Sunday, July 4, 2010

ဘဝထဲမှ သူငယ်ချင်းများစွာ ။၁။

သူငယ်ချင်းဆိုတာကို ကျွန်တော် စဉ်းစားမိလိုက်တိုင်း ကျွန်တော့် စိတ်တွေ မှိုင်းမှိုင်းသွားတတ်ခဲ့တာ ကျွန်တော့်အသက် ၂၅ နှစ်အရွယ်လောက်မှာ စတင်ခဲ့ပြီး ကျွန်တော် အသက် ၃၀ ကျော်ချိန်မှာတော့ ငါ့မှာ အင်မတန် အတွင်းကျကျ ပေါင်းလို့ ရတဲ့ သူငယ်ချင်း မရှိတော့ပါလားလို့ ခံစားမိခဲ့တယ်။ အတွင်းကျကျ ဆိုတဲ့နေရာမှာ ကာလရှည်ကြာ အတူတကွ လက်ပွန်းတတီးရှိနေဖို့ လိုအပ်သလို တစ်ဦးကိုတစ်ဦးကို ဖေးမဖို့နဲ့ ကိတ်စပေါင်းများစွာကို အတူတကွ ကြုံဆုံခဲ့တာမျိုးတွေလည်း ရှိဖို့လည်း လိုအပ်တာကြောင့် ဘယ်သူငယ်ချင်းနဲ့မှ ဒီလို အခြေအနေတွေ ရှိခဲ့ဖို့ အကြောင်းမဖန်ခဲ့တဲ့ ကျွန်တော့်ဘဝလမ်းကြောင်းတွေအရလည်း ကျွန်တော့်ဘဝမှာ အတွင်းကျကျ သူငယ်ချင်း ဆိုတာ မရှိနိုင်တော့ဘူးလို့ ကျွန်တော် ခံစားခဲ့ရတယ်..။ ထို့အတူ သူငယ်ချင်းများအပေါ်မှာ သံယောဇဉ် ကြီးတတ်တဲ့ ကျွန်တော့်အနေနဲ့ ကျွန်တော့်ဘက်က အင်မတန် ရင်းနှီးပွင့်လင်းစွာခင်မင်ပေမယ့် တစ်ဖက်က သူငယ်ချင်းရဲ့ စိတ်ခံစားချက်ဟာ ကျွန်တော့်ရင်ထဲမှာသူ့အပေါ်ထားသလို သူကျွန်တော့်အပေါ်မှာ ပြန်ထားနိုင်ဖို့ဆိုတာ ဖြစ်ချင်မှဖြစ်နိုင်မယ်လို့ ခံစားနေမိတဲ့အတွက် ကျွန်တော့်မှာ ဘယ်သောအခါမှ အတွင်းကျကျ သူငယ်ချင်း ရှိလာတော့မယ် မဟုတ်ဘူးဆိုတာကိုပါ တစ်ပြိုင်နက်ထဲ ခံစားမိရင်း ကျွန်တော့် ဒီနေ့ဒီအချိန်ထိ ဖြတ်သန်းခဲ့ရာ ဘဝလမ်းကြောင်းတစ်လျှောက် ကြုံဆုံခဲ့ရတဲ့ သူငယ်ချင်းများအကြောင်း သတိရနေမိတော့တယ်။

ကျွန်တော် ဘယ်လိုဘဝမျိုးတွေ ဖြတ်သန်းနေရသည်ဖြစ်စေ ဘယ်လိုအခြေအနေမျိုးမှာရောက်နေသည်ဖြစ်စေ တွေးမိလိုက်တိုင်း ပြုံးမိသည်အထိ သတိရမိတဲ့ သူငယ်ချင်းကတော့ သူငယ်တန်းဘဝကနေ စလို့ သူတို့နဲ့ မခွဲခွာခင် အချိန်ထိ ကျွန်တော့်အပေါ်မှာ သံယောဇဉ်ကြီးခဲ့တဲ့ သူငယ်ချင်း မိန်းကလေး နှစ်ယောက်ကိုပါပဲ။ နှစ်ယောက်စလုံးက ကျွန်တော် သူငယ်တန်းကနေစလို့ နောင်တစ်ချိန် သူတို့နဲ့ ကွဲကွာသွားပြီး ဆယ်တန်းတွေအောင်ကြလို့ တက္ကသိုလ်တွေ တက်ကြချိန်ထိ ကျွန်တော့်အပေါ်မှာ သံယောဇဉ်ကြီးကြီး ရှာဖွေပြီး လာတွေ့ခဲ့တဲ့ သူငယ်ချင်းနှစ်ယောက်ဖြစ်လို့ ကျွန်တော် အမြဲတစေလို မဟုတ်ရင်တောင် သူငယ်ချင်းဆိုတဲ့ အကြောင်းအရာကို စဉ်းစားမိလိုက်တိုင်း သူတို့နှစ်ယောက်ကို အရင်ဆုံး သတိရမိခဲ့တယ်။ နှစ်ယောက်စလုံးဟာ ကလေးဘဝမှာထဲက ခပ်အေးအေး နဲ့ စာအင်မတန်တော်ကြပြီး ခပ်ဆိုးဆိုး ကျွန်တော့်ကို အင်မတန်သံယောဇဉ်လည်း ကြီးခဲ့ကြတယ်။ အိမ်မှာ အငယ်ဆုံး သမီးဖြစ်တဲ့ ထွေးထွေး နဲ့ အကြီးဆုံးသမီးဖြစ်တဲ့ ဇာမြင့် ဟာ သူတို့ ကစားမယ်ဆိုတိုင်း အမေ့နားသာ ကပ်နေတဲ့ ကျွန်တော့်ကို အမြဲလို နောင်နောင်ရေ ကစားရအောင်ဟေ့ လို့ လာခေါ်လေ့ရှိခဲ့တယ်။ မိန်းကလေးတွေဖြစ်လို့ ကလေးအရွယ်မိန်းကလေးတွေ ကစားလေ့ရှိတဲ့အတိုင်း ထမင်းဟင်း ချက်တိုင်း ကစားရင် ကျွန်တော်က အမြဲပဲ ဈေးဝယ်သူ လုပ်ရလေ့ရှိပြီး တစ်ပြန်တစ်လှည့်အနေနဲ့ ကျွန်တော်ကစားချင်တဲ့ စစ်တိုက်တိုင်း ဆိုရင် သူတို့ က ကျွန်တော့် ရန်သူတွေအဖြစ် ကစားခဲ့ကြတာ ကို ပြန်စဉ်းစားမိတိုင်း ကျွန်တော် ပြုံးမိတယ်။

သူငယ်တန်းကစလို့ အတန်းတွေ တစ်ဖြည်းဖြည်း ကြီးလာပြီး ကျွန်တော့်မှာလည်း ကျွန်တော်ကစားချင်တဲ့ ယောင်္ကျားလေး ကစားနည်းတွေ ကစားလို့ရတဲ့ သူငယ်ချင်းတွေ ရှိလာတဲ့ အခါ သူတို့ လာခေါ်တိုင်း ကျွန်တော် မလိုက်တော့ပေမယ့် သူတို့နှစ်ယောက်ကတော့ ကစားမယ်ဆိုတိုင်း ကျွန်တော့်ကို မပျက်မကွက် အမြဲပဲ လာခေါ်လေ့ရှိခဲ့တယ်....။ အတန်းကြီးလာတဲ့အချိန် သူတို့ မိန်းကလေးတွေ ကစားတဲ့ ထုတ်စီးထိုးကစားနည်း ပါးစပ်ကနေ ဒီ ဆိုတာကို မပြတ်တမ်း အော်ပြီး လိုက်ဖမ်းရတဲ့ ကစားနည်း စတာတွေကို သူတို့ ဇွတ်ဆွဲခေါ်လို့ ကျွန်တော် မိန်းကလေးတွေကြားလည်း ဝင်ကစားခဲ့ရဘူးတယ်....။ဒါပေမယ့် အဲဒီအချိန်မှာ ကျွန်တော် စိတ်ဝင်စားတာ အရုပ်ကလေးတွေထောင်ပြီး ဂေါ်လီနဲ့ ပြစ်ရတဲ့ ကစားနည်း လိုမျိုး ကစားနည်းတွေဖြစ်နေခဲ့ပြီ။ နောက်ပိုင်းတော့ ကျွန်တော်က သူတို့ လာခေါ်တိုင်း မကစားချင်ဘူးဟာ နင်တို့က မိန်းမတွေကြည့်ကစားတာ ငါတစ်ခြားလူတွေနဲ့လည်း မခေါ်ချင်ဘူး ဆိုလို့ သူတို့လည်း သိပ်လာမခေါ်တော့သလို သူတို့ကိုယ်တိုင်လည်း စာကြိုးစားတဲ့ ဗီဇပါတဲ့သူတွေ ပီပီ ကလေးအရွယ်သာသာမှာပဲ ကစားတဲ့ဖက် အာရုံ သိပ်မရောက်တော့သလို စာကျက်ဖို့လောက်သာ သူတို့ လုပ်နေခဲ့ကြတယ်။ သူတို့နှစ်ယောက်ကတော့ ကျွန်တော့်ကို ဘယ်လို အချိန်မျိုးမှာမှ မမေ့တဲ့အတွက် သူတို့စာကျက်မယ်ဆိုတိုင်းလည်း စာကျက်ရအောင် လာခေါ်တတ်တဲ့အပြင် ကျွန်တော် စာကျက်အောင် ကျွန်တော့်အိမ်မှာ စာလာကျက်တာမျိုး လုပ်ပေးပေမယ့် ကျွန်တော်က ကားတွန်းကားထိုင်ကြည့်လိုက် တစ်ဝါးဝါးသမ်းလိုက် မကျက်ချင်ဘူးဟာ ပြန်တော့လို့ နှင်ထုတ်လိုက်နဲ့ မို့ နောက်တော့ သူတို့လည်း ကျွန်တော့် ဆီမှာ စာလာမကျက်ဖြစ်တော့ပါဘူး။ စာကျက်မယ်ဆိုတိုင်းတော့ ကျွန်တော့်ကို လာလာခေါ်တာတော့ တစ်ခေါက်မှ ပျက်လေ့မရှိခဲ့သလို ကျွန်တော်ကလည်း ကြာလာလေ သူတို့ကို ရှောင်ပြေးလာလေ ဖြစ်လာခဲ့တယ်။

မိဘတွေနဲ့ ပါတ်သက်ပြီး ကျွန်တော့်အတွက်ယနေ့ထိ အမာရွတ်ကျန်တဲ့ထိ ဒဏ်ရာအဖြစ်ရခဲ့တဲ့ ဆရာမတစ်ယောက်ရဲ့ ဒဏ်ပေးခံခဲ့ရတဲ့ နေ့မှာ အေးအေးဆေးဆေးနဲ့ လိမ္မာတဲ့ထွေးထွေးက ရဲရဲဝံ့ဝံ့ ထပြောရဲ့ခဲ့သလို ထွေးထွေး ထက်စာရင် ပိုအေးပြီး အမြဲတမ်းပြုံးနေတတ်တဲ့ ဇာမြင့်ကတော့ မျက်နှာငယ်လေးနဲ့ ကြည့်နေခဲ့တာကို ကျွန်တော် ဘယ်တော့မှ မေ့ပျောက်တော့မယ် မထင်မိတော့သလို ကျွန်တော့် မျက်လုံးထဲမှာ အဲဒီနေ့က သူတို့ရဲ့ မျက်နှာ အတန်းထဲက အတန်းဖော်တွေရဲ့ မျက်နှာ ထို့အတူ ကျွန်တော့်ကို အပြစ်ပေးခဲ့တဲ့ ဆရာမရဲ့ မျက်နှာတွေကို ကျွန်တော် အမြဲပဲ မြင်နေမိခဲ့တယ်။ အဲဒီနောက်ပိုင်းမှာတော့ ကျားနာတစ်ကောင်လို အသွင်ပြောင်းခဲ့တဲ့ ကျွန်တော် ထွေးထွေးတို့ ဇာမြင့် တို့နဲ့ ခပ်ဝေးဝေးမှာ နေခဲ့ပြီး နေ့လည် ထမင်းစားချိန် အိမ်ကို အတူပြန်တာမျိုး မုန့်စားဆင်းချိန် အတူတူ မုန့်သွားစားတာမျိုးတွေက အစ မရှိတော့ပဲ ကျွန်တော့်ကို လာခေါ်တိုင်းလည်း မလိုက်ဘူး လို့သာ ပြောတဲ့ အတွက် သူတို့လည်း နောက်ပိုင်း ကျွန်တော့်ကို မခေါ်တော့သလို ကျွန်တော်ကိုယ်တိုင်လည်း ကျောင်းမှာ မပျော်တော့တဲ့အတွက် ကျောင်းပြေးတတ်လာပြီဖြစ်လို့ သူတို့နဲ့ တွေ့တဲ့ အချိန် ပိုလို့သာ နည်းလာခဲ့တယ်။ တစ်ခါတစ်လေ ဘာအကြောင်းကိတ်စမှ မယ်မယ်ရရ မှမရှိပဲ ကျောင်းမလာတဲ့ ကျွန်တော့်အတွက် ထွေးထွေးနဲ့ဇာမြင့်က ကျွန်တော့်စာအုပ်တွေ ယူပြီး ဒိုင်ခံ စာကူးပေးသလို အိမ်တိုင်ယာရောက် ကျွန်တော့်ကို စာလာရှင်းပြတာတွေ လုပ်ပေးခဲ့ကြတယ်။ သူတို့ ဘယ်လိုပဲ လုပ်ပေးခဲ့ လုပ်ပေးခဲ့ စာကျက်ချင်စိတ် မရှိတော့သလို ကျောင်းလည်း ပြေးနေတတ်ပြီး ကျူရှင်ကအစ မယူတော့တဲ့ကျွန်တော့်အတွက် နှစ်ကုန်လို့ အောင်စာရင်းထွက်တဲ့အခါ သူငယ်တန်းထဲက အတန်း အတူတက်ခဲ့တဲ့ သူတို့နှစ်ယောက်နဲ့ ကျွန်တော် အတန်းကွဲခဲ့သလို ကျွန်တော်လည်း ပိုလို့ ဆိုးလာခဲ့တော့တယ်။ သူတို့နှစ်ယောက်ကတော့ ကျွန်တော့်အပေါ် သံယောဇဉ်ရှိမြဲ ရှိလျက်ပါပဲ။ ကျွန်တော့်ကို အမြဲလာရှာလေ့ရှိကြသလို ကျွန်တော် မရှိရင်လည်း အမေ့ဆီက ကျွန်တော့်စာအုပ်တွေတောင်းပြီး လွတ်သွားတဲ့စာတွေကို ကူးပေးလေ့ရှိခဲ့ကြတယ်။ ကျွန်တော်ကတော့ ထွေးထွေး နဲ့ ဇာမြင့်ကို မေးထူးခေါ်ပြောလောက်ပဲ လုပ်ခဲ့ပြီး ထွေးထွေး တို့လောက် မရင်းနှီးပေမယ့် ထွေးထွေးနဲ့ဇာမြင့်လို ပဲ ငယ်ငယ်ထဲက သူငယ်ချင်း အေးမင်း နဲ့ပဲ အမြဲ တွဲနေခဲ့တယ်။ ထို့အတူ သူငယ်ချင်း သုံးယောက်စလုံး ဥာဏ်ကောင်းတယ် လို့ မိဘတွေ က သတ်မှတ်ထားခဲ့ကြပေမယ့် နောက်ပိုင်းမှာ ထွေးထွေး နဲ့ ဇာမြင့် သူတို့အတန်းတွေထဲမှာ အဆင့် တစ် အဆင့် နှစ်တွေ ယူနေခဲ့ပြီး အတန်းရှေ့ဆုံးက ခုံတန်းမှာ စာတော်တဲ့ ကျောင်းသားတွေအဖြစ် ဆရာ ဆရာမတွေရဲ့ ပါးစပ်ဖျား ရေပန်းစားနေခဲ့သလို ကျွန်တော်ကတော့ သူတို့နဲ့ဆန့်ကျင်ဘက် စာအင်မတန်ညံ့သွားခဲ့ပြီး ဆရာတွေဆရာမတွေ ပါးစပ်ဖျားမှာ နာမည်ဆိုးနဲ့ နာမည်ကြီးခဲ့တော့တယ်။

ထွေးထွေးနဲ့ ဇာမြင့်ကို ဘယ်တုန်းကမှ ကျွန်တော် မမုန်းခဲ့ပေမယ့် အဲဒီကာလကစလို့ သူတို့နဲ့ ခွဲခွာချိန်ထိ မတွေ့အောင်သာ ရှောင်နေခဲ့တော့တယ်။ ထွေးထွေးနဲ့ဇာမြင့် ကတော့ ဆယ်တန်းအထိ အတူတစ်ကွ ကြီးပြင်းခဲ့ကြသလို တက္ကသိုလ်တက်ချိန်မှာလည်း ထွေးထွေးက ဆေးတက္ကသိုလ် ဇာမြင့်က အင်ဂျင်နီယာတက္ကသိုလ် ကို တစ်မြို့ထဲမှာ အတူတက်ရတဲ့အတွက် သူတို့နှစ်ယောက် မခွဲမခွာ နှစ်ပေါင်းများစွာကြာအောင် ရှိခဲ့ကြတယ်။ ကျွန်တော်ပါ ရှိနေမှန်း သိတဲ့အတွက် ကျွန်တော် ရှိတဲ့ နေရာကို မတွေ့တွေ့အောင်ရှာပြီး သူတို့ နှစ်ယောက် လာတွေ့တဲ့အချိန်မှာတော့ ကျွန်တော် အတိုင်းမသိ ဝမ်းသာသွားခဲ့သလို နာကျည်းချက်နဲ့ စာပြန်ကြိုးစားခဲ့တဲ့ ကျွန်တော်လည်း အမှတ်အနည်းငယ်ကောင်းပြီး နိုင်ငံခြားဘာသာ တက္ကသိုလ် မှာ လိုင်းကောင်းကောင်း တက်နေရတဲ့အတွက် သူတို့လည်း ကျွန်တော့်အတွက် ပျော်ရွှင် ဝမ်းသာခဲ့ကြတယ်။ ဂျီတီအိုင် နောက်ဆုံးနှစ်မှာ အိမ်ထောင်ကျပြီး ဖြစ်နေခဲ့လို့ ထွေးထွေးတို့နဲ့ တွေ့တဲ့ အချိန်မှာ ကျွန်တော်ဟာ အိမ်ထောင်သည် တစ်ယောက်ဖြစ်နေခဲ့ပေမယ့် သူတို့ကတော့ ကျွန်တော့်ကို ဟိုးအရင် ကလေးဘဝကလိုပဲ တစ်ရင်းတစ်နှီးရှိခဲ့ကြတဲ့အပြင် ကျွန်တော့်ကို ပြန်တွေ့လို့ ဝမ်းသာနေတဲ့ သူတို့ကိုကြည့်ပြီး ကျွန်တော်ကိုယ်တိုင်လည်း ဝမ်းသာခဲ့ရတယ်။ ငါတို့ တစ်လတစ်ခါတော့ ပုံမှန်တွေ့ရအောင် ဟာဆိုပြီး ပြောတဲ့ ထွေးထွေးအပြောကို ဇာမြင့်ကလည်း အေးဟုတ်တယ် ငါတို့ ပုံမှန်တော့ တွေ့ကြရအောင်လို့ ထောက်ခံခဲ့တယ်။ ကြားထဲမှာလည်း ရံဖန်ရံခါ ထွေးထွေးနဲ့ဇာမြင့်က သူတို့ကျောင်းက သူငယ်ချင်းတွေခေါ်လာပြီး ဒါငါတို့ အချစ်ဆုံး သူငယ်ချင်း လူမိုက်ကြီး လေ ဆိုပြီး မိတ်ဆက်ပေးလေ့ရှိသလို သူတို့ သူငယ်ချင်းတိုင်းကလည်း ကျွန်တော့်နာမည်ကို ထွေးထွေးတို့ ဇာမြင့်တို့ဆီက အမြဲတမ်းကြားနေရတဲ့အတွက် တော်တော်ရင်းနှီးနေကြောင်း ပြောပြီး ထွေးထွေးတို့ ဇာမြင့်တို့ အပြောတွေကြောင့် ကျွန်တော့်အပေါ်မှာ နည်းနည်းလေးမှ မစိမ်းပဲ ချက်ခြင်းပဲ ငယ်ပေါင်းကြီးဖော်တွေလို ဖြစ်ခဲ့ကြလို့ ကျွန်တော်လည်း ပျော်ရွှင်ခဲ့ရတယ်။

ထွေးထွေး တို့ ဇာမြင့်တို့နဲ့ တွေ့ပြီး မကြာခင်ပဲ နိုင်ငံခြားဘာသာကနေထွက်ပြီး ဘဝတိုးတက်ရာလို့ ထင်မယ့် လမ်းကြောင်းတစ်ခုကို ရွေးလိုက်ပေမယ့် ဘဝလှိုင်းတွေကြား စတင် ကူးခတ်ရတော့မယ့် အစ ကို မရည်ရွယ်ပဲ ကျွန်တော် အစပျိုးခဲ့မိလိုက်တယ်။ ပိုကောင်းမယ်ထင်တဲ့ လမ်းကို ငါရွေးလိုက်တယ် ငါရန်ကုန်ကို သွားတော့မယ် နင်တို့ကို နှုတ်ဆက်တာ ဒါပေမယ့် ငါတို့ တွေ့ကြအုန်းမှာပါဟာ အဆက်အသွယ်ပြန်ရပြီပဲလို့ ကျွန်တော်ပျော်ပျော်ရွှင်ရွှင် နှုတ်ဆက်တော့ ဇာမြင့်ကတော့ ထုံးစံအတိုင်း မျက်နှာငယ်ပြီး ကျွန်တော့်ကိုသာ ကြည့်နေခဲ့ပြီး ထွေးထွေးကတော့ အေး စိတ်တော့မကောင်းဘူး ဒါပေမယ့် ကြိုးစားဟာ ငါတို့ ပြန်တွေ့အုန်းမှာပါ လို့ပြောခဲ့တယ်။ အဲဒီနေ့ကစလို့ ကျွန်တော်ကိုယ်တိုင်လည်း ဘဝလှိုင်းတွေရဲ့ကြား ဒုက္ခနဲ့သုခတွေကြားမှာ မြုပ်ချည်ပေါ်ချည်နဲ့ ထွေးထွေးနဲ့ဇာမြင့်ကို မတွေ့မိ မဆက်သွယ်မိတော့သလို အရင်ကထက် ပိုလို့ နာကျင်နေတဲ့ ကျွန်တော့်ကို ထွေးထွေးနဲ့ဇာမြင့် ပြန်တွေ့ရင် ဘာများ ပြောလေမလဲလို့ စဉ်းစားရင်း ကျွန်တော့်ဘဝရဲ့ ပထမဆုံးနဲ့ ကျွန်တော့်အပေါ် အကောင်းဆုံးသူငယ်ချင်း ၂ ယောက်ကို ကျွန်တော် သတိရနေတတ်ခဲ့တယ်။


4 comments:

:P said...

ထွေးထွေးနဲ့ ဇာမြင့်က နောင်သူကို တော်တော်ခင်တာပဲ။ တို့သာဆို စာလာကျက်ပေးရတာကို အိမ်ကနေ ပြန်တော့အပြောခံရရင်၊ကိုယ့်ကို ရှောင်နေရင် " ဒင်းကများ၊ နေပေါ့ " ဆိုတဲ့ စိတ်ထားမိမှာ ဂရုမစိုက်ပဲ နေမိတော့မှာအမှန်ပဲ။

ပြန်ဆုံနိုင်အောင် အဆက်အသွယ် လုပ်ကြည့်ပေါ့။

ဘိုင်ဒဝေး.. ဝါကျတွေက တအားရှည်တယ်ကွယ်။ (ဥပမာ ပထမပိုဒ်က နောက်ဆုံးဝါကျ)

naungthu said...

တစ်ကယ်က ကွန့်တာမဟုတ်ဘူး မရေးတတ်တော့ အရှည်ကြီးတွေ ဖြစ်ကုန်တာ ဟီးဟီး......ဖြတ်မလို့ ဘယ်လိုဖြတ်လိုက်ရမှန်း မသိတာရယ် ရေးချင်တာ များနေတာရယ် ရောပြီး အရှည်ကြီး ဖြစ်ကုန်တာ....ကိုယ့်ဟာကိုယ်လည်း ပြန်ဖတ်ကြည့်ရင်း တစ်ကြောင်း မဆုံးသေးဘူး ရှေ့ဆုံးက ဟာ မေ့သွားလို့ အစပြန်ပြန်ကောက်နေရတယ် ဟားဟားဟား

သထိန်းကြီးဖြစ်မှ လက်ဆောင်တွေ တစ်ပွေ့တစ်ပိုက်နဲ့ သူတို့ အိမ်ရှေ့တွေ သွားရပ်မလို့ စိတ်ကူးတယ်

Rita said...

သိသလိုလိုရှိဒယ်
=)

khin oo may said...

မရေးတာကြာလို့ဘလော့နာမည်တောင်မနည်းစဉ်းစားယူရတယ်။