Saturday, April 11, 2009

အဖေနဲ့အမေ ။၁၂။

တစ်ယောက်လက် တစ်ယောက်တွဲလို့ အားကိုတစ်ကြီးလာခဲ့တဲ့ အဖေနဲ့အမေ အိမ်ရှေ့အရောက်မှာ အဖေနဲ့အမေကို မြင်တဲ့မေမေကြီးက အိမ်ရှေ့ထွက်လာပြီး နင်တို့ နှစ်ယောက် ငါ့အိမ်ရိပ်တောင် မနင်းနဲ့ အခုထွက်သွားဆိုပြီးထွက်ပြောခဲ့တယ်......အမေကတော့ ချာကနဲ လှည့်ထွက်ခဲ့ပေမယ့် အဖေကတော့ ဘာစကားမှမပြောနိုင်အောင် ဆွံ့အခဲ့ပြီး အိမ်ရှေ့မှာ ခဏရပ်နေခဲ့တယ်.....နောက်မှ သတိဝင်လာပြီး အမေ့နောက်ကို အဖေ အပြေးလိုက်ခဲ့တယ်......အမေ့ရင်ထဲမှာ ရှက်စိတ် နာကျည်းစိတ်တွေနဲ့ ကိုယ်ဝန်ကိုတောင် ဂရုမစိုက်နိုင်လောက်အောင် အမေ လျှောက်လာခဲ့တယ်.....အဖေနဲ့ အမေ ကားဂိတ်ကို ပြန်ရောက်လာခဲ့ပြီး တစ်ယောက်နဲ့တစ်ယောက် ဘာစကားမှမပြောနိုင်အောင် ဖြစ်ခဲ့ပြီး အတွေးကိုယ်စီနဲ့ထိုင်နေတုန်းမှာပဲ အမေ့အစ်မ အကြီးဆုံး ကားဂိတ်ကိုရောက်လာခဲ့တယ်.......ကိုယ်ဝန် နေ့စေ့လစေ့ကြီးနဲ့ ဟိုသွားဒီသွား မသွားနဲ့ အစ်မ သူငယ်ချင်း အိမ်မှာ သွားနေ ဆိုပေမယ့် အမေက တော့ အိမ်ပြန်ဖို့ပဲ ပြောခဲ့ပြီး အစ်မ ပြောတာကို ငြင်းခဲ့တယ်........အမေ့ကို စိုးရိမ်တဲ့အဖေက အချိန်တော်ကြာအောင် ဖျောင်းဖျအပြီးမှာ အမေ အစ်မရဲ့ သူငယ်ချင်းအိမ်ကို လိုက်ဖို့ သဘောတူခဲ့တယ်.....

ချို့တဲ့တဲ့ အမေ့အစ်မ သူငယ်ချင်း အိမ်မှာ အဖေနဲ့အမေ မျက်စိ သူငယ်နားသူငယ် နဲ့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိပဲ ယောင်လည်လည် ဖြစ်ခဲ့ရတယ်......ပိုက်ဆံက မရှိ အမေ့အစ်မသူငယ်ချင်းကလည်း ချို့တဲ့ အမေ့ အစ်မကလည်း အမေတို့ကို နေရာချပေးပြီးတာနဲ့ မေမေကြီးရန်ကြောက်ရလို့ အမြန်ပြန်သွားတဲ့အတွက် အမေတို့မှာ ရှေ့ဘယ်လို တောင် လုပ်ရမှန်းမသိခဲ့ဘူး.......ဒါပေမယ့် နောက်တစ်နေ့မှာ အမေ့အစ်မက စားစရာ သောက်စရာ တွေနဲ့ အတူ အမေတို့ဆီ ပြန်ရောက်လာလို့ စိတ်တော့ နည်းနည်းအေးခဲ့ရတယ်........ကလေးမွေးဖို့ ဆေးရုံ တက်ဖို့ကိုတော့ အမေ့အစ်မလည်း မတတ်နိုင်ခဲ့ဘူး.......နောက်ဆုံး ရှိတဲ့ ပိုက်ဆံလေးနဲ့ အရပ်လက်သည်နဲ့ မွေးဖို့လမ်းကိုပဲ ရွေးခဲ့ရတော့တယ်.....ပညာတတ် အဖေကတော့ အရပ်လက်သည်နဲ့ မွေးဖို့ကို စိတ်မချပေမယ့် ဘာမှမတတ်နိုင်တဲ့ဘ၀မှာ မျက်စိ စုံမှိတ်ပြီး လက်ခံခဲ့ရတော့တယ်......

ဒီလိုနဲ့ အမေ မွေးမယ့်နေ့မှာ ကံဆိုးမ သွားလေရာ မိုးလိုက်လို့ရွာဆိုသလို မိုးတွေ အပြင်းအထန်ရွာနေခဲ့သလို မိုးတွေ သဲနေတုန်းမှာပဲ အကြီးဆုံးသားကြီးကို အောင်အောင်မြင်မြင် မွေးနိုင်ခဲ့တယ်........ကလေး အနှီးတောင် မရှိတဲ့ အမေ အဖေ့ မရှိမယ့် ရှိမယ့် ပုဆိုး စုတ်လေးတွေ အမေ့အစ်မ ယူလာပေးတဲ့ သူ့အမျိုးသား ပုဆိုးစုတ်လေးတွေနဲ့ သားကြီးကို ထွေးပွေ့ခဲ့ရပေမယ့် သံယောဇဉ်ကြီးလွန်းတဲ့ အမေ့ရင်ထဲမှာ သားကြီးကို တစ်စိမ့်စိမ့်ကြည့်လို့ သောကတွေ ဒုတ်ခတွေ အရာရာ အားလုံးကို မေ့သွားပြီး သိပ်ကို အေးချမ်းခဲ့တယ်.....ကူသူမရှိ အရပ်လက်သည် တစ်ယောက် နဲ့ မိန်းမ တစ်ယောက်သာ ဘေးနားမှာရှိပြီး မွေးခဲ့ရတဲ့ အမေ့အတွက်လည်း စိုးရိမ်ကြီးနေတဲ့ အဖေလည်း ရုပ်ရှင်တွေထဲကလို သားလေးမွေးတယ်ဟေ့ အမေလည်း ကျန်းမာတယ်ဆိုတဲ့အချိန်ကျမှ ရင်ထဲက အပူလုံး ကျပြီး အခန်းထဲကို စွတ်ဝင်ပြီး အမေ့ကို ထွေးပွေ့နိုင်ခဲ့တယ်.......

အဲဒီအတွက် ကျွန်တော် ဆိုနေကျ သီချင်းလေးတစ်ပုဒ်တောင် ရှိခဲ့တယ်.......ဍဍဍဍမြို့စွန်ရပ်ကွက် တစ်ခုက တဲကလေးထဲမှာ.....ကြေကွဲ ငိုရှိုက်သံ သဲ့သဲ့ ကြားမိတယ်.....မိုးသံလေသံ ကြားက အညတရ တဲရဲ့ ငိုရှိုက်သံ....ဘယ်.......သူ တစ်ယောက်မှ ဂရုမပြုကြတယ်စသဖြင့်ပေါ့........လွန်ခဲ့ပြီးတဲ့ အချိန်တွေမှာ အစ်ကိုက ဂစ်တာတီး လို့ ကျွန်တော်က အဖေနဲ့အမေကို ဒီသီချင်းလေး ဆိုပြခဲ့ဘူးတယ်.......အဖေနဲ့အမေ သားကြီးကို ခက်ခက်ခဲခဲမွေးအပြီး တစ်ပါတ်လောက်အကြာ အမေသွေးနု သားနု အချိန်မှာပဲ အဖေ တာဝန်ကျရာ မြို့ကို ပုဆိုးစုတ်နဲ့ထွေးထားတဲ့ သားကြီးကို ပိုက်လို့ ပြန်ခဲ့ကြတယ်......အိမ်ပြန်ရောက်တဲ့ အမေ အလုပ်မလုပ်ပဲ မနေနိုင်တဲ့ အမေ အဖေ တားနေတဲ့ကြားကပဲ သွေးနုသားနုနဲ့ အိမ်အလုပ်တွေလုပ် အရင်လို ခရမ်းချဉ်သီးလေး ရောင်းနဲ့ အဖေ ဘယ်လောက်တားတား လုပ်မြဲလုပ်ခဲ့တယ်.....သွေးနု သားနု ပင်ပန်း ခက်ခဲတဲ့ ဒဏ်တွေက အမေ အသက်ကြီးလာတဲ့အချိန်တွေမှာ သိပ်ကို ခံရလိမ့်မယ်ဆိုတာတော့ အမေမသိခဲ့ဘူး........

သွေးနု သားနု ကလေးလေးကို ပိုက်လို့ ဖြူဖြူဖွေးဖွေး အမေ ဈေးလမ်းဘေးမှာ ပလတ်စတစ်စပေါ် ခရမ်းချဉ်သီး ပုံရောင်းနေတဲ့ အမေ့ကို ဂရုဏာ သက်ခဲ့ကြတဲ့ ဈေးဝယ်သူတွေကလည်း မရှားခဲ့ဘူး.......ရသမျှ ပိုက်ဆံလေးကို ကျစ်ကျစ် ပါအောင် စုရင်း အမေ မုန့်ဟင်းခါးဆိုင်လေး ဖွင့်ဖို့ စိတ်ကူးခဲ့တယ်.....အမေ လမ်းဘေးမှာ ခရမ်းချဉ်သီးထိုင်ရောင်းနေတာထက်စာရင် မုန့်ဟင်းခါးဆိုင်လေးက ပိုကောင်းတယ်ဆိုတဲ့စိတ်နဲ့ အဖေကလည်း မုန့်ဟင်းခါးဆိုင်ဖွင့်ဖို့ အားပေးခဲ့တယ်.....ဒီလိုနဲ့ လေးလ ငါးလလောက်အကြာမှာ အဖေနဲ့အမေ မုန့်ဟင်းခါးဆိုင် သေးသေးလေးတစ်ခုဖွင့်လာနိုင်ခဲ့တယ်.....မုန့်ဟင်းခါးဆိုင်ဖွင့်တဲ့အချိန်မှာ အမေက အဖေ့ကို အိမ်မှာလုပ်ကူရင်ကူ ဆိုင်မှာ လာပြီး ကူမရောင်းဖို့ကို အပြင်းအထန် တားမြစ်ခဲ့တယ်......အရာရှိပေါက်စ ဖြစ်နေတဲ့အဖေ့ကို မုန့်ဟင်းခါးဆိုင်မှာ မုန့်ဟင်းခါး ရောင်းနေတဲ့ အဖြစ်မျိုး မဖြစ်စေချင်ပေမယ့် အမေ့ကိုသိပ်ချစ်တဲ့အဖေကလည်း အမေ တစ်ယောက်ထဲပင်ပန်းမှာစိုးရိမ်လို့ အားချိန်တွေမှာကူရောင်းပေးချင်ခဲ့တယ်......အမေက အပြတ်ပြောပြီးတားတဲ့အတွက် အမေ မနက် မုန့်ဟင်းခါးဆိုင်ထွက်နိုင်အောင် အဖေက ရုံးကပြန်ရောက်တာနဲ့ အမေ ဘာမှ လုပ်စရာမလိုအောင် ကို လုပ်ပေးခဲ့တယ်......

မနက်ဆို အမေမုန့်ဟင်းခါးဆိုင်ဖွင့်မယ့်နေရာကို အဖေလိုက်ပို့ပေးပြီး ရုံးကို သွား ညနေဆို ရုံးကနေ ဘယ်ကိုမှ မ၀င်နိုင်ပဲ အမေ များပင်ပန်းနေမလား ဆိုတဲ့စိတ်နဲ့ အဖေ အမြဲ အိမ်ကို အမြန်ရောက်အောင်ပြန်လေ့ရှိလို့ လုပ်ဖော်ကိုင်ဖက် ၀န်ထမ်းတွေက အဖေ အမေ့အပေါ်ချစ်တဲ့စိတ် အမေ အဖေ့ပေါ် ချစ်တဲ့စိတ်ကို ထူးထူးခြားခြား အသိအမှတ်ပြုခဲ့ကြတယ်......အမေ့ မုန့်ဟင်းခါးဆိုင်လေးကလည်း အရသာကောင်းတဲ့အတွက် ရောင်းကောင်းပေမယ့် အမြတ်အနေနဲ့ကတော့ ပြောလောက်အောင် မရခဲ့ဘူး......ရသမျှပိုက်ဆံလေးကိုတော့ အမေ ကျစ်ကျစ်ပါအောင် စုထားနိုင်ခဲ့တယ်.....လုံလောက်တဲ့ ပိုက်ဆံရရင် အမေ အရင်က လုပ်ခဲ့တဲ့ သကြားဝယ်ရောင်းကို ပြန်လုပ်ဖို့ ရည်ရွယ်ခဲ့ပေမယ့် ဘ၀ ဆိုတာ ကိုယ်တွေးတိုင်းကိုယ်လုပ်တိုင်း ဖြစ်ချင်မှ ဖြစ်တာဆိုတာကို အမေ ပထမဆုံးစသိဖို့ အကြောင်းတွေ ဖန်လာခဲ့ပြန်တယ် .....

No comments: