Monday, November 23, 2009

အဖေနဲ့အမေ။၃၀။

ညီလာခံတက်ဖို့ အဖေသွားဖို့ အမေက ပြင်ဆင်ပေးနေမှ ကျွန်တော်တို့ အားလုံး သိခဲ့ရတာက အရင်အခေါက်တွေက နိုင်ငံခြားသွားဖို့ အနောက်တိုင်းဝတ်စုံကို ပေါပေါလောလော ချုပ်ဝတ်ခဲ့ပြီး အခုတစ်ခေါက်မှသာ ကောင်းကောင်းကန်းကန်း ဝယ်ဝတ်ပြီးသွားမယ်ဆိုတာကိုပါဘဲ........ကျွန်တော်တို့ အားလုံး ဒီအတွက် စိတ်မကောင်းလည်း ဖြစ်ခဲ့ကြရတယ်.......သားသမီးတွေ လိုချင်တာဆို အမေ့လောက် အလိုမလိုက်ရင်တောင် လိုက်လျောခဲ့တဲ့ အဖေက နိုင်ငံခြားသွားတိုင်း အဝတ်အစားကို ပေါပေါပဲပဲသာဝယ်ဝတ်ခဲ့ပြီး သူများနိုင်ငံမှာလည်း အပျော်အပါး မရှိလှပဲ ပေးထားတဲ့ နေရာကနေ သူတို့အစီအစဉ်နဲ့ လိုက်ပို့တဲ့နေရာကလွဲလို့ ဘယ်မှမသွားခဲ့ပဲ အစစအရာရာခြိုးခြံခဲ့တယ်ဆိုတာ အဖေကိုယ်တိုင်ရယ် အဖေ့သူငယ်ချင်းတွေရဲ့မင်းတို့အဖေကတော့ စံပါပဲကွာ ဆိုပြီး အပြောတွေရယ်ကြောင့် ကျွန်တော်တို့ သိခဲ့ရတယ်.......အဖေသွားကာနီးမှာတော့ ဘာမှထွေထွေထူးထူး ပြောပလောက်တဲ့ ပြသနာရယ်လို့ မရှိပေမယ့် အဖေ့အမေ မေကြီး အနည်းငယ် နာမကျန်းဖြစ်တာရယ် အဖေ့ကို ဂုဏ်ပြုပွဲလုပ်ရမယ်ဆိုပြီး အိမ်မှာ အရက်လာသောက်တဲ့ အဖေ့သူငယ်ချင်းတွေက အရက်မသောက်တတ်တဲ့ အဖေ့ကို ဇွတ်တိုက်လို့ ၃ ပက်လောက်သောက်ပြီး မူးနေတဲ့ အဖေ နဲ့ အရက်ဇွတ်တိုက်တဲ့ အဖေ့သူငယ်ချင်းတွေကို စိတ်ဆိုးပြီး အမေက အဖေ့ကို ပြသနာရှာတာရယ်ပဲ ရှိခဲ့တယ်........

အဖေ နိုင်ငံခြားသွားဖို့ ရန်ကုန်ကို ကြိုပြီးသွားမယ့်နေ့မှာတော့ အိပ်ရာက မထနိုင်တဲ့ မေကြီးနဲ့ ဘဘ ကို သွားကန်တော့ခဲ့ပြီး ကျွန်တော်တို့လည်း အဖေပြန်လာမှလာကြိုမယ် သားတို့ဖို့ လက်ဆောင်မမေ့နဲ့ ဆိုပြီး အဖေ့ကို နှုတ်ဆက်ခဲ့ကြတယ်.......နေမကောင်းဖြစ်နေတဲ့ မေကြီးကို ကြည့်ပြီး မျက်နှာသိပ်မကောင်းလှတဲ့ အဖေ့ကိုလည်း အမေက စိတ်ချပါ ကျွန်မ ပြစ်မထားပါဘူး စိတ်မပူပါနဲ့ လို့ပြောခဲ့သလို အပြောအဆိုတွေ ခံထားရပြီး နည်းမျိုးစုံလုပ်ခံထားရပေမယ့် မျက်နှာမလွှဲထားတတ်ပဲ ကြင်နာတတ်တဲ့ အမေ့စိတ်ကို သိလို့ အဖေလည်း စိတ်တော့ အတန်ငယ်အေးချမ်းခဲ့ပုံပါပဲ........(တစ်ကယ်ဆို ပါတ်ဝန်းကျင်က ပြောသမျှ ...သနားပါတယ် အဖေကြီးအမေကြီး နဲ့မောင်နှမတွေကတော့ ဆင်းရဲနေတာ သူ့မိန်းမ က ချုပ်ကိုင်ထားလို့လေ သူတို့မိသားစုကျတော့ တောက်ပြောင်ပြီး နေနေတာ ယောင်္ကျားမိသားစုကျတော့ တစ်ပြားတစ်ချပ်မှ ကျတာမဟုတ်ဘူး ဆိုတဲ့ စကားတွေအောက်မှာ လူမသိသူမသိ လိုအပ်သမျှ ထောက်ပံ့နေတဲ့ အမေက မေကြီးနဲ့ အဖေ့မောင်နှမသားချင်းတွေရဲ့ အကောင်းပြောလည်း မခံရ ပါတ်ဝန်းကျင်ရဲ့ အကောင်းပြောလည်း မခံရဆိုတော့ စိတ်တော့ တော်တော်နာခဲ့တယ်.......အဖေ့မောင်နှမတွေကလည်း အရင်က ဆဲချင်သလိုဆဲထားခဲ့ပြီး လိုအပ်ရင်သာ လူမသိသူမသိ အမေ့ဆီလာလို့ မျက်ရည်လည်ရွှဲနဲ့ အစ်မ လုပ်ပါအုန်းလုပ်ပြီး အမေကလည်း အေး အေး ငါ့ညီမရယ် ငါ့မောင်ရယ် နဲ့သူပါ ရောငိုနေတတ်ပေမယ့် ရပြီး ပြန်သွားရင် သူတို့က ကွယ်ရာမှာ အမေ့ကိုဆဲ အမေက ဒါတွေကို ပြန်ကြားပြီး နောက်တစ်ခါလာကြည့် ငါနဲ့တွေ့မယ်ပြော တစ်ခါ သူတို့ပြန်လာပြန်ရင်လည်း မျက်ရည်လည်ရွှဲပြန်ဖြစ် နဲ့ လုံးလည်ချာလည်လိုက်ပြီး နောက်ဆုံး အမေ့ဒေါသက ဆွေမျိုးသံယောဇဉ်ဆိုတာမရှိတဲ့ ပါတ်ဝန်းကျင်ပေါ်ကိုသာရောက်ရောက်နေခဲ့တော့တယ်.......)

အဖေ အိမ်ကထွက်သွားပြီး ၃ ရက်လောက်အကြာမှာ မေကြီးက ကောက်ကာငင်ခါ ရောဂါတွေ သည်းလာသလို အမေပဲ အစစအရာရာ ပြုစုစောင့်ရှောက်ခဲ့ရတယ်......အမေ အစွမ်းကုန် ပြုစု စောင့်ရှောက်ပေမယ့် မေကြီးကတော့ ရောဂါတွေသည်းလျက်ကပဲ သားလေးရေ လူလေးရေ နဲ့ အဖေ့ကိုတလို့ အမေ့လက်ပေါ်မှာပဲ ဆုံးပါးသွားခဲ့တော့တယ်.......မေကြီးကွယ်လွန်ကာနီးမှာ အမေ့ကို ငါ့ကို ခွင့်လွှတ်ပါ ဟယ် လို့ ပြောသွားသလို အမေဟာလည်း ဖြေမဆည်အောင်ကိုပဲ ငိုနေခဲ့တော့တယ်........ထို့အတူ မကြာခင်ရက်ပိုင်းအတွင်း နိုင်ငံခြားသွားရတော့မယ့် အဖေ့ကိုလည်း မသွားတော့ဖို့ နဲ့ မေကြီးရဲ့အသုဘ အမှီ အိမ်ကိုပြန်လာဖို့ အဖေ့ဆရာအရင်းဆီ ဖုန်းဆက်ပြီး အဖေ့ကိုပြောဖို့ အမေဇွတ်ပြောခဲ့ပေမယ့် အဖေ့ဆရာက ဒီလိုလုပ်လို့ဘယ်ဖြစ်မှာလည်း ဆုံးတဲ့လူလည်းဆုံးသွားပြီး နောက် အခုခရီးကလည်း အရေးကြီးတယ် ဝန်ကြီးကိုယ်တိုင်လွှတ်တာ လုံးဝမပြောပါနဲ့ ဆိုပြီး ဘဘဦးမောင်ရဲ့ အမျိုးသမီး အန်တီလှကပါ အမေ့ကို ဖြောင်းဖျခဲ့တယ်.........အမေကတော့ အဖေ့ကိုသိပ်ချစ်လှတဲ့မေကြီးနဲ့ အပြင်မှာသာ ထုတ်မပြောတယ် သံယောဇဉ်ကြီးတဲ့ သူ့အမေ ရဲ့ နောက်ဆုံးခရီးကိုလည်း အဖေ့ကို တွေ့စေချင်ခဲ့တယ်.........နောက်ဆုံးမှာ အားလုံးရဲ့ ဝိုင်းဝန်းဖျောင်းဖြမှုနဲ့ အဖေ့ကို မပြောပါဘူးဆိုတဲ့ ကတိ အမေပေးခဲ့လိုက်တယ်.......

အဖေသွားတဲ့အချိန်က ကျွန်တော်တို့ ကျောင်းဖွင့်စလည်းဖြစ်တဲ့အပြင် သားသမီး ၁၃ ယောက်တောင်မွေးထားတဲ့ မေကြီးရဲ့ သားအငယ် အဖေ့ညီ ကျွန်တော်နဲ့ဆို ဦးလေးတော်တဲ့ တိုးတိုးကလည်း ကျွန်တော်နဲ့အတန်းတူဖြစ်လို့ မေကြီးရဲ့ အသုဘမှာ လိုက်ပို့ဖို့ ဆရာမတွေက ကျောင်းသားတွေကို အလှူငွေကောက်ပေမယ့် ကျွန်တော့်မေကြီးရဲ့ အသုဘလို့မပြောပဲ တိုးတိုးအမေရဲ့အသုဘလို့သာ ပြောခဲ့ကြတယ်........တစ်ကယ်ဆို အဖေ့မောင်နှမတွေထဲမှာ တိုးတိုးနဲ့ အဖေ့အောက်က ညီကို ကျွန်တော် ခင်မင်တွယ်တာပြီး သူတို့ကလည်း အေးဆေးလို့ အမေ့ ရဲ့အချစ်ဆုံးဖြစ်ပြီး မေကြီးတို့ အိမ်မှာတစ်ခုခုလိုအပ်ရင် သူတို့ကတစ်ဆင့် အမေ ပေးခဲ့တယ်ဆိုတာတော့ ဘယ်သူမှမသိခဲ့ဘူး........အခန်းထဲမှာ ဆရာမက တိုးတိုးရဲ့ အမေဟာ သနားစရာကောင်းကြောင်း တိုးတိုးတို့ဟာ ချို့တဲ့ကြောင်းစတဲ့ မဆီမဆိုင်တွေပါ ပြောသလို ကျွန်တော့်ကိုပါ စောင်းငဲ့ကြည့်ပြီးပြောနေခဲ့တဲ့အတွက် ကျွန်တော့်အဖွားတော်တယ်လို့ သိထားတဲ့ ကျောင်းသားတွေကပါ ကျွန်တော့်ကို ကွက်ကြည့်ကွက်ကြည့်လုပ်နေပေမယ့် ကျွန်တော်ကတော့ အေးဆေးပါဘဲ........တိုးတိုးကလည်း ကျွန်တော့်ကို အားတုံ့အားနာ ကြည့်နေပြီး ဘာမှမဖြစ်ပါနဲ့ကွာလို့ပြောခဲ့တယ်.........

မေကြီး ဆုံးတဲ့အချိန်ကနေစလို့ အသုဘချမယ့် အချိန်ထိ အမေပဲ အစစအရာရာ လုပ်ပေးခဲ့ပြီး လူကိုယ်တိုင်တော့ အမေ မသွားခဲ့ဘူး........တိုက်တိုက်ဆိုင်ဆိုင် မေကြီးကို အသုဘချမယ့်နေ့ကလည်း အဖေ နိုင်ငံခြားကို သွားမယ့်နေ့ဖြစ်သလို မေကြီးကို မီးသဂြိုလ်တဲ့အချိန်ကလည်း အဖေ့လေယာဉ် ထွက်တဲ့အချိန် ဖြစ်နေခဲ့တယ်........နိုင်ငံခြားထွက်ကာနီး လေယာဉ်ကွင်းကနေ ဖုန်းဆက်တတ်တဲ့ အဖေ့ကို အိမ်မှာ အမေတစ်ယောက်ပဲ ထိုင်စောင့်နေခဲ့ပြီး ကျွန်တော်တို့ကတော့ မေကြီးရဲ့ အသုဘကို လိုက်ပို့ခဲ့ကြတယ်.......သားသမီးတွေ တစ်ယောက်မှ အိမ်မှာ မရှိကြဘူးလား ဘယ်သွားနေတာလည်း ဆိုပြီး အဖေ မေးခဲ့တယ်လို့ အမေက ကျွန်တော်တို့ကို ပြန်ပြောခဲ့တယ်........အဖေကတော့ မေကြီးဆုံးတာကိုလည်း မသိသလို သူလေယာဉ်ထွက်တဲ့အချိန်မှာ မေကြီးကို မီးသဂြိုလ်မယ်ဆိုတာကိုလည်း မသိပဲ အမေနဲ့ဖုန်းပြောပြီး နိုင်ငံခြားကို ထွက်သွားခဲ့တယ်.........

မေကြီးရဲ့ အသုဘမှာလည်း အမေလိုက်မလာတာ ကောင်းပါတယ်လို့ ကျွန်တော်တို့ မောင်နှမတွေ တွေးခဲ့ကြတယ်......လူတိုင်းက ကျွန်တော်တို့ နှိပ်စက်လို့ မေကြီးသေရသလို အကြည့်မျိုးတွေနဲ့ ကွက်ကြည့်ကွက်ကြည့်ကြည့်နေကြပြီး သူတို့အမေက လုံးလုံးမကြည့်ဘူးလေ သနားပါတယ် ဒီမိန်းမကြောင့် အခုလည်း သူ့ယောင်္ကျား ကိုတောင် မပြောဘူး တော်တော်လောဘကြီးတဲ့ မိန်းမ လို့ ပြောနေသံတွေကို ကြားခဲ့ရတယ်........ဘဘကတော့ အမေ့ကိုသိပ်ချစ်ပြီး စိတ်တို စိတ်ဆတ်တဲ့ ကျွန်တော့်ကို
ငါ့မြေး သည်းခံနော် ဘာမှမဖြစ်နဲ့ ဘဘသိပါတယ် ဆိုပြီး စိတ်မကောင်းဝမ်းနည်းသံနဲ့ ပြောသလို အစ်ကိုနဲ့အစ်မကလည်း အငယ်ကောင် ဘာမှမဖြစ်နဲ့နော် မေကြီး အသုဘ အေးဆေးပြီးပစေ အဖေလည်း မရှိဘူး အဖေသနားပါတယ် ဆိုပြီး ပြောကြလို့ ကျွန်တော်လည်း ကြိတ်မနိုင်ခဲမရ နဲ့ သချိုင်းကုန်းမှာ မေကြီးရဲ့ဈာပနပြီးတဲ့အထိ နေခဲ့ရတယ်..........

ကျွန်တော်လည်း ဒေါသထွက်ထွက်နဲ့ အိမ်ကိုပြန်လာပြီး စိတ်တိုဒေါသကြီးပြီး ဒေါသထွက်ရင် တစ်ခုခုလုပ်လိုက်ရမှ ကျေနပ်တဲ့ ကျွန်တော့်အတွက် ရိုက်ခွဲဖို့ အမေစုပေးထားတဲ့ ပုလင်းတွေကို ဒေါသတစ်ကြီး ရိုက်ခွဲနေခဲ့တော့တယ်........ပြီးတော့မှ အမေ့ကို လူတွေမကောင်းဘူး အမေ အထူးသဖြင့်ဒီဒေသကလူတွေ ဆိုပြီး ကျွန်တော် ဒေါသတစ်ကြီးအော်ဟစ်နေခဲ့တော့တယ်.......အစ်ကိုနဲ့အစ်မကလည်း အိမ်ရောက်မှ ဟုတ်တယ်အမေရာ သားတို့သမီးတို့ မေကြီး ဈာပန ပြီးအောင်သာနေခဲ့တာ ဆက်ကိုမနေချင်တော့တာလို့ အမေ့ကိုပြောခဲ့ကြတယ်........အမေကတော့ အမေသိတယ် ဒါပေမယ့် အခုအချိန်မှာ အမေ အဖေ့ကို သနားတာ တစ်ခုပဲ ရှိပါတယ်လို့ ပြောခဲ့တယ်.......ကျွန်တော်ကတော့ စိတ်ထဲမှာ တော်တော့်ကို မကျေနပ်ခဲ့သလို နောက်တစ်ခါ အမေ့ကို ပြောလို့ကတော့ ငါနဲ့တွေ့မယ်လို့ ပဲ စိတ်ထဲမှာ ကျုံးဝါးနေခဲ့မိတယ်........

ကျွန်တော်ကလည်း ပါတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုတွေရယ် ကျွန်တော့်ရဲ့ဆိုးတတ်တဲ့ ဥာဉ်ရယ် သူများတွေ စက်ဘီးနဲ့တစ်မျိုး ခြေကျင်တစ်မျိုး ကျောင်းကားနဲ့တစ်မျိုးကျောင်းတက်နေရတဲ့အချိန်မှာ ဆိုင်ကယ်ကြီး ဗြူးဗြူးဗျဲဗျဲ နဲ့ ကျောင်းလာနေတဲ့ ကျွန်တော့်ကို ဝိုင်းမြင်ပြင်းကပ်တာရယ်ပေါင်းပြီး ဆက်ဆံကြတဲ့အခါ ကျွန်တော်ကလည်း ပိုပြီးခပ်ရွတ်ရွတ်ပဲ ပြန်နေခဲ့တယ်........မေကြီးအသုဘဆုံးပြီးတစ်လကျော်လောက်အကြာမှာ
အစည်းအဝေးသွားတက်ရတဲ့ အဖေလည်း ပြန်လာတော့မှာမို့ ကျွန်တော် တို့မိသားစုလည်း အဖေ့ကို သွားကြိုဖို့ ရန်ကုန်ကို ထွက်လာခဲ့ကြတယ်........ဒီတစ်ခေါက် အဖေ့ကိုသွားကြိုတာမှာ အဖေနဲ့တွေ့ရင် အဖေ့ကို မေကြီးဆုံးတဲ့အကြောင်း ဘယ်လိုပြောမလဲဆိုတာကို အမေ့ကို ကျွန်တော်တို့ မေးခွန်းထုတ်ခဲ့ကြပေမယ့် အမေကတော့ အမေ မသိသေးဘူး လို့ပဲပြန်ပြောခဲ့တယ်.........ကျွန်တော်တို့ လည်း အမေပြောတဲ့အချိန် အဖေ ဘယ်လိုများ ဖြစ်မလည်း မသိဘူး ဆိုတဲ့ အတွေးတွေနဲ့ ရန်ကုန်ကိုရောက်လာခဲ့ပြီး အဖေပြန်လာမယ့်နေ့မှာ လေဆိပ်မှာ အဖေ့ကိုသွားကြိုခဲ့ကြတယ်.......

လေယာဉ်ပေါ်ကဆင်းလာပြီး ကားပေါ်မှာ ပါလာတဲ့ အဖေက ကျွန်တော်တို့ကို အားရဝမ်းသာ လက်လှမ်းပြနေသလို ကျွန်တော်တို့လည်း အဖေ့ကို မြင်လိုက်ရတဲ့အချိန်မှာတော့ ကျန်တာတွေမေ့ပြီး ဝမ်းသာအားရဖြစ်ခဲ့ကြတယ်..........တည်းတဲ့နေရာ ရောက်တဲ့ အချိန်မှာ အဖေပါလာတဲ့ လက်ဆောင်တွေကို လုနေကြပြီး အဖေက အမေ့ကို ဦးလေးနဲ့ဒေါ်ဒေါ် တို့ကော နေကောင်းလား .....အမေကော သက်သာရဲ့လားလို့ အမေ့ကို မေးတဲ့အချိန်မှာတော့ ကျွန်တော်တို့လည်း တန့်ကနဲဖြစ်သွားခဲ့တယ်.......အမေကတော့ ကောင်းကြပါတယ် ရောက်ရောက်ချင်းကြီး ဒါတွေပြောမနေနဲ့ တစ်လကျော် မြန်မာစာ မစားရတာ စားချင်နေမှာပေါ့ ခဏအနားယူ ပြီးရင် ထမင်းသွားစားရအောင် ဆိုပြီး ပြောခဲ့တယ်.......အဖေ အိပ်ရာပေါ် ခဏလှဲနေတဲ့ အချိန်မှာ ကျွန်တော်တို့ အမေ့ကိုကပ်ပြီး အမေ ဘယ်လိုလုပ်မလဲ ဆိုတော့ အေးပါ အမေ ပြောပါ့မယ် အဖေကလည်း စိတ်ထိန်းနိုင်တဲ့လူပါ သားတို့သမီးတို့ စိတ်မပူနဲ့ပဲ ပြန်ပြောခဲ့တယ်......ညဦးပိုင်း အဖေ နိုးလာတဲ့အချိန်မှာ ကျွန်တော်တို့ မိသားစု ထမင်းသွားစားကြဖို့ ထမင်းဆိုင်ကြီးတစ်ဆိုင်ကို သွားခဲ့ကြပြီး အမေက
မိသားစု လိုက်စားရအောင် သီးသန့်ခန်းယူလိုက်ဆိုပြီး အဖေ့ကို ပြောခဲ့တယ်........

စားစရာသောက်စရာတွေ မှာပြီး ကျွန်တော်တို့ကလည်း အဖေ့ကို အဖေ့အတွေ့အကြုံတွေ ဝိုင်းမေးနေတဲ့အချိန်ထိ အမေကတော့ စားစရာမှာလိုက် ကျွန်တော်တို့ မေးနေတာကို နားထောင်လိုက်နဲ့ ခပ်အေးအေးပဲ နေနေသလို စားစရာတွေ ရောက်လာပြီး စားကြသောက်ကြတဲ့ အချိန်ထိ အဖေ့ကို ဘာတစ်ခွန်းမှ မပြောခဲ့ဘူး.......စားပြီးတဲ့ အချိန်မှာ ရုပ်ရှင်ကြည့်ချင်တယ်ဆိုပြီး ပြောထားတဲ့ ကျွန်တော့်ကို ရုပ်ရှင်လိုက်ပြဖို့ အဖေက ကတိပေးခဲ့ပြီး ဒါပြီးရင် ရုပ်ရှင်သွားကြည့်မယ် ဆိုပြီးတော့ ပဲ ပျော်ပျော်ရွှင်ရွှင် စကားတွေပြောနေခဲ့ကြတယ်.........အားလုံးစားသောက်ပြီး ခဏနေလောက်တဲ့အချိန်မှာမှ အမေက အဖေ့ကို ပြီးတော့လည်းပြီးသွားပါပြီ စိတ်မကောင်းလည်း မဖြစ်ပါနဲ့ မပြောမပြီးမိုလို့ ပြောရအုန်းမယ် လို့အဖေ့ကို ပြောတဲ့အခါ ကျွန်တော်တို့နဲ့ ပျော်ပျော်ရွှင်ရွင်ဖြစ်နေတဲ့ အဖေက ကဲပါ မင်းကလည်း စကားတွေခံမနေစမ်းပါနဲ့ ပြောစမ်းပါလို့ ပြောလိုက်တဲ့အချိန်မှာ အမေက ဒေါ်လေး ဆုံးသွားပြီလို့ တန်းပြောလိုက်တော့တယ်.......အဖေဟာ ချက်ခြင်းပဲ မျက်နှာအုံ့မှိုင်းသွားပြီး စကား အင်မတန်များနေခဲ့တဲ့ ကျွန်တော်အပါအဝင် အကုန်လုံးကလည်း တိတ်ဆိတ်သွားခဲ့တယ်......ခဏအနေမှာ ဘယ်တုန်းက ဆုံးတာလည်း အေးအေးဆေးဆေးပဲလား အားလုံးအဆင်ပြေရဲ့လားလို့ အဖေမေးခဲ့ပြီး အမေကတော့ အဖေ့ကို အကြောင်းစုံရှင်းပြခဲ့သလို ကျွန်တော်တို့ဒေါသထွက်ခဲ့ကြရတဲ့ အကြောင်းတွေပါ ပြောပြခဲ့တယ်.......ဆူဆူညံညံနဲ့ ပျော်ပျော်ရွှင်ရွှင် စကားတွေ များနေတဲ့ ကျွန်တော့်ကိုလည်း အဖေက သနားသွားခဲ့တယ် နဲ့တူပါတယ်......အေးလေ အေးအေးဆေးဆေးနဲ့ မီးစာကုန် ဆီခန်း ပဲ ဘယ်တတ်နိုင်မှာလည်း မင်းလည်း အကောင်းဆုံးလုပ်ပေးခဲ့တာပဲ ဆိုပြီး ပျော်ရွှင်နေတဲ့ ကျွန်တော်တို့ စိတ်ကို ညစ်နွမ်းသွားမှာ ဆိုးတဲ့ အဖေက သူ့ ခံစားချက်ကို မျိုချခဲ့တော့တယ်........

2 comments:

Unknown said...

လာဖတ်သွားတယ် ။ ၁ကနေစဖတ်ပြီးပီ ။ အခု ၃၀ရောက်ပီ :)

naungthu said...

shwe....ဟုတ် ..ကျေးဇူး