲ့ အချိန်က ပိုများလာတယ်။ အေးမင်း အဖေကလည်း အရာရှိ တစ်ယောက်ပေမယ့် အဖေတို့နဲ့ လိုင်းမတူသလို ဝန်ထမ်းတွေထွက်ပေါက်ဖြစ်တဲ့ နိုင်ငံခြား ခရီးထွက်ရတာ မျိုးလည်း မရှိတဲ့ ဝန်ထမ်းဖြစ်တဲ့အပြင် အေးမင်း အမေကလည်း အပြင်စီးပွားရေး မလုပ်တတ်တဲ့အတွက် ကျပ်တည်းတယ်လို့ ပြောရမယ့် အိမ်ထောင်တစ်စုပါပဲ.။

အမြဲလို နွမ်းနွမ်းဖတ်ဖတ် နဲ့ အေးမင်းကို ကျွန်တော်အင်မတန် ခင်မင် ပေါင်းသင်း နေတဲ့နောက်ပိုင်းမှာ အမေက ကျွန်တော့်အတွက် အကျီတစ်ထည်ဆို အေးမင်းအတွက် အင်္ကျီတစ်ထည် ဝယ်ပေးခဲ့သလို ကျောင်းဖွင့်ချိန် ကျောင်းအပ်ခ ကျောင်းဝတ်စုံ ကျူရှင် ဖိုးအဆုံး အမေ လုပ်ပေးခဲ့တယ်။ အမေ့အယူအဆ ကတော့ ကျွန်တော်ချစ်တဲ့သူ အမေချစ်မယ် ကျွန်တော်မုန်းတဲ့လူ အမေ မုန်းမယ် ဆိုတာပါပဲ။ (တစ်ခါတစ်လေ အမေ မှားနေတာတွေ့ရင်တောင် ကျွန်တော့်အပေါ် မေတ္တာ ကြီးလွန်းခဲ့တဲ့ အမေ့ကို ကျွန်တော် ပြင်းပြင်းထန်ထန် မပြောရက်ခဲ့ဘူး) အေးမင်း နဲ့ ဒီလို သွားသွားလာလာ လုပ်ပြီး အေးမင်း အိမ်မှာ အမြဲတမ်းလို တွေ့နေရတာကို အဖေက ဘာမှ မပြောပေမယ့် ငှက်ပြစ်တာကိုတော့ အဖေက အေးမင်းကိုလည်း မပြစ်ဖို့ ပြောသလို ကျွန်တော့်ကိုလည်း သား ငှက်ပြစ်တာ အဖေ မကြိုက်ဘူး နော် ဆိုပြီး အမြဲပြောခဲ့ပေမယ့် အဖေ မသိအောင်တော့ အေးမင်းနဲ့ပေါင်းပြီးခိုးလုပ်နေဖြစ်သလို အမေကလည်း အဖေမရှိရင် အေးမင်းပြစ်လို့ ရလာတဲ့ ငှက်တွေကို ကြော်ပေးပြီး ကျွန်တော်နဲ့အေးမင်းက စားမြဲစားလျက်ပါပဲ။ ဒါပေမယ့် ဒီလို လုပ်နေတယ်ဆိုတာ အဖေသိဖို့ အကြောင်းက ဖန်လာခဲ့တယ်။ ဇာတ်လမ်းက ကျွန်တော်က စတာပါပဲ။ အေးမင်း လေးခွတစ်လက်နဲ့ ငှက်ပြစ်တဲ့နောက်လိုက်ပြီး လေသေနတ်နဲ့ ပြစ်ရင် ပိုကောင်းမယ်လို့ စိတ်ကူးပေါက်တဲ့ ကျွန်တော်က အမေ့ကို လေသေနတ် တစ်လက် မရမက ဝယ်ခိုင်းခဲ့တယ်။ အမေကတော့ အဖေသိရင် အမေ မလွယ်ဘူး မလုပ်ပါနဲ့ ငါ့သားရယ် ဈေးကနေ ငှက်တွေ နေ့တိုင်း အမေ ဝယ်ကျွေးမယ် ငါ့သားလည်း အေးမင်းငှက်ပြစ်တဲ့နေရာ မလိုက်နဲ့တော့ လို့ပြောခဲ့ပေမယ့် ကျွန်တော်က ၂ ရက်လောက် အမေ့ကို စိတ်ကောက်လိုက်တော့ ငါ့သားလိုချင်တဲ့ လေသေနတ်က ဘယ်မှာရလည်း ဆိုပြီး အမေက မေးခဲ့တာပါပဲ။

ဒီလိုနဲ့ အေးမင်းလည်း အရင်က လောက်လေးခွ နဲ့ပြစ်ရာက လေသေနတ် တစ်လက်နဲ့ ငှက်လိုက်ပြစ် ခဲ့သလို ကျွန်တော်ကလည်း အေးမင်းနောက်က တစ်ကောက်ကောက်လိုက်ပြီး ငှက်လိုက်ကောက်ခဲ့တယ်။ တစ်ရက် ကျွန်တော်နဲ့ အေးမင်း ငှက်ပြစ်သွားရင်း လမ်းမှာ အဖေတို့ရုံးက ဝန်ထမ်းမိန်းမ နှစ်ယောက်နဲ့တွေ့ပြီး ကျွန်တော်တို့ကို ဖြတ်သွားတဲ့အချိန်မှာ အဲဒီကောင်လေးပေါ့ သူ့အမေက သိပ်အလိုလိုက်တာ ဟိုတစ်လောက ဆရာမ တစ်ယောက် ပြောင်းသွားရအောင်လည်း သူ့အမေ လုပ်လိုက်တာ ဂျစ်ကန်ကန်နဲ့ ငပေလေး လို့ ပြောတာ ကြားလိုက်တဲ့ ကျွန်တော် ဒေါသတော်တော်ထွက်ခဲ့တယ်။ စိတ်ထဲမှာလည်း အညှိုးအတေးထားပြီး နောက်တစ်နေ့ အိမ်ထဲက အိမ်ပြင်မထွက်ပဲ အခန်း ပြတင်းဘောင်ပေါ်မှာ လေသေနတ် တင်လို့ ထိုင်စောင့်နေခဲ့ပြီး တမြန်မနေ့က ကျွန်တော့် ကိုပြောသွားတဲ့ မိန်းမ အိမ်ရှေ့က အဖြတ်မှာ လေသေနတ်နဲ့ လှမ်းပြစ်တာ လူကို မထိပဲ သူ့ထီးကို ထိပြီး သူလည်း တော်တော် လန့်သွားခဲ့တယ်။ ကျွန်တော်ကတော့ ခပ်တည်တည်နဲ့ သေနတ်ကိုင်လို့ အိမ်ရှေ့ထွက်ရပ်လိုက်ပြီး ကျွန်တော် ပြစ်တာ ဆိုတဲ့ ပုံစံ နဲ့ လေသေနတ်ထဲကိုလည်း နောက်ထပ် ခဲတစ်တောင့် ထည့်နေတဲ့ အချိန်မှာပဲ သူလည်း သုတ်ခြေတင် ပြေးတော့တယ်။ ညနေ အဖေ ရုံးဆင်းချိန် မှာတော့ အမေ့ကို မင်း လေသေနတ် ဝယ်ပေးထားလား ခုပြဿနာ တက်ပြီ မင့်သား လုပ်ပုံ ကောင်းကြသေးလား ဆိုပြီး အဖေက အမေနဲ့ ကျွန်တော့်ကို ဆူပြီး လေသေနတ်ကိုလည်း ချိုးပြီး လွှင့်ပြစ်ခဲ့တယ်။ အေးမင်း အိမ်လာတာ ပြဿနာမရှိပေမယ့် အေးမင်းနဲ့ အပြင်လုံးဝမလိုက်ရလို့ အမိန့်လည်း ထုတ်လိုက်တဲ့အတွက် ကျွန်တော် တော်တော် စိတ်ညစ်သွားခဲ့တယ်။

ငှက်လိုက်မပြစ်လို့ စိတ်ညစ်နေတဲ့ ကျွန်တော့်ကို အေးမင်းက နေ့လည် မပြစ်ရရင် ညပြစ်မယ်ကွာ မင့်အဖေ အိပ်နေတုန်း မသိအောင် ခိုးထွက်ပြီး ပြစ်မယ် မင်းတို့ အိမ်နားက ဇီးပင်မှာပဲ ပြစ်မယ်ပြောလာလို့ ကျွန်တော်လည်း ဝမ်းသာသွားတယ်။ ဒီလိုလုပ်ခဲ့တာက ကောင်းတယ် မကောင်းဘူး လုပ်သင့်တယ် မလုပ်သင့်ဘူး ကို ကျွန်တော် မစဉ်းစားနိုင်သေးသလို ငှက်ကြော်စားချင်တာရယ်ကြောင့်တစ်ခုထဲ လည်း မဟုတ်ခဲ့ဘူး။ အဲဒီအချိန်ကတော့ ငှက်လိုက်ပြစ်ချင်တာပဲ ကျွန်တော် အတွေးထဲမှာ ရှိခဲ့တယ်။ အေးမင်း အကြံအစီတိုင်း အေးမင်းကို ညအိမ်ခေါ်သိပ်ပြီး ညပိုင်း အဖေတို့ အိပ်တဲ့အချိန် ရေချိုးခန်းထဲကနေတစ်ဆင့် ခိုးထွက်ပြီး အိမ် နောက်ဖေးက ဇီးပင်မှာ အိပ်တန်းတက်နေတဲ့ ငှက်တွေကို ညတိုင်းပဲ ကျွန်တော်နဲ့ အေးမင်းပြစ်ချခဲ့တယ်။ ပြီးရင် ငှက်တွေကို အမွှေးနှုတ်ထားပြီး နောက်နေ့ အမေ့ကို ကြော်ခိုင်းပြီး မရိုးတန်းထိုင်စားနေပေမယ့် တစ်လ နှစ်လ ကြာလာတော့ အမေကိုယ်တိုင်က တားမြစ်လာတယ်။ သားကို အမေချစ်လို့ အလိုလိုက်ထားတာ ငါ့သား တော်သင့်ပြီ လို့ အမေ ပြောလာတဲ့အတွက် ကျွန်တော်လည်း အေးမင်းကို အမေက မလုပ်တော့နဲ့တဲ့ကွ ငါလည်း မပြစ်ချင်တော့ဘူး ဆိုတဲ့အတွက် အေးမင်း လည်း နေ့လည်နေ့ခင်းတွေ တစ်ယောက်ထဲ ငှက်လိုက်ပြစ်နေခဲ့ပြီး တစ်ခါတစ်လေ မီးကင်ကင်ထားတဲ့ ငှက်ကလေးတွေ ကျွန်တော့်အတွက် ယူယူလာပေးခဲ့တယ်။

အေးမင်း နဲ့ ငှက်လိုက်မပြစ်တော့ပေမယ့်

Wednesday, June 23, 2010

ကျွန်တော်ဖြတ်သန်းခဲ့ရာ ဘဝတစ်လျှောက် မှတ်မှတ်ထင်ထင် ဖြစ်ခဲ့သော အဖြစ်အပျက်များတွင် ဘောလုံး သည်လည်း တစ်ခုအပါအဝင် ဖြစ်သောကြောင့် ဘောလုံး ဟု အသံကြားလိုက်သည်နှင့် အတိတ်ကို ဖျတ်ကနဲဖြစ်ဖြစ် သတိတရ ဖြစ်သွား တတ်သည်သာဖြစ်သည်။ သို့သော် အများသူငှာ ယောင်္ကျားလေးများလို ဘောလုံး အားကစားကို ခုံခုံမင်မင် ကစားခဲ့ပြီး ဘောလုံးပွဲများကို စိတ်ဝင်စားသော သူတစ်ယောက်အဖြစ် ဖြစ်ကျန်ရစ်ခဲ့သော အတိတ်ကို သတိတရဖြစ်နေခြင်းတော့မဟုတ်ပေ။ ကျွန်တော့် ဘဝ၏ ဘောလုံးနှင့် ပါတ်သက်ပုံမှာ တစ်မျိုးတစ်ဖုံ ကွဲထွက်နေခြင်းသာဖြစ်သည်။

ဘောလုံး နှင့် ပါတ်သက်ပြီး ကျွန်တော် အတိတ်ကို သတိရလိုက်တိုင်းတွင်လည်း အဖေနဲ့ အဖေ့ သူငယ်ချင်း ဦးမြဝင်း အကြောင်း သည်လည်း ပါလာမြဲဖြစ်သည်။ အဖေနဲ့ဦးမြဝင်းမှာ တက္ကသိုလ် တွင် ပထမနှစ်မှ နောက်ဆုံးနှစ်ထိ လည်ပင်းဖက်ပေါင်းခဲ့သော သူငယ်ချင်းများဖြစ်ပြီး အစိုးရအလုပ်သို့ ဝင်ရောက်ရာသည်တွင်လည်း အတူတူဖြစ်သောကြောင့် အင်မတန်ပင် ခင်မင်ရင်းနှီးသော ငယ်ပေါင်းကြီးဖော်သူငယ်ချင်းများ ဖြစ်ကြပြီး ဦးမြမှာ အမြဲတစ်စေ အိမ်သို့ဝင်ထွက်သွားလာနေတတ်သော အဖေ့သူငယ်ချင်းတစ်ယောက်ဖြစ်သည်။ ဦးမြပုံစံမှာ အမြဲတစေ ပြုံးရွှင် နေတတ်ပြီး ကျွန်တော့်အပေါ်တွင်လည်း အင်မတန်ချစ်သောကြောင့် ကျွန်တော်အနေနဲ့မူ အဖေ့ သူငယ်ချင်းပင် ဖြစ်လင့်ကစား ဦးဦးမြ ဦးဦးမြဟုခေါ်ပြီး ကျွန်တော့် ကစားဖော်လိုသာ သဘောထားခဲ့သည်။ တစ်ခါတစ်ရံ ဦးမြ ၏အားနည်းချက်အား ကလေးစိတ်ဖြင့် ဦးဦးမြ သားကို တည့်တည့်ရအောင် ကြည့် ဟု စနောက်မိသောအခါများတွင်တော့ အဖေက သား ဦးဦး ကို အဲလို မပြောရဘူးလေ ငရဲကြီးမယ် ဟု အဖေက ဝင်ဟန့်တတ်သော်လည်း ဦးမြ ကမူ ရပါတယ်ကွာ ကလေးပဲ ဟုသာ ပြောပြီး ပြုံးနေတတ်လေ့ရှိသည်။

ကျွန်တော် နဲ့ ဘောလုံး

ဘောလုံးဟု ဆိုလိုက်သည်နှင့် ကမ္ဘာအရပ်ရပ်မှ လူကြီးလူငယ် မရွေး ကြိုက်နှစ်သက်သော အားကစား တစ်ရပ်ဆိုသည်မှာ အထူးပြောနေစရာပင် လိုအပ်မည် မဟုတ်ချေ...။ အထူးသဖြင့် အမျိုးသားများအဖို့ ငယ်ရွယ်စဉ် ကလေးဘဝမှ စပြီး

Monday, February 1, 2010

ဝါးတီး။၂။

အမဲသားစတိတ် ၊ဆလပ်






ဝက်သားလိပ်



ကြက်သွန်ကြော်၊ ပဲကပ်ကြော်


ဗူးသီးကြော်၊ တို့ဖူးကြော်၊ မန်းဒလေး ပဲကြော် (ပျက်သွားတယ် :D)

ကောက်ညှင်းလုံးကျော်

ငချိတ်ပေါင်း

ပဲကြာဇံသုတ် (အီဖေကိုယ့် စတိုင်)

မန်းဒလေးပဲကြော် (အမှန်အကန်)

ပေါ့ဆိမ့်

မောင်နောင် စမူဆာ နဲ့ လက်ဖက်ရည် :P (မောင်အေးက ပြန်မလာပါနဲ့ တောင်းပန်ပါတယ်ဆိုလို့ ဆက်နေနေတာ)

နောင်လာ ဒန်ပေါက် :D (နီလာကို အပြုတ်တိုက်မယ့် နောင်လာ)

တုတ်ထိုးချဉ်စပ်ရည်ဖျော် ၊ ကောက်ညှင်းလက်ဖက် ရည်နွေးကြမ်း ( ကောက်ညှင်းမွှေးရွက်က ညီမရှင်မင်းကောင်းမှု :P)


ရွှေနောင် ဘဲကင် :)) (ရွှေဘဲကတောင် ပြန်မလာပါနဲ့လို့ အီးမေးလ် ပို့ပြီးတားထားတာ (အီးမေးက ဖျက်ပြစ်ပြီနော် မရှိတော့ဘူး :P)



နောင်ကေကေအို ကြေးအိုးဆီချက် :D (စားရတဲ့လူတွေက ပြောကြတယ် စားရလို့ပြောတာမဟုတ်ပါဘူး တဲ့ စားဖိုမှူး သေလို့ ၀င်စားသလားမသိ တော်တော်စားကောင်းတယ် ရန်ကုန်ကိုတောင် သတိမရတော့ဘူးတဲ့ ပြောလို့ပြောတာမဟုတ်ပါဘူး ကိုယ်လုပ်တာ ကောင်းမှန်းလည်း သိတာပေါ့ကွယ် အဲငှယ် :P)

သားရည်များ ကျကြကုန်စေသော်ဝ်။ ပျော်တာ :D၊

အဖေနဲ့အမေ။၃၅။

ဒေသမတူ စကားအသုံးနှုန်းမတူ ဓလေ့စရိုက်မတူတဲ့ နေရာအသစ်မှာ ကျွန်တော် ခပ်အေးအေးပဲနေမိသလို အဖေ့ကို ချစ်ရင် သနားရင် ငါ့သား အဖေ သိက္ခာကျအောင် မလုပ်ပါနဲ့တော့ကွာလို့ အဖေက ပြောထားတဲ့အတွက် ကျွန်တော့်ကို ရန်ရှာချင်တဲ့ အပြုအမူမျိုးတွေရှိလာခဲ့ရင်တောင် ကျွန်တော် အတတ်နိုင်ဆုံးရှောင်ထွက်ခဲ့သလို မျက်လုံးချင်းဆုံရင်တောင် ရန်ဖြစ်မှာဆိုးတဲ့အတွက် ဘယ်သူနဲ့မှ အကြည့်ချင်းမဆုံအောင်ကို ကျွန်တော်ကြိုးစား နေခဲ့တယ်......ဒါပေမယ့် အဖေနဲ့အမေအတွက် ကျွန်တော်နဲ့ပါတ်သက်လို့ စိတ်ဆင်းရဲကိုယ်ဆင်းရဲတွေ ဖြစ်ဖို့ကံတွေပဲပါလာခဲ့လေသလား ကျွန်တော့်အတိတ်ကံကိုက အေးအေးနေရမယ့်ကံမပါလာတာကြောင့်လား မသိလောက်အောင်ပဲ ကျွန်တော် ဘယ်လောက်အေးအေး နေပေမယ့်လည်း ပြဿနာက တက်ဖြစ်အောင်ကိုတက်ခဲ့တယ်......တစ်ရက် ကျွန်တော် နေ့လည်ထမင်းစားချိန် အိမ်မှာ ထမင်းပြန်စားပြီး ကျောင်းက အခန်းရှေ့ ဝရန်တာမှာ ထိုင်နေခဲ့တယ်......အတန်းထဲက ကောင်မလေးသုံးယောက်ကလည်း ကျွန်တော့်နားမှာ နေကြာစေ့စားရင်းကနေ ကျွန်တော့်ကို ဘယ်ကလာလည်း ဘာလို့စကားမပြောတာလည်း အခန်းထဲမှာ စသဖြင့် စပ်စုနေတုန်းမှာပဲ စီခန်းက လို့နောက်ပိုင်းမှာ ကျွန်တော်သိခဲ့ရတဲ့ စံထူးဆိုတဲ့ ကျောင်းသားက သူ့သူငယ်ချင်းတွေနဲ့အတူ ကျွန်တော်ထိုင်နေတဲ့ ရှေ့တည့်တည့်မှာ လာရပ်ပြီး ဟေ့ကောင် အောက်သား ဆိုပြီး ကျွန်တော့်ကို စခေါ်ခဲ့တယ်.....သူရန်လာရှာတာမှန်းတန်းသိလို့ ရွယ်တူချင်းပေမယ့် ဟုတ်ကဲ့ အစ်ကို ဆိုပြီး ကျွန်တော် ပြန်ပြောပေမယ့် အောက်သား မင်းစောက်ချိုးကို ကြည့်လို့မရဘူး အေးဆေးနေ စောက်ခွက်ကိုက ချဉ်စရာကောင်းတယ် ခြေထောက် ရိုက်ချိုးပြစ်မယ် ဆိုပြီး ပြောသလို ကျွန်တော့်ရင်ဘတ်ကို ဆွဲပြီး ပါးကိုပါ ဖြတ်ပြီး ရိုက်ချခဲ့တယ်.....ကျွန်တော့်မျက်လုံးထဲမှာ မီးဝင်းဝင်းတောက်ခဲ့ပေမယ့် အဖေ့မျက်နှာကိုပြေးမြင်ပြီး ကျွန်တော့်ဒေါသကိုလျှော့ချလို့ ကျွန်တော်တောင်းပန်ပါတယ်ဗျာ ဆိုပြီး ဘာမှ မလုပ်ပဲတောင်းပန်ခဲ့ရသလို မိန်းကလေးတွေ ရှေ့မှာ ပါးရိုက်ခံလိုက်ရတဲ့အတွက် ကျွန်တော်တော်တော်လည်း ရှက်မိခဲ့တယ်.......စံထူးကတော့ အေးအောက်သား ဒီမှာတော့ ရုတ်ရုတ် ရုတ်ရုတ် လာမလုပ်နဲ့ အသေသတ်ပြစ်မယ်ဆိုပြီး ကျွန်တော့်ကို ပြောလို့ ထွက်သွားခဲ့တယ်.......(ကျွန်တော် အေးအေးနေခဲ့ပြီး ဘယ်သူ့ကိုမှ ဘုကြည့်တောင် မကြည့်ခဲ့တာ ဘာလို့ သူဒီလိုပြောခဲ့ပြီး ကျွန်တော့်ကို ရန်လာရှာတယ်ဆိုတာ စဉ်းစားလို့မတတ်ခဲ့ပေမယ့် နောက်ပိုင်းမှာ ကျွန်တော့်အတန်းပိုင်ဆရာမက သူ့ရဲ့ ကျူရှင်မှာ ကျွန်တော်ဟာ အင်မတန် ဆိုးတယ်ဆိုတာကို ပြောပြခဲ့လို့ စံထူးတို့ သိခဲ့တာလို့ ကျွန်တော်ပြန်သိခဲ့ရတယ်.......)

ကျွန်တော့်ရင်ထဲတော့ အင်မတန် မကောင်းဖြစ်ခဲ့ပေမယ့် အဖေနဲ့အမေကိုတော့ ကျွန်တော် ပါးရိုက်ခံခဲ့ရတယ်ဆိုတာ ပြန်မပြောဖြစ်သလို ငါရှောင်မှဖြစ်မယ်ဆိုပြီးပဲ ကိုယ့်ကိုယ်ကိုယ် သတိပေးခဲ့တယ်.......ဒါပေမယ့် နောက်တစ်နေ့နေ့လည် ထမင်းစားချိန်မှာပဲ ၀ရံတာမှာထိုင်နေတဲ့ ကျွန်တော့်ဆီကို စံထူး နဲ့အပေါင်းအသင်းတွေလာပြီး ဟေ့ကောင် မင်း မနေ့ကကိတ်စကို ကျေနပ်ရဲ့လား အောက်သား ကျက်သတုန်းဆိုပြီး ကျွန်တော့်ရင်ဘတ်ကို ဆွဲပြီးပြောသလို ပါးထပ်ရိုက်ဖို့လည်း ကြိုးစားခဲ့တယ်......ကျွန်တော် ကျေနပ်ပါတယ်ဗျာ ကျွန်တော်ဘာပြောနေလို့လည်း တောင်းလည်းတောင်းပန်ပါတယ်ဗျာ ဆိုပြီးပြောနေတဲ့အချိန်မှာ ရန်ကုန်မှာ ဆိုးလွန်းလို့ သူ့ဇာတိမြေကို ပြန်အပို့ခံထားရတဲ့ ကျွန်တော့်ထက် သုံးနှစ်ကြီးတဲ့ နောင်ကျွန်တော့်သူငယ်ချင်းဖြစ်လာမယ့် ဘိုလေးဆိုတဲ့ သူငယ်ချင်းက ဟေ့ကောင်စံထူး ဘာမှမလုပ်တဲ့ကောင်ကို မင်းက လူမိုက်လာလုပ်နေတာ ဟိုကောင်မင်းကိုဘာလုပ်လို့လည်း သူ့ဟာသူ နေနေတာ မင်း တော်တော် မိုက်နေလား.......သိပ် သတ္တိရှိနေရင် မင်းတစ်ယောက်ချင်းထိုးပါလားဆိုပြီး ကျွန်တော့်ဘက်ကိုလှည့်ပြီး ဟေ့ကောင် မင်းထိုးရဲလားလို့ ဘိုလေးကမေးခဲ့တယ်........အဲဒီအချိန် အပိုင်းလေးမှာ ကျွန်တော့် စိတ်ထဲမှာ အဖေနဲ့အမေ့ မျက်နှာကိုလည်းပြေးမြင်မိလို့ ရန်လည်း မဖြစ်ချင်သလို ကျွန်တော့်ရင်ထဲက ထုနဲ့ထည်နဲ့ ကြီးနေတဲ့ ဒေါသကြောင့်လည်း စံထူးနဲ့ ထိုးချင်မိခဲ့တယ်.....နောက်ဆုံး ကျွန်တော့်ဒေါသကပဲ အနိုင်ရသွားခဲ့ပြီး အေး ထိုးမယ်ဆိုပြီး ကျွန်တော် ခေါင်းညိမ့်ခဲ့တယ်.......

မှောက်တဲ့ကောင် အရှုံး ဘေးနားက ၀င်ပါတဲ့ကောင်တွေ ငါ နဲ့တွေ့မယ်ဆိုပြီး ဘိုလေးက တုတ်တစ်ချောင်းကိုင်ထားပြီး စံထူးနဲ့ကျွန်တော်နဲ့ကို လူတွေဝိုင်းထားပေးခဲ့တယ်........ငယ်ငယ်ထဲက ကျွန်တော့်ထက် အကြီးတွေနဲ့ ပြိုင်ထိုးလာတဲ့ ကျွန်တော့်အတွက် စံထူးကို ကျွန်တော်နိုင်မယ် ဆိုတာ သိသလို ကျွန်တော် စံထူးကို ဒေါသနဲ့ပဲ ကြည့်နေပြီး စတော့မထိုးခဲ့ဘူး.......စံထူး စထိုးတဲ့အချိန်ကစလို့ ကျွန်တော် ဒေါသနဲ့ဆက်တိုက်ထိုးသလို ကျွန်တော့်လက်သီးချက်ကြောင့် စံထူး မူးနေတဲ့အချိန်မှာ ကျွန်တော့်ဒေါသ အဆုံးထိ ပေါက်ထွက်သွားခဲ့တော့တယ်.......ကျောင်းဝရံတာ တိုင်တွေကို လက်တစ်ဖက်က ကိုင်ပြီး တစ်ဖက်က စံထူး ခေါင်းကို ဆွဲလို့ ကျွန်တော် ဒေါသတစ်ကြီးပြစ်ရိုက်နေခဲ့တာကို အားလုံးကြောင်ပြီး ငေးကြည့်နေခဲ့တယ်.......နောက်ဆုံး ဘိုလေးက ကျွန်တော့်ကို အတင်းဝင်ဆွဲတော့မှ ပွဲပြီးသွားခဲ့သလို စံထူးလည်း သတိမေ့သွားခဲ့တော့တယ်.......ကျောင်းအပေါ်ထပ်မှာ ကျွန်တော်တို့ ရန်ဖြစ်နေတဲ့အသံတွေကြောင့် ဆရာတွေဆရာမတွေလည်း ရောက်လာခဲ့သလို စံထူးသူငယ်ချင်းတွေက ကျွန်တော်ရန်စပြီး စံထူးကို ထိုးတာလို့ ၀ိုင်းပြောခဲ့ကြတယ်.......ဘိုလေး က ခပ်အေးအေးပဲ စံထူးရန်စတာ ဆိုပြီး ၀င်ပြောနေပေမယ့် ကျွန်တော်ကတော့ လွယ်အိတ်လွယ်ပြီး အိမ်ကိုပဲ ပြန်ခဲ့တော့တယ်........

မျက်နှာမကောင်းဖြစ်ပြီး အိမ်ကို ပြန်လာတဲ့ကျွန်တော့်ကို သားဘာဖြစ်လာတာလည်းလို့ မေးတဲ့အမေ့ကို ကျွန်တော် ဘာပြောလို့ပြောရမှန်းမသိခဲ့ဘူး.........ဒါပေမယ့် မပြောလို့လည်း မရတဲ့အတွက် သားရန်ဖြစ်လာတယ်အမေ ဆိုပြီး ကျွန်တော် စိတ်တော်တော်ထိထိခိုက်ခိုက်နဲ့ ပြောမိခဲ့တယ်........ရန်တွေဖြစ်ပြီးတိုင်း ဒေါသက တော်တော်နဲ့ မပြေပဲ ဖြစ်နေတတ်တဲ့ ကျွန်တော်က ဒီတစ်ခေါက် ရန်ဖြစ်အပြီးမှာတော့ တိတ်ဆိတ်နေလို့ အမေက သားရယ် ဘယ်လို ဖြစ်တာလည်း လို့မေးသလို အဖေကပါ ငါ့သား စိတ်ကို တင်းမထားနဲ့ အဖေ့ကိုပြောစမ်း ဘယ်လိုဖြစ်လာတာလည်း ဆိုပြီး မေးတဲ့အချိန်မှ ကျွန်တော် အဖေ့ကို သားဖြစ်ချင်လို့မဟုတ်ပါဘူးအဖေ သားပါးရိုက်ခံရတာတောင် သည်းခံပါတယ်ဆိုပြီး ပြောတော့မှ အဖေကလည်း စိတ်မကောင်းဖြစ်ခဲ့သလို အမေကလည်း စိတ်မကောင်းဖြစ်ပြီး ဒေါသလည်း အကြီးအကျယ်ထွက်ခဲ့တယ်.......ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော် မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ အဖေနဲ့အမေ ကျွန်တော့်ကိတ်စနဲ့ နေရာသစ်မှာ ၀န်ခံကတိ လက်မှတ်ထိုးခဲ့ရသလို ကျွန်မသားအပြစ်ကြည့်မဟုတ်ဘူး ရန်စပြီး ကျွန်မသားကို ပါးရိုက်ခဲ့တဲ့ကျောင်းသားကိုပါ သူ့မိဘတွေခေါ်ပြီး ခံဝန်ကတိထိုးခိုင်းပါဆိုတာကြောင့် စံထူးနဲ့သူ့မိဘတွေပါ ခံဝန်ကတိထိုးခဲ့ရတယ်.......စံထူးကတော့ အဲဒီနေ့ကစလို့ ကျွန်တော့်ကို မော်လို့တောင် မကြည့်ရဲတော့ပေမယ့် ကျွန်တော်ကတော့ လက်ရဲဇက်ရဲနိုင်တဲ့ လူဆိုးအဖြစ် နာမည်ကြီးသွားသလို ကျွန်တော့်ကို သွေးတိုးစမ်းတဲ့ အဖြစ်အပျက် အများကြီးနဲ့ စပြီး ရင်ဆိုင်ခဲ့ရတယ်.....ကျွန်တော့် ကို စာတော်ပြီး အေးဆေးတဲ့ကျောင်းသားအဖြစ် မြင်စေချင်ခဲ့တာတွေလည်း ပျောက်ဆုံးခဲ့ရပြီး အရင်နေခဲ့တဲ့ နေရာဟောင်းကလူတွေ ကျွန်တော့်ကို မြင်တဲ့အတိုင်း နေရာသစ်ကလူတွေကလည်း ကျွန်တော့်ကို မြင်ခဲ့ကြတော့တယ်........

အဖေနဲ့အမေအတွက်လည်း ကျွန်တော်ဟာ ဗြဟ္မာကြီးဦးခေါင်း ကိုင်ထားရသလိုပဲလို့ ကျွန်တော့်ကိုယ်ကျွန်တော် မြင်ခဲ့မိသလို တစ်ကယ်လည်း အဖေနဲ့အမေဟာ ကျွန်တော့်အတွက် အဆင်ပြေမယ့် နည်းလမ်းပေါင်းစုံကို စဉ်းစားခဲ့ကြပြီး ပူပင်သောကလည်း ရောက်ခဲ့ကြရတယ်........အရင်လို ပျားပန်းခပ်အောင် အလုပ်မရှိတော့တဲ့ အမေကတော့ ကလေးတုန်းကလို မနက်ခင်း အကျီဝတ်ပေးတာကအစ ညပိုင်း ကျွန်တော် စိတ်လိုလက်ရစာကြည့်ရင် ဘေးနားက စာအုပ်တစ်အုပ်နဲ့ထိုင်ပေးနေတာမျိုးအဆုံး ကျွန်တော့်ကို တော်တော်ဂရုစိုက်ခဲ့တယ်.......အဲဒီကာလက အမေ့ကို ချီးကျူးမိတာတော့ ၀င်ငွေကောင်းတဲ့ လုပ်ငန်းကို စွန့်ပြီး အဖေနောက်ကိုလိုက်လို့ ဘာအလုပ်မှမရှိတော့တဲ့ အိမ်ရှင်မ အနေနဲ့နေနိုင်ခဲ့တာကိုပါပဲ........တစ်နေကုန် တစ်နေခန်း ရုံးဝင်းထဲက အိမ်မှာပဲ လာတဲ့ ဧည့်သည်ကို လက်ခံလိုက် အဖေ့ဝေယျာဝစ္စ ကျွန်တော့်ဝေယျာဝစ္စ လုပ်ပေးလိုက် ပန်းစိုက်လိုက်လုပ်နေပြီး ရုံးဝန်းထဲက ကလေးတွေ အိမ်ရှေ့ ရဲစခန်းက ကလေးတွေ တစ်ရုံးရုံးနဲ့ တစ်ခုပြီးတစ်ခု လုပ်ကျွေးနေတဲ့ အမေ့ကို ကြည့်ရတာ အရင်က စီးပွားရေးကို ဒေါင်းချီမောင်းချီ လုပ်ခဲ့တယ်ဆိုတာ ထင်စရာမရှိခဲ့ဘူး.......ရင်းနှီးတဲ့ သူတွေ တစ်ချို့ အဆင်မပြေလှတဲ့သူတွေအမေ့ဆီကို ပိုက်ဆံ လာချီးရင် အပေါင်သဘောမျိုးနဲ့ ရွှေယူထားပြီး အတိုး ယူခဲ့ပေမယ့် အမေယူတဲ့အတိုးက ကျွန်တော့်မုန့်ဖိုး သာသာ ဖြစ်လို့ ပိုက်ဆံချီးပေးတဲ့သဘောသာဖြစ်ပြီး နောက်ပိုင်းမှာလည်း အပေါင်ခံတာက သူများမျက်ခုံးမွှေးပေါ် စင်္ကြန်လျှောက်တာကွဆိုပြီး အပေါင်ခံတဲ့လူတွေအကြောင်းပြောလာတာကို ကြားလာတဲ့ကျွန်တော့်က အမေ မလုပ်နဲ့ဗျာ ရှက်စရာကြီးဆိုလို့ အမေလည်း နောက်ပိုင်းမှာ မလုပ်ဖြစ်ခဲ့တော့ပဲ အပေါင်ခံတဲ့အလုပ် တစ်ခန်းရပ်သွားခဲ့တယ်......

အမေ့မှာ ဝင်ငွေမရှိတော့တဲ့ ကာလဖြစ်ပေမယ့် အမေ့အမျိုးတွေနဲ့ပါတ်သက်လို့ တော်တော်အကုန်အကျများခဲ့တယ်....ဘုရားအစ်မ ကျောင်းအစ်မ ဆိုပြီး လူပုံအလည်မှာ ထင်ပေါ်ချင်တဲ့အပြင် နတ်ပွဲကလည်း မကြာခဏပေးချင်တဲ့ မေမေကြီးက အမေနဲ့ အမေ့အောက်မောင်ဆီက ပိုက်ဆံ မကြာခဏတောင်းသလို အမေ့အစ်မ သမီး နှစ်ယောက် သားတစ်ယောက် နဲ့ အမေ့မောင် သားတစ်ယောက် က တစ်နှစ်ထဲ မင်္ဂလာဆောင်သလို ဆွေမျိုးခင်တွယ်တတ်မှန်းသိတဲ့ အမေ့မောင်နဲ့ အမေ့အစ်မတွေက သူတို့ရဲ့သားသမီးတွေကို ငါတို့တော့ လုပ်မပေးနိုင်ဘူး နင်တို့အဒေါ်ဆီ သွားဆိုပြီး အမေ့ကို အကူညီတောင်းခိုင်းတဲ့အတွက် အားလုံးအမေ့ဆီရောက်လာခဲ့ပြီး လေးလေး မှ မကူညီရင် မဖြစ်ဘူး အဖေတို့အမေတို့က ဘာမှမလုပ်ပေးနိုင်ဘူးပြောတယ် လေးလေး လုပ်ပေးပါအုန်းဆိုပြီး ရောက်လာခဲ့လို့ အမေပဲ အစအဆုံး လုပ်ပေးခဲ့ရတယ်........ကိုယ့်သားသမီးကို ဒါမျိုးလုပ်လို့ဘယ်ဖြစ်မလဲ မိဘမပီသတဲ့ဟာတွေ ဆိုပြီး အမေက ပြောပြောဆိုဆို သူကိုယ်တိုင် အစအဆုံးလုပ်ပေးတတ်သလို အမေ့မောင်နှမ သားချင်းတွေကလည်း အမေ မနေနိုင်မှန်းသိထားတဲ့အတွက် ပြောကာမှပြော ခပ်အေးအေးသာ အပူပင် ကင်းကင်းနေခဲ့ကြတယ်........ထို့အတူ အဖေနဲ့အမေ့ကို လူလည်ခေါင် အော်ဆဲခဲ့ပြီး အဖေ အဆက်အဆံမလုပ်တော့တဲ့ အဖေ့ညီ အိမ်ကို ဘုန်းကြီးဝတ်ကြီးနဲ့ ရောက်လာခဲ့ပြီး ဦးတောင် ကုန်းမချတဲ့အဖေ့ကို အမေက တော် ဒါမျိုးတော့ မလုပ်ကောင်းပါဘူးတော် အပြတ်ကြီးမလုပ်ပါနဲ့ဆိုပြီး ရိုရိုသေသေ ဦးကုန်းချ လှူဖွယ်တွေ လှူပြီးကာမှ ငါဘုန်းကြီး မ၀တ်ချင်တော့ဘူး ထွက်မယ်ဆိုပြီး လုပ်လို့ အဖေက ဒေါသတွေ ထွက်ပြီး အမေ့ကို မင်းလက်ခံတာလို့ဆိုပြီး အပြစ်တွေတင်တဲ့အတွက် အမေလည်း စိတ်ညစ်ခဲ့ရတယ်.......

အမေ့ကို ပါးရိုက်မယ် ဆိုတဲ့ထိ စော်ကားခဲ့တဲ့ အဖေ့ညီမ ကလည်း အဖေနဲ့အမေဆီကို လိုက်လာပြီး ရုံးရှေ့မှာ မ၀င်ရဲပဲ ညှိုးညှိုးငယ်ငယ် ရပ်နေခဲ့လို့ အမေကိုယ်တိုင် စိတ်မကောင်းတွေဖြစ် မျက်ရည်တွေကျပြီး ငါ့ညီမလေးရယ် ဘယ်လိုတွေဖြစ်လာတာတုန်းဆိုပြီး ဖြစ်နေလို့ အဖေကတောင် မင်းကွာ တော်ရုံပဲကောင်းတယ် မကောင်းတဲ့လူတွေကို မဆက်ဆံတာအကောင်းဆုံးဆိုပြီး ပြောတဲ့အခါ အဖေ့ကို တော် အစ်ကိုမဟုတ်ဘူးလား ဒါတော့်ညီမ တော်နေနိုင်ပေမယ့် ကျွန်မ မနေနိုင်ဘူးဆိုပြီး အဖေနဲ့အမေတောင် ကသိကအောက်ဖြစ်ခဲ့ရတယ်......အဖေကတော့ ခပ်အေးအေး နေတတ်သလို ပြတ်စရာရှိရင်လည်း ယတိပြတ်ပြတ်တတ်တဲ့ လူဖြစ်တဲ့အတွက် ဘုန်းကြီးဝတ်ကြီးနဲ့ ရောက်လာပြီး လူဝတ်နဲ့ပြန်သွားတဲ့ အဖေ့ညီ ဒုတိယအခေါက် ရောက်လာတဲ့အချိန်မှာ အိမ်ပေါ်မှာ ထမင်းဝိုင်းပြင်ပေးနေတဲ့ အမေ့ကို မင်းပြင်နေတဲ့ထမင်းဝိုင်း အခုသိမ်း ဟေ့ကောင် မင်းပြန်တော့ မင်းမျက်နှာငါမမြင်ချင်ဘူးဆိုပြီး ပြောခဲ့တယ်........ဒေါသထွက်ခဲတဲ့ အဖေ ဒေါသထွက်နေတဲ့အတွက် အမေလည်း ဘာမှမပြောသာပေမယ့် အမေ့ထုံးစံအတိုင်း အပြတ်ကြီးတော့ မလုပ်ပါနဲ့ ထမင်းလေးတော့ စားပါစေ ဆိုပြီး ဈေးစစ်လို့ အဖေလည်း မအီမသာနဲ့ အေးကျွေးဆိုလည်း အိမ်ရှေ့ ၀ရံတာမှာကျွေး ငါစားတဲ့ထမင်းဝိုင်းမှာ မကျွေးနဲ့ဆိုပြီး ကျွေးခိုင်းခဲ့သလို မျက်ရည်တွေကျပြီး အိမ်ရှေ့မှာ ထမင်းစားနေတဲ့ သူ့ကို သနားပြီး ဦးလေး စိတ်မကောင်းမဖြစ်ပါနဲ့ဗျာ အဖေက အလုပ်တွေရှုပ်နေလို့ပါ ဦးလေးတို့ကလည်း ဆိုးတာကိုးဆိုပြီး လုပ်နေတဲ့ ကျွန်တော့်ကိုလည်း သား လာ အဲကောင်ကို အဖက်လုပ်ပြီး စကားပြောမနေနဲ့ ရော့ဟေ့ကောင် မင်းလာတဲ့လမ်းစရိတ် နောက်လည်း ငါ့ဆီ မလာနဲ့ ငါ့ကိုလည်း အစ်ကိုလို့ မသတ်မှတ်နဲ့ဆိုပြီး ပြောခဲ့တယ်.......အဖေပေးတဲ့လမ်းစရိတ်ကလည်း ကုန်တင်ရထားပဲစီးလို့ရမှာမို့ နောက်ဆုံး အမေပဲ လက်သိပ်ထိုး ပိုက်ဆံပေး အ၀တ်အစားပေးပြီးပဲ သွားပေတော့ ငါ့မောင် သွားပေအုန်းတော့ ဆိုပြီး မျက်ရည်လည်ရွှဲနဲ့ငိုပြီး အမေ၀မ်းနည်းခဲ့ရတယ်.....

အမေ့စိတ်ကို သိနေတဲ့ ကျွန်တော် နဲံ့ အဝေးမှာသူ့အိမ်ထောင်နဲ့သူနေနေတဲ့ အမေ့သမီးက ဘာမှမပြောပေမယ့် အစ်ကိုကတော့ အမေ့ကို အမေက ဆရာကြီးဖြစ်ချင်နေတာ အမေ ဒီလိုလုပ်ပေးတော့ အားလုံးက အမေ့ဆို မ နေကြတာ ဒါကို အမေသာယာနေတာ အမေ့အမျိုးတွေဆို အမေက သားတို့ထက်တောင် ဂရုစိုက်သေးတယ်ဆိုပြီး ဝေဖန်တဲ့အခါ အမေက ဒေါသတွေထွက်တတ်သလို ငိုလည်း ငိုခဲ့ရတယ်.......အမေနဲ့အစ်ကို အမေ့အမျိုးတွေနဲ့ ပါတ်သက်လို့ နောင်တစ်ချိန်မှာ အကြီးအကျယ်စကားတွေများရမယ့် အစပိုင်းကာလ ဖြစ်ခဲ့တယ်.......အမေနဲ့ အမြဲအနီးကပ်နေနေခဲ့ရတဲ့ ကျွန်တော်ကတော့ အမေ့စိတ်ကို နားလည်သလို သံယောဇဉ်ကြီးတဲ့အမေ့ကိုလည်း စာနာမိခဲ့တယ်.........
သားဆိုလည်း သား သမီးဆိုလည်း သမီး ယောင်္ကျားဆိုလည်းယောင်္ကျား အမျိုးဆိုလည်း အမျိုး အစစ အရာရာ ပူပန်နေတတ်ပြီး သံယောဇဉ်ကြီးတတ်တဲ့အမေ့အကြောင်း မင်းသိဖို့ကောင်းတယ်လို့ ကျွန်တော် ပြောတဲ့အခါ အစ်ကိုကတော့ ခါးခါးသီး ငြင်းတတ်သလို နောက်ပိုင်းမှာ မေမေကြီးကအစ စကားမပြောတော့လို့ အမေ တော်တော်စိတ်မကောင်းဖြစ်ခဲ့ရတယ်.......

Sunday, January 10, 2010

မနေ့က ကလေး ၄ ယောက်ကို အပျော်ကြီးပျော်အောင် လုပ်ပေးနိုင်ခဲ့သောကြောင့် ကျွန်တော့်စိတ်အလျဉ်တွင် ကျွန်တော်ကြံဆုံခဲ့ဖူးသော ကလေးများအကြောင်း တစ်ချိန်လုံးလိုသာ ရောက်နေခဲ့တော့သည်။

ပထမဆုံး ကြုံဆုံခဲ့ဖူးသော ကလေးမှာ စွာပု ဆိုသော ကလေးပင်ဖြစ်သည်။ ကျွန်တော့်ထက် ငယ်၍သာ ကလေးဟု ခေါ်ရသော်လည်း ထိုစဉ်က ကျွန်တော်ကိုယ်တိုင်သည်လည်း ကလေးပင် ဖြစ်သည်။ တိတိကျကျ ဆိုရသော် ၅ တန်း ၆ တန်း အရွယ်ဖြစ်သည်။ ထိုစဉ်က ကျွန်တော့်ဖခင်သည် အစိုးရ၀န်ထမ်း တစ်ဦးဖြစ်သောကြောင့် တာဝန်ကျရာ နေရာရှိ ဝန်ထမ်း အိမ်ရာတွင် နေချိန်ဖြစ်သည်။ စွာပု ဖခင်မှာ ကျွန်တော့်ဖခင်ဖြင့် ကျောင်းထဲက သူငယ်ချင်းဖြစ်သည့်အပြင် လုပ်ငန်းခွင်ဝင်ချိန်၌လည်း အတူတူပင်ဖြစ်၍ အရာရှိများဖြစ်ကြသောအခါတွင်လည်း နေထိုင်ရသည့် အိမ်များ ဘေးချင်းကပ်ရက် ကျ၍ အင်မတန်ခင်မင်ရင်းနှီးကြသည်။ စွာပု တွင် အစ်မတစ်ယောက်ရှိသော်လည်း မွေးစကပင် ပိုလီယို အရိုးပျော့ ရောဂါ ပါလာ၍ အိပ်ရာပေါ်တွင် သာ ထားရပြီး လူစဉ်မမှီသော အမြဲတစေ မွေးစကလေးလို ထမင်းခွန့်နေရသော ဘ၀ဖြင့် နေနေရသူဖြစ်သည်။

စွာပုမှာ အမေကဲ့သို့ အသားဖြူပြီး အဖေကဲ့သို့ အရပ်ပုပျတ်ပျတ်လေးဖြင့် ချစ်စရာကောင်းသော ကလေးအရွယ်လေးဖြစ်သော်လည်း ဒေါသကြီးပြီး စကားကလည်း တတ်လှသောကြောင့် စွာပု ဟု အမည်တွင်နေခြင်းဖြစ်သည်။ စွာပု အမေမှာလည်း ရုံးဝန်ထမ်းတစ်ဦးပင်ဖြစ်သောကြောင့် ရံဖန်ရံခါ စွာပု ဝေယျာဝစ္စများကို ကျွန်တော့် မိခင် လုပ်ပေးရသည့် အခါများလည်း ရှိခဲ့သည်။ ထို့အပြင် ကျွန်တော့်မိခင်မှာ စွာပုကိုလည်း ချစ်သကဲ့သို့ စွာပုမှာလည်း ကလေးချစ်တတ်သော ကျွန်တော့်မိခင်ကို အန်တီမြ ဟု သူ့ခေါ်သံတစ်မျိုးဖြင့် တစ်စာစာ ခေါ်နေတတ်လောက်အောင် ချစ်လေသည်။ စွာပု ကျောင်းတက်ခါစကဆိုလျှင် ညနေတိုင်း ကျွန်တော်တို့အိမ်၌ ကျွန်တော့်မိခင် ဖတ်ခိုင်းသော မဖတ်တတ် ဖတ်တတ် ဖတ်နေသော စွာပု စာဖတ်သံများကို ရီမောကြရင်း ပွဲကျနေလေ့ရှိတတ်သည်။

စွာပုမှာ စကားလည်း တတ်လှသည်။ တစ်ရက် သူကျောင်းက ပြန်လာပြီး ညဦးပိုင်းအချိန်၌ သူ့ဖခင်မှ ဦးထုပ်ကော ဟု မေးသောအခါ စွာပုမှာ ချက်ခြင်းပင် သားလည်း အဲဒါ ပြောမလို့ ဖေဖေရ......ကျောင်းဆင်းကာနီး သား ကျောင်းစာအုပ်တွေကို ကျောပိုးအိတ်ထဲကို ထည့်နေတဲ့အချိန်မှာ နောက်ကနေပြီး တစ်စုံတစ်ယောက်က သား ဦးထုပ်ကို ကြိုးကွင်းနဲ့ ပြစ်ဖမ်းလိုက်တယ်လို့ သားထင်တယ် ဖေဖေ......သားလည်း ချက်ခြင်းလှည့်ကြည့်တာပဲ....ဒါပေမယ့် ဘယ်သူ လည်း ဆိုတာ မသိလိုက်ဘူး ဆိုပြီး သူ့အဖေကို ပြောလေသည်။ သူ့အဖေမှာ ရီရမလို

Tuesday, December 29, 2009

အဖေနဲ့အမေ။၃၄။

ဂိုဒေါင်မှူးအပြုအမူနဲ့ ပါတ်သက်ပြီး သိပ်မကြာခင်ရက်အတွင်းမှာပဲ အဖေက သူနဲ့အကြီးတန်းစာရေးအမျိုးသမီးကို စာရင်းတွေ စစစ်သလို သူတို့လည်း အဖေစစ်နေတဲ့စာရင်းတွေကြားမှာ လူးလှိမ့်နေတော့တယ်.....စာရင်းတွေ စစ်နေတဲ့ ကြားထဲမှာပဲ အဖေ့ကို ဒီဦးစီးမှူးတော့တွေ့မယ် တစ်ခါထဲကို အပြုတ်ဖြုတ်ပြစ်မယ်ဆိုပြီး ကြိမ်းဝါးနေတယ်ဆိုတဲ့အသံပြန်ကြားခဲ့ရတယ်.....အဖေ့အတွက် အားအကိုးရဆုံးကတော့ အဖေ့လက်ထောက် ဒုဦးစီးမှူးပါပဲ........ဒုဦးစီးမှူးက နယ်မြေခံဖြစ်သလို အစဉ်အဆက် ပြုတ်သွားကြတဲ့ ဦးစီးမှူးပေါင်းမြောက်များစွာလက်ထက်မှာ အလုပ်လုပ်ခဲ့သလို တစ်ရုံးလုံးကလည်း ကြောက်ကြရတဲ့အပြင် ဦးစီးမှူးအသစ်ဆိုရင် သူက ပမာမခန့်လုပ်တတ်တယ်ဆိုတာ ကို အဖေ အစောထဲက ကြိုသိခဲ့ရတယ်.......နေရာသစ်မှာ လုပ်စရာရှိတာကိုသာ လုပ်နေပြီး အလုပ်အပေါ်လေးစားတဲ့အဖေ့ကိုတော့ ဒုဦးစီးမှူးက အဖေ့အရင်ဦးစီးမှူးတွေတုန်းက မခေါ်ခဲ့တဲ့ ဆရာလို့ အဖေ့ကိုခေါ်ပြီး အင်မတန်လည်း လေးစားခဲ့တယ်.........ဦးစီးမှူးတွေ စကားလက်ဆုံကြလို့ အဖေ့ကို ကျန်တဲ့ဦးစီးမှူးတွေက ခင်ဗျားကတော့ တစ်ခါထဲကို ချုပ်ထားလိုက်တော့တာပဲ ဆိုပြီး လက်ထောက်ဦးစီးမှူး အဖေ့အပေါ် ရိုကျိုးတာကို ပြောဖြစ်ကြရင် အဖေကတော့ ပြုံးနေလေ့ရှိသလို ကျွန်တော်က ကျွန်တော့်အလုပ် ကျွန်တော်လုပ်ပြီး သူကလည်း လူကောင်းပါလို့ပဲ အဖေပြန်ပြောခဲ့တယ်.......

ဂိုဒေါင်မှူးကို အဖေ စာရင်းစစ်တဲ့အချိန် ပစ္စည်းတွေကွာနေတဲ့အတွက် မင်းလည်းဝန်ထမ်း မင်းဒုတ်ခလည်း မရောက်စေချင်ဘူး ဆရာ အထက်ကို မတင်ဘူး ပစ္စည်းတွေပြန်ထည့်ပါဆိုတော့ ဂိုဒေါင်မှူးက ကျွန်တော် ပြန်မထည့်နိုင်ဘူးဆရာ နောက်ပိုင်းမှာ ဆရာလည်း လုပ်မှာပါပဲ ဆရာ ဖျောက်ပေးပါဆိုပြီး ပေါ်တင်ကို ပြောခဲ့တယ်.......အဖေကတော့ ဒေါသလည်း မထွက်ပဲ အေး ငါကျန်တာတော့ မပြောလိုဘူး မင်းကို ရက်သက်မှတ်ပေးမယ် မင်းပြန်ထည့်ရင်ထည့် မထည့်ရင် ငါအထက်ကို တင်ရမယ်ဆိုပြီး ပြောတော့မှ ဂိုဒေါင်မှူးလည်း ပြာယာခတ်ပြီး အမေ့ကို ၀င်ကပ်တော့တယ်.......အန်တီ လုပ်ပါအုန်း ဆရာ့ကို ပြောပေးပါအုန်း နောက်ပိုင်း ဂွင်တွေက ဒီလိုဒီလို ရှိတယ် ဒါလေးတော့ ကျွန်တော့်ကို ခွင့်လွှတ်ပေးပါလို့ ပြောပေးပါ .......နောက်ပိုင်း ဂွင်တွေကို ကျွန်တော် အန်တီတို့အတွက် လုပ်ပေးပါမယ်ဆိုပြီးပြောတဲ့ အချိန် အမေက အန်တီတို့ အခုဒီကိုပြောင်းလာတာ အန်တီဘာမှမလုပ်ပဲနဲ့ကို နှစ်ပေါက်အောင် ထိုင်စားနေနိုင်ပါသေးတယ် .....ထိုင်မစားနေနိုင်လို့ ပိုက်ဆံမရှိရင်တောင် အန်တီ အလုပ်ထွက်လုပ်ပြီး အန်တီမိသားစု ကို အန်တီ ရှာကျွေးနိုင်ပါတယ်......အန်တီ့ယောင်္ကျား သိက္ခာကိုပဲ အန်တီ အလေးထားတယ် အန်တီယောင်္ကျား မင်းတို့ဆရာအလုပ်ကိုလည်း အန်တီ ဘယ်တုန်းကမှ ၀င်မစွက်ဖက်ခဲ့ဘူး နောက်လည်း မင်း ဒီစကားတွေ အန်တီ့ကို လာမပြောပါနဲ့ မင်းတို့ ရုံးကိတ်စ အန်တီ သိလည်း မသိချင်ဘူး သိသည့်တိုင် အန်တီ မင်းတို့ဆရာကို ပြောပေးလို့မရဘူး အန်တီပြောလည်း မင်းတို့ဆရာလက်ခံမှာမဟုတ်ဘူး အန်တီတို့မိသားစုက ကိုယ့်စည်းနဲ့ကိုယ် နေကြတယ်ဆိုတာ မင်း သိစေချင်တယ်လို့ ပြောလိုက်တော့ သူလည်း လက်မှိုင်ချပြီး သူ ဘုန်း ထားတဲ့ ဟာတွေကို ပြန်ထည့်ပေးခဲ့ရတယ်........


နယ်မြေအသစ်မို့ အပြင်ကို မထွက်ပဲ အိမ်ထဲမှာပဲနေနေပြီး မြို့နယ်မှူးသား ဖိုးဇော် နဲ့ ပဲ သူ့အိမ်သွားလိုက် ကိုယ့်အိမ်လာလိုက် လုပ်နေပြီး အဲဒီအသက်အရွယ်ထိ ကျွန်တော်ပေါင်းတဲ့သူငယ်ချင်းတွေထဲမှာ ဖိုးဇော်က အရိုးသားဆုံးဖြစ်တဲ့အတွက် အဖေနဲ့အမေလည်း ကျွန်တော့်အတွက် အနည်းငယ် စိတ်ပူပင်မှု ကင်းရတဲ့ကာလပါပဲ.......ဖိုးဇော်ကိုတော့ ရိုးသားလွန်းလို့ အဖေနဲ့အမေကချစ်သလို ကျွန်တော်ကလည်း ဒီနေ့အထိပဲ မေ့လို့မရနိုင်ခဲ့ဘူး.......ကျွန်တော်တို့ ကျောင်းတွေ ဖွင့်ကာနီးအချိန်မှာ တော့ အရင်လို မဆိုးတော့ပဲ စာကြိုးစားတော့မယ် ဖိုးဇော်နဲ့ပဲ ပေါင်းပြီး ဖိုးဇော်လို ရိုးရိုးသားသား နဲ့ စာကြိုးစားတဲ့ လူဖြစ်အောင်လုပ်တော့မယ် ငါ့ပုံစံကို နေရာသစ်မှာပြောင်းလိုက်တော့မယ်လို့ စိတ်ကူးမိတဲ့ကျွန်တော်က စာတော်လို့ အေခန်းကိုရောက်မယ့် ဖိုးဇော်နဲ့အတူတက်ချင်တာရယ် စာတော်တဲ့သူတွေနဲ့နေရင် စာလုပ်ဖြစ်မှာပဲဆိုတဲ့ စိတ်ရှိတာရယ်ကြောင့် အမေ့ကို အမေ သား အေခန်းမှာ နေချင်တယ် ဟိုဘက်ကျောင်းက မှတ်ချက်တွေနဲ့ဆို သား နောက်ဆုံးခန်းရောက်မှာ သေချာတယ် သားကို ကျောင်းအုပ်ဆရာမကြီး ဆီ ၀င်တွေ့ပြီး အေခန်းထားဖို့ပြောပေးပါဆိုပြီး အမေ့ကို ပြောခဲ့တယ်......အမေကလည်း ၀မ်းသာအားရ အေး အမေပြောပေးမယ် ငါ့သား စာကြိုးစားချင်စိတ်ရှိတာပဲ အမေ၀မ်းသာတယ် နောက်နေ့ အမေသွားပြောပေးမယ်ဆိုပြီး ကျွန်တော့်ကို ပြောခဲ့တယ်......

နောက်နေ့မှာတော့ လက်ဆောင်တွေ တစ်ပွေ့တစ်ပိုက်နဲ့ အမေ ကျောင်းအုပ်ဆရာမကြီးဆီကို ထွက်သွားခဲ့ပြီး ဆရာမကြီးဆီက ပြန်ရောက်တဲ့အချိန်မှာ ငါ့သားရေ မပူနဲ့ အမေ ပြောခဲ့ပြီ ငါ့သား ဖိုးဇော်နဲ့အတူတူ အေခန်းမှာ တက်ရမယ် ငါ့သားလည်း ကြိုးစား သူများတွေက စာတော်ပြီး ကိုယ်က ညံ့နေရင် ရှက်စရာကြီး ဆိုပြီး အမေ ပြောခဲ့တယ်.........ကျောင်းတက်ရမယ့် နေ့မှာတော့ ဖိုးဇော်နဲ့ ကျွန်တော် အတူသွားခဲ့ပြီး အေခန်းထဲမှာ ခပ်တည်တည်ဝင်ထိုင်နေတဲ့ ကျွန်တော့်ကို ဒီ ခန်းကို သွားရမယ်ဆိုပြီး ဆရာမက ပြောလို့ ယောင်တောင်တောင်နဲ့ ကျွန်တော် ထလာရသလို ဖိုးဇော်ကလည်း ဆရာမ သူအေခန်းမှာ မနေရဘူးလားဆိုပြီး မျက်နှာငယ်လေးနဲ့ မေးနေခဲ့တယ်.......ကျွန်တော် ဒီခန်းကို ရောက်တဲ့အချိန်မှာတော့ ကျွန်တော့်ထက် ၃ နှစ်လောက်ကြီးတဲ့သူတွေ အများစု ရှိပြီး တစ်ကယ့် လူဆိုး လူပေတွေကို ထားတဲ့ အခန်းဆိုတာ ကျွန်တော် သိခဲ့ရတယ်......ကျောင်းက အပြန် အမေ့ကို အမေ သားတော့ ဒီခန်း ရောက်သွားပြီ အမေ သေချာမပြောဘူးလားဆိုပြီးမေးလို့ အမေလည်း ဆရာမကြီးအိမ် အသည်းအသန် ပြေးပြီး မေးတော့မှ အောင်လာတဲ့အမှတ်ရယ် အရင်နေခဲ့တဲ့ကျောင်းက အလွန်ဆိုးတယ်ဆိုတဲ့ မှတ်ချက်ပါလို့ ဘယ်လိုမှ လုပ်ပေးလို့မရဘူး ဆိုပြီး အမေ့ကိုပြောခဲ့တယ်......အမေကတော့ ကျွန်တော့်အတွက် စိတ်မကောင်းဖြစ်ခဲ့ပြီး ကျွန်တော်ကတော့ စိတ်ချဉ်နည်းနည်းပေါက်ခဲ့ရတယ်........

အဖေနဲ့အမေက ကျွန်တော့်ကို အရင်လို အပေါင်းအသင်းမှားမှာစိုးရိမ် ပြီး အစစအရာရာလည်း အရင်ကထက် မျက်လုံးဒေါက်ထောက်ကြည့်နေတဲ့အချိန်ပါပဲ.......ကျွန်တော့်မှာလည်း သိပ်မကြာလိုက်ဘူး ဒုဦးစီးမှူး သားနဲ့ဆက်စပ်ပြီးသိရတဲ့ မြို့နယ်ဆရာဝန်ကြီးသား ကျွန်တော်တို့အခေါ် ငကျစ် ရယ် နွားနို့ရောင်းတဲ့ ကုလားလူမျိုး ကျွန်တော်တို့အခေါ် နှာခေါင်းရယ် နဲ့ထပ်သိခဲ့ရပြီး ဖိုးဇော်အပါအ၀င် သူတို့သုံးယောက်နဲ့ပဲ ပေါင်းနေခဲ့တယ်......အဖေနဲ့အမေက နှာခေါင်းနဲ့ ဖိုးဇော်ကို ရိုးသားပြီး ကျွန်တော့်အပေါ်လည်း ချစ်ကြတယ် ငကျစ်ကတော့ မရိုးသားဘူး ကျွန်တော့်အပေါ်လည်း သူငယ်ချင်းစိတ် မရှိဘူး လို့မှတ်ချက်ပေးပေမယ့် ကျွန်တော်ကခင်ခင်မင်မင်ပေါင်းနေလို့ ဘာမှမပြောတဲ့အပြင် ကျွန်တော့်အပေါ် မကောင်းစိတ်မွေးမှာဆိုးတဲ့အတွက် ငကျစ်လာရင် သူငယ်ချင်းအချင်းချင်း ခင်ခင်မင်မင်ပေါင်းဖို့ ကျွန်တော် မကောင်းတာရှိရင် သူတို့ကိုတိုင်ဖို့ စိတ်မခုဖို့ ပြောနေတတ်ခဲ့ပြီး နှာခေါင်းနဲ့ ဖိုးဇော်ကိုတော့ ကျွန်တော်နဲ့တန်းတူ သားတွေလိုပဲ ချစ်သလို နှာခေါင်းနဲ့ဖိုးဇော်ကလည်း အမေ့ကိုဆို အမေတစ်ယောက်လိုပဲ သဘောထားခဲ့ကြတယ်.......ကျောင်းပိတ်ရက် နေ့လည်ဆို ထမင်းချိုင့်လေးတွေဆွဲပြီး နှာခေါင်းကလည်း ကျွန်တော်ကြိုက်တယ်ဆိုတဲ့ အမဲကြော်ပါလာတတ်သလို ဖိုးဇော်ကလည်း ကျွန်တော့်အတွက် ငါးပိထောင်းဆိုပြီး သူ့အမေကို ဇွတ်ထောင်းခိုင်းပြီး ယူလာတတ်လို့ အမေက မယူလာခဲ့ဖို့ပြောတိုင်း ဒီကောင်ကြီးကြိုက်လို့ အန်တီရ အန်တီချက်ထားတဲ့ဟင်းတွေ သားတို့စားမယ် ဆိုပြီး ပျော်ပျော်ပါးပါး စားတတ်တဲ့အတွက် အမေနဲ့အဖေလည်း တို့သားလည်း အခုမှ ကလေးပုံပေါက်တော့တယ်ဆိုပြီး စိတ်ချမ်းသာခဲ့ရတယ်........

နေရာသစ်ကိုရောက်ပြီး တစ်လနှစ်လောက်အကြာမှာ အဖေက အစ်ကို့ကို လည်း ကျောင်းတက်ဖို့ကိတ်စတွေပြီးရင် ကားယူပြီး လာခဲ့ဖို့မှာခဲ့တယ်......အစ်ကိုကတော့ ရောက်လာခဲ့ပေမယ့် ကားတော့ ပါမလာခဲ့လို့ ကားကောလို့ အဖေ မေးတဲ့အချိန်မှာ ကားက သိပ်မကောင်းတော့တာရယ် ခရီးကဝေးလွန်းတာရယ်ကြောင့် ရောင်းလိုက်ပြီဆိုပြီး အစ်ကိုကပြောတော့ အမေက အမလေး ငါ့သားရယ် ဘာလို့ရောင်းလိုက်တာလည်းလို့ပြောခဲ့သလို အဖေကလည်း ဟ မင်းသဘောနဲ့မင်းရောင်းရအောင် မင့်ကားမှမဟုတ်တာ ငါတို့တောင် မတိုင်ပင်ဘူး မင်းက ဘာသဘောလည်းကွလို့ပြောခဲ့ပြီး ဘယ်မလဲ ကားရောင်းရတဲ့ ပိုက်ဆံဆိုပြီးမေးတော့ အစ်ကိုက ပိုက်ဆံတွေ ထုတ်ပေးပေမယ့် အပြည့်တော့ အဖေနဲ့အမေ မရခဲ့ဘူး........ဘယ်ရောက်ကုန်လည်း မေးတော့လည်း သုံးပြစ်ပြီပဲ ပြောတာနဲ့ အဖေနဲ့အမေ လည်း ဘာမှ ပြောလို့မရတော့ပဲ အဖေကတော့ မင်းကွာ မင်းကွာ နဲ့ဖြစ်နေခဲ့ပြီး အမေကတော့ ငါ့သားက လက်လွတ်စပါယ် သိပ်လုပ်တာပဲ အဖေနဲ့အမေကို မသနားဘူးလို့ပဲပြောခဲ့တယ်......နောက်ပိုင်းမှ အဖေနဲ့အမေ သိခဲ့ရတာက အစ်ကိုက သူ့အချစ်ဆုံးသူငယ်ချင်း ရဲ့မိဘတွေ ကွဲကြတဲ့အခါ ဒုက္ခရောက်နေတဲ့အတွက် သူ့သူငယ်ချင်း နဲ့ သူငယ်ချင်းအမေ လုပ်စားကိုင်စားလို့ရအောင် ကားရောင်းပြီး တစ်ချို့တစ်ဝက်ကို ပေးခဲ့တယ်ဆိုတာပါပဲ.........အဖြစ်မှန်ကို သိသွားတဲ့အဖေနဲ့အမေက ငါ့သားစိတ်ဓာတ်ကို အဖေတို့အမေတို့ သဘောကျပါတယ်.......လုပ်လည်း လုပ်ပေးသင့်ပါတယ်.......ဒါပေမယ့် နောက်ဆိုရင်တော့ သားသဘောကျမလုပ်ပါနဲ့ အဖေတို့အမေတို့ကို ပြောပါဆိုပြီး ပြန်မပြောနားမထောင် အစ်ကို့ကို ဆုံးမခဲ့ရတယ်........

အစ်ကို အိမ်ကိုရောက်လာတဲ့ကာလမှာ အဖေနဲ့အမေ ကျွန်တော်တို့ညီအစ်ကို နှစ်ယောက်အတွက် စိတ်အချမ်းသာဆုံးကတော့ နေရာသစ်မှာ ရေလည်း ရှားတဲ့အပြင် ရုံးဝင်းအတွင်းမှာရှိတဲ့ရေတွင်းကလည်း သံချေးရေပါပြီး ရေလိုက်ပို့တဲ့လူကလည်း လာတစ်ချက်မလာတစ်ချက်မို့ အစ်ကိုနဲ့ကျွန်တော် ထမ်းပိုး မထမ်းတတ် ထမ်းတတ်နဲ့ ရေတွေ ထမ်းပြီး အဖေနဲ့အမေ ချိုးဖို့ ရေခပ်ပေးသလို ရေတွင်းမှာသွားပြီး အမေ့ထမိန်တွေ အဖေ့ပုဆိုးတွေ ညီအစ်ကိုနှစ်ယောက် သွားသွားရှော်ပေးခဲ့တာပါပဲ.......ညီအစ်ကိုနှစ်ယောက် ရေတွင်းကနေ ရေခပ်ပြီး ဒယီးဒယိုင်နဲ့ ရေထမ်းနေခဲ့ပြီး ရေတွင်းဘေးမှာ အစ်ကိုက အမေ့ထမိန်တွေ လျှော် ကျွန်တော်က ရေခပ်ပေး လုပ်နေတဲ့ ကျွန်တော်တို့ညီအစ်ကို နှစ်ယောက်ကို လိမ္မာ လိုက်ကြတာ သားလေးတွေက ကုသိုလ်ကောင်းလိုက်တာလို့ အဖေနဲ့အမေကို လူတွေက ၀ိုင်းပြောကြရင် ကျွန်တော်တို့ အများကြီးဆိုးခဲ့တာတွေကို ဘေးဖယ်ထားပြီး လူတွေပြောတဲ့ လိမ္မာလိုက်တဲ့ သားလေးနှစ်ယောက်ဆိုတာကိုပဲ အဖေနဲ့အမေ ကျေနပ်ပီတိဖြစ်နေခဲ့ကြတယ်.......ထို့အတူ ကျွန်တော်တို့ကို လူလိမ္မာလေးတွေလို့ထင်ပြီး သားလေးတွေကို ဂရုစိုက်နော် ဒီနယ်မြေက ဆိုးတယ် သားလေးတွေပျက်စီးသွားမှာဆိုးလို့ဆိုပြီး အမေနဲ့အဖေကို လာပြောရင် အဖေနဲ့အမေကတော့ ပြုံးနေတတ်ခဲ့ပြီး တစ်ယောက်တစ်မျိုးဆိုးတဲ့ ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်ကလည်း အဲဒီအပြုံးတွေရဲ့ အဓိပ္ပါယ် ကိုသိပြီး ရီချင်မိသလို ဧည့်သည်တွေပြန်သွားပြီဆိုရင် ဒီသားနှစ်ယောက်ကြောင့် ခေါင်းမွှေးဖြူပြီး ဆံပင်ဆေးဆိုးထားတာ လူတွေကမသိဘူး ငါ့မှာ ဆေးဗူးမမြင်အောင် လူတွေသိမ်းရတာ အမော ဆိုပြီး ဟာသလည်း ပြောခဲ့သေးတယ်......

သိပ်တောင် မကြာလိုက်ဘူး ငကျစ်ရဲ့အစ်မ နဲ့ အစ်ကိုနဲ့ ရည်းစားဖြစ်သွားပြီဆိုတာလည်း သိရော အမေက မျက်ကလူးဆန်ပြာဖြစ်ပြီး ငါ့သားရယ် သူတို့က ဆရာဝန်တွေသာဖြစ်တာ လောင်းကစားသမားတွေ အကျွေးတွေဆိုတာနည်းတာမဟုတ်ဘူး ကောင်မလေးပုံစံကလည်း ကလက်တက်တက် နဲ့ အမေမကြိုက်ဘူး ဒူးတင်ပေါင်တင် ဖဲရိုက်နေတဲ့ သူတွေနဲ့ အမေ ဘယ်လိုမှ သဘောမတူနိုင်ဘူး ငါ့သား ဒီကလေးမနဲ့ ရသွားရင် အမေ ရင်ကျိုးလိမ့်မယ်ဆိုပြီး အစ်ကို့ကို ကျောင်းဘယ်တော့တက်ရမှာလည်း မေမေကြီးတို့ဆီ ပြန်နေမလားဆိုပြီးပဲ အချိန်တိုင်း အမေမေးနေခဲ့တယ်.......ဘယ်တုန်းကမှ အဖေတို့အမေတို့နဲ့ ခပ်ကြာကြာအတူ မနေချင်တဲ့အစ်ကိုကလည်း သား ဒီမှာပဲပျော်တယ်လုပ်နေလို့ အမေ့မှာ ခေါင်းမီးတွေတောက်နေခဲ့ရသလို အဖေတောင် အမေ့ကြည့်ပြီး စိတ်မချမ်းသာလို့ အစ်ကို့ကို ငါ့သား မင်းအမေ စိတ်မချမ်းသာတာ မလုပ်နဲ့ကွာ မင်းလည်း တစ်ကယ်ကြိုက်တာမဟုတ်ဘူး မင်း ဒီလို ရည်းစားတွေ ဟိုထားဒီထား လုပ်နေတာလည်း အဖေမကြိုက်ဘူးဆိုပြီး ဆုံးမခဲ့ရတယ်......အစ်ကိုကတော့ အဖေနဲ့အမေ ဘာပြောပြော ဟင့်အင်း သားဒီမှာပျော်တယ် အဖေတို့က လည်း သားက အဖေတို့အမေတို့နဲ့ နေချင်ပါတယ်ဆိုကာမှ သားကို ဇွတ်နှင်ထုတ်နေတယ်ဆိုပြီး နွဲ့ပြလို့ အဖေနဲ့အမေမှာ ရင်တစ်မမ နဲ့ စောင့်ကြည့်နေယုံကလွဲလို့ မပြောသာခဲ့ဘူး........နောက်ဆုံး မြို့ပေါ်မှာ ပွဲတစ်ခုလုပ်တဲ့အချိန် အစ်ကိုနဲ့ ငကျစ်အစ်မ ညပိုင်းချိန်းထားတယ် ဘေးနားက စီစဉ်ပေးတဲ့လူတွေလည်း ရှိတယ် ဒီနေ့ည အန်တီ့သားနဲ့ ကောင်မလေးချိန်းတွေ့ပြီးရင် ၀ိုင်းဖမ်းတယ်ဆိုပြီး လုပ်ကြလိမ့်မယ်လို့ သတင်းပေးလာတဲ့လူရှိလို့ အမေ ပြာယာခတ်ပြီးအစ်ကို့ကို ဟုတ်သလားမေးပြီး မသွားဖို့ပြောပေမယ့် ထုံးစံအတိုင်း အမေတို့ကလည်းဗျာ ဘာမှလည်း မဟုတ်ပဲနဲ့ အဲဒီလူတွေက အမေ့ဆီက စားနေရလို့ စားကောင်းအောင်လာပြောနေတာ ဆိုပြီး အမေ့ကိုပြန်ရန်တွေ့ခဲ့တယ်........အဖေကလည်း မင်း ဒီနေ့အပြင်မထွက်နဲ့ဆိုပေမယ့် ညပိုင်း မှာ အစ်ကို ခိုးထွက်သွားမှန်းလည်း သိရော အမေက အဖေ့ကိုတောင်မစောင့်တော့ပဲ တုတ်တစ်ချောင်းကိုင်ပြီး သတင်းလာပေးတဲ့ အငယ်တန်းစာရေးအစ်ကိုရဲ့ မိန်းမကို ခေါ်ပြီး အစ်ကိုတို့ချိန်းတွေ့နေတယ်ဆိုတဲ့ အိမ်ကို ဒုန်းစိုင်းပြေးခဲ့တော့တယ်.........

အစ်ကိုတို့ ချိန်းတွေ့နေတဲ့ အိမ်ရှေ့ရောက်ရောက်ချင်း ကျော်ကျော် အိမ်ပေါ်က ဆင်းခဲ့ ....နင်ဒီမှာရှိတာ ငါသိတယ် အခုချက်ခြင်းဆင်းခဲ့ ငါ့အကြောင်းသိတယ်နော် သားကို ချစ်လို့ အလိုလိုက်ထားတာ မကန်းတက်နဲ့ အကုန် ဒုတ်ခရောက်ကုန်မယ် အခုဆင်းခဲ့ဆိုပြီး ပြောတော့မှ အီလည်လည် အစ်ကို အောက်ကို ဆင်းလာခဲ့တယ်........အမေက တစ်ချိန်လုံး သူ့စကားနားမထောင်တဲ့ အစ်ကို့ကို ကုတ်က ဆွဲပြီး အိမ်ပြန်ခေါ်လာခဲ့ပြီး အဖေက မင်းကွာ သားသမီးကို ဒါမျိုးမလုပ်ရဘူး အရှက်ရသွားတတ်တယ်လို့ပြောပေမယ့် တော် ၀င်မပါနဲ့ ကျုပ်သိတယ် ဒီကိတ်စ ရသွားရင် ဘယ်လိုလုပ်မလည်း အခုတောင် အချိန်မှီလေး ဒီလို အရှက်ရမှ ဒီကောင် ဒီမှာ မနေချင်မှာ ဆိုပြီး အစ်ကို့ကိုလည်း ကျော်ကျော် အမေက သားတို့ကို ချစ်လွန်းလို့ အလိုလိုက်တာ သားတို့ မဖြစ်သင့်တာမဖြစ်ရအောင် အမေ ကြမ်းသင့်ရင်ကြမ်းရမှာပဲ အမေ့အကြောင်းလည်း သားသိတယ် အမေ့ကိုတော့ ဒါမျိုး လာမစမ်းနဲ့ ခုတစ်ခွန်းမှပြန်မပြောနဲ့ သွား အထုတ်အပိုးပြင် နောက်နေ့ပြန်ရမယ်ဆိုပြီး အစ်ကို့ကို အထုတ်အပိုးပြင်ခိုင်းပြီး နောက်နေ့မှာပဲ မေမေကြီးတို့ဆီကို ပြန်လွှတ်ခဲ့ပြီး ကျောင်းမတက်ခင် ကြားထဲ မေမေကြီးတို့ဆီမှာပဲ နေဆိုပြီး ခိုင်းခဲ့တယ်.......ပြုံးပြုံး ပြုံးပြုံးနဲ့ သဘောတစ်အားကောင်းတာဆိုပြီး သိထားပြီး အမေ့ကို သွေးတိုးလာလာစမ်းတဲ့ အဖေ့ရုံးက အကြီးတန်းစာရေးမိန်းမနဲ့ တစ်ခြားလူတွေလည်း အမေ့ဒေါသကြီးမှန်းသိခဲ့ကြပြီး အစ်မက ထင်တောင်မထင်ဘူး ဒီလောက်ဒေါသကြီးလိမ့်မယ်လို့ .....ကြောက်စရာကောင်းလိုက်တာဆိုပြီး ပြောခဲ့ကြသလို ငကျစ်တို့ မိသားစုကလည်း အမေ့ကို တော်တော်နာသွားပေမယ့် ငကျစ်အမေနဲ့ ငကျစ် ကတော့ ဟန်ဆောင်ပန်ဆောင် ကျွန်တော်နဲ့ကော အမေနဲ့ပါ အခင်မင် မပျက် နေခဲ့ကြတယ်........

အစ်ကို ပြန်သွားပြီး မကြာခင်ရက်ပိုင်းအတွင်းမှာပဲ အဖေနဲ့အမေကို ဆုံစည်းစေခဲ့တဲ့ မိန်းမနဲ့လည်း ကွဲနေတဲ့ အမေ့အစ်မအကြီးဆုံးယောင်္ကျား အဖေ့အကို ၀မ်းကွဲ အိမ်ကိုရောက်လာပြီး အိမ်မှာနေချင်တယ်ဆိုတဲ့အတွက် အဖေနဲ့အမေက အိမ်ပေါ်ခေါ်တင်ထားခဲ့တယ်.......အရက်သမား လုံးလုံးဖြစ်နေတဲ့ သူ့ကို အဖေနဲ့အမေက ညစဉ်ညတိုင်း အရက်ကောင်းကောင်း ၀ယ်တိုက်ခဲ့ပြီး အရက်သောက်ချင်ရင်လည်း အိမ်ထဲမှာသောက်ဖို့ ပြောခဲ့သလို သူကလည်း နေ့တိုင်း တစ်နေကုန်တစ်နေခန်း မူးနေခဲ့တော့တာပါပဲ........လူက မူးပြီး အရက်ကြောင်ကြောင်သလို ဖြစ်နေတဲ့ သူ့ကို ကျွန်တော်လည်း စိတ်ညစ်ပေမယ့် ဦးလေး ဆိုတဲ့အခံရယ် အဖေနဲ့အမေကို ဆုံစည်းစေခဲ့တယ်ဆိုတဲ့ အခံရယ် ပေါင်းပြီး ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့ပေမယ့် သူ့ပုံစံက တစ်နေ့တစ်ခြား စိတ်ညစ်စရာဖြစ်လာခဲ့ပြီး အဖေနဲ့အမေ အရက်ဝယ်ပေးထားတဲ့ကြားက အပြင်မှာ ထွက်ပြီး အရက်သောက်တဲ့အပြင် မူးပြီး ပြန်မလာနိုင်လို့ ဆိုက်ကားဆရာတွေ အိမ်ကို လိုက်ပို့ပေးရတဲ့ အခါတွေလည်း ရှိတဲ့အတွက် အဖေနဲ့အမေမှာ အရှက်ရစရာတွေဖြစ်လာခဲ့တယ်......တစ်ရက်မှာတော့ ကျွန်တော်က ဦးဦး အဖေနဲ့အမေက အရက်ဝယ်ပေးထားတာပဲ အပြင်မှာသွားမသောက်ပါနဲ့ဗျာ အဖေ သိက္ခာကျတယ်လို့ပြောတော့ အရက်သောက်ယုံတင်မကဘူး ငါ့တူရ အရက်ဆိုင်က မိန်းမက ဦးဦးကို သဘောကျနေတာ ဦးဦးကလည်း သူ့ကိုသဘောကျနေတာ .....အဆင်ပြေရင် ယူမယ်ကွဆိုပြီး ပြောလို့ ကျွန်တော်လည်း ဟာဗျာ ဒုက္ခပါပဲ လို့ပြန်ပြောပြီး အဖေနဲ့အမေကို အဲဒီအကြောင်း ပြောပြရတော့တယ်..........

အဖေနဲ့အမေလည်း ရုံးက ရိုးသားလွန်းတဲ့ ကချင်အစ်ကိုကြီးကို စုံစမ်းခိုင်းတဲ့အခါ သူက မူးမူးရူးရူးနဲ့ ငါက ဦးစီးမှူးအစ်ကို နင့်ကို သဘောကျတယ် ဆိုပြီး ရည်းစား စကား လိုတောင် ပြောပြီး လမ်းဘေး အရက်ဆိုင်ကလူတွေကလည်း သူ့လာရင် ဟာသတွေလုပ်နေကြတယ်ဆိုတာ သိခဲ့ရတယ်.......အဖေနဲ့အမေလည်း ဦးလေးကို ပြောဖို့ တော်တော်အကျပ်ရိုက်ခဲ့ပေမယ့် နောက်ပိုင်းမှာ ပိုဆိုးလာမှာဆိုးတာနဲ့ မျက်နှာနာနာနဲ့ပဲ ပြန်တော့ဖို့နဲ့ လုပ်ကိုင်စားဖို့ အရင်းအနှီးအနည်းငယ် ထုတ်ပေးခဲ့ပြီး သူ့ကို ပြန်လွှတ်ခဲ့ရတယ်......နေရာသစ်ကို ပြောင်းလာတဲ့အဖေနဲ့အမေအဖို့ ဘ၀အစကစလို့ အဲဒီအချိန်ထိ မှာ အမျိုးတွေနဲ့ဝေးရာကို ပထမဆုံးပြောင်းလာတာဖြစ်သလို ဘယ်လိုအခြေအနေမျိုးမှာပဲ ရပ်တည်ရတဲ့ သူဖြစ်ပစေ အဖေနဲ့အမေ အနီးနားမှာ မရှိတော့ခြင်းက သူတို့အတွက် အားကိုးရာ မြင့်မိုရ်တောင်ကြီးရွေ့သွားတဲ့သဘောပဲဆိုတာ သူတို့ကိုယ်တိုင် သိသလို ကျွန်တော်ကိုယ်တိုင်လည်း ပိုသိခဲ့ရတယ်.......အဖေ့အမျိုး အမေ့အမျိုးတွေ တစ်ယောက်လာလိုက် ပြန်သွားလိုက် နောက်တစ်ယောက်လာလိုက် ပြန်သွားလိုက်နဲ့ တော်ရုံတန်ရုံ ခပ်အေးအေးနေတတ်တဲ့အဖေတောင် စိတ်ညစ်ရလောက်အောင် အမျိုးတွေက လည်း လာလွန်းလှခဲ့တယ်..........အစ်ကို့ကိတ်စ နဲ့ အဖေ့အစ်ကို အမေ့ခဲအို ကိတ်စ ဖြစ်တဲ့အချိန်ထိ ကျွန်တော်က အေးအေးဆေးဆေး ကျောင်းတက်ပြီး အိမ်ထဲက အိမ်ပြင် သိပ်မထွက်တဲ့အတွက် အဖေနဲ့ အမေ ကျွန်တော့်အတွက် စိတ်အေး စပြုနေတဲ့အချိန်မှာပဲ မထင်မှတ်တဲ့ ရန်ပွဲတစ်ခု ကျွန်တော် ဖြစ်ခဲ့တယ်........

အဖေနဲ့အမေ။၃၃။

မေမေကြီးတို့ အိမ် ရောက်တဲ့ အချိန်မှာ ညနက်နေပြီဖြစ်သလို ကျွန်တော့် လက်သန်းကလည်း လက်မထက်တောင် ကြီးပြီး ညိုမဲပြီး ယောင်ကိုင်းနေခဲ့တယ်......ရောက်ရောက်ချင်းပဲ ဆရာဝန်ဆီသွားပြီး ကျွန်တော့်လက်ကို ကျောက်ပတ်တီးစည်းပေးခဲ့တယ်.........အမေ့ မောင်နှမသားချင်းတွေက ကျွန်တော်အဖမ်းခံရမှာဆိုးတဲ့အတွက် တစ်နေရာ ကို ပို့ပေးဖို့ အမေ့ကို တိုက်တွန်းပေမယ့် အမေကတော့ အဖေလာတဲ့ထိ စောင့်မယ် အဖေ ဖြေရှင်းနိုင်မှာပါဆိုပြီး လက်မခံခဲ့သလို အဖေ့ဆီကို ဖုန်းလည်း ဆက်ခဲ့တယ်.........အဖေ တာဝန်ကျတဲ့နေရာက အဖေ အောက်ကို ပြန်ဆင်းသွားပြီလို့လည်း သိခဲ့ရတဲ့အတွက် နောက်တစ်နေ့မှာ ကျွန်တော့်ကို မေမေကြီးတို့ဆီမှာ ထားခဲ့ပြီး အမေနဲ့မာမီ ဒီတိုင်းပြစ်ထားခဲ့တဲ့ အိမ်ဆီကို ပြန်သွားခဲ့ပြီး အဖေ့အဖေ ဘဘကလည်း အမေတို့ပြန်အလာကို အိမ်ရှေ့မှာ စိုးရိမ်ပူပန်စွာနဲ့ ပြန်လာမယ်မှန်းမသိပဲ ထိုင်စောင့်နေခဲ့တာကို အမေတို့တွေ့ခဲ့ရသလို ဘဘကလည်း အမေ့ကို ငါ့တူမ စိတ်မပူနဲ့ လူလေးလာတဲ့ထိ ဦးလေး စောင့်မယ် ပစ္စည်းတွေလည်း စိတ်မပူနဲ့ ဦးလေး စောင့်နေပေးမယ် ငါ့တူမလည်း ပြန်တော့ ဆိုပြီး အမေ့ကို ပြန်လွှတ်ခဲ့တယ်........

ဒီကြားထဲမှာ မာမီ့ အမျိုးသားက အခြေအနေကို သွားစုံစမ်းတဲ့အချိန်မှာ ကျွန်တော်နဲ့ပြသနာတက်တဲ့ဘက်က ရဲစခန်းကို တိုင်ထားပေမယ့် ရဲစခန်း စခန်းမှူးကလည်း အဖေ့ကို သိတဲ့အပြင် အဖေလည်း မရှိဘူး အဖေ့ အပေါ်လည်း လေးစားသမှုနဲ့ အဖေပြန်လာရင်တော့ ပြေလည်အောင်ဖြေရှင်းပေးမှာပါ သွားမဖမ်းပါနဲ့အုန်းလို့ ပြောထားတဲ့အတွက် ရဲစခန်းက မဖမ်းသေးသလို တစ်ဖက်ကလည်း ရဲစခန်းကို အမေက ပိုက်ဆံပေးထားလို့သာ မဖမ်းတာ ဆိုပြီး ခရိုင်ရဲစခန်းကိုပါ တက်တိုင်ထားတယ်ဆိုတာ သိခဲ့ရတယ်...............ပြသနာက မအေးမှန်း သိပေမယ့် အမေကတော့ အဖေ လည်း လာနေပြီ အဖေလာမှ ရှင်းမယ်လို့ တွေးထားပေမယ့် လမ်းပန်းဆက်သွယ်ရေးကြောင့် ကျွန်တော်ပြသနာဖြစ်ပြီး တစ်ပါတ်လောက်နေမှ အဖေ ရောက်လာခဲ့တယ်........မေမေကြီးတို့ ဆီမ၀င်ပဲ အိမ်ကို တန်းသွားခဲ့တဲ့ အဖေကလည်း အိမ်မှာ ဘဘကိုပဲတွေ့ရပြီး ဘဘက လူလေး အငယ်ကောင်တော့ ဒီလိုပဲ ပြသနာဖြစ်တယ် မင်း လိုက်သွားလိုက်အုန်းဆိုတာနဲ့ ခရီးရောက်မဆိုက် ဒါဆို ကျွန်တော် လိုက်သွားလိုက်အုန်းမယ် အဖေဆိုပြီး မေမေကြီးတို့ဆီ အဖေ ချက်ခြင်း လိုက်လာခဲ့တယ်......အဖေ မေမေကြီးတို့ဆီ ရောက်တဲ့အချိန်မှာ ကျွန်တော်က လက်ကျောက်ပတ်တီးနဲ့ လျှောက်သွားနေပြီး ကျွန်တော့်ကို ချက်ခြင်း မတွေ့လိုက်ရတဲ့အဖေက စိုးရိမ်တစ်ကြီးနဲ့ ငါ့သားကိုတွေ့ချင်တယ် ဘာဖြစ်သွားသေးလည်း သိချင်တယ် ဆိုပြီးပြောခဲ့လို့ ကျွန်တော့်မောင်နှမ၀မ်းကွဲတွေမှာ ကျွန်တော့်ကို လူခွဲပြီး လိုက်ရှာခဲ့ရသေးတယ်.......အစ်ကို ၀မ်းကွဲတစ်ယောက်က ကျွန်တော့်ကို တွေ့သွားပြီး လာလာဟေ့ကောင် အိမ်မှာ ဦးဦးရောက်နေပြီ မင်းကို တွေ့ချင်တယ် ပြောနေတယ် ပြန်လိုက်ခဲ့ဆိုပြီး ပြောတဲ့အချိန် ကျွန်တော် စိတ်တော်တော်ညစ်သွားခဲ့တယ်........အဖေကတော့ ငေါက်အုန်းတော့မှာပဲလို့ ကျွန်တော် ထင်ခဲ့တာပါ........

အီလည်လည်နဲ့ မျက်နှာရှစ်ခေါက်ချိုး လုပ်ပြီး အိမ်ပြန်ပါလာတဲ့ ကျွန်တော့်ကို တွေ့တဲ့အချိန်မှာ အဖေက ငါ့သား ဘာဖြစ်သွားသေးလည်း အဖေ့ကိုပြစမ်း လက်သန်းပဲလား တစ်ခြားဘာဖြစ်သွားသေးလည်း တော်ပါသေးတယ်ကွာ အဖေ့မှာ စိတ်ပူလိုက်ရတာ ငါ့သား ဘာမှစိတ်မပူနဲ့ အဖေ ပြေလည်အောင်ရှင်းပေးမယ် ငါ့သား ဘာမှမဖြစ်ဖို့ အဧိက ဆိုပြီး ပြောနေတဲ့ ခရီးပန်းလာတာတောင် ဂရုမထားပဲ ကျွန်တော့်အတွက် စိုးရိမ်တစ်ကြီးဖြစ်နေတဲ့ အဖေ့ကိုကြည့်ပြီး ကျွန်တော့်ဘ၀မှာ ပထမဆုံးအဖေ့ကို သနားတဲ့စိတ် အရင်ကထက် ပိုတဲ့အားကိုးတဲ့စိတ် အဖေဆိုပြီး ချစ်ခင်မြတ်နိုးတဲ့စိတ် ဖြစ်ခဲ့ရတယ်..........နောက်တော့ အမေ့ကို ဘယ်နေ့ကဖြစ်တာလည်း ဘယ်လောက်ကြာပြီလည်း မေးပြီး နောက်နေ့မိုးလင်းတာနဲ့ ရဲစခန်းကို သွားမယ် တစ်ဖက်ကိုလည်း ပြေလည်အောင်ဖြေရှင်းမယ်ဆိုပြီး အဖေ စီစဉ်ခဲ့တယ်......

နောက်နေ့မိုးလင်းတာနဲ့ အမေနဲ့အဖေရယ် မာမီနဲ့သူ့အမျိုးသားရယ် ကျွန်တော်ပြသနာ ဖြစ်ခဲ့တဲ့ အဖေတာဝန်ကျရာနေရာဟောင်းက ရဲစခန်းကို သွားခဲ့ပြီး ညနေတော်တော်စောင်းမှ ပြန်ရောက်လာခဲ့ကြပြီး အားလုံးက မျက်နှာမကောင်းသလို ပြသနာတွေ အားလုံးရှင်းသွားပြီဆိုတာ လည်း ကျွန်တော် သိခဲ့ရတယ်........မာမီက တော့ နောက်နေ့ကူးအောင်တောင် မစောင့်ပဲ ကျွန်တော့်ကို လိမ်မာဖို့ ကျွန်တော့်ကြောင့် အဖေနဲ့အမေမှာ မျက်နှာအောက်ချထားရသလို အထူးသဖြင့် အဖေ က အင်မတန် သနားဖို့ကောင်းကြောင်းနဲ့ နောက်ဆို ဒီလိုတွေ မဆိုးဖို့ကို ကျွန်တော့်ကို ထိုင်ဆုံးမနေခဲ့တယ်........အမေကတော့ စိတ်မကောင်းတဲ့ မျက်နှာနဲ့ပဲ နောက်ဆို မဆိုးပါနဲ့တော့ သားရယ် လို့ သာပြောခဲ့ပြီး အဖေကတော့ အဖေ ပင်ပန်းတယ် နားလိုက်အုန်းမယ်ဆိုပြီး စောစောစီးစီးပဲ အိပ်ရာဝင်သွားခဲ့တယ်..........ကျွန်တော့်အတွက်တော့ အဖေနဲ့အမေ ဘာတွေများဖြစ်လာသလည်း လို့သိချင်သလို မာမီကလည်း မပြော အမေကလည်း မပြောတဲ့အတွက် အတွေးပေါင်းစုံနဲ့ အိပ်မပျော်ခဲ့တဲ့ နေ့တစ်နေ့ပါဘဲ.........

နောက်နေ့မှာတော့ အဖေက ကျွန်တော့်ကို သူဆုံးမချင်ရင် ပြောနေကြအတိုင်း သား အဖေ စကားပြောအုန်းမယ် လို့ စကားခံပြီး ကျွန်တော့်ကို ဒီပြသနာ ဘာ့ကြောင့်ဖြစ်တယ်ဆိုတာသိသလားက စမေးခဲ့တယ်.......ကျွန်တော်က မသိဘူး အဖေ ဆိုတော့ သား ကပ်တဲ့အိမ်က ကလေးမက သားရည်းစားလား လို့ ထပ်မေးပြန်တယ်.......အဲဒါလည်း သားရည်းစားမဟုတ်ဘူးအဖေ ဒီတိုင်းပဲဆိုတော့ အဲဒီ ကလေးမလေးကို အခု သား ဒါးနဲ့ခုတ်လိုက်တဲ့ကောင်လေးက ကြိုက်နေတာ ဟိုကလေးမလေးကလည်း အစကသူနဲ့အဆင်ပြေမလိုလိုနဲ့ ငါ့သားနဲ့ရည်းစားဆိုပြီးဖြစ်သွားတော့ မင့်ကောင်က မင်းကို စောစောထဲက တေးထားတာ လို့ အဖေ ပြောတော့ ကျွန်တော့်မှာ အံ့သြခဲ့ရတယ်.....သား မကြိုက်ပါဘူး အဖေ သမီးရည်းစားလို လည်း မနေပါဘူးဆိုပြီး ကျွန်တော်ပြောတော့ အဖေသိပါတယ် ဒါပေမယ့် မိန်းကလေး တစ်ယောက်နဲ့ပါတ်သက်ပြီး ဒီလို ဖြစ်တော့ ဘယ်လောက်ရှက်စရာကောင်းလည်း အဲဒါအပြင် တစ်ကယ်လို့သာ အဲဒီနေ့က သားကို အမိဖမ်းဖို့ကြံခဲ့ရင် ဒါမှမဟုတ် သားဒါးနဲ့ခုတ်လိုက်လို့ တစ်ဖက်လူသေပြီး သားထောင်ကျခဲ့ရင် မင်းအမေ ဘယ်လောက်ရင်ကျိုးလိုက်မလည်း သားစဉ်းစားကြည့် သားလုပ်တာ ဘယ်လောက် အန္တာရယ်များတယ်ဆိုတာ ငါ့သား သိရဲ့လား ဆိုပြီး ပြောမှသာ ကျွန်တော်လည်း တွေးပြီး ကြောက်ခဲ့ရတယ်.......

အမေက ၀င်ပြီးတော့ အမေတို့ ရဲစခန်းအ၀ ရောက်တဲ့အချိန် တစ်ကယ့်ကို မှီယုံလေးပဲ မဖမ်းမဖြစ် ဖမ်းကို ဖမ်းရတော့မယ် ခရိုင်ကလည်း ဖမ်းခိုင်းနေပြီဆိုလို့ သားကို ဖမ်းဖို့ ရဲတွေကအထွက် အမေတို့က အ၀င် အဖေ့မှာ ကျွန်တော် ရောက်လာပါပြီ ကျွန်တော်ပြေလည်အောင်ဖြေရှင်းပေးပါ့မယ် အားလုံးအဆင်ပြေအောင် ဖြေရှင်းပေးပါ့မယ် ဆိုပြီး တောင်းပန် နေခဲ့တာ အမေ့တစ်သက်နဲ့တစ်ကို အဖေ ဒီလောက် ထိ တောင်းပန်နေတာကို မမြင်ခဲ့ဘူးဘူး ငါ့သား ဆိုပြီး ပြောခဲ့တယ်.......တစ်ဖက်က မိဘတွေကလည်း အမေက ပိုက်ဆံနဲ့လိုက်ထားတာမဟုတ်ပဲ အဖေလာအောင် စောင့်နေမှန်း သိသွားတာရယ် သူတို့သားကလည်း ဒီလို အညှိုးနဲ့ လုပ်ထားတာရယ် တွေကို သိသွားတာရယ်ကြောင့် ဆေးဖိုးဝါးခနဲ့ လျော်ကြေး ပေးရင် ကျေနပ်ပါမယ်ဆိုပြီး ပြောခဲ့လို့သာ ဒီလောက်နဲ့ပြတ်သွားပေမယ့် ရဲစခန်းမှာ အဖေ ဘာလုပ်ခဲ့ရလည်း ငါ့သား သိသလားလို့ အမေ မေးတော့ ဘယ်သိမှာလည်း အမေရာ အမေပြောမှ သိမှာပေါ့ ဆိုပြီး ကျွန်တော် က စိတ်တိုသံနဲ့ ပြောလိုက်တဲ့အချိန်မှာပဲ မာမီက သား ဖြစ်တဲ့ပြသနာက အကြီးကြီး အစ်ကို့ကို လေးစားသမှုရယ် တစ်ဖက်က ကျေအေးတာရယ်ကြောင့်သာ အကျယ်အကျယ်မဖြစ်တော့တာ ဒါပေမယ့် သားကို ဒီနယ်မြေကနေ နယ်နှင်ဒဏ်လုပ်ပြီး ခံဝန်ကတိ ထိုးရမယ်ဆိုပြီး ရဲစခန်းကို ခေါ်လာခိုင်းခဲ့တာ.....အစ်ကိုက သားကို ရဲစခန်း ထဲကို မရောက်စေချင်လို့ ကျွန်တော့်သားလေးကို မခေါ်ပဲ နဲ့ ကျွန်တော် လက်မှတ်ထိုးပေးပါရစေ ကျွန်တော် သူ့အဖေပါ ကျွန်တော်အရာရှိတစ်ယောက်ပါဆိုပြီး သားကိုယ်စား ခံဝန်ကတိ လက်မှတ်ထိုးပေးခဲ့ပြီး ဒီနယ်မြေကို သုံးနှစ်ပြန်မလာရပါဘူး ဆိုတဲ့ ကတိပါ သားကိုယ်စား လက်မှတ်ထိုးပေးခဲ့ရတာ ဆိုပြီး ပြောတဲ့အချိန်မှာ အဖေ့ကို လေးစားလွန်းတဲ့...ကျွန်တော့်ကို သူ့သားထက်တောင် ချစ်သေးတယ်ဆိုတဲ့ မာမီ့ရဲ့ ဒေါသသံနည်းနည်းစွက်တဲ့ စကားတွေရယ် မာမီ့ယောင်္ကျားရဲ့ အဖေတောင်းပန်နေခဲ့ရတာကို မြင်ပြီး အဖေ့အတွက်စိတ်မကောင်းဖြစ်တာကနေ ကျွန်တော့်အပေါ် ချဉ်သလိုဖြစ်နေတဲ့ အကြည့်ရယ် ကျွန်တော့်ကို သိပ်ချစ်ပါတယ်ဆိုတဲ့ အမေ့ရဲ့ အဖေ့အတွက် စိတ်မကောင်းဖြစ်နေတဲ့ အဖြစ်တွေရယ်ကို ကျွန်တော် ခံစားမိခဲ့တယ်.........

အဖေက ငါ့သားလည်း သိတယ် အဖေက ရဲစခန်းတွေ ဘာတွေနဲ့လည်း ပါတ်သက်ချင်တာမဟုတ်ဘူး နောက်ပြီး အဖေ့သိက္ခာနဲ့အဖေနေတာကွာ အဖေ့ကို ချစ်ရင် လေးစားရင် နောက်ဆို ငါ့သား ဒီလို အဖြစ်မျိုးတွေမဖြစ်အောင်ရှောင် အပေါင်းအသင်းလည်း ကြည့်ပေါင်း အဖေ့ကို တစ်ကယ်ချစ်ရင် သနားရင် နောင်ပြောင်းမယ့်နေရာမှာ သူငယ်ချင်း အသစ်တွေနဲ့ ငါ့သား အေးအေးဆေးဆေးနဲ့ အဖေ မျက်နှာပျက်ရမယ့် အဖြစ်မျိုးတွေ မဖြစ်အောင် နေဖို့ အဖေ ဆုံးမချင်တယ်လို့ ပြောတဲ့အချိန်မှာ အဖေ့စိတ် နဲ့ အဖေ့ရဲ့ နေပုံထိုင်ပုံ ကို ခရေစေ့တွင်းကျသိပြီး ကျွန်တော့်အတွက်နဲ့ အင်မတန် မျက်နှာအောက်ချပြီး တောင်းပန်နေရမယ့် အဖေ့ အဖြစ်ကို မြင်ယောင်မိပြီး ကျွန်တော် အဖေ့ကို သနားသွားခဲ့သလို မိုက်လိုက်တဲ့ ငါ လို့လည်း ကျွန်တော့်ကိုယ် ကျွန်တော် မြင်မိခဲ့တယ်........ဘ၀တစ်လျှောက်လုံး အေးအေးချမ်းချမ်း စိတ်ထားနဲ့ အေးအေးချမ်းချမ်းပဲ နေခဲ့ပြီး အရာရှိဖြစ်မှ သားအတွက် မျက်နှာအောက်ချပြီး ပထမဆုံးအကြိမ် ရဲစခန်းကို အဖေရောက်ခဲ့ရသလို အမေ့အတွက်လည်း ကျွန်တော် အဖမ်းခံရမှာဆိုးတဲ့ စိတ်နဲ့ အရူးတစ်ယောက်လို ဖြစ်ခဲ့ရပြီး သားအဖမ်းခံရမှာဆိုးတဲ့အတွက် ရှိသမျှ မာန်တွေ သိက္ခာတွေ ချပြီး တောင်းပန်နေခဲ့ရတဲ့ အဖေ့အတွက်လည်း အမေ စိတ်မကောင်းဖြစ်ခဲ့ရတယ်........

ကျွန်တော့် ပြသနာတွေ ရှင်းပြီး သိပ်မကြာခင်မှာပဲ အဖေတာဝန်ကျတဲ့နေရာသစ်ကို အဖေ အမေနဲ့ ကျွန်တော် တို့ သားမိသားအဖ သုံးယောက်ပြောင်းခဲ့ကြတယ်.....အဖေနဲ့အမေက အစ်ကို့ကိုလည်း မထားခဲ့ချင်ပေမယ့် ကျောင်းတက်ဖို့လုပ်စရာတွေရှိသေးတယ်လို့အကြောင်းပြပြီး အစ်ကိုက နေခဲ့တယ်.......အဖေတာဝန်ကျတဲ့ နေရာကို အိမ်ပစ္စည်းတွေလည်း ပါတဲ့အတွက် သဘောင်္နဲ့သွားခဲ့ကြပြီး အဖေ အမေနဲ့ ကျွန်တော် သုံးယောက်သွားခဲ့တဲ့ ပျော်စရာကောင်းတဲ့ ခရီးတွေထဲက ခရီးတစ်ခုပါဘဲ........အဖေကတော့ သူတာဝန်ကျတဲ့နေရာသစ်က ဘယ်လိုသာယာကြောင်း ရုံးကလည်း အဆင်ပြေကြောင်း တွေပြောနေခဲ့ပြီး အမေကတော့ ဘာစီးပွားလုပ်ဖို့ အဆင်ပြေနိုင်မလည်းပဲ မေးခဲ့တယ်.....လမ်းမှာ သဘောင်္ပျက်တာနဲ့ ရက်အနည်းငယ်ကြာပြီးမှ အဖေတာဝန်ကျတဲ့ မြို့ကို ရောက်ခဲ့ပြီး အစစအဆင်ပြေခဲ့သလို အဖေ့လက်အောက်ဝန်ထမ်းတွေကလည်း အများစု ရိုးသားကြသလို အဖေ့အပေါ်လည်း ရိုရိုသေသေလေးလေးစားစား ရှိပြီး အားရ၀မ်းသာ ကြိုဆိုကြလို့ စိတ်ကြီးပေမယ့် သဘောကောင်းပြီးပျော်ပျော်နေတတ်တဲ့ အမေနဲ့လည်း ချက်ခြင်းပဲ အဖွဲ့ကျသွားခဲ့ကြတယ်........အဖေနေရမယ့် အိမ်ကို ရောက်လို့ ပစ္စည်းတွေ နေရာချရင်း ရုံးဝန်းထဲက ၀န်ထမ်း အိမ်ရာလေးတွေမှာပဲ နေကြပြီး အမေ့ကို ကူညီလုပ်ကိုင်ပေးနေတဲ့ ၀န်ထမ်းတွေနဲ့ သူတို့အမျိုးသမီးတွေကို လက်ဖွာဖွာနဲ့ လက်ဆောင်ဆိုပြီး ပေးနေတဲ့ အမေ့ကြောင့်လည်း အားလုံးက ပျော်ပျော်ရွှင်ရွှင်နဲ့ အန်တီကြီး အန်တီကြီးဆိုပြီး ပါးစပ်ဖျားကမချတော့သလို ကလေးတွေကပါ မေကြီး ဆိုပြီး တန်းဖြစ်သွားတော့တယ်........

အဖေ မိသားစု ကို ခေါ်လာပြီလို့ သိတာနဲ့ ဘေးကပ်ရက်က မယက ရုံးက လူတွေလည်း အိမ်ကိုရောက်လာပြီး အမေ့ကို လာနှုတ်ဆက်ကြသလို မြို့နယ် မှာ တာဝန်ကျနေတဲ့ အဲဒီအချိန်က တန်ခိုးထွားလှတဲ့ ထောက်လှန်းရေးတပ်ကြပ်ကြီးကအစ အမေ့ကို လာနှုတ်ဆက်ြ့ပီး ရဲစခန်း မြို့နယ်မှူးကလည်း ပုဆိုးရင်ခေါင်းတက်ဝတ်ထားတဲ့ ရိုးသားလှတဲ့ ကျွန်တော်နဲ့ရွယ်တူ သူ့သားရယ် သူ့အမျိုးသမီးရယ်ကို ခေါ်လို့ လာနှုတ်ဆက်ခဲ့ပြီး ကျွန်တော့်သားကို ပျက်စီးမဆိုးလို့ ဘယ်သူနဲ့မှပေါင်းခိုင်းတာမဟုတ်ဘူး အခုဦးစီးမှူး ရောက်မှ သားငယ်ရှိမှန်းသိပြီး သားငယ်လာရင် ကျွန်တော့်သားနဲ့ပေါင်းခိုင်းမယ်တွေးထားတာ ဦးစီးမှူးသားဆိုရင်တော့ စိတ်ချပြီးသား ဆိုပြီး အဖေ့ကို ကြည့်ပြီး ကျွန်တော့်အပေါ်အယုံကြည်ကြီးယုံကြည်ပြီးပြောနေတဲ့ သူ့ကို အမေက မြို့နယ်မှူး မှားမယ် ကျွန်မ သားက လူဆိုး သားလေးလို မဟုတ်ဘူး ကျွန်မသားက သူ့အဖေမတူဘူး ကျွန်မ တူတာဆိုပြီး တစ်ဟားဟားနဲ့ ရီနေခဲ့တယ်........ကျွန်တော်လည်း သူပြောနေတာရယ် သူ့သားပုံစံရယ် ကြည့်ပြီး စပ်ဖြီးဖြီးနဲ့ပဲ ရီချင်နေခဲ့ရတယ်.........ဒါတွေကြောင့် အဖေဟာ သိတ်က္ခာရှိရှိ နေနိုင်ခဲ့ပြီး အေးဆေးပြီး သမာသမတ် ရှိတဲ့အဖေ့ပုံစံကြောင့် ရောက်လေရာမှာ လူလေးစားခံရတဲ့ အနေအထားနဲ့ နေနိုင်ခဲ့တယ် ဆိုတာ ကိုတော့ ကျွန်တော်သိခဲ့ရတယ်......

အဖေ ပြောင်းလာတာကို သိကြတဲ့ အနီးနားပါတ်ဝန်းကျင် မြို့ပေါ်က လူတွေကလည်း လိုအပ်တာထက်ပိုပြီး စိတ်ဝင်စားတဲ့ပုံပြနေလို့ ကျွန်တော်အဖေ့ကို ဘာလို့ သူတို့တစ်အား စိတ်ဝင်စားနေတာလည်း လို့မေးကြည့်တဲ့အခါ အဖေ့အရင်လက်ထက်က လူတွေတုန်းက အလွဲသုံးစား အရမ်းလုပ်လို့ ခဏခဏ ပြုတ်တဲ့အပြင် အဖေ့ရှေ့က လူလည်း ထောင်ကျပြီး တရားရင်ဆိုင်နေရတဲ့အပြင် သူ့မိန်းမကပါ ၀င်စွက်တဲ့အတွက် သူ့မိန်းမပါ တရားရင်ဆိုင်နေရတယ်ဆိုတာ အဖေပြောပြခဲ့တယ်.......ထို့အတူ အမေ့ကိုလည်း အလုပ်ကိတ်စတွေ ၀င်မစွက်ဖို့ နဲ့ သတိထားရမယ့် ၀န်ထမ်းတွေအကြောင်းကို ပြောပြခဲ့သလို ကျွန်တော့်ကိုလည်း ရုံးဝန်ထမ်းထဲက ဘယ်သူပဲဖြစ်ဖြစ် ရုံးကိတ်စ လာပြောရင် မသိဘူး လာမပြောနဲ့ ပြောချင်ရင် အဖေနဲ့ပဲ ပြောဆိုပြီး ပြောဖို့ အဖေ မှာခဲ့တယ်.......အရင်နေရာနဲ့မတူပဲ နည်းနည်းကွဲပြားတဲ့ လုပ်ထုံးလုပ်နည်းတွေရယ် ၀န်ထမ်းတွေရယ်ကြောင့် ငယ်ငယ်ထဲက ဘာကြောင့်ရယ်မှန်းမသိ အဖေ့ ၀န်ထမ်းအသိုင်းအ၀ိုင်းကလူတွေနဲ့ ခပ်တန်းတန်း နေတတ်တဲ့ကျွန်တော့်အတွက် ပိုလို့ ခပ်တန်းတန်းပဲနေဖြစ်ခဲ့တယ်.......အစိုးရပစ္စည်း ဘုန်းရင် မပါမဖြစ်ပါရမယ့် ဂိုထောင်မှူး နဲ့ အကြီးတန်းစာရေးကို အရင်ဦးစီးမှူးတွေလက်ထက်က ပေါင်းထားတဲ့အတွက် သူတို့က ပိုပြီး ခြေရာတိုင်းချင်ကြောင်း ၀င်ရောလာနိုင်ကြောင်းအဖေက အမေနဲ့ကျွန်တော့်ကို သတိပေးခဲ့တယ်......

အမေကတော့ စီးပွားရေးသမားပီပီ လူတွေအကြောင်းနောကျေနေတော့ ခပ်ပြုံးပြုံးပဲ သူတို့နှစ်ယောက်ကို ဆက်ဆံပေမယ့် ကျွန်တော်ကတော့ တစ်ခြားသူထက် ပိုလို့ ခပ်တန်းတန်းပဲနေဖြစ်ခဲ့တယ်.........သိပ်မကြာခင် တစ်ရက် ကျွန်တော် ထမင်းစားနေတုန်းမှာပဲ ဂိုထောင်မှူးက အိမ်ပေါ်တက်လာပြီး အစ်မ ဘာဟင်းချက်လည်း ဆိုပြီးပြောပြောဆိုဆို ကျွန်တော်စားနေတဲ့ ထမင်းဝိုင်းနားရောက်လာပြီး ပန်းကန်ထဲက အမေကြော်ပေးထားတဲ့ ၀က်သားကြော်ကို လက်နဲ့နှိုက်လိုက်ပြီး ပါးစပ်ထဲထည့်ဖို့ပြင်တော့တာပါဘဲ.....ကျွန်တော်စားနေတဲ့ထမင်းဝိုင်းထဲက ဟင်းကို အေးအေးဆေးဆေး ထိုင်စားတာမဟုတ်ပဲ ဇိုးဇိုးဇတ်ဇတ် နှိုက်စားတာကို ဘယ်သူလုပ်တာမှ မကြိုက်တတ်တာရော အဖေပြောထားတဲ့အခံနဲ့ ဒီလူက အဖေ အစိုးရ ပစ္စည်းဘုန်းတဲ့အချိန် သူ့ကို ကပ်ကိုကပ်ရမှာပဲ ဆိုတဲ့စိတ်နဲ့ ဒူးနေရာဒူး တော်နေရာတော် မနေဘူး ဂရုစိုက်စရာမလိုဘူးဆိုပြီး လုပ်တာပဲဆိုပြီး ဒေါသထောင်းကနဲထွက်သွားတဲ့ ကျွန်တော်က ပါးစပ်ဟပြီး ထည့်ဖို့ ပြင်နေတဲ့သူ့ကို ဟေ့လူ ခင်ဗျား လက်ထဲက အသားဖတ် အခုချ ပန်းကန်ထဲကို ပြန်မထည့်နဲ့ စားပွဲပေါ်ချ ဆိုပြီး ခပ်တည်တည်ပြောချလိုက်တော့တယ်........သူလည်း ကြောင်တောင်တောင်နဲ့ ဒေါသထွက်ရင် ကြောက်စရာကောင်းတဲ့ရုပ်လို့ လူတိုင်းက ပြောတဲ့ ကျွန်တော့်ရုပ်ကို ကြည့်ပြီး သူ့ပါးစပ်ထဲရောက်ကာနီးအသားဖတ်ကို စားပွဲပေါ် ပြန်ချခဲ့တယ်.....ကျွန်တော်လည်း သူ့မျက်နှာကို စေ့စေ့ကြည့်ပြီး နောက်တစ်ခါ အိမ်ပေါ်တက်ရင် ဖိနပ်ချွတ်ကနေ အသံပေး ပြောပြော ၀င်ဝင် ၀င်လာရအောင် ခင်ဗျား အဖေ အိမ်မဟုတ်ဘူး ကျုပ်စားနေရင် ဇိုးကနဲ ဇတ်ကနဲ နှိုက်မစားနဲ့ စားချင်ရင်ပြော တည်တည်တန့်တန့်ထိုင်စား ခင်ဗျား နှိုက်စားချင်တိုင်းစားနေရအောင် ခင်ဗျား ပေးထားတာ တစ်ခုမှမပါဘူး ခင်ဗျားအဆင့်နဲ့ အရာရှိတစ်ယောက်အိမ်ပေါ် လုပ်ချင်တိုင်း တက်လုပ်နေရအောင် ခင်ဗျားကို ဘယ်သူခွင့်ပေးထားလည်း အဖေ ခွင့်ပေးထားတာလား စသဖြင့် ပြောနေတုန်းမှာပဲ ကြည့်နေတဲ့ အမေက မောင်နိုင် အန်တီတို့က သဘောကောင်းပါတယ် အဆင့်လည်း မခွဲပါဘူး ဒါပေမယ့် မောင်နိုင် လုပ်နေတဲ့ပုံက အန်တီတို့ကို အရေးစိုက်စရာမလိုဘူးဆိုတဲ့ပုံစံ ဖြစ်နေတယ် အန်တီတို့ မကြိုက်ဘူး ဒါမျိုးတော့ နောက် မင်းဆင်ခြင်ပါလို့ ပြောတဲ့အတွက် ကျွန်တော်မှားသွားပါတယ် အန်တီ ညီလေးကိုလည်း အစ်ကိုတောင်းပန်ပါတယ် ဆိုပြီး အိမ်ပေါ်က ဆင်းသွားခဲ့တယ်......

Wednesday, December 23, 2009

အဖေနဲ့အမေ။၃၂။

အမေ့ကို ဆူဆောင့်ပြီး အိမ်ကနေ ထွက်လာခဲ့ပြီး ကျွန်တော် လက်ဖက်ရည်ဆိုင်မှာ သူငယ်ချင်းတစ်ချို့ကို ထိုင်စောင့်နေတုန်းမှာပဲ အမေ အနောက်က လိုက်လာပြီး အမေ စိတ်တွေ လေးနေလို့ပါ သားရယ် အိမ်ပြန်ရအောင်နော်လို့ ပြောပေမယ့် ကျွန်တော်ကတော့ စိတ်တောင်ပိုတိုသွားပြီး အမေကလည်းဗျာ ကလေးကျနေတာပဲ သားသူငယ်ချင်းတွေနဲ့ ချိန်းထားတယ် မလိုက်ချင်ဘူးဗျာ ဆိုပြီးပြောလို့ အမေလည်း ကျွန်တော့်ကို ခေါ်လို့မရတာနဲ့ အိမ်ပြန်သွားခဲ့တယ်.........အမေပြန်သွားပြီး ကျွန်တော့်သူငယ်ချင်းတွေလည်း ရောက်လာတာနဲ့ လက်ဖက်ရည်ဆိုင်မှာပဲ အရက်ပုလင်းဖွက်ပြီး အရက်သောက်လိုက် စကားပြောလိုက် လုပ်နေကြတာ ညအထိပါဘဲ.........ညပိုင်း ကျွန်တော်လည်း မူးစပြုတဲ့အချိန်မှာ ဘယ်တုန်းကမှ စိတ်ထဲမှာလည်း မရှိခဲ့ပဲ ရှိတယ်လို့တောင် မထင်ခဲ့တဲ့ လူတစ်ယောက်ဆီကို ကျွန်တော် ထွက်ခဲ့တယ်.......သူကတော့ ကျွန်တော် ၈ တန်း နှစ် တက်စမှာ ကျွန်တော်တို့အခန်းထဲက ကောင်မလေးက တစ်ဆင့် ကျွန်တော့်ကို ရည်းစားစာပေးခဲ့တဲ့တစ်ယောက်ပါဘဲ.........သူ့ကိုလည်း စိတ်မဝင်စား ရည်းစားထားဖို့လည်း လောက်လောက်လားလားစိတ် မဝင်သေးတဲ့ကျွန်တော်က အေး သူက ချစ်တယ်ဆိုတော့ ငါကလည်း ချစ်တာပေါ့ဟာ လို့ ပြန်ပြောတဲ့ နေ့က စပြီး သမီးရည်းစား လို့ သူ့သူငယ်ချင်းတွေက သတ်မှတ်ကြပေမယ့် ကျွန်တော်ကတော့ ချိန်းတွေ့မယ်ဆိုတိုင်းလည်း သွားမတွေ့သလို စကားပြောချင်လို့ဆိုတိုင်း သူ့သူငယ်ချင်းတွေပါတဲ့အချိန်လောက်သာ ဟီးဟီးဟားဟား လုပ်ခဲ့ပြီး သမီးရည်းစား စိတ်လည်း သူ့အပေါ်မှာ မရှိခဲ့ဘူး.......

ဒါပေမယ့် အရက်လည်း ဝင်ထားပြီး ပြောင်းရတော့မယ်ဆိုတဲ့ စိတ်လည်း ရှိနေတဲ့အတွက် မပြောင်းခင် သွားပြီး ရိုမန်းတစ် သွားလုပ်လိုက်ပါအုန်းမယ်ဆိုပြီး စိတ်ဝင်လာတဲ့ ကျွန်တော်က သူငယ်ချင်းနှစ်ယောက်ကို ခေါ်ပြီး သူ့အိမ်နားက သူငယ်ချင်း တစ်ယောက်ရဲ့အိမ်ကို ထွက်ခဲ့တယ်.......(.အဲဒီ ခဏ လေးကပဲ ကျွန်တော့်ဘဝ အတွက် ဖျောက်လို့မရတဲ့ အမဲစက် စွန်းထင်ခဲ့ရသလို အဖေ နဲ့ အမေ ကျွန်တော့်အတွက် သူတို့မရောက်ချင်တဲ့နေရာ ရောက်ပြီး မလုပ်ချင်တဲ့အလုပ်တွေ လုပ်ခဲ့ရတယ်).......ကောင်မလေး အိမ်နားကို ရောက်တဲ့အချိန်မှာ ကျွန်တော်က ဂစ်တာတီးပြီး တစ်ကယ်လည်း မခံစားရပဲ ဝေးရတော့မှာမို့ အသည်းပဲ ကွဲသယောင် သီချင်းတွေ ဆိုနေပေမယ့် စိတ်ထဲတော့ ဘယ်လိုမှမနေခဲ့ဘူး.......ကျွန်တော် ဂစ်တာတီးနေချိန်မှာပဲ ကောင်မလေးက သူ့အိမ်ပြတင်းပေါက်ကနေ လက်လှမ်းပြပြီး လှမ်းခေါ်တဲ့ အချိန်မှာ မူးနေတဲ့ ကျွန်တော်က ဘာဘာညာညာ မစဉ်းစားတော့ပဲ သူများအိမ်ထဲက ဖြတ်ပြီး ကျွန်တော့်ကို လှမ်းခေါ်နေတဲ့ ကောင်မလေး အိမ်နားကို အရောက်မှာပဲ သူခိုးဗျို့ သူခိုး ဆိုတဲ့ ရင်ခေါင်းသံကြီးနဲ့ အော်လိုက်တဲ့ အသံကြီးကို ကျွန်တော် ရင်ထဲမှာ ထိန်းကနဲနေအောင် ကြားလိုက်ရတော့တာပါဘဲ.........


ရန်တွေဖြစ်တိုင်း ရှုံးမယ်မှန်းသိနေရင်တောင် ထွက်ပြေးရမှာ ရှက်ပြီး ခံရိုက်တတ်တဲ့ ကျွန်တော့်အတွက် တစ်ခါမှ မကြားဘူးတဲ့ သူခိုးလို့ အအော်ခံရတာကို ကြောက်ပြီး အမောဖောက်အောင်ကို ကျွန်တော် ပြေးမိပြေးရာ ထွက်ပြေးခဲ့တယ်.......နောက်ဆုံး သူငယ်ချင်းတစ်ယောက်ရဲ့ ခြံကို တွေ့လို့ သူတို့ ခြံထဲကို ကျွန်တော်ကြောက်အားလန့်အား ဝင်ပြေးခဲ့ပြီး ကျွန်တော်ဖြစ်ခဲ့တာကိုလည်း ပြောပြခဲ့တယ်........ကျွန်တော်နဲ့အတူပါလာတဲ့ သူငယ်ချင်း နှစ်ယောက်ရယ် ဆိုင်ကယ်ရယ်လည်း ကျန်ခဲ့တဲ့အတွက် ကျွန်တော်ဝင်ပြေးခဲ့တဲ့ ခြံက သူငယ်ချင်းရယ် သူ့မိဘတွေရယ် ကျွန်တော့်ကို ပြန်လိုက်ပို့ပေးခဲ့ပြီး ပြန်လိုက်ပို့ပေးတဲ့လမ်းမှာပဲ သူခိုးလို့အော်ပြီး လိုက်လာတဲ့ လူအုပ်ကြီးနဲ့ ကျွန်တော်တို့နဲ့ ဆုံတော့တာပါဘဲ........အားလုံးက ကျွန်တော့်ကို သိသလို ကျွန်တော်ကလည်း သိတဲ့အတွက် ကျွန်တော် စိုးရိမ် မှု မရှိတော့ပေမယ့် ကျွန်တော့်ဆိုင်ကယ်ကို နေ့တိုင်းလို ငှားစီးနေတဲ့ ရပ်ကွက်လူကြီးသားကတော့ ဒီကောင်ပဲ သူခိုးက ဆိုပြီး သူ့လက်ထဲက ကိုင်လာတဲ့ တုတ်နဲ့ ကျွန်တော့်ကို ရိုက်မယ်အလုပ်မှာ လိုက်လာတဲ့လူတွေရယ် ကျွန်တော့်ကိုလိုက်ပို့တဲ့ သူငယ်ချင်း မိဘတွေရယ်က ဘာလုပ်တာလည်း သူက ဘာကိတ်စ သူခိုးဖြစ်ရမှာလည်း ဆိုပြီး ဝိုင်းပြောကြလို့ မရိုက်ဖြစ်ပေမယ့် ရဲစခန်းပို့ရမယ် ဆိုပြီး ကျွန်တော့်ကို သူ့အဖေ ဆီခေါ်သွားခဲ့တယ်.....ဘေးနားက ပါလာတဲ့ လူတွေကတော့ ကွှန်တော့်ကို စိုးရိမ်မနေနဲ့ တို့ရှိတယ် တို့က မင်းမှန်းမသိဘူး ဘာမှမဖြစ်ဘူး ဆိုပြီး ပြောခဲ့ကြပေမယ့် ရပ်ကွက်လူကြီးသားကတော့ တုတ်တဝင့်ဝင့်နဲ့ သူခိုး ဖမ်းလာတယ်ဆိုတာကို ပါးစပ်က မချခဲ့သလို အားလုံးကလည်း သိသိကြီးနဲ့ တမင် ကျွန်တော့်ကို ဒုတ်ခရောက်အောင် လုပ်နေတယ်ဆိုတာ သိခဲ့ကြတယ်..........

သူတို့အိမ်ရှေ့ အရောက်မှာ ကျွန်တော့်ကို လှည့်ပြီး ဟေ့ကောင် သူခိုး ပြောစမ်း မင်း ဘာဝင်ခိုးတာလည်း လို့ မေးပြီး ဒီကောင့်နောက်မှာ သူခိုး နှစ်ကောင်ပါသေးတယ် အဲဒီကောင်တွေ လည်း ခေါ်ခဲ့ဆိုပြီးပြောတဲ့အချိန်မှာ စိတ်ပေါက်လာတဲ့ ကျွန်တော်က လည်း အေးဟုတ်တယ်ကွာ ငါသူခိုး ငါပဲ ခိုးတာ ငါ့သူငယ်ချင်းတွေ မပါဘူး မင်းဘာလုပ်မလည်း လုပ်စမ်းကွာ သူခိုးဆီကတောင် ဆိုင်ကယ် ငှားစီးတဲ့ကောင်ဆိုပြီး ပြန်ပြောတော့ သူခိုးကများ ဆိုပြီး ကျွန်တော့်ကို ခြေထောက်နဲ့ ကန်ခဲ့တယ်........ကျွန်တော် အသားတစ်ဆတ်ဆတ်တုန်ပြီး သူ့ကို စိုင်စိုင်ကြီး ရပ်ကြည့်နေတဲ့အချိန်မှာပဲ ဘေးနားကလူတွေက သူ့မိဘတွေလည်း လူကြီးလူကောင်းတွေ မင်းလည်း သူ့ကိုသိနေတာပဲ မင်း ဘာလုပ်တာလည်း ဆိုပြီး ဝိုင်းပြောတဲ့အပြင် သူ့အဖေနဲ့ သူ့အစ်မကပါ သူ့ကို အိမ်ထဲ ဇွတ်ဆွဲထည့်ပြီး ကျွန်တော့်ကိုလည်း အိမ်ကို ကောင်းကောင်းမွန်မွန်ပြန်ဖို့ပြောခဲ့တယ်........ကျွန်တော်ကတော့ ကိုယ့်ဆီက နေ့တိုင်း ဆိုင်ကယ် ငှားစီးနေတတ်တဲ့ လူတစ်ယောက်က ကျွန်တော့်ကို သူခိုးလို့စွတ်စွဲတာကို စိတ်နာတဲ့အပြင် ကျွန်တော့်ကို ခြေထောက်နဲ့ကန်တာကို လည်း အင်မတန် ဒေါသထွက်ခဲ့တဲ့အတွက် ဘယ်သူ့ကိုမှ ဘာစကားမှပြန်မပြောတော့ပဲ ကျွန်တော့်ဆိုင်ကယ်ယူပြီးပဲ အိမ်ကို ပြန်လာခဲ့တယ်.........

ကျွန်တော် အိမ်ကို ပြန်ရောက်တဲ့အချိန်မှာ အမေက ဧည့်ခန်းမှာ ကျွန်တော်ပြန်အလာကို ထိုင်စောင့်နေသလို မျက်နှာ မကောင်းဖြစ်နေတဲ့ကျွန်တော့်ကို သားဘာဖြစ်လာတာလည်း မေးခဲ့ပေမယ့် သားသူငယ်ချင်းတစ်ယောက်နဲ့ စကားများလာလို့ပါ ဆိုတာပဲပြောခဲ့ပြီး တစ်ညလုံး ကျွန်တော် အိပ်လို့မပြောနိုင်ခဲ့ဘူး.........ကျွန်တော် တစ်ခုခု ဖြစ်တော့မယ်ဆိုတိုင်း ကြိုပြီး ခံစားနေရလေ့ရှိတဲ့ အမေက သားရယ် အမေ စိုးရိမ်လိုက်တာ ငါ့သား တစ်ခုခုဖြစ်တော့မယ် ဘယ်မှ မသွားနဲ့တော့နော် ဆိုပြီး အမေက ပြောခဲ့ပေမယ့် ဖြစ်ခဲ့တာကို စဉ်းစားပြီး ဒေါသတွေ ထွက်သထက် ထွက်လာတဲ့ ကျွန်တော်က လက်စားချေရမှ ကျေနပ်မှာ ဆိုတာကို ခံစားမိခဲ့တယ်.......တစ်ညလုံး ကျွန်တော် မအိပ်ပဲ နေခဲ့သလို နောက်နေ့တစ်နေကုန်လည်း ကျွန်တော် အိမ်ထဲမှာပဲ နေခဲ့ပြီး ညနေ စောင်းတဲ့အချိန် အမေ အပြင် ခဏထွက်သွားတဲ့အချိန်မှာ ကျွန်တော် ဓားဆွဲပြီး စက်ဘီးနဲ့ပဲ ထိုင်နေကျလက်ဖက်ရည်ဆိုင်ကို ထွက်ခဲ့တယ်........လက်ဖက်ရည်ဆိုင်ထိုင်နေတုန်းမှာပဲ အမေ ရောက်လာပြီး ငါ့သား တစ်ယောက်ထဲ ဘာထိုင်လုပ်နေတာလည်း အမေနဲ့ အိမ်ပြန်လိုက်ခဲ့ ဆိုပြီး ဘာမှမသိပေမယ့် တစ်ခုခုဖြစ်တော့မှာကို သိလို့ အင်မတန် စိုးရိမ်ပူပန်နေတဲ့ မျက်နှာနဲ့ အမေ ပြန်ခေါ်ခဲ့ပေမယ့် လက်စားချေဖို့ စိတ်ဇောကပ်နေတဲ့ ကျွန်တော်က ပြုံးပြုံး ရွှင်ရွှင်နဲ့ပဲ သားဘာမှမဖြစ်ပါဘူး အမေ...အမေ စိတ်ပူနေလို့ပါ သားခဏနေရင် ပြန်လာမယ်ဆိုပြီး အမေ့ကို ပြောခဲ့တယ်........သနားစရာ အမေလည်း စိုးရိမ်ပူပန်နေတဲ့ မျက်နှာနဲ့ အိမ်ပြန်သွားခဲ့ပြီး ကျွန်တော်ကတော့ ကျွန်တော့်ကို ခြေထောက်နဲ့ကန်ခဲ့တဲ့သူ လာမယ့် လမ်းက လက်ဖက်ရည်ဆိုင်ရဲ့ လမ်းဘေးက ခုံမှာ ထိုင်နေပြီး ဘေးနားက ပန်းခြုံထဲမှာ ဓားကို ထိုးထည့်ထားလို့ ဖြစ်လာတော့မယ့်အချိန်ကို စိတ်အားထက်ထက်သန်သန်နဲ့ စောင့်နေခဲ့မိတော့တယ်.........

အချိန်တော်တော်ကြာကြာ စောင့်ပြီးတဲ့ အချိန် ကျွန်တော် စောင့်နေတဲ့ သူ စက်ဘီးတစ်စီးနဲ့ လာနေတာကို တွေ့ရပြီး သူကလည်း ကျွန်တော့်ကို မြင်ခဲ့ပေမယ့် မခိုးမခန့်ပဲ ကျွန်တော့ကို ကြည့်ခဲ့သလို ကျွန်တော် လုပ်လိမ့်မယ်လည်း ထင်ခဲ့ပုံမရခဲ့ဘူး.......သူ ကျွန်တော့်ရှေ့က ဖြတ်တာနဲ့ တစ်ပြိုင်နက်ထဲ ပန်းခြုံထဲက ဓားကို ဆွဲထုတ်ပြီး သူ့ဇက်တည့်တည့် ကျွန်တော် ဓားနဲ့ ပိုင်းချခဲ့တော့တယ်........ဒါပေမယ့် သူ့နောက်က စက်ဘီးတစ်စီးနဲ့ ပါလာတဲ့ သူ့သူငယ်ချင်းတစ်ယောက်က ဓားဆွဲပြီး လမ်းပေါ်မှာသွားနေတဲ့ သူ့ကို ပြေးခုတ်တဲ့ ကျွန်တော့်ကို မြင်လိုက်တဲ့အတွက် လှမ်းအော်လိုက်တဲ့အချိန်မှာ သူကလည်း စက်ဘီးကို ပြစ်လှဲချပြစ်တဲ့အတွက် သူလည်း လူ့ဘဝမှာ ဆက်နေဖို့အတွက် ကံကောင်းသွားသလို မိုက်ရူးရဲကျွန်တော့်အတွက်လည်း ထောင်ထဲမှာ နှစ်အတန်ကြာနေပြီး ရာသက်ပန် ဘဝပျက်ရမယ့် အရေးက လွတ်သွားခဲ့တယ်.........မြေကြီးပေါ်မှာ လဲကျနေတဲ့ သူ့ကို မြင်လိုက်ရတဲ့ ကျွန်တော့်အတွက် ဒေါသက အဆုံးထိ လွတ်ထွက်ခဲ့သလို လူးလှိမ့်နေတဲ့ သူ့အပေါ်ကိုလည်း မိရာနေရာ ဓားနဲ့ကျွန်တော် စိတ်လိုက်မာန်ပါ ခုတ်နေခဲ့လို့ သူလည်း ဒဏ်ရာတော်တော်များများရခဲ့သလို နောက်ကနေပြီး သူ့သူငယ်ချင်း ရဲ့ ခဲတွေ ခွေးချေတွေနဲ့ ပြစ်ပေါက်တဲ့ ဒဏ်ကိုလည်း ကျွန်တော် တော်တော်ခံခဲ့ရတယ်...........နောက်ဆုံး သူ့သူငယ်ချင်း ကို ဓားနဲ့ လှည့်ခုတ်တဲ့အချိန်မှာပဲ အဲဒီလူ ပြစ်လိုက်တဲ့ ခွေးချေက ကျွန်တော့်ဓားကိုင်လက်ကို ထိပြီး ကျွန်တော့်လက်သန်း က သုံးပိုင်းလောက်ကျိုးပြီး တွဲလောင်းကျသွားတော့တဲ့ အချိန်ကျမှ ကျွန်တော့်ဓားလွတ်ကျသွားခဲ့ပြီး ဝိုင်းကြည့်နေတဲ့ သူတွေက ဝင်ဆွဲခဲ့ကြတယ်........


အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်နေချိန်မှာပဲ အမေ့မိတ်ဆွေတွေက အိမ်ပြန်တော့ အိမ်ပြန်တော့ဆိုပြီး ကျွန်တော့်ကို ဇွတ်အတင်း နှင်ထုတ်ခဲ့သလို ကျွန်တော့်ကို ဝိုင်းမဖမ်းနိုင်အောင် လုပ်ပေးခဲ့ကြတယ်.........အမေ ချုပ်ပေးထားတဲ့ သင်္ဘောသား အကျီအဖြူပေါ်မှာ သွေးအလိမ်းလိမ်းနဲ့ လက်သန်းတစ်ဖက် တွဲလောင်းကျလို့ အိမ်ပြန်ရောက်လာတဲ့ ကျွန်တော့်ကို မြင်လိုက်ရတဲ့ အမေ က အိမ်ရှေ့မှာတင် ရုတ်တရက် ပုံလဲ ကျပြီး ကျွန်တော့်ကို မျက်လုံးအကြောင်သားနဲ့ ကြည့်နေခဲ့တယ်......လူပေ လူတေ ကျွန်တော်ကတော့ အမေ သား လူတစ်ယောက်ကို ဓားနဲ့ခုတ်ခဲ့ပြီ ဆိုပြီး ပြောတဲ့အချိန်မှာတော့ ကျွန်တော့်ကို ဖက်ပြီး အမေ ရှိုက်ကြီးတစ်ငင်ကို ငိုခဲ့တော့တယ်.......အမေ အသုံးမကျတာ အမေအသုံးမကျတာ ငါ့သားကို အမေ ရအောင် ပြန်ခေါ်ခဲ့ရမှာ အခုတော့ ငါ့သားလေး ဒုတ်ခရောက်တော့မယ်နဲ့ အမေဟာ ကျွန်တော့်ကို တစ်စက်မှ အပြစ်မတင်ပဲ သူကျွန်တော့်ကို အိမ်ပြန်ပါလာအောင် မခေါ်နိုင်တာကိုပဲ သူ့ကိုယ်သူ အပြစ်တင်နေခဲ့တယ်.........သားလက်လည်း ကျိုးသွားတယ်အမေဆိုမှ ရုပ်ပျက်ဆင်းပျက် ကျိုးသွားတဲ့ လက်ကို ကြည့်ပြီး အမေ က ငိုလို့ မဆုံးနိုင်ခဲ့သလို ချက်ခြင်းပဲ အိမ်တံခါး ပိတ်ပြီး ကားသမားတစ်ယောက်ခေါ်လို့ ကျွန်တော့်လက်ကိုဆွဲပြီး မေမေကြီးတို့ဆီကို ထွက်လာခဲ့တယ်.........လမ်းတစ်လျှောက်လုံးလည်း ဖြေမဆည်အောင် အမေ ငိုနေခဲ့သလို ငါ့သား ဘာမှမဖြစ်စေရဘူး အမေ ရှင်းမယ် ငါ့သားကို ထောင်ကျမခံဘူး ဖြစ်လာသမျှ အမေ ရှင်းမယ် အမေ့ကြောင့် အမေ အသုံးမကျတာ ဆိုပြီး ငိုလည်း ငို ပါးစပ်ကလည်း တတွတ်တွတ် အမေ ရွတ်နေခဲ့တယ်.......

Thursday, December 10, 2009

အဖေနဲ့အမေ။၃၁။

အဖေက သူ့ခံစားချက်ကို မျိုချခဲ့ပေမယ့် နှစ်ပေါင်းများစွာ ဘဝကို အတူလက်တွဲကျော်ဖြတ်လာတဲ့
အမေကတော့ အဖေ အင်မတန် ခံစားခဲ့ရမှန်းသိတဲ့အတွက် နှစ်စဉ်နှစ်တိုင်း သီတင်းကျွတ်ရောက်တိုင်း မေမေကြီးနဲ့
ဘဘကြီးကို ကန်တော့ခါနီးတိုင်း ကျွန်တော့်တို့ကို အဖေ့ရှေ့ သိပ်မပြောကြနဲ့နော် အဖေက မေကြီးကို သတိရပြီး စိတ်မကောင်းဖြစ်နေလိမ့်မယ်လို့ အမြဲပြောခဲ့တယ်........

အဖေ ပြန်ရောက်လာတာနဲ့ အရင်ထဲက အကြံကြီးထားတဲ့ အစ်ကိုကလည်း အဖေက အငယ်ကောင့်ကို ၇ တန်းအောင်တာနဲ့ ဆိုင်ကယ်ဝယ်ပေးတယ် သားကဆယ်တန်းအောင်တာ ကားဝယ်ပေးလို့ ပူဆာတဲ့အပြင် အမေကလည်း ကားလေးတစ်စီးလောက်တော့ ဝယ်ရအောင်လို့ ပြောတဲ့အတွက် ကားလေးတစ်စီးလည်း ဝယ်ဖြစ်ခဲ့တယ်........အစ်ကို့ကို ဝယ်ပေးတယ်ဆိုပေမယ့် ဆင်းဆင်းရဲရဲ ဖြတ်သန်းလာခဲ့ရတဲ့အဖေနဲ့အမေ အတွက်လည်း ကားလေးဝယ်နိုင်တာကို တော်တော် ကျေနပ်ပီတိဖြစ်ခဲ့ပုံပါဘဲ.......အဖေကတော့ ရုံးသွားရုံးပြန်ကို ရုံးက ပေးထားတဲ့ ဆိုင်ကယ်လေးနဲ့ပဲ သွားမြဲသွားခဲ့တယ်......အဖေ နိုင်ငံခြားက ပြန်လာပြီး သိပ်မကြာဘူး အဖေ့ကို သိပ်မကြည်တဲ့ အဖေ့အထက် လူကြီးက အဖေနဲ့ မသက်ဆိုင်လှတဲ့လုပ်ငန်းခွင် ဝေးလံလှတဲ့ လွိုင်ကော်ကို ၆ လသွားကြီးကြပ် ရမယ်ဆိုပြီး အဖေ့ကိုလွှတ်ခဲ့တယ်.......တမင်သက်သက် လွှတ်တာကို သိတဲ့ အမေ ကလည်း အဖေ့အတွက် စိတ်တို ပေမယ့် အဖေကတော့ အေးပေါ့ကွာ လွှတ်တော့လည်းသွားရတာပေါ့ အကောင်းဆုံးဖြစ်အောင်တော့ လုပ်မှာပါ ဒါပေမယ့် ငါနဲ့တော့ မဆိုင်လှဘူး ဆိုပြီး လွိုင်ကော်ကို ထွက်သွားခဲ့ရတယ်........အဖေမသွားခင်မှာ ရုံးက ဆိုင်ကယ်ကိုပါ ရုံးကို ပြန်အပ်ခဲ့ပါဆိုလို့ ဆိုင်ကယ်ကို ပါပြန်အပ်ခဲ့ရတယ်........အမေကတော့ ဒေါသ အကြီးအကျယ်ကို ထွက်နေခဲ့တယ်..........

အဖေ မသွားခင်မှာ ပဲ ကျွန်တော်က အဖေ သား ဒီမှာ မနေချင်တော့ဘူးအဖေ သားကျောင်းမှာ ဘယ်လိုမှအဆင်မပြေသလို ပါတ်ဝန်းကျင်နဲ့လည်း အဆင်မပြေဘူး သား ဒီနေရာကနေ ပြောင်းချင်တယ် ဆိုပြီးလည်း ပြောထားခဲ့သလို နည်းမျိုးစုံနဲ့ ညစ်နေတဲ့ အဖေ့အထက်လူကြီးကို စိတ်ပျက်တဲ့အတွက် အဖေကိုယ်တိုင်လည်း သူ့လုပ်ငန်းခွင်မှာ မပျော်ခဲ့တော့ဘူး........အဖေထွက်သွားပြီး သိပ်မကြာခင် အဖေနဲ့ ရာထူးအဆင့် တစ်ခြားစီ ရှိနေတဲ့ လူတစ်ယောက်ကို အဖေ့ဆိုင်ကယ်လေး ပေးထားတာကို အမေမြင်လိုက်ရတဲ့ အချိန်မှာ အမေ့ဒေါသဟာ ပေါက်ထွက်သွားခဲ့တော့တယ်........အဖေ့ဆိုင်ကယ်လေးက အကောင်းစားမဟုတ်ပေမယ့် နှစ်ပေါင်းများစွာ အဖေ တသသ လုပ်ပြီးစီးခဲ့တဲ့ ဆိုင်ကယ်လေးကို သူများစီးနေတာ မြင်ရတော့ အမေ ဒေါသထွက်မယ်ဆိုလည်း ထွက်စရာပါ......ကျွန်တော်တို့ကိုယ်တိုင် ဒီလူ အဖေ့ဆိုင်ကယ်လေး စီးသွားတာမြင်ရင် စိတ်မကောင်းဖြစ်ရသလို ချက်ခြင်းလည်း ဒေါသကထွက်ထွက်လာတတ်ခဲ့တယ်........အမေက အဖေ့ဆီ ကို ဖုန်းလှမ်းဆက်ပြီး လွိုင်ကော်မှာ တာဝန်ကျတာ ပြည့်လို့ပြန်လာရင် ချက်ခြင်းပြောင်းမိန့်တင်ပါ ကျွန်မတို့ ဒီက နေ ပြောင်းမယ် သားအတွက်လည်း အဆင်ပြေတယ် ပြောင်းဖို့ပဲ စဉ်းစားပါ လို့ပြောခဲ့တယ်......အဖေကလည်း အေးပြောင်းတာပေါ့ကွာ လို့ပြောခဲ့တဲ့အတွက် ကျွန်တော်တို့ကော အမေပါ ပျော်ခဲ့ရတယ်.........

ပြောင်းရအောင် လို့ အမေ ပြောပေမယ့် တစ်ကယ်တော့ အမေ့စီးပွားက အဖေတာဝန်ကျတဲ့နေရာမှာ ကောင်းနေပြီးသားပါဘဲ........ဘဘ ကအစ ငါ့သမီး စီးပွားဆိုတာ ဖြစ်ချိန်တန်ဖြစ်မှာပဲ ငါ့သမီးလည်း လုပ်တတ်ကိုင်တတ်နေတာပဲ ဒီစီးပွားကို ဖက်တွယ်မထားနဲ့ လူလေးက တည်တည်တန့်တန့်နဲ့ ကြိုးစားပြီး ငယ်ငယ်ရွယ်ရွယ်ပဲ ရှိသေးတယ်.....လူလေးမဖောက်ပြန်ပေမယ့် လူလေးကို ဖောက်ပြန်ချင်တဲ့ မိန်းမတွေရှိလာမှာပဲ မိသားစု မပြိုကွဲအောင် ငါ့သမီး ဘယ်သွားသွား တစ်ယောက်ထဲ မလွှတ်နဲ့ ငါ့သမီးပါ လိုက် လို့ ပြောခဲ့တယ်..........ရှိသမျှ စီးပွားကို အပြတ်ဖြတ်ပြီး အဖေ့ဘယ်သွားသွား လိုက်ဖို့ ဆုံးဖြတ်တဲ့ အမေကကလည်း ငွေများများ ရမယ့်နည်းလမ်းကို ကြံတော့တာပါဘဲ.....တစ်ကယ်ဆို အမေရမ်းတာကံကောင်းလို့ ဆိုပြီး တွေးလိုက်ရင် ကြောက်စရာတောင်ကောင်းတဲ့ ချဲဒိုင် ကိုင်တဲ့အလုပ်ကို အမေ လုပ်ခဲ့တာပါဘဲ............လက်ခွဲ ၅ ယောက် နဲ့ သုံးသောင်းကွက် ချဲဒိုင် အမေ ကိုင်ခဲ့တယ်.......သုံးသောင်းကွက်ဆိုတာ အဲဒီခေတ်ကာလ အနေနဲ့ကတော့ လျော်လိုက်ရရင် မနည်းတဲ့ ငွေပမာဏပါ........အဖေ့ ကိုတော့ အသိမပေးပဲ တစ်ဖက်ကလည်း လုပ်လိုက်စ စီးပွားရေးကိုလုပ် တစ်ဖက်က ချဲဒိုင်လည်း ကိုင် အမေ လုပ်ခဲ့တယ်......

အမေ ချဲဒိုင်ကိုင်တဲ့ အချိန်မှာတော့ ယောက်ဖက ကုန်ပဏီ တစ်ခုမှာ အလုပ်ရလို့ အစ်မကိုခေါ်ပြီး တာဝန်ကျတဲ့နေရာထွက်သွားလို့ အိမ်မှာ အမေရယ် အစ်ကိုရယ် ကျွန်တော်ရယ် သုံးယောက်ပဲရှိတော့တယ်.......အမေ့လက်ပေါ်မှာ ကြီးပြီး အမေပဲ ပြုစု စောင့်ရှောက်ခဲ့ရတဲ့ တူမလေးကို အမေတင်မက ကျွန်တော်တို့ပါ လွမ်းဆွတ်တမ်းတ ခဲ့ရတဲ့ အချိန်တွေပါဘဲ........အမေကလည်း ချဲဒိုင်သာ ကိုင်တယ် ပထမဆုံးချဲထွက်မယ့်နေ့က ရောင်းအားကလည်းကောင်း ပေါက်လိုက်ရင် လျော်ရမှာလည်း မနည်းလို့ တစ်ထိတ်ထိတ် တစ်လန့်လန့်နဲ့ ဖြစ်နေခဲ့တယ်........အမေ နေမထိထိုင်မသာ ဖြစ်နေတာကြည့်ပြီး အမေ သား ပေါက်ဂဏန်း သွားနားထောင်ထားမယ် ဆိုပြီး အမေ့ကိုယ်စား သွားနားထောင်ခဲ့တယ်........ထွက်လာတဲ့ဂဏန်း ကိုမှတ်ပြီး အိမ်ရောက်တာနဲ့ အမေ့ကို အမေ အမေလွတ်ပြီး သားသိတယ် ဒီဂဏန်း မပါဘူး ဆိုပြီး ခပ်တည်တည်နဲ့ အမေ့ကို ပြောခဲ့တယ်......တစ်ကယ်တော့ အမေ စိတ်ပူပန်နေတာတွေ ကို ခဏဖြစ်ဖြစ် လျော့သွားအောင် ကျွန်တော် ပြောခဲ့တာဖြစ်သလို ထွက်လာတဲ့ဂဏန်းက အမေ ရောင်းထားတဲ့အထဲမှာ ပါတယ်မပါဘူး ကျွန်တော်မသိခဲ့ဘူး........အဲဒီအချိန်ကျမှ ရင်ထိတ်ရတာ ကျွန်တော် ဖြစ်ခဲ့တော့တယ်......အမေကတော့ ငါ့သားလေး ပြောတာဆို သေချာတယ် ဆိုပြီး ချဲစာအုပ်ကို လှန်ကြည့်တဲ့ အချိန် ရင်တစ်ထိတ်ထိတ်နဲ့ ကျွန်တော့်မှာ ဖြစ်ခဲ့ရတယ်........ဒါပေမယ့် တစ်ကယ်ပဲ ပေါက်တဲ့ဂဏန်းကို မအမေ မရောင်းခဲ့မိဘူး.......ပထမဆုံး အပါတ်မှာပဲ အမေ လွတ်လွတ်ကျွတ်ကျွတ် ရောင်းရသမျှ ပိုက်ဆံ အကုန်ရခဲ့တယ်........

လက်ဖွာတဲ့ အမေက သူ့ဒိုင်ခွဲတွေကို ကော်မရှင်ခအပြင် မပေါက်တဲ့အတွက် မုန့်ဖိုးတွေလည်း ပေးသလို ကျွန်တော်နဲ့အစ်ကို့ကိုလည်း ကြိုက်ရာဝယ် ဆိုပြီး အိမ်မှာ အဖေမရှိတုန်း ဖြစ်ချင်တိုင်းကိုဖြစ်နေတော့တယ်......အမေကတော့ ချဲထွက်တဲ့ရက်ဆို သားပြောရင် မှန်တယ် သားသွားနားထောင်ဆိုပြီး အမြဲပြောသလို ကျွန်တော်ကလည်း အမေ့ချဲစာအုပ်တောင် တစ်ခါမှလှန်မကြည့်ပဲ အမေ မပါဘူး သားသိတယ် မယုံရင် ကြည့်ကြည့်ဆိုပြီး အမြဲပြောရသလို တစ်ကယ်လည်း အမေ တစ်ခါမှ မလျော်ခဲ့ရဘူး......အမေ့လက်ခွဲဒိုင်တွေက အစ အစ်မနဲ့ အစ်မသားကတော့ ဟုတ်နေတာပဲဗျာ ဆိုပြီးတော့ကို အံ့သြခဲ့ရတယ်.......တစ်ကယ်တော့ အမေ ကံကောင်းခဲ့တာပါ......ကံကောင်းခဲ့လို့လည်း စီးပွားမပျက်ခဲ့တာလို့ ကျွန်တော် မြင်မိတယ်.........အဖေတာဝန်ကျတဲ့နေရာကနေ မပြောင်းခင် တစ်နှစ်တိတိ အမေ ချဲဒိုင်ကိုင်ခဲ့ပေမယ့် တစ်ခေါက်မှ အမေ မလျော်ခဲ့ရဘူး..........ကျွန်တော်တို့က အမေ့ကို အမေ အဖေပြန်လာရင် ဘယ်လို လုပ်မလည်း မေးခဲ့ပေမယ့် အမေကတော့ အေးဆေးပါ အမေ ကြည့်ရှင်းမယ်ပဲ ပြောခဲ့တယ်......လောင်းကစား လုပ်တာကို လုံးဝ သဘောမကျတဲ့အပြင် ဖြတ်လမ်းနည်းနဲ့ပိုက်ဆံရှာတာကိုလည်း သဘောမကျတဲ့အဖေ့အတွက် အမေလုပ်နေတာတွေနဲ့က ပြဒါးတစ်လမ်း သံတစ်လမ်း မို့ ပြသနာဖြစ်ဖို့က ၁၀၀ ရာခိုင်နှုံးသေချာတယ်လို့ ကျွန်တော်တို့ကတော့ တွေးမိခဲ့တယ်..........

ကျွန်တော့်အတွက်လည်း အဖေ မရှိတဲ့အပြင် အမေဆီက ပိုက်ဆံ လိုသလောက် ရနေတဲ့အတွက် တာတေလန်အောင် ကိုဆိုးတဲ့ကာလတွေပါဘဲ.........ဆိုင်ကယ်တစ်စီးနဲ့ သွားချင်ရာသွားနေတတ်ပြီး စီကနဲဆို ထိပ်ဆုံးက ကျွန်တော် ဖြစ်ခဲ့တဲ့ကာလတွေပါဘဲ..........ကျွန်တော်တစ်ခုခု ဖြစ်တိုင်းလည်း အမေက အနောက်က ပိုက်ဆံနဲ့ လိုက်ရှင်းတတ်တဲ့အတွက် ပိုက်ဆံလိုချင်လို့ ကျွန်တော့်ကို ရန်လာစတဲ့ သူတွေလည်း မနည်းလှဘူး.......ကျွန်တော်ကလည်း လက်ယဉ်စပြုလာတဲ့အတွက် တစ်ခုခုဆို ဦးအောင် လုပ် အမေက လိုက်လျော်နဲ့ အဖေ မရှိတဲ့ကာလမှာ ဖြစ်ချင်တိုင်းကို ဖြစ်နေခဲ့တယ်..........ဒီလိုနဲ့ အဖေ လွိုင်ကော်မှာ တာဝန်ပြီးလို့ ပြန်လာတဲ့အချိန်ရောက်လာခဲ့တယ်.........ပြန်ရောက်ရောက်ချင်းပဲ သူ့သူငယ်ချင်းတွေဆီက တစ်ဆင့်ကြားထားတဲ့ အဖေက မင်းချဲဒိုင်ကိုင်နေတယ်ဆို ဆိုပြီး အမေ့ကို တန်းမေးတော့တယ်.......အမေက ခပ်ပေါ့ပေါ့ပဲ အို ၁၀၀ ကွက် ၂၀၀ ကွက်ပါတော် ဆိုပြီးပြောပေမယ့် အဖေက ငါအကုန်သိတယ် မင်း အစ်မတွေ ချဲနဲ့ ဘဝပျက်နေတာကို မင်းသိသိကြီးနဲ့ လုပ်နေတာ ဘယ်လောက်ကွက်ဖြစ်ဖြစ် ဒါ ဘဝပျက်နိုင်တယ် ဆိုပြီး အမေ့ကို အဖေက မဲဆူသလို ကျွန်တော့်ကိုလည်း မင်းလည်း လူကလက်တောက် ဆိုးလိုက်မိုက်လိုက်တာ ငါမွေးထားတဲ့ သားလို့ပြောရမှာတောင် ရှက်စရာကောင်းတယ် မင်းကိုမင်း ဘာမှတ်နေလည်း ခွေးဆိုးတောရောက် ရောက်ချင်နေတာလားနဲ့ အဖေပြန်ရောက်တဲ့ အချိန်မှာ အမေနဲ့ကျွန်တော် ခေါင်းမဖော်နိုင်အောင်ကို အငေါက်ခံခဲ့ရတယ်.........အကြီးကောင်က ကြောင်မျိုးလို့ ပြောခံရတဲ့ အစ်ကိုကတော့ အဖေမလာခင်ထဲက အငေါက်ခံရမှာကို ကြိုသိလို့ မေမေကြီးတို့ဆီကို ထွက်သွားခဲ့လို့ သူကတော့ လွတ်သွားခဲ့တယ်.........ဒါပေမယ့် ကားပါယူသွားလို့ ကားပြန်လာထား မင်းကို ကားမပေးနိုင်ဘူး လို့ အဖေက လှမ်းပြောလို့ ဆူဆူဆောင့်ဆောင့်နဲ့ သူလည်း ပြန်ရောက်လာရတာပါဘဲ........

အမေကတော့ အဖေ ငေါက်ထားလို့ သူ့လက်ခွဲတွေကို တိုးတိုးတိတ်တိတ် အဖေရုံးသွားမှလာခိုင်းပြီး ခိုးလုပ်နေခဲ့တယ်.......အဖေကတော့ ပြောင်းဖို့ရွှေ့ဖို့ တွေလုပ်နေသလို အဖေ စိတ်မကောင်းအဖြစ်ခဲ့ဆုံးကတော့ အဖေ ပြန်ရောက်လာတဲ့အချိန်မှာ အဖေ့ကို ရုံးအနေနဲ့ဆိုင်ကယ်လည်း မပေးတော့သလို ဘာမှကို မပေးတော့တဲ့အပြင် ရုံးခန်းပါ ထိုင်ဖို့ နေရာ မထားပေးတော့လောက်အောင် ညစ်ခဲ့ကြတယ်........အဖေက စိတ်မကောင်းဖြစ်ရုံလောက်ဖြစ်ပေမယ့် အမေကတော့ တော်တော့်ကို ဒေါသထွက်ပြီး ယနေ့အချိန်ထိ အခဲမကြေနိုင်သေးပဲ နောက်ပိုင်းမှာလည်း အဖေ့ကိုညစ်ခဲ့တဲ့ အဖေ့အထက်လူကြီးကတော် အမေ့ဆီက အကူညီလာတောင်းတဲ့အချိန်မှာ အမေ လုံးဝမပေးပဲ သူတို့လုပ်ခဲ့လို့ အဖေ ခံစားခဲ့ရတယ်ဆိုတာကိုပြောပြီး လက်စားပြန်ချေခဲ့တယ်.........လက်စားချေတာ မကောင်းဘူးဆိုပြီး အဖေက အမေ့ကို ဖျောင်းဖျခဲ့ပေမယ့် သူတို့လုပ်ခဲ့လို့ အဖေခံစားခဲ့ရတာတွေအတွက် ပြန်ပေးဆပ်ရတာ ဒါတရားတယ်လို့ ကျွန်တော်ကပါ အမေ့ကို အားပေးအားမြှောက်လုပ်ခဲ့တယ်.........အဲဒီကာလက အိမ်မှာ အဖေ စိတ်ဆင်းရဲခဲ့ရတာကို ကိုယ်တိုင်ကိုယ်ကျ မြင်ခဲ့ရတဲ့ ကျွန်တော်နဲ့အမေ့အတွက်ကတော့ အခဲကျေဖို့ဆိုတာ မလွယ်လှပါဘူး...........

ချဲဒိုင်ခိုးလုပ်နေတဲ့ အမေ့ကို အဖေ တားမရတဲ့အပြင် ရှေ့မှာစားထားတာတွေလည်း ရှိတယ် လျော်ရမယ်ဆိုရင်တောင် အမြတ်ကျန်ပါသေးတယ် ဘာမှစိတ်မပူပါနဲ့ လို့ အမေ နားသွင်းတာကြောင့် အဖေပါ ရောယောင်ပြီး ချဲထွက်မယ့်ရက်ဆို ဘုရားစင်ရှေ့ ပုတီးတွေ ထိုင်စိပ်နေတဲ့ အဖေ့ကို ကြည့်ပြီး ကျွန်တော်နဲ့အမေ အဖေ့ကို သနားလည်းသနား ရီလည်းရီချင်ခဲ့တယ်.........ချဲထွက်ချိန်ဆိုရင် ချဲဂဏန်း သွားနားထောင်တဲ့ ကျွန်တော်ပြန်အလာကို သတင်းစာဖတ်ချင်ဟန်ဆောင်ပြီး ပေါက်ဂဏန်းမပါဘူးဆိုမှ ပြုံးပြုံးကြီး လုပ်နေတတ်တဲ့ အဖေ့ပုံစံက တစ်ကယ်ပဲ ရီချင်စရာကောင်းခဲ့တယ်........အဲဒီကာလတွေမှာ အဖေ့အတွက် ရုံးခန်းလည်း မရှိ အလုပ်လည်း မယ်မယ်ရရ မရှိလို့ အိမ်မှာ သောက်ရည်အိုး ထဲကရေ တစ်ထွာလောက် လျော့နေရင်တောင် ထဖြည့်နေတဲ့ အဖေ့ကြောင့် နေရထိုင်ရ ကျပ်တာကလွဲလို့ ဘာပြသနာမှတော့ မဖြစ်ခဲ့ဘူး.........တစ်ခြားနေရာကို ပြောင်းဖို့ စာလည်းတင်ထားပြီးဖြစ်တဲ့အပြင် အဖေကလည်း တစ်ခြားနေရာရောက်ရင် အတန်းကျနဲ့ဆို ငါ့သား ရှက်စရာကောင်းတယ် စာကြိုးစား ဒီမှာရှစ်တန်း ဟိုရောက်တော့ ကိုးတန်း ပေါ့ ဆိုပြီး ပြောထားလို့ ကျွန်တော် တစ်ဖက်ကလည်း ရန်တွေဖြစ်ရင်း အိမ်မှာလည်း စာလုပ်ဖြစ်ခဲ့တယ်.......ငါဒီမှာ ဒီနှစ်နောက်ဆုံးပဲ ဆိုတဲ့ စိတ်နဲ့လည်း ကျောင်းမှာ ဆရာမတွေ ကျွန်တော့်ကို ဘယ်လိုပညာ ပြပြ ခင်ဗျားတို့နဲ့ ဒီနှစ်နောက်ဆုံးပဲ ဆိုတဲ့စိတ်ထားပြီး ဥပက္ခော ပြုနိုင်ခဲ့တယ်.............

ကျွန်တော် စာမေးပွဲနားနီးတဲ့အချိန်မှာ ကချင်ပြည်နယ်ထဲက မြို့နယ်တစ်ခုကို မြို့နယ် ဦးစီးမှူး အနေနဲ့ အဖေ ပြောင်းမိန့်ကျလာခဲ့တယ်........ဒါပေမယ့် ကျွန်တော်လည်း စာမေးပွဲနီးနေပြီဖြစ်လို့ အဖေ အရင်နေရာသွားချပြီး ကျွန်တော်စာမေးပွဲပြီးမှ အမေနဲ့ကျွန်တော့်ကို ပြန်လာခေါ်ဖို့ အဖေစီစဉ်ခဲ့တယ်........ကျွန်တော် ကတော့ တစ်ကယ်ကို ပြောင်းရပြီဆိုပြီး အပျော်ကြီးကို ပျော်နေခဲ့တယ်.......ကျွန်တော့်အတွက် မပျော်ပိုက်ဆုံးသော နေရာကနေ ခွာရမှာဖြစ်တဲ့အတွက် အပျော်ကြီးပျော်နေခဲ့ပေမယ့် အမေကတော့ နောက်ဆုံးပိတ် အိတ်နဲ့လွယ် ဆိုသလို အဖေ့အတွက်နဲ့ အဖေ့ဝန်ထမ်းအသိုင်းအ၀ိုင်းနဲ့ အဖေ့အထက်လူကြီးကို စိတ်အနာကြီးနာခဲ့တော့တယ်..........အမေ စိတ်နာရတာက အဖေ ပြောင်းမိန့်ကျပြီးချိန်မှာ အဖေ့ကို နှုတ်ဆက်ပွဲလုပ်ကြတော့ အဖေ့ကို ပေးတဲ့ လက်ဆောင်က လယ်သမားတွေဝတ်တဲ့ အပေါစား ပုဆိုးတစ်ထည်ဖြစ်နေလို့ပါဘဲ..........တစ်ခြားအရာရှိတွေ ပြောင်းချိန်မှာ ကောင်းကောင်းကန်းကန်း ပေးခဲ့ကြပြီး အဖေ့မှ ဒီလို ပုဆိုးပေးရလားဆိုပြီး အမေ တော်တော်စိတ်နာခဲ့တယ်........အဖေကတော့ ဘာမှလည်းမပြောသလို မကောင်းတဲ့လူဆို လှည့်လည်း မကြည့်တတ်တဲ့အတွက် ရှေ့ခရီးဆက်ဖို့ပဲ စိတ်အားထက်သန်နေပြီး ကျန်တာတွေကိုတော့ မေ့ခဲ့တယ်............

ဒါပေမယ့် အဖေတာဝန်ယူရတဲ့ ဆိုဒ်ထဲက နေ့စားဝန်ထမ်းတွေကြောင့်တော့ အဖေနဲ့အမေ ဝမ်းသာဝမ်းနည်း ခံစားခဲ့ရတယ်...........အဖေ့ဆိုဒ်ထဲက နေ့စားဝန်ထမ်းတွေက မရှိဆင်းရဲသားတွေ များတာကြောင့် လူတိုင်း အမေ့ဆီက ချေးငှားခဲ့ရတယ်...........အမေကလည်း အတိုး မယူပဲ ချေးငှားပေးခဲ့ပြီး သူတို့ကလည်း ပြန်ဆပ်နိုင်တဲ့လူ ခပ်ရှားရှားပါပဲ........ပြန်မဆပ်နိုင်ခင် ကြားထဲမှာ သူတို့တတ်နိုင်တာလေး အမေ့အလုပ်မှာလာလုပ်ကူလိုက် ကျွန်တော်ကြိုက်တတ်တဲ့ ကြွက်ကြော် လေး ယူလာပေးလိုက်ကြနဲ့ နေနေခဲ့ကြသူတွေပါ......အဖေ ပြောင်းရတော့မယ် သွားတော့မယ်ဆိုမယ့်မတိုင်ခင်နေ့မှာ လက်ထဲမှာ ကျစ်ကျစ်ပါအောင်လိပ်ထားတဲ့ ပိုက်ဆံအနွမ်းလေးတွေကိုင်ပြီး ပိန်ရှုံ့နေတဲ့ ဒန်ချိုင့်လေးတွေထဲမှာ တရုတ်ဆိုင်တို့ မြန်မာဆိုင်တို့ က ဝယ်လာတဲ့ သူတို့တစ်သက်နဲ့ တစ်ကိုယ်တောင် စားဖူးရဲ့လားမသိတဲ့ စားသောက်စရာတွေနဲ့အတူ ဆရာနဲ့ဆရာကတော်ကို အကြွေးပြန်ဆပ်ရင်း လာကန်တော့တာပါ ဆရာမသွားခင် ဆရာ့ကို ပြုစုချင်လို့ ဆိုင်ကဝယ်လာတာလည်း စားသွားပါအုန်းဆရာဆိုပြီး အဖေနဲ့အမေ့ကို ထိုင်ကန်တောခဲ့ကြတယ်........မခံစားနိုင်တဲ့ အမေကတော့ အစ်မကို မကန်တော့ပါနဲ့ ဆိုပြီး အခန်းထဲဝင်လို့ ငိုနေခဲ့သလို အဖေလည်း မျက်ရည်တွေ စီးကျနေခဲ့တယ်...........သူတို့ ကန်တော့အပြီးမှာ အမေက အခန်းထဲက ထွက်လာပြီး အားလုံးပဲ မင်းတို့အကြွေးတွေ ဒီစာအုပ်ထဲမှာ အစ်မ မှတ်ထားတယ် အခု ဒီစာအုပ်ကို အစ်မဖြဲလိုက်မယ် အစ်မ မင်းတို့အကြွေးတွေကို မင်းတို့ကို မုန့်ဖိုးပေးတယ်လို့ သတ်မှတ်တယ် မင်းတို့ဆရာကလည်း တစ်သဘောထဲပါဘဲ ဆိုပြီး သူတို့ရှေ့တင် အကြွေးစာအုပ်ကို အဖေ ဆုတ်ဖြဲပြစ်ခဲ့တယ်........အားလုံးကလည်း မျက်ရည် စမ်းစမ်း စမ်းစမ်း နဲ့ ဝမ်းနည်းစရာကြီးဖြစ်ခဲ့တယ်......သူတို့ယူလာတဲ့ စားစရာတွေထဲက အဖေကလည်း သူတို့စိတ်ကျေနပ်အောင် နည်းနည်းစီလောက်စားပြီး အိမ်မှာ ကျန်ခဲ့တဲ့ကလေးတွေ စားဖို့ ပြန်ထည့်ပေးသလို အမေကလည်း ပြစ်စည်းအတိုအစလေးတွေ သူတို့ကို ပေးရင်း အဖေ မသွားခင်နေ့က သူတို့ကြောင့် ၀မ်းနည်းစရာလည်းကောင်း ကြည်နူးဖို့လည်းကောင်းတဲ့ ရက်လေးတစ်ရက်ဖြစ်ခဲ့သလို ကျွန်တော်ရယ် အဖေရယ် အမေရယ် အဲဒီနေ့ကို ဘယ်တော့မှ မမေ့နိုင်ခဲ့ကြဘူး..........

အဖေ သွားပြီး မကြာခင် ကျွန်တော်လည်း အတန်းတင် စာမေးပွဲဖြေခဲ့ရသလို အမေကလည်း အိမ်ရှိပစ္စည်းတွေ ထုတ်ပိုးလို့ ကျွန်တော် စာမေးပွဲပြီးလို့ အဖေ လာခေါ်မယ့်ရက်ကို အသင့်စောင့်နေခဲ့တယ်........ကြောင်မျိုးအစ်ကိုကတော့ မေမေကြီးတို့ဆီမှာနေသာသလို နေနေသလို တစ်ချက်မှလည်း အမေ့ဆီပေါ်မလာခဲ့ပဲ အဖေ့အဖေ ဘဘတစ်ယောက်သာ အမေ ဘာလိုအပ်လည်း ဆိုပြီး နေ့တိုင်း အိမ်ကိုလာခဲ့တယ်.......ဒီလိုနဲ့ ကျွန်တော် စာမေးပွဲနောက်ဆုံးနေ့ကို ရောက်လာသလို အဲဒီနေ့မှာ အမေက စာမေးပွဲပြီးတာနဲ့ ဘယ်မှမသွားနဲ့နော် ငါ့သား အမေ့ဆီတန်းပြန်လာခဲ့ အမေ စိတ်တွေလေးနေလို့ အဖေလာခေါ်မယ့်ရက်ကလည်း နီးနေပြီ မပြောင်းခင် ဘာမှလည်း မဖြစ်စေနဲ့ ဆိုပြီး အတန်တန် မှာခဲ့တယ်........စာမေးပွဲကို လွတ်လွတ်ကျွတ်ကျွတ်ကြီးဖြေနိုင်ခဲ့ပြီး ဘာမှ ဖြစ်စရာအကြောင်းလည်း မရှိဘူးလို့တွက်ထားတဲ့ကျွန်တော်ကလည်း အေးဆေးပါ အမေရာ ဘာမှမပူပါနဲ့ ဘာမှမဖြစ်ပါဘူး စာမေးပွဲပြီးရင် သားဘော်ဒါ တွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်လိုက်အုန်းမယ် အေးဆေးမှပြန်လာမယ်ဆိုပြီး ကျွန်တော်ထွက်ခဲ့တယ်.........စာမေးပွဲဖြေပြီး သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင် ပြီး ညနေစောင်းမှ အိမ်ပြန်လာတဲ့ ကျွန်တော့်ကို စိတ်ပူလို့ အမေ အိမ်ပေါက်ဝက ထိုင်စောင့်နေခဲ့တယ်.........စိတ်ပူနေတဲ့ အမေ့ကို ဘာမှစိတ်မပူနဲ့အမေ ဘာမှမဖြစ်ဘူး ရန်လည်း မဖြစ်ဘူး စိတ်ချ သားသူငယ်ချင်းတွေနဲ့ နှုတ်ဆက်ပွဲလုပ်မလို့ သား ရေချိုးပြီးအပြင်သွားလိုက်အုန်းမယ်ဆိုပြီး အပြင်ကို ပြန်ထွက်ခဲ့တယ်.......အမေကတော့ အမေ စိတ်တွေလေးနေတယ်သား မသွားပါနဲ့ လို့ပြောပေမယ့် အမေကလည်းဗျာ ဘာမှမဖြစ်ပါဘူးဆိုမှပဲ ဆိုပြီး ကျွန်တော်ကတော့ ဇွတ်ထွက်ခဲ့တယ်.........

Monday, November 23, 2009

အဖေနဲ့အမေ။၃၀။

ညီလာခံတက်ဖို့ အဖေသွားဖို့ အမေက ပြင်ဆင်ပေးနေမှ ကျွန်တော်တို့ အားလုံး သိခဲ့ရတာက အရင်အခေါက်တွေက နိုင်ငံခြားသွားဖို့ အနောက်တိုင်းဝတ်စုံကို ပေါပေါလောလော ချုပ်ဝတ်ခဲ့ပြီး အခုတစ်ခေါက်မှသာ ကောင်းကောင်းကန်းကန်း ဝယ်ဝတ်ပြီးသွားမယ်ဆိုတာကိုပါဘဲ........ကျွန်တော်တို့ အားလုံး ဒီအတွက် စိတ်မကောင်းလည်း ဖြစ်ခဲ့ကြရတယ်.......သားသမီးတွေ လိုချင်တာဆို အမေ့လောက် အလိုမလိုက်ရင်တောင် လိုက်လျောခဲ့တဲ့ အဖေက နိုင်ငံခြားသွားတိုင်း အဝတ်အစားကို ပေါပေါပဲပဲသာဝယ်ဝတ်ခဲ့ပြီး သူများနိုင်ငံမှာလည်း အပျော်အပါး မရှိလှပဲ ပေးထားတဲ့ နေရာကနေ သူတို့အစီအစဉ်နဲ့ လိုက်ပို့တဲ့နေရာကလွဲလို့ ဘယ်မှမသွားခဲ့ပဲ အစစအရာရာခြိုးခြံခဲ့တယ်ဆိုတာ အဖေကိုယ်တိုင်ရယ် အဖေ့သူငယ်ချင်းတွေရဲ့မင်းတို့အဖေကတော့ စံပါပဲကွာ ဆိုပြီး အပြောတွေရယ်ကြောင့် ကျွန်တော်တို့ သိခဲ့ရတယ်.......အဖေသွားကာနီးမှာတော့ ဘာမှထွေထွေထူးထူး ပြောပလောက်တဲ့ ပြသနာရယ်လို့ မရှိပေမယ့် အဖေ့အမေ မေကြီး အနည်းငယ် နာမကျန်းဖြစ်တာရယ် အဖေ့ကို ဂုဏ်ပြုပွဲလုပ်ရမယ်ဆိုပြီး အိမ်မှာ အရက်လာသောက်တဲ့ အဖေ့သူငယ်ချင်းတွေက အရက်မသောက်တတ်တဲ့ အဖေ့ကို ဇွတ်တိုက်လို့ ၃ ပက်လောက်သောက်ပြီး မူးနေတဲ့ အဖေ နဲ့ အရက်ဇွတ်တိုက်တဲ့ အဖေ့သူငယ်ချင်းတွေကို စိတ်ဆိုးပြီး အမေက အဖေ့ကို ပြသနာရှာတာရယ်ပဲ ရှိခဲ့တယ်........

အဖေ နိုင်ငံခြားသွားဖို့ ရန်ကုန်ကို ကြိုပြီးသွားမယ့်နေ့မှာတော့ အိပ်ရာက မထနိုင်တဲ့ မေကြီးနဲ့ ဘဘ ကို သွားကန်တော့ခဲ့ပြီး ကျွန်တော်တို့လည်း အဖေပြန်လာမှလာကြိုမယ် သားတို့ဖို့ လက်ဆောင်မမေ့နဲ့ ဆိုပြီး အဖေ့ကို နှုတ်ဆက်ခဲ့ကြတယ်.......နေမကောင်းဖြစ်နေတဲ့ မေကြီးကို ကြည့်ပြီး မျက်နှာသိပ်မကောင်းလှတဲ့ အဖေ့ကိုလည်း အမေက စိတ်ချပါ ကျွန်မ ပြစ်မထားပါဘူး စိတ်မပူပါနဲ့ လို့ပြောခဲ့သလို အပြောအဆိုတွေ ခံထားရပြီး နည်းမျိုးစုံလုပ်ခံထားရပေမယ့် မျက်နှာမလွှဲထားတတ်ပဲ ကြင်နာတတ်တဲ့ အမေ့စိတ်ကို သိလို့ အဖေလည်း စိတ်တော့ အတန်ငယ်အေးချမ်းခဲ့ပုံပါပဲ........(တစ်ကယ်ဆို ပါတ်ဝန်းကျင်က ပြောသမျှ ...သနားပါတယ် အဖေကြီးအမေကြီး နဲ့မောင်နှမတွေကတော့ ဆင်းရဲနေတာ သူ့မိန်းမ က ချုပ်ကိုင်ထားလို့လေ သူတို့မိသားစုကျတော့ တောက်ပြောင်ပြီး နေနေတာ ယောင်္ကျားမိသားစုကျတော့ တစ်ပြားတစ်ချပ်မှ ကျတာမဟုတ်ဘူး ဆိုတဲ့ စကားတွေအောက်မှာ လူမသိသူမသိ လိုအပ်သမျှ ထောက်ပံ့နေတဲ့ အမေက မေကြီးနဲ့ အဖေ့မောင်နှမသားချင်းတွေရဲ့ အကောင်းပြောလည်း မခံရ ပါတ်ဝန်းကျင်ရဲ့ အကောင်းပြောလည်း မခံရဆိုတော့ စိတ်တော့ တော်တော်နာခဲ့တယ်.......အဖေ့မောင်နှမတွေကလည်း အရင်က ဆဲချင်သလိုဆဲထားခဲ့ပြီး လိုအပ်ရင်သာ လူမသိသူမသိ အမေ့ဆီလာလို့ မျက်ရည်လည်ရွှဲနဲ့ အစ်မ လုပ်ပါအုန်းလုပ်ပြီး အမေကလည်း အေး အေး ငါ့ညီမရယ် ငါ့မောင်ရယ် နဲ့သူပါ ရောငိုနေတတ်ပေမယ့် ရပြီး ပြန်သွားရင် သူတို့က ကွယ်ရာမှာ အမေ့ကိုဆဲ အမေက ဒါတွေကို ပြန်ကြားပြီး နောက်တစ်ခါလာကြည့် ငါနဲ့တွေ့မယ်ပြော တစ်ခါ သူတို့ပြန်လာပြန်ရင်လည်း မျက်ရည်လည်ရွှဲပြန်ဖြစ် နဲ့ လုံးလည်ချာလည်လိုက်ပြီး နောက်ဆုံး အမေ့ဒေါသက ဆွေမျိုးသံယောဇဉ်ဆိုတာမရှိတဲ့ ပါတ်ဝန်းကျင်ပေါ်ကိုသာရောက်ရောက်နေခဲ့တော့တယ်.......)

အဖေ အိမ်ကထွက်သွားပြီး ၃ ရက်လောက်အကြာမှာ မေကြီးက ကောက်ကာငင်ခါ ရောဂါတွေ သည်းလာသလို အမေပဲ အစစအရာရာ ပြုစုစောင့်ရှောက်ခဲ့ရတယ်......အမေ အစွမ်းကုန် ပြုစု စောင့်ရှောက်ပေမယ့် မေကြီးကတော့ ရောဂါတွေသည်းလျက်ကပဲ သားလေးရေ လူလေးရေ နဲ့ အဖေ့ကိုတလို့ အမေ့လက်ပေါ်မှာပဲ ဆုံးပါးသွားခဲ့တော့တယ်.......မေကြီးကွယ်လွန်ကာနီးမှာ အမေ့ကို ငါ့ကို ခွင့်လွှတ်ပါ ဟယ် လို့ ပြောသွားသလို အမေဟာလည်း ဖြေမဆည်အောင်ကိုပဲ ငိုနေခဲ့တော့တယ်........ထို့အတူ မကြာခင်ရက်ပိုင်းအတွင်း နိုင်ငံခြားသွားရတော့မယ့် အဖေ့ကိုလည်း မသွားတော့ဖို့ နဲ့ မေကြီးရဲ့အသုဘ အမှီ အိမ်ကိုပြန်လာဖို့ အဖေ့ဆရာအရင်းဆီ ဖုန်းဆက်ပြီး အဖေ့ကိုပြောဖို့ အမေဇွတ်ပြောခဲ့ပေမယ့် အဖေ့ဆရာက ဒီလိုလုပ်လို့ဘယ်ဖြစ်မှာလည်း ဆုံးတဲ့လူလည်းဆုံးသွားပြီး နောက် အခုခရီးကလည်း အရေးကြီးတယ် ဝန်ကြီးကိုယ်တိုင်လွှတ်တာ လုံးဝမပြောပါနဲ့ ဆိုပြီး ဘဘဦးမောင်ရဲ့ အမျိုးသမီး အန်တီလှကပါ အမေ့ကို ဖြောင်းဖျခဲ့တယ်.........အမေကတော့ အဖေ့ကိုသိပ်ချစ်လှတဲ့မေကြီးနဲ့ အပြင်မှာသာ ထုတ်မပြောတယ် သံယောဇဉ်ကြီးတဲ့ သူ့အမေ ရဲ့ နောက်ဆုံးခရီးကိုလည်း အဖေ့ကို တွေ့စေချင်ခဲ့တယ်.........နောက်ဆုံးမှာ အားလုံးရဲ့ ဝိုင်းဝန်းဖျောင်းဖြမှုနဲ့ အဖေ့ကို မပြောပါဘူးဆိုတဲ့ ကတိ အမေပေးခဲ့လိုက်တယ်.......

အဖေသွားတဲ့အချိန်က ကျွန်တော်တို့ ကျောင်းဖွင့်စလည်းဖြစ်တဲ့အပြင် သားသမီး ၁၃ ယောက်တောင်မွေးထားတဲ့ မေကြီးရဲ့ သားအငယ် အဖေ့ညီ ကျွန်တော်နဲ့ဆို ဦးလေးတော်တဲ့ တိုးတိုးကလည်း ကျွန်တော်နဲ့အတန်းတူဖြစ်လို့ မေကြီးရဲ့ အသုဘမှာ လိုက်ပို့ဖို့ ဆရာမတွေက ကျောင်းသားတွေကို အလှူငွေကောက်ပေမယ့် ကျွန်တော့်မေကြီးရဲ့ အသုဘလို့မပြောပဲ တိုးတိုးအမေရဲ့အသုဘလို့သာ ပြောခဲ့ကြတယ်........တစ်ကယ်ဆို အဖေ့မောင်နှမတွေထဲမှာ တိုးတိုးနဲ့ အဖေ့အောက်က ညီကို ကျွန်တော် ခင်မင်တွယ်တာပြီး သူတို့ကလည်း အေးဆေးလို့ အမေ့ ရဲ့အချစ်ဆုံးဖြစ်ပြီး မေကြီးတို့ အိမ်မှာတစ်ခုခုလိုအပ်ရင် သူတို့ကတစ်ဆင့် အမေ ပေးခဲ့တယ်ဆိုတာတော့ ဘယ်သူမှမသိခဲ့ဘူး........အခန်းထဲမှာ ဆရာမက တိုးတိုးရဲ့ အမေဟာ သနားစရာကောင်းကြောင်း တိုးတိုးတို့ဟာ ချို့တဲ့ကြောင်းစတဲ့ မဆီမဆိုင်တွေပါ ပြောသလို ကျွန်တော့်ကိုပါ စောင်းငဲ့ကြည့်ပြီးပြောနေခဲ့တဲ့အတွက် ကျွန်တော့်အဖွားတော်တယ်လို့ သိထားတဲ့ ကျောင်းသားတွေကပါ ကျွန်တော့်ကို ကွက်ကြည့်ကွက်ကြည့်လုပ်နေပေမယ့် ကျွန်တော်ကတော့ အေးဆေးပါဘဲ........တိုးတိုးကလည်း ကျွန်တော့်ကို အားတုံ့အားနာ ကြည့်နေပြီး ဘာမှမဖြစ်ပါနဲ့ကွာလို့ပြောခဲ့တယ်.........

မေကြီး ဆုံးတဲ့အချိန်ကနေစလို့ အသုဘချမယ့် အချိန်ထိ အမေပဲ အစစအရာရာ လုပ်ပေးခဲ့ပြီး လူကိုယ်တိုင်တော့ အမေ မသွားခဲ့ဘူး........တိုက်တိုက်ဆိုင်ဆိုင် မေကြီးကို အသုဘချမယ့်နေ့ကလည်း အဖေ နိုင်ငံခြားကို သွားမယ့်နေ့ဖြစ်သလို မေကြီးကို မီးသဂြိုလ်တဲ့အချိန်ကလည်း အဖေ့လေယာဉ် ထွက်တဲ့အချိန် ဖြစ်နေခဲ့တယ်........နိုင်ငံခြားထွက်ကာနီး လေယာဉ်ကွင်းကနေ ဖုန်းဆက်တတ်တဲ့ အဖေ့ကို အိမ်မှာ အမေတစ်ယောက်ပဲ ထိုင်စောင့်နေခဲ့ပြီး ကျွန်တော်တို့ကတော့ မေကြီးရဲ့ အသုဘကို လိုက်ပို့ခဲ့ကြတယ်.......သားသမီးတွေ တစ်ယောက်မှ အိမ်မှာ မရှိကြဘူးလား ဘယ်သွားနေတာလည်း ဆိုပြီး အဖေ မေးခဲ့တယ်လို့ အမေက ကျွန်တော်တို့ကို ပြန်ပြောခဲ့တယ်........အဖေကတော့ မေကြီးဆုံးတာကိုလည်း မသိသလို သူလေယာဉ်ထွက်တဲ့အချိန်မှာ မေကြီးကို မီးသဂြိုလ်မယ်ဆိုတာကိုလည်း မသိပဲ အမေနဲ့ဖုန်းပြောပြီး နိုင်ငံခြားကို ထွက်သွားခဲ့တယ်.........

မေကြီးရဲ့ အသုဘမှာလည်း အမေလိုက်မလာတာ ကောင်းပါတယ်လို့ ကျွန်တော်တို့ မောင်နှမတွေ တွေးခဲ့ကြတယ်......လူတိုင်းက ကျွန်တော်တို့ နှိပ်စက်လို့ မေကြီးသေရသလို အကြည့်မျိုးတွေနဲ့ ကွက်ကြည့်ကွက်ကြည့်ကြည့်နေကြပြီး သူတို့အမေက လုံးလုံးမကြည့်ဘူးလေ သနားပါတယ် ဒီမိန်းမကြောင့် အခုလည်း သူ့ယောင်္ကျား ကိုတောင် မပြောဘူး တော်တော်လောဘကြီးတဲ့ မိန်းမ လို့ ပြောနေသံတွေကို ကြားခဲ့ရတယ်........ဘဘကတော့ အမေ့ကိုသိပ်ချစ်ပြီး စိတ်တို စိတ်ဆတ်တဲ့ ကျွန်တော့်ကို
ငါ့မြေး သည်းခံနော် ဘာမှမဖြစ်နဲ့ ဘဘသိပါတယ် ဆိုပြီး စိတ်မကောင်းဝမ်းနည်းသံနဲ့ ပြောသလို အစ်ကိုနဲ့အစ်မကလည်း အငယ်ကောင် ဘာမှမဖြစ်နဲ့နော် မေကြီး အသုဘ အေးဆေးပြီးပစေ အဖေလည်း မရှိဘူး အဖေသနားပါတယ် ဆိုပြီး ပြောကြလို့ ကျွန်တော်လည်း ကြိတ်မနိုင်ခဲမရ နဲ့ သချိုင်းကုန်းမှာ မေကြီးရဲ့ဈာပနပြီးတဲ့အထိ နေခဲ့ရတယ်..........

ကျွန်တော်လည်း ဒေါသထွက်ထွက်နဲ့ အိမ်ကိုပြန်လာပြီး စိတ်တိုဒေါသကြီးပြီး ဒေါသထွက်ရင် တစ်ခုခုလုပ်လိုက်ရမှ ကျေနပ်တဲ့ ကျွန်တော့်အတွက် ရိုက်ခွဲဖို့ အမေစုပေးထားတဲ့ ပုလင်းတွေကို ဒေါသတစ်ကြီး ရိုက်ခွဲနေခဲ့တော့တယ်........ပြီးတော့မှ အမေ့ကို လူတွေမကောင်းဘူး အမေ အထူးသဖြင့်ဒီဒေသကလူတွေ ဆိုပြီး ကျွန်တော် ဒေါသတစ်ကြီးအော်ဟစ်နေခဲ့တော့တယ်.......အစ်ကိုနဲ့အစ်မကလည်း အိမ်ရောက်မှ ဟုတ်တယ်အမေရာ သားတို့သမီးတို့ မေကြီး ဈာပန ပြီးအောင်သာနေခဲ့တာ ဆက်ကိုမနေချင်တော့တာလို့ အမေ့ကိုပြောခဲ့ကြတယ်........အမေကတော့ အမေသိတယ် ဒါပေမယ့် အခုအချိန်မှာ အမေ အဖေ့ကို သနားတာ တစ်ခုပဲ ရှိပါတယ်လို့ ပြောခဲ့တယ်.......ကျွန်တော်ကတော့ စိတ်ထဲမှာ တော်တော့်ကို မကျေနပ်ခဲ့သလို နောက်တစ်ခါ အမေ့ကို ပြောလို့ကတော့ ငါနဲ့တွေ့မယ်လို့ ပဲ စိတ်ထဲမှာ ကျုံးဝါးနေခဲ့မိတယ်........

ကျွန်တော်ကလည်း ပါတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုတွေရယ် ကျွန်တော့်ရဲ့ဆိုးတတ်တဲ့ ဥာဉ်ရယ် သူများတွေ စက်ဘီးနဲ့တစ်မျိုး ခြေကျင်တစ်မျိုး ကျောင်းကားနဲ့တစ်မျိုးကျောင်းတက်နေရတဲ့အချိန်မှာ ဆိုင်ကယ်ကြီး ဗြူးဗြူးဗျဲဗျဲ နဲ့ ကျောင်းလာနေတဲ့ ကျွန်တော့်ကို ဝိုင်းမြင်ပြင်းကပ်တာရယ်ပေါင်းပြီး ဆက်ဆံကြတဲ့အခါ ကျွန်တော်ကလည်း ပိုပြီးခပ်ရွတ်ရွတ်ပဲ ပြန်နေခဲ့တယ်........မေကြီးအသုဘဆုံးပြီးတစ်လကျော်လောက်အကြာမှာ
အစည်းအဝေးသွားတက်ရတဲ့ အဖေလည်း ပြန်လာတော့မှာမို့ ကျွန်တော် တို့မိသားစုလည်း အဖေ့ကို သွားကြိုဖို့ ရန်ကုန်ကို ထွက်လာခဲ့ကြတယ်........ဒီတစ်ခေါက် အဖေ့ကိုသွားကြိုတာမှာ အဖေနဲ့တွေ့ရင် အဖေ့ကို မေကြီးဆုံးတဲ့အကြောင်း ဘယ်လိုပြောမလဲဆိုတာကို အမေ့ကို ကျွန်တော်တို့ မေးခွန်းထုတ်ခဲ့ကြပေမယ့် အမေကတော့ အမေ မသိသေးဘူး လို့ပဲပြန်ပြောခဲ့တယ်.........ကျွန်တော်တို့ လည်း အမေပြောတဲ့အချိန် အဖေ ဘယ်လိုများ ဖြစ်မလည်း မသိဘူး ဆိုတဲ့ အတွေးတွေနဲ့ ရန်ကုန်ကိုရောက်လာခဲ့ပြီး အဖေပြန်လာမယ့်နေ့မှာ လေဆိပ်မှာ အဖေ့ကိုသွားကြိုခဲ့ကြတယ်.......

လေယာဉ်ပေါ်ကဆင်းလာပြီး ကားပေါ်မှာ ပါလာတဲ့ အဖေက ကျွန်တော်တို့ကို အားရဝမ်းသာ လက်လှမ်းပြနေသလို ကျွန်တော်တို့လည်း အဖေ့ကို မြင်လိုက်ရတဲ့အချိန်မှာတော့ ကျန်တာတွေမေ့ပြီး ဝမ်းသာအားရဖြစ်ခဲ့ကြတယ်..........တည်းတဲ့နေရာ ရောက်တဲ့ အချိန်မှာ အဖေပါလာတဲ့ လက်ဆောင်တွေကို လုနေကြပြီး အဖေက အမေ့ကို ဦးလေးနဲ့ဒေါ်ဒေါ် တို့ကော နေကောင်းလား .....အမေကော သက်သာရဲ့လားလို့ အမေ့ကို မေးတဲ့အချိန်မှာတော့ ကျွန်တော်တို့လည်း တန့်ကနဲဖြစ်သွားခဲ့တယ်.......အမေကတော့ ကောင်းကြပါတယ် ရောက်ရောက်ချင်းကြီး ဒါတွေပြောမနေနဲ့ တစ်လကျော် မြန်မာစာ မစားရတာ စားချင်နေမှာပေါ့ ခဏအနားယူ ပြီးရင် ထမင်းသွားစားရအောင် ဆိုပြီး ပြောခဲ့တယ်.......အဖေ အိပ်ရာပေါ် ခဏလှဲနေတဲ့ အချိန်မှာ ကျွန်တော်တို့ အမေ့ကိုကပ်ပြီး အမေ ဘယ်လိုလုပ်မလဲ ဆိုတော့ အေးပါ အမေ ပြောပါ့မယ် အဖေကလည်း စိတ်ထိန်းနိုင်တဲ့လူပါ သားတို့သမီးတို့ စိတ်မပူနဲ့ပဲ ပြန်ပြောခဲ့တယ်......ညဦးပိုင်း အဖေ နိုးလာတဲ့အချိန်မှာ ကျွန်တော်တို့ မိသားစု ထမင်းသွားစားကြဖို့ ထမင်းဆိုင်ကြီးတစ်ဆိုင်ကို သွားခဲ့ကြပြီး အမေက
မိသားစု လိုက်စားရအောင် သီးသန့်ခန်းယူလိုက်ဆိုပြီး အဖေ့ကို ပြောခဲ့တယ်........

စားစရာသောက်စရာတွေ မှာပြီး ကျွန်တော်တို့ကလည်း အဖေ့ကို အဖေ့အတွေ့အကြုံတွေ ဝိုင်းမေးနေတဲ့အချိန်ထိ အမေကတော့ စားစရာမှာလိုက် ကျွန်တော်တို့ မေးနေတာကို နားထောင်လိုက်နဲ့ ခပ်အေးအေးပဲ နေနေသလို စားစရာတွေ ရောက်လာပြီး စားကြသောက်ကြတဲ့ အချိန်ထိ အဖေ့ကို ဘာတစ်ခွန်းမှ မပြောခဲ့ဘူး.......စားပြီးတဲ့ အချိန်မှာ ရုပ်ရှင်ကြည့်ချင်တယ်ဆိုပြီး ပြောထားတဲ့ ကျွန်တော့်ကို ရုပ်ရှင်လိုက်ပြဖို့ အဖေက ကတိပေးခဲ့ပြီး ဒါပြီးရင် ရုပ်ရှင်သွားကြည့်မယ် ဆိုပြီးတော့ ပဲ ပျော်ပျော်ရွှင်ရွှင် စကားတွေပြောနေခဲ့ကြတယ်.........အားလုံးစားသောက်ပြီး ခဏနေလောက်တဲ့အချိန်မှာမှ အမေက အဖေ့ကို ပြီးတော့လည်းပြီးသွားပါပြီ စိတ်မကောင်းလည်း မဖြစ်ပါနဲ့ မပြောမပြီးမိုလို့ ပြောရအုန်းမယ် လို့အဖေ့ကို ပြောတဲ့အခါ ကျွန်တော်တို့နဲ့ ပျော်ပျော်ရွှင်ရွင်ဖြစ်နေတဲ့ အဖေက ကဲပါ မင်းကလည်း စကားတွေခံမနေစမ်းပါနဲ့ ပြောစမ်းပါလို့ ပြောလိုက်တဲ့အချိန်မှာ အမေက ဒေါ်လေး ဆုံးသွားပြီလို့ တန်းပြောလိုက်တော့တယ်.......အဖေဟာ ချက်ခြင်းပဲ မျက်နှာအုံ့မှိုင်းသွားပြီး စကား အင်မတန်များနေခဲ့တဲ့ ကျွန်တော်အပါအဝင် အကုန်လုံးကလည်း တိတ်ဆိတ်သွားခဲ့တယ်......ခဏအနေမှာ ဘယ်တုန်းက ဆုံးတာလည်း အေးအေးဆေးဆေးပဲလား အားလုံးအဆင်ပြေရဲ့လားလို့ အဖေမေးခဲ့ပြီး အမေကတော့ အဖေ့ကို အကြောင်းစုံရှင်းပြခဲ့သလို ကျွန်တော်တို့ဒေါသထွက်ခဲ့ကြရတဲ့ အကြောင်းတွေပါ ပြောပြခဲ့တယ်.......ဆူဆူညံညံနဲ့ ပျော်ပျော်ရွှင်ရွှင် စကားတွေ များနေတဲ့ ကျွန်တော့်ကိုလည်း အဖေက သနားသွားခဲ့တယ် နဲ့တူပါတယ်......အေးလေ အေးအေးဆေးဆေးနဲ့ မီးစာကုန် ဆီခန်း ပဲ ဘယ်တတ်နိုင်မှာလည်း မင်းလည်း အကောင်းဆုံးလုပ်ပေးခဲ့တာပဲ ဆိုပြီး ပျော်ရွှင်နေတဲ့ ကျွန်တော်တို့ စိတ်ကို ညစ်နွမ်းသွားမှာ ဆိုးတဲ့ အဖေက သူ့ ခံစားချက်ကို မျိုချခဲ့တော့တယ်........

Saturday, November 21, 2009

Sunday, November 15, 2009

အဖေနဲ့အမေ။၂၉။

၇ တန်းစာမေးပွဲပြီးတာနဲ့ သေချာပေါက်အောင်မယ်ဆိုတာ သိပြီးဖြစ်တဲ့ အမေက ကျွန်တော့်ကို ငါ့သား ဘာလိုချင်လည်း လို့မေးခဲ့တယ်.......ကျွန်တော်ကလည်း အစထဲက စိတ်ကူးယဉ်ထားတဲ့ သား ဆိုင်ကယ်လိုချင်တယ် အမေ ဆိုင်ကယ်တောင် သေးသေးလေးမဟုတ်ဘူး အမေ့ဆီအလုပ်ကိတ်စနဲ့လာနေတဲ့ လူကြီးစီးတဲ့ အယ်လ်အေ လိုချင်တာဆိုတော့ အမေကလည်း မဆိုင်းမတွ အေး အဖေ့ကိုမပြောသေးနဲ့အုန်း အောင်စာရင်းထွက်တာနဲ့ သားလိုချင်တာ အမေ၀ယ်ပေးမယ်နော် လို့ပြောခဲ့တယ်.......အဖေကလည်း အဲဒီအချိန်ကတော့ အမေ လုပ်ပေးထားတာကို မသိခဲ့ပဲ ကျွန်တော့်စာလုပ်အား ကိုသာ သိခဲ့တဲ့အတွက် အောင်မယ်ကိုမထင်ခဲ့ဘူး......စာမေးပွဲဖြေပြီးတာနဲ့ အိမ်မှာ အဖေနဲ့နေရတာလည်း တင်းကျပ်လွန်းတဲ့အတွက် နွေရာသီ မေမေကြီးတို့ဆီ သွားနေမယ်ဆိုပြီး မေမေကြီးတို့ဆီကို ကျွန်တော် အလည်သွားခဲ့တယ်.......

ကျွန်တော့်အတွက် မေမေကြီးတို့ အိမ်ထောင်စုကြီး ဖရိုဖရဲဖြစ်နေတာကို ခရေစေ့တွင်းကျသိခဲ့ရတဲ့အချိန်ပါဘဲ.......မေမေကြီးတို့ဆီကို ကျွန်တော်ရောက်သွားတဲ့အချိန်မှာ အမေ ထောင်ပေးခဲ့တဲ့ အအေးဆိုင်ကလည်း လူ ကျို့တို့ကျဲတဲ နဲ့ ဆိုင်ကလည်း ခမ်းခမ်းနားနားမရှိခဲ့တော့ဘူး..........အမေ့မောင် နဲ့ အမေ့ညီမ ရဲ့ မလုပ်တတ်မကိုင်တတ်တာတွေပါသလို မေမေကြီးရဲ့ အအေးထဲကို သကြားတွေဒီလောက်ထည့်ရင် ဘယ်လိုမြတ်တော့မှာလည်း ဖာလူဒါထဲကို အဆာပလာတွေသိပ်မထည့်နဲ့လေ သံပုရာရည်တစ်ခွက်ဆို သံပုရာသီးတစ်လုံးပဲထည့်ဖျော်စတဲ့ အလုပ်တွေကလည်း နာမည်ပျက်ခဲ့တာတွေပါခဲ့တယ်.......အမေကတော့ စီးပွားရေးလုပ်ရင် အမြတ်နည်းနည်းယူပြီး များများထွက်အောင် ရောင်းတတ်ပေမယ့် မေမေကြီးကတော့ တစ်ခါထဲ သူဌေးဖြစ်တဲ့ နည်းနဲ့ရောင်းနေတယ်လို့ ကျွန်တော် မြင်မိခဲ့တယ်.........

ဒီကြားထဲ ကြိုကြားကြိုကြား အိမ်မှာ နတ်ပွဲအသေးလေးတွေကလည်း မေမေကြီးက အဆက်မပြတ်ပေးနေတဲ့အတွက် နတ်ပွဲတစ်ခါပြီးတိုင်း ရှိသမျှလေးပါပါသွားတဲ့အတွက် မေမေကြီးတော့ နတ်မသွားပြန်ပြီဆိုပြီး ကျွန်တော်တို့ မောင်နှမ၀မ်းကွဲတွေကြားမှာ ဟာသ တစ်ခုအနေနဲ့ပြောစရာဖြစ်နေခဲ့တယ်........အမေ့ ညီမ ကျွန်တော့်ရဲ့ မာမီကတော့ သူ့အထည်ဆိုင်လေးနဲ့သူ အဆင်ပြေနေပေမယ့် အမေ့အစ်မ အကြီးဆုံး က အိမ်ဆိုင်ဖွင့်ထားပြီး သူ့ယောင်္ကျားနဲ့အဆင်မပြေလှသလို သူ့သားကြီးတွေကလည်း ဆိုးလှတဲ့အတွက် သူတို့အိမ်မှာ ပြသနာတစ်ခုတက်တိုင်း ဆိုင်ကိုပိတ်ထားတတ်ပြီး လာဝယ်တဲ့လူတွေကိုလည်း သူဌေးကုန်ရောင်း မချေမငံဆက်ဆံတတ်လို့ သူတို့ဖွင့်ထားတဲ့ဆိုင်ကလည်း ပစ္စည်းစုံပေမယ့် ရောင်းကောင်းတယ်လို့ သိပ်မရှိလှခဲ့ဘူး.......သူ့ယောင်္ကျား အဖေ့ အစ်ကိုဝမ်းကွဲကလည်း နေ့ရှိသရွေ့ အရက်သောက်နေတတ်ပြီး မူးပြီး ဆဲနေတတ်သလို သူ့သားကြီးတွေကလည်း အဖေကို ပြန်ရိုက်မယ်တွေဘာတွေဖြစ်ကြတဲ့အခါလည်း ရှိတတ်လို့ အင်မတန်စိတ်ညစ်စရာအိမ်ထောင်တစ်ခုအနေနြဲ့ဖြတ်သန်းနေခဲ့ကြတယ်......

အမေ့အစ်မ လတ်ကတော့ ထမင်းဆိုင်နဲ့အဆင်တော်တော်ပြေနေပေမယ့် ရသမျှပိုက်ဆံက ချဲထီ ထိုးတာရယ် သူနဲ့ကျွန်တော့ထက် ၂ နှစ်ကြီးတဲ့ အပျိုပေါက်သူ့သမီးအတွက် အ၀တ်အစားကို မင်းသမီးများဝတ်သလို ပေါ်သမျှဝယ်ဝတ်နေတဲ့အတွက် ရရစားစား ၀ါးဝါးမျိုမျိုဘ၀လိုဖြစ်ခဲ့တယ်.........ဒီပိုက်ဆံတွေများ စုထားရင် ကြီးကြီးတို့ သူဌေးဖြစ်နေပြီ ဘာလို့ချဲထိုးနေတာလည်းလို့ကျွန်တော်မေးရင် သား မသိလို့ ကြီးကြီးတို့က ဂွင်စောင့်နေတာ ပြီးခဲ့တဲ့အပါတ်ကလည်း ပေတံကျိုးသွားလို့ (သူတို့ချဲအခေါ်) တောင်ဖောက်သွားလို့နဲ့ ဘဘကြီးက ပေါက်ဖော်တွေလေသူတို့က ပေါက်မှဖော်တာဆိုတဲ့အတိုင်း ဒီတစ်ပါတ်တော့ သေချာပေါက်ကွာ လွဲသွားတယ် နောက်တစ်ပါတ်သေချာပေါက် သူဌေးဖြစ်ပြီဆိုပြီး ချဲနွံထဲမှာနစ်နေခဲ့တယ်.....တစ်ကယ်တော့ သူတို့အဖြစ်က ငွေထုတ်ကို ဖင်ခုထိုင်ပြီး ငွေထုတ်လိုက်ရှာနေခဲ့သလိုပါဘဲ......

ငွေစက္ကူတွေကိုတရားမ၀င်အဖြစ်ကျေငြာတုန်းက အိမ်ကစက်ဘီး လာယူသွားခဲ့တဲ့ဦးလေးကတော့ လျှပ်စစ်ပစ္စည်းဆိုင်နဲ့ အဆင်ပြေနေပေမယ့် မေမေကြီးတို့ဆီကိုလာလာပြီး တစ်ကျပ်ရတစ်ကျပ်ယူ ငါးမူးရငါးမူးယူနဲ့ ဘာမှမရရင်တောင် အိမ်မှာ ရေသောက်ရင်ကုန်တယ် ဒီကသောက်သွားရင် ငါ့အိမ်က ရေတစ်ခွက်သက်သာတယ်ဆိုတဲ့စိတ်ထားရှိလို့ တစ်ရက် သုံးခေါက်လောက်မေမေကြီးတို့ဆီ မှာ ဘာယူရမလဲလာလာချောင်းတတ်တဲ့သူ့ကို ကျွန်တော် အောချခဲ့ပြီး အံ့သြခဲ့ရတယ်.........အမေ အအေးဆိုင်ကိုထားခဲ့ပြီး ပြန်လာခဲ့ရလောက်အောင် ထိ ဖြစ်ခဲ့ရတဲ့ ပြသနာရဲ့ အဓိက တရားခံလိုဖြစ်နေတဲ့ဦးနိုင်ကတော့ ချင်းပြည်နယ်မှာ တာဝန်ကျနေတဲ့ဦးလေးရဲ့ လုပ်ငန်းခွင်မှာလိုက်ပြီး လက်ဖက်ရည်ဆိုင်ဖွင့်တာ တော်တော်အောင်မြင်တယ်လို့ကြားနေရပေမယ့် မေမေကြီးတို့နဲ့တော့ အဆက်အသွယ်ပြတ်သလောက်ဖြစ်ခဲ့တယ်..........

ကျွန်တော် မေမေကြီးတို့ဆီမှာရှိနေတုန်းမှာပဲ ထမင်းဆိုင်ဖွင့်ထားတဲ့ကြီးကြီး အမျိုးသားနဲ့ မေမေကြီးနဲ့ ရန်ဖြစ်ပြီး ကြီးကြီးသားကြီး သုံးယောက်ထဲက နှစ်ယောက်နဲ့ ကြီးကြီးအမျိုးသားကမေမေကြီးကို ၀ိုင်းရိုက်တဲ့အထိဖြစ်ကြသလို မေမေကြီးကို ၀င်ကာတဲ့ မာမီ့အမျိုးသားလည်း လက်ပါကျိုးသွားခဲ့တယ်.........အဲဒီ့သတင်းတွေကြားလို့ အမေ ရောက်လာခဲ့ပြီး ပြေလည်အောင်တွေဖြေရှင်းပေးခဲ့ပေမယ့် မိဘ စော်ကားတဲ့ သူတို့မိသားစုဟာ အဲဒီနေ့က စလို့ ကံဆိုးမိုးမှောင်တွေ ကျလာခဲ့တာ ဘုမသိဘမသိ အဖေနဲ့အစ်ကိုတွေ ရဲ့နောက်က တုတ်ကလေးကိုင်လို့ ပါခဲ့တဲ့ ကျွန်တော့်ထက်အငယ် ကြီးကြီးသားအငယ်ဆုံးတောင် ဒီနေ့ဒီအချိန်မှာ သေမယ့်အပါတ်စစ်ထဲလိုက်အဖြစ်တွေနဲ့ ကြုံခဲ့ရသလို လူမွှေးလူတောင် တောင် မပြောင်တော့တဲ့အနေအထားတွေဖြစ်ကုန်တာ သိပ်ကြောက်ဖို့ကောင်းခဲ့တယ်........မေမေကြီးနဲ့ရန်ဖြစ်နေချိန်မှာလည်း သူ့အစ်ကို သူ့ညီ သူ့အမေကို အမေတို့မှားမယ်နော် ညီလေးတို့ညီမလေးတို့ မှားမယ်နော် ဆိုပြီး ဇွတ်ဝင်တားခဲ့ပြီး အမေလာချိန်မှာလည်း အမေ့ကို ငိုပြီး အမေတို့အဖေတို့က မိုက်တယ် လေးလေးဆိုပြီး တိုင်တန်းခဲ့တဲ့ အသားဖြူဖြူ နဲ့ ကြီးကြီးတို့နဲ့ စိတ်ထား အသားအရည် ရုပ်ရည်ပါမတူတဲ့ ကြီးကြီးသားအလတ်ကတော့နောင်တစ်ချိန်မှာ အားလုံးထက်ကောင်းစားပြီး သက်တောင့်သက်သာဘ၀ကို ဖြတ်သန်းသွားနိုင်ခဲ့တယ်...........

အဲဒီပြသနာကြောင့် အမေလာခဲ့ရပြီး ကြီးကြီးအကြီးဆုံးရဲ့သားတွေနဲ့ ကြီးကြီးလတ်ရဲ့သားတွေကြည့်ပြီး မဖြစ်ဘူး ဒီတိုင်း ငါ့သားပြန်လိုက်ခဲ့တော့ အောင်စာရင်းလည်းထွက်တော့မှာ ဆိုပြီး အမေကပြန်ခေါ်ခဲ့သလို ကျွန်တော့်ဟာကျွန်တော် ဆိုးတာကဆိုးပေမယ့် အဲလိုကြီးတော့ စိတ်ညစ်တဲ့ကျွန်တော်လည်း အမေနဲ့ ပြန်လိုက်လာခဲ့တယ်........ကျွန်တော် အိမ်ပြန်ရောက်ပြီး သိပ်မကြာခင်မှာပဲ ဆယ်တန်းဖြေပြီး ဦးလေးဆီမှာ ခဏဆက်နေတဲ့ အစ်ကိုလည်း အိမ်ကိုပြန်ရောက်လာခဲ့တယ်.........အစ်ကိုပြန်လာတဲ့နေ့က ကျွန်တော်နဲ့ အမေ အိမ်ရှေ့မှာထိုင်နေတုန်း အစ်မက အမေ အစ်ကိုပြန်လာပြီ ဆိုပြီးအော်ပြီးပြေးထွက်သွားချိန်မှာ မတွေ့ရတာကြာပြီဖြစ်တဲ့ သူ့သားကြီးကိုတွေတွေကြီးကြည့်ပြီး သားရယ် သားရယ်နဲ့ ရှိုက်ကြီးတစ်ငင်ငိုနေတဲ့ အမေ့ကို ကြည့်လို့ ကျွန်တော် သိပ်သနားမိခဲ့တယ်.........ညနေရုံးဆင်းချိန်မှာ အဖေကလည်း သူ့သားကြီးကိုတွေ့လိုက်ရလို့ ၀မ်းသာသွားတဲ့ပုံဖျတ်ကနဲပေါ်ခဲ့ပေမယ့် အမေ့လိုတော့ မဖြစ်ပဲ ငါ့သား ဖြေနိုင်လားစာမေးပွဲ လို့ လောက်သာ မေးခဲ့တယ်.........

အစ်ကိုရောက်လာပြီးတဲ့နောက်မှာ အရင်ကထက်စာရင်စိုစိုပြေပြေ ဖြစ်လာသလို အဖေနဲ့အမေအတွက် စိတ်ချမ်းသာစရာ ကောင်းမယ့်အဖြစ်လေးတွေလည်း ဆက်တိုက်ဖြစ်လာခဲ့တဲ့ကာလပါဘဲ.........ကျွန်တော်တို့အောင်စာရင်းတွေထွက်ချိန်မှာ ကျွန်တော်တောင် သွားမကြည့်ရသေးခင် အဖေက အောင်စာရင်းကြည့်လာပြီး ပြုံးစိစိနဲ့ အိမ်ပြန်လာခဲ့တယ်........ကျွန်တော်ကတော့ အောင်မှာသိပြီးဖြစ်လို့ သွားတောင်မကြည့်သလို အမေကလည်း အောင်စာရင်းအကြောင်း အသံမဟခဲ့ပေမယ့် သနားစရာအဖေကတော့ သူတစ်ယောက်ထဲ ကျွန်တော့်အောင်စာရင်းကို ရင်ခုန်ခဲ့တာပါဘဲ..........အဲဒီနေ့ ထမင်းစားချိန်မှာပဲ အမေကစပြီးတော့ ကဲ ကျုပ်သားတော့အောင်ပြီ ကလေးကိုမေး သူဘာလိုချင်တာလည်း ပြီးရင် တော့်ကတိအတိုင်း ၀ယ်ပေးလိုက်ပေတော့ဆိုတော့ ပြုံးစိစိနဲ့အဖေက သားကဘာလိုချင်လည်းလို့ကျွန်တော့်ကိုမေးခဲ့တယ်........အကြံကြီးထားတဲ့ကျွန်တော်ကလည်း မဆိုင်းမတွ ဟိုလူကြီးစီးတဲ့ ဆိုင်ကယ်လိုချင်တာ ဆိုတော့ အဖေတစ်ခါထဲ မျက်နှာကိုမဲတက်သွားခဲ့တယ်........


အဖေပြောတာ အဲလောက်ကြီးမဟုတ်ဘူးလို့ အဖေကချက်ခြင်းပြောသလို အမေကလည်း မျက်နှာချက်ချင်းညိုသွားတဲ့ ကျွန်တော့်ကိုကြည့်ပြီး တော် ကတိပေးထားပြီးသား အဲလိုမလုပ်နဲ့ ဆိုတော့ အဖေက အင်းအဲ လုပ်နေပေမယ့် အစ်ကိုနဲ့အစ်မကလည်း ၀ယ်ပေးလိုက်ပါ အဖေရာ သူအဲဒီဆိုင်ကယ်ကို တစ်အားကြိုက်နေတာ သူလည်း နိုင်နေတာပဲ အဖေလည်းကတိပေးထားတာပဲကို ဆိုပြီး ၀ိုင်းပြောကြလို့ နောက်ဆုံး အီလည်လည်နဲ့ အင်းဆိုတဲ့ သက်ပြင်းရှည်ကြီးနဲ့ အဖေ က အမေ့ကို ၀ယ်ခွင့်ပေးခဲ့တယ်...........အမေကလည်း ကြိုက်လွန်းလို့ ကားတောင်မစီးပဲစီးနေတဲ့ သူ့မိတ်ဆွေ ဆိုင်ကယ်ကို မရမက ရောင်းဖို့ ပြောထားပြီးသား ဖြစ်လို့ နောက်နေ့မှာပဲ ငွေချေပြီး ကျွန်တော့်လက်ထဲ ဆိုင်ကယ်ရောက်လာခဲ့တယ်.........အမေ့မိတ်ဆွေကတော့ မျက်နှာ နာနေရပြီး စီးပွားအဆက်အဆံတွေလည်းရှိလို့သာရောင်းလိုက်ရတယ် ရောင်းပြီးတဲ့အချိန်ထိ ငါ့တူ သပ်သပ်ရပ်ရပ်စီးကွနော် ဦးလေး ကြိုက်လွန်းလို့ သေချာဝယ်ထားတာလို့ပြောခဲ့ပြီး သူ့လက်ထဲက တစ်ဖိတ်ဖိတ်လက်နေတဲ့ ဆိုင်ကယ်ကြီး ကျွန်တော့်လက်ထဲရောက်လာခဲ့တယ်.........နောက်နေ့မှာ ချက်ခြင်း ရောက်လာခဲ့တဲ့ ဆိုင်ကယ်ကြီးကိုကြည့်ပြီး ဟင်း မင်းတို့ဟာကလည်း ကြိုလုပ်ပြီးသားကြီးကွာ ချက်ခြင်းကိုဝယ်လိုက်တော့တာပဲဆိုပြီး မချိပြုံး ပြုံးပြီး ပြောခဲ့တယ်...........

ကျွန်တော့်ကို ကြည့်ပြီး အကြံကြီးနေတဲ့ အစ်ကိုကလည်း သူ ဆယ်တန်းအောင်ခဲ့ရင် အဖေ့ကို ပူဆာရမယ်ဆိုပြီး ကြိတ်ကြံ နေတာကိုတော့ အဖေမသိခဲ့ဘူး........ကျွန်တော့်ကို ဆိုင်ကယ်ဝယ်ပေးပြီးမကြာခင် ၀န်ကြီးကခေါ်တယ် ချက်ခြင်း လာခဲ့ပါဆိုတဲ့အတွက် အဖေ ရန်ကုန်ကို ထွက်သွားခဲ့ရတယ်.........တစ်ခါမှလည်း ဒါမျိုး မရှိဘူးတဲ့အတွက် အမေ က ဘာများဖြစ်လို့လည်း မသိဆိုပြီး ဖြစ်နေခဲ့ပေမယ့် ရန်ကုန်ရောက်ပြီး ၀န်ကြီးနဲ့တွေ့အပြီးမှာ စိတ်ပူနေမယ့် အမေ့ကို အဖေက ဖုန်းလှမ်းဆက်ပြီး နိုင်ငံခြားသွားရမယ် ၀န်ကြီးကိုယ်တိုင် လွှတ်တာ ဆိုပြီး ပြောခဲ့တဲ့အတွက် အမေနဲ့အတူ ကျွန်တော်တို့ သိပ်ပျော်ခဲ့ကြရတယ်.......အဖေ ၇န်ကုန်ကနေပြန်လာတဲ့နေ့မှာတော့ ပျော်ယုံတင်မက ကျွန်တော်တို့အဖေ့အတွက်ဂုဏ်ယူခဲ့ကြရတယ်........အဖေတို့ဌာနနဲ့ ဆိုင်တဲ့ နိုင်ငံတစ်ကာအဖွဲ့အစည်းတစ်ခုက
ပထမဆုံးအကြိမ် မြန်မာပြည်ကို ဖိတ်တဲ့အချိန်မှာ ၀န်ကြီးက အဖေ့ကို လွှတ်ဖို့ ပြောခဲ့တာပါဘဲ.........

နိုင်ငံတစ်ကာအဖွဲ့အစည်းတွေမှာ လုပ်နေတဲ့သူတွေအဖို့တော့ သာမာန်ကိတ်စတစ်ခုသာ ဖြစ်လောက်ပေမယ့် ဆင်းဆင်းရဲရဲနဲ့ ချို့တဲ့စွာရုံးကန်ခဲ့ရတဲ့အဖေ့အတွက်တော့ အနောက်နိုင်ငံကြီးတစ်ခုမှာ ကျင်းပတဲ့ ညီလာခံကို ပထမဆုံးဖိတ်ခံရတဲ့ နိုင်ငံကိုယ်စားလှယ်အနေနဲ့သွားခွင့်ရတာ အင်မတန် ဂုဏ်ယူစရာပဲလို့ ကျွန်တော် ယနေ့အချိန်ထိ ထင်မှတ်ဆဲပါပဲ........အဖေတို့ ဌာနအသိုင်းအ၀ိုင်းမှာလည်း ဒီညီလာခံကို သွားချင်လို့ အဖေ၇န်ကုန်ကပြန်ပြီးတဲ့နောက်မှာ လူကြီးတွေကို သူတို့သွားရဖို့ ၀င်ကပ်ကြသလို အဖေ့အထက်လူကြီးနဲ့ အမ်ဒီတို့ကအစ ၀န်ကြီးရဲ့ ပီအက်စ်အိုကတစ်ဆင့် အဖေဟာ ပြောလောက်အောင် အရည်အချင်းနဲ့ ဒီညီလာခံကို သွားဖို့ အရည်အချင်း မရှိကြောင်း ဖြစ်နိုင်မယ်ဆိုရင် အရည်အချင်းရှိတဲ့သူတွေကို လွှတ်သင့်ကြောင်း ပြောခဲ့ကြတယ်လို့ ပြန်ကြားခဲ့ရတယ်......(ကျွန်တော်တို့သာ သွားသင့်ပါတယ်လို့ ပြောလို့မကောင်းတတ်လို့သာမပြောတယ် ငါတို့သွားရမှာ ဒါမျိုးက ဆိုပြီး ကြိတ်မနိုင်ခဲမရ ပြောတာတွေကိုလည်း နောက်ပိုင်းမှာပြန်ကြားခဲ့ရတယ်)..ဒါပေမယ့် ဒါဟာ ၀န်ကြီးအမိန့်ပဲ ၀န်ကြီးကိုယ်တိုင်ရွေးတာ ပြင်လို့မရဘူး ဆိုတာတစ်ခုထဲနဲ့ပဲ အားလုံးက ပျက်ပြယ်ခဲ့တယ်......