Friday, April 3, 2009

အဖေနဲ့အမေ ။၁၁။

တစ်လလောက်အကြာမှာ အဖေ့ကို အမေ ရန်ကုန်ကို အလုပ်လျှောက်ဖို့လွှတ်ခဲ့တယ်.......အမေပေးလိုက်တဲ့ ပိုက်ဆံကို ကိုင်ပြီး တောသား အဖေ ရန်ကုန်ကို ပထမဆုံး ရောက်ဖူးခဲ့တယ်.......အဖေရန်ကုန် ရောက်ရောက်ချင်း ဆက်သွယ်တာကတော့ အသုံးလုံးသင်တန်းမှာ တွေ့ခဲ့တဲ့ အဖေ့ကိုသိပ်ခင်တဲ့ အဲဒီအချိန်က ၀န်ကြီးတစ်ယောက်ရဲ့သားကိုပါ.......အဖေ ဖုန်းဆက်ဆက်ခြင်း အဖေ့သူငယ်ချင်းက ၀မ်းသာအားရနဲ့ အိမ်ကိုလာခဲ့ဖို့ ခေါ်လို့ အဖေ လိုက်သွားခဲ့တယ်......သူငယ်ချင်းမိသားစု နဲ့အတူ တစ်ခြား လူကြီးတွေပါနေတဲ့ နေရာကိုရောက်တော့ အဖေ့ကို အဆင့်ဆင့်စစ်ဆေးတာကို အဖေ သိပ်စိတ်ညစ်ခဲ့တယ်......အဆင့်ဆင့်စစ်ဆေးပြီး အကြိမ်ကြိမ် မေးမြန်းပြီးမှ အဖေ သူ့သူငယ်ချင်းကို တွေ့ခဲ့ရတယ်.....တွေ့တွေ့ချင်းပဲ သူငယ်ချင်းက အဖေ့ကို တစ်ခုခုသွားစားမယ်ဆိုပြီး အပြင်ကို ခေါ်ခဲ့တဲ့အချိန်မှာပဲ ခင်ဗျားဆီကို ကျွန်တော် နောက်ဘယ်တော့မှ မလာတော့ဘူးဗျာ လို့ပြောတော့ သူငယ်ချင်းက ခွင့်လွှတ်ပါဗျာ ကျွန်တော့်အဖေတို့ လုံခြုံရေးအတွက်ပါလို့ ပြန်ပြောခဲ့တယ်......

အဖေ့သူငယ်ချင်းက အဖေ့အပေိပ်ကောင်းခဲ့ပါတယ်......အဖေ့သူငယ်ချင်းက အဖေ့ကို လမ်းကြောင်း နှစ်ခု ချပေးခဲ့တယ်.....တစ်ခုကတော့ နိုင်ငံခြားရေးရုံးမှာ လုပ်ဖို့နဲ့ နောက်တစ်ခုက အမေ့ကို နားလည်အောင်ပြောပြီး လူပျိုအနေနဲ့ အိုဒီအက်စ်ကို တက်ချင်ရင် တက်ခွင့်ရအောင် လုပ်ပေးမယ်ဆိုတာပါဘဲ........ဒါပေမယ့် နှစ်ခုစလုံးကို အဖေငြင်းခဲ့တယ်......နိုင်ငံခြားရေးရုံးလိုနေရာမျိုးမှာ လုပ်ရရင် ရန်ကုန်မှာနေရမယ် ဒါပေမယ့် တစ်သက်လုံးတောမှာ ခပ်အေးအေးနေလာတဲ့အဖေက မျက်စိရှုပ် နားရှုပ် ရန်ကုန်ကို ဒီနေ့အထိ စိတ်မ၀င်စားခဲ့သလို မေကြီး မကြိုက်တဲ့ စစ်တပ်ထဲကို ၀င်ဖို့လည်း အဖေ စိတ်မကူးခဲ့ဘူး.......ကျွန်တော့် ပညာနဲ့ ပါတ်သက်တဲ့ဌာနမှာ ၀င်လို့ရအောင် ကူညီပေးနိုင်ရင် ကူညီပေးပါ အဲဒါရရင်လည်း ကျွန်တော် နယ်မှာပဲနေချင်တယ် လို့အဖေ တောင်းဆိုခဲ့တယ်.....

အဖေ့သူငယ်ချင်းက အဖေ့ကို စဉ်းစားပါအုန်းဗျာ ဒီနေရာတွေဆိုတာ လူတိုင်းလိုချင်တယ် ကွှန်တော် ခင်ဗျားကိုသဘောကျလို့ ခင်ဗျားကို ခင်လို့သာ လုပ်ပေးမှာပါဆိုပေမယ့် အဖေကတော့ သူ့ဆုံးဖြတ်ချက်ကို မပြင်ခဲ့ဘူး........နောက်ဆုံးမှာ အဖေ့အလိုကျပဲ အဖေ့သူငယ်ချင်းက ကူညီပေးခဲ့တယ်.......ရန်ကုန်ကို တစ်ခါမှ မရောက်ဖူးတဲ့အဖေ့ကို အဖေ့သူငယ်ချင်းက တိရိစာန်ရုံက အစ ကလေးတစ်ယောက်လို လိုက်ပို့ပေးခဲ့လို့ အဖေ့မှာ အံ့သြတစ်ကြီး မြင်မြင်သမျှ အထူးအဆန်းဖြစ်ခဲ့ရတယ်........အလုပ်ကိတ်စတွေကိုလည်း အစစအရာရာ ပေါက်ရောက်တဲ့ သူပဲ လိုက်လုပ်ပေးခဲ့တယ်.....အားလုံးကိတ်စ၀ိတ်စတွေ အပြီး သူငယ်ချင်းကို နှုတ်ဆက်လို့ အဖေ အမေ့ဆီကိုပြန်လာခဲ့တယ်.........ကျွန်တော် နောက်မလာတော့ဘူးဗျာ ရန်ကုန်က ကျွန်တော်နဲ့ ဘယ်လိုမှ အပ်စပ်မှာ မဟုတ်ပါဘူး ခင်ဗျားဆီလည်း နောက်လာဖြစ်တော့မှာ မဟုတ်ပါဘူးဗျာ ဆိုတဲ့ အဖေ့ကို အေးဗျာ ခင်ဗျားကို ကျွန်တော် နဲ့အတူ နိုင်ငံခြားရေးရုံးမှာ လုပ်စေချင်တာ ရန်ကုန်ရောက်ရင် ကွှန်တော့်ဆီ တော့ဝင်ပါဗျာလို့ ပြောပြီး အဖေ့ကို လိုက်ပို့ပေးခဲ့တယ်........

နယ်ပြန်ရောက်တော့ အဖေ အလုပ်လျှောက်တာ အဆင်ပြေခဲ့တယ် ဆိုလို့ အမေလည်း ၀မ်းသာခဲ့ရတယ်.....မေမေကြီးကတော့ ရိပ်ဖမ်းသံဖမ်းလောက်ပဲ သိပြီး သူ့ရင်ခွင်ကနေ အမေ နဲ့ အဖေ ထွက်ဖို့ကြိုးစားနေတယ်ဆိုတာကို အတိအကျ မသိခဲ့သလို အမေကလည်း မပြောခဲ့ဘူး.......မေမေကြီးက အဖေ့အပေါ် အပိုင်တွက်ခဲ့တာလည်း ပါခဲ့တယ်.......ဆင်းရဲသားအဖေ ပိုက်ဆံကို ၁၀၀ ကျော်ထက် ပိုမကိုင်ဘူးတဲ့အဖေက အမေနဲ့ရအပြီးမှာ ပိုက်ဆံတွေ နေ့တိုင်းအများကြီးဝင်တာကိုလည်း အဲဒီအချိန်က အံ့သြခဲ့သလို သဘောလည်းကျခဲ့တယ် စီးပွားရေးလိုင်းကို......ဒါပေမယ့် အဖေ့ကို အရာရှိ တစ်ယောက် ဖြစ်စေချင်တဲ့ အမေကတော့ စီးပွားရေးဆိုတာ ပိန်လိုက်ဖောင်းလိုက် ဘာမှသေချာတဲ့အရာမဟုတ်ဘူးလို့ ဆိုခဲ့သလို မေမေကြီးရဲ့ လေတိုက်တိုင်းပြောင်းလဲနေတဲ့စိတ်ကိုလည်း အမေ အဖေ့ကို ပြောပြခဲ့တယ်.......အဖေ အရာရှိတစ်ယောက်ဖြစ်ခဲ့တာ အမေ့လမ်းကြောင်းပေးမှုကြောင့်ဆို မှားမယ်လို့ ကျွန်တော် မထင်ခဲ့ဘူး..........

အဖေရန်ကုန်က ပြန်လာပြီး ၄ ၅ လအတွင်း အရာရှိပေါက်စဘ၀နဲ့တာဝန်ထမ်းဆောင်ဖို့ စာထွက်လာခဲ့တယ်.......အဲဒီအချိန်က အမေ့ရဲ့ အပျော်ဆုံးအချိန်ပေါ့........မိဘအိမ်က ခွာရတော့မှာဖြစ်လို့ အမေ မေမေကြီးနဲ့ဘဘကြီးကို ဖွင့်ပြောရမယ့် အချိန်ရောက်လာခဲ့ပြီ......အရာရာအားလုံး ထင်သလောက်မလွယ်ဘူးဆိုတာ အမေ ကြိုတွေးထားပေမယ့် သိပ်ဆိုးရွားလိမ့်မယ်လို့တော့ အမေမထင်ခဲ့ဘူး..........အမေနဲ့အဖေ ဘဘကြီးနဲ့မေမေကြီးကို အဖေ အလုပ်ရလို့ သွားရတော့မယ်လို့ပြောတဲ့နေ့က ဘဘကြီးက မျက်နှာသိပ်ပျက်ခဲ့တယ်......ဒါပေမယ့် အဖေ့လိုပဲ အေးချမ်းတဲ့ဘဘကြီးက အေးပေါ့သမီးရယ် အဖေနားလည်ပါတယ် သမီးဘ၀ အတွက် မှန်ကန်တဲ့လမ်းကို ရွေးလိုက်တာ အဖေ နားလည်ပါတယ်ဆိုပေမယ့် ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက် ဆိုတဲ့ စိတ်အင်မတန်ကြီးတဲ့ မေမေကြီးကတော့ အမေမရှိရင် သိပ်လိပ်ပါတ်မလည်လောက်တဲ့ အလုပ်တွေကိုတွေးပြီး အကြီးအကျယ်ကို ပေါက်ကွဲခဲ့တော့တာပါဘဲ.......အဖေနဲ့အမေ မမျှော်လင့်ခဲ့တဲ့အဖြစ်တွေလည်း ဆက်တိုက်ဖြစ်လာခဲ့ရတော့တယ်.......

အမေနဲ့အဖေ အဖေ တာဝန်ကျရာ နေရာကို သွားတော့မယ် အမေ လိုက်သွားတော့မယ် ဆိုတာလည်း သိရော မေမေကြီးက ယမ်းပုံမီးကျဖြစ်ပြီး အမေ့ကို ကောင်းကော့င်းဆဲခဲ့သလို အဖေလည်း မသက်သာပါဘူး......အဖေက အမေ့ကို တစ်ခွန်းမှ ပြန်မပြောပါနဲ့လို့ တောင်းဆိုထားလို့ အမေလည်း ငြိမ်ခံနေခဲ့တယ်.....နောက်တော့ မေမေကြီးက ငါဆင်ထားတဲ့ လက်ဝတ် လက်စားတွေ ချွတ်ခဲ့ဆိုပြီး အမေ့ကို ပြောခဲ့တော့တာပါဘဲ.....ဘဘကြီးက မင်းကွာ ငါ့သမီးကို ဒီလိုတော့ မလုပ်ပါနဲ့ဆိုပေမယ့် တော် တစ်ခွန်းမှဝင်မပြောနဲ့ ကျုပ် ပိုက်ဆံနဲ့ ဆင်ထားတာ ကျုပ်သဘောဆိုပြီး အမေ့ဆီက လက်ဝတ်လက်စား အကုန် ချွတ်ယူခဲ့တယ်......အဲဒီအချိန်မှာတော့ အဖေ တော်တော့်ကို စိတ်မကောင်းဖြစ်ခဲ့သလို အမေကလည်း မေမေကြီး ကို တော်တော်နာသွားခဲ့တယ်.....နောက်ဆုံး နားကပ်ပဲ ကျန်တော့တဲ့ အမေက နားကပ်ပါ ချွတ်ပြီး ရော့ယူထားပါ အမေ ဆိုပြီး အကုန်ကို ချွတ်ပေးခဲ့တယ်......

အမေ့မှာ သူ သပ်သပ်လုပ်ထားတဲ့ သကြားဝယ်ရောင်းက ရတဲ့ ပိုက်ဆံလေးရှိပေမယ့် မေမေကြီးက ဒီပိုက်ဆံတွေလည်း ငါ့ပိုက်ဆံပဲ မယူရဘူးဆိုလို့ အဖေနဲ့အမေ ခရီးသွားဖို့တောင် ခက်ခဲခဲ့ရတယ်......အမေ့အစ်မ နှစ်ယောက်နဲ့ ဘဘကြီးက တိတ်တိတ် ခိုးပေးခဲ့လို့သာ အဖေနဲ့အမေ အဖေတာဝန်ကျရာမြို့ကို ထွက်လာနိုင်ခဲ့တယ်......ပြောင်းလာတယ်ဆိုပေမယ့် အဖေနဲ့အမေမှာ တော်တော့်ကို ချို့ချို့တဲ့တဲ့ နိုင်ခဲ့ပါတယ်......ထမင်းချက်စားဖို့ ဒန်အိုးတစ်လုံး ဟင်းချက်ဖို့ ဒယ်ပိုင်းတစ်ခု ဖျာတစ်ချပ် အိုးတစ်လုံး သစ်တာလေး တစ်လုံး နဲ့ တစ်ကယ့်ကို အမေ့ဘ၀ ပြောင်းလဲခဲ့ရတယ်.....မေမေကြီးက အ၀တ်အစားက အစ ငါဝယ်ပေးတာ မယူသွားနဲ့လို့ ပြောခဲ့တဲ့ အမေ့မှာ ဘော်လီတောင် လက်ချိုးရေလို့ရခဲ့တယ်......အဖေကတော့ ဆင်းရဲမှုနဲ့ ကျင့်သားရနေပေမယ့် အမေ့ကို တော်တော်သနားခဲ့တယ်.....ငါ့ကြောင့် ဖြစ်ရတာ ဆိုတဲ့ စိတ်နဲ့ အမေ့အပေါ်လည်း အဖေ တော်တော်ကြင်နာခဲ့တယ်.....

အိုးတစ်လုံး ဖျာတစ်ချပ် ထင်းရှူးသစ်တာတစ်လုံး ဒယ်ပိုင်းတစ်ခု နဲ့ အဖေနဲ့အမေဘ၀ကမှ တစ်ကယ့်ကို သုညက စရတယ်လို့ ဆိုရမယ်.......အဖေ တာဝန်ကျတဲ့နေရာ က အဖေနဲ့အမေ နေရမယ့် အိမ်ကို ရောက်တဲ့နေ့ကဆို ရောက်ရောက်ချင်းစားစရာမရှိလို့ လင်မယားနှစ်ယောက် ရေသောက်နေခဲ့ရတယ်.......အဖေ အလုပ် ဆင်းရမယ့်နေရာကို စုံစမ်းကြည့်တော့လည်း ၂ မိုင်လောက် ဝေးတယ်ဆိုတာ သိတော့ ဘယ်လို သွားမလဲ အမေက စိုးရိမ်ပူပန်ခဲ့ပေမယ့် အဖေကတော့ မပူနဲ့ ငယ်ငယ်ကတောင် ရွာကနေ မြို့ပေါ်ေ၇ာက်အောင် လမ်းလျှောက်ခဲ့သေးတာပဲ အခုလည်း လမ်းလျှောက်သွားမှာပေါ့ဆိုတော့ အရာရှိပေါက်စ အဖေ့အတွက် အမေစိတ်မကောင်းခဲ့ဘူး......နောက်နေ့ကစလို့ အိတ်ကလေး ဆွဲလို့ ဖော့ဖိနပ်လေးနဲ့ ရုံးတက်ဖို့ လမ်းလျှောက်ထွက်သွားတဲ့ အဖေ့ကို အမေ အိမ်ပေါက်ကနေထိုင်ကြည့်ပြီး စိတ်တော်တော်မကောင်းခဲ့ဘူး.....အဖေကတော့ ပြုံးပြုံးရွှင်ရွှင်နဲ့ပဲ ရုံးကိုသွားခဲ့တယ်.......

ကံဆိုးမသွားရ မိုးလိုက်လို့ရွာဆိုသလို တစ်လလောက်အကြာမှာ အမေ အော့အန် လာပြီး ပထမဆုံး ကိုယ်ဝန်ကို လွယ်ထားရမှန်း သိခဲ့ရတယ်......သောက်စရာ အားဆေးဆိုတာ မဆိုထားနဲ့ အားရှိစေဖို့ အတွက် အာဟာရဖြစ်မယ့် အစာလေးတောင် အမေမစားနိုင်သလို မေမေကြီးတို့ဆီ နဲ့ အစ်မတွေ ဆီ လည်း အမေ လှမ်းပြီး အကူညီမတောင်းခဲ့ဘူး.......မိသားစုလေးဘ၀ကို ပိုင်ဆိုင်၇တော့မယ့်အရေးတွေးပြီး အဖေပျော်ပေမယ့် အမေ့ကို အဖေ ဘာမှမစွမ်းဆောင်ပေးနိုင်ခဲ့ဘူး.....အဖေရတဲ့လခက သိပ်ကိုနည်းခဲ့တယ်......ရိုးသားတဲ့အဖေက အရာရှိပေါက်စ အဖေ အစိုးရပိုက်ဆံ ဘုန်းဖို့ကိုလည်း စိတ်မကူးခဲ့သလို အမေကလည်း ခွင့်ပြုမှာမဟုတ်ဘူးဆိုတာ အဖေ သိခဲ့တယ်......

ကိုယ်ဝန် တစ်ဖြည်းဖြည်းရင့်လာတဲ့ အမေက အာဟာရဆိုလို့ ဆန်ပြုတ်နဲ့ ကြက်ဥလောက်သာ အထူး စားစရာအနေနဲ့ စားခဲ့ရတယ်......အဖေကတော့ နေ့တိုင်း ၄ မိုင်လောက် လမ်းလျှောက်ရပေမယ့် ညနေ အိမ်ပြန်ရောက်တိုင်း အိမ်အလုပ်တွေ တစ်ယောက်ထဲ ဒိုင်ခံလုပ်မယ်ဆိုပြီး အမေ့ကို ဘာမှမခိုင်းခဲ့သလို ညနေတိုင်းလည်း အမေနဲ့ လမ်းလျှောက်ထွက်ခဲ့တယ်.......ညောင်းညာနေပေမယ့် ကိုယ်ဝန်ဆောင်ဆိုတာ လမ်းလျှောက်ရတယ်ဆိုပြီး ဇွတ်အမေ့ကို လမ်းလျှောက်ထွက်ဖို့ ခေါ်တဲ့ အဖေ့ကို အမေ သိပ်သနားခဲ့သလို အဖေ့အတွက် စက်ဘီးလေးတစ်စီးနဲ့ ဗိုက်ထဲက ကလေးကို မွေးဖို့ အမေ ဈေးထွက်ရောင်းဖို့ စဉ်းစားခဲ့တယ်......

ဈေးထွက်ရောင်းမယ်ဆိုပေမယ့် ပိုက်ဆံမရှိတော့ ဘာရောင်းရမှန်းလည်း အမေမစဉ်းစားနိုင်ခဲ့ဘူး....နောက်ဆုံးတော့ ကိုယ်ဝန်ကြီးနဲ့ သူဌေးသမီးအမေက ခရမ်းချဉ်သီးဒိုင်တစ်ခုကိုသွား ခရမ်းချဉ်သီးတစ်ချို့ကို ခေါက်ပြန်ပေးနဲ့ယူလို့ အမေတို့နေတဲ့နေရာ က ဈေးလေးတစ်ခုမှာ အဖေ့ပုဆိုးစုတ်လေးခင်းပြီး ခရမ်းချဉ်သီး ထိုင်ရောင်းခဲ့တယ်.....စရောင်းတဲ့နေ့ကဆို အမေ ရှက်လွန်းလို့ ပုဆိုးလေး ခေါင်းပေါ်တင် မျက်နှာကို လူမမြင်အောင် ဖုံးပြီး ငုတ်တုတ်ထိုင်နေခဲ့တယ်.......အမေ့ကို သိတဲ့ လူတစ်ချို့က ခရမ်းချဉ်သီးဝယ်ရင်း စပ်စုတဲ့သဘောနဲ့ သေချာကြည့်ရင် အမေ သိပ်ရှက်ခဲ့တယ်......နောက်ပိုင်းမှာတော့ ငါ ကောင်းေ၇ာင်းကောင်းဝယ်လုပ်စားတာပဲ ရှက်စရာမလိုဘူးဆိုပြီး အမေ့ စိတ်ထဲ တွေးပြီး အမေ ခပ်တည်တည် နေနိုင်ခဲ့တယ်.....

သိပ်မကြာခင်မှာပဲ အဖေ့အတွက် စက်ဘီးအဟောင်းလေး တစ်စီး ၁၅ ကျပ်နဲ့ အမေ ၀ယ်ပေးနိုင်ခဲ့တယ်......စက်ဘီးလေး အိမ်မှာရောက်လာတဲ့နေ့က အဖေက ဆီထိုး ဖုန်သုတ်နဲ့ အဖေနဲ့အမေ လင်မယားနှစ်ယောက် မာစီးဒီးကြီး ၀ယ်နိုင်ခဲ့သလိုပါဘဲ......စက်ဘီးလည်း ရပြီ လက်ထဲလည်း နည်းနည်းလေး စုမိပြီပဲ ကလေးမွေးဖို့ အားမွေးရအုန်းမယ် ခရမ်းချဉ်သီးမရောင်းဖို့ အမေ့ကို အဖေ တားခဲ့တယ်......နောက်တစ်နေ့ စက်ဘီးလေး စီးပြီး ရုံးကိုထွက်သွားတဲ့ အဖေ့ကိုကြည့်ပြီး အမေ စိတ်ချမ်းသာခဲ့သလို အမေ့ကျေးဇူးကိုလည်း အဖေ လုံးဝ မမေ့ခဲ့ဘူး........ကိုယ်ဝန် ရင့်လာတဲ့ အမေ အစားအသောက်ချို့တဲ့တဲ့ အမေ့ကို အဖေက မေမေကြီးတို့ဆီ ပြန်ဖို့ တရားချခဲ့တယ်.....အမေကတော့ မေမေကြီးကို စိတ်နာတဲ့အနာဟာ တော်တော်နဲ့ မပြေနိုင်ခဲ့ဘူး.......မေမေကြီးကိုလည်း အမေအယုံအကြည်မရှိတော့ပေမယ့် တရားချလွန်းမက ချလာတဲ့ အဖေ့စကားကို နားထောင်ပြီး အမေ မေမေကြီးတို့ဆီ ပြန်ဖို့လက်ခံခဲ့တယ်.........အဖေ ရုံးပိတ်ရက် တစ်ရက်မှာ အဖေနဲ့အမေ မေမေကြီးတို့ဆီ ထွက်လာခဲ့ကြတယ်......အဖေနဲ့အမေ့ရင်ထဲမှာလည်း သူဌေး မေမေကြီးဆီကို အားကိုးတစ်ကြီးလာခဲ့ပေမယ့် ကံကြမာဘယ်လောက်တောင် ဆိုးမလည်းဆိုတာ ကိုတော့ မသိခဲ့ကြသလို မမျှော်လည်း မမျှော်လင့်ခဲ့ကြဘူး.......အမေ့မျက်နှာ အမေ့ကိုယ်ဝန်ကြောင့် အရာရာ အားလုံး အဆင်ပြေမှာပါလို့ တွေးထားတဲ့ မျှော်လင့်ချက်တွေနဲ့ အဖေနဲ့အမေ မေမေကြီးတို့ဆီကို လာခဲ့ကြတယ်.....

2 comments:

Life is for Success said...

i really like ur posts and make me more energerize..... pls write more....

naungthu said...

ကျေးဇူး ခင်ဗျ