Thursday, June 24, 2010

ဘောလုံး ။၂။

ဘောလုံးပွဲလောင်းချင်စိတ်များသာ တစ်ဖွားဖွားပေါက်နေသော်လည်း သူငယ်ချင်းများပြောနေသည့် တစ်လုံး ငါးမူးနိုင် လယ်ဗယ် တစ်မတ်ရှုံး နှစ်လုံးရှူး ပြားခုနှစ်ဆယ်နိုင် စသည့် ဘောလုံးလောင်းကြေးဝေါဟာရများကို မသိသည့်အပြင် ဘယ်အသင်းက ဘယ်ကဲ့သို့ကောင်းပြီး ဘယ်လို ဘောလုံးသမားများပါသည်ဆိုသည်ကို ကျွန်တော် လုံးလုံး မသိချေ။ ကျွန်တော့် အနေနဲ့ မည်သို့မည်ပုံလောင်းရမည်ကိုလည်း သူငယ်ချင်းများအား မမေးချင်။ အချိန်အနည်းငယ်ကြာ မည်သို့မည်ပုံ လောင်းရမည်ကို မိမိဖာသာ စဉ်းစားဆုံးဖြတ်ပြီးသည်နှင့် သူငယ်ချင်းတစ်ယောက်အား ယနေ့ ကန်မည့် နှစ်သင်း ဘယ်အသင်းက ဘာအရောင်ဝတ်မည်လည်းဟုမေးသောအခါ တစ်သင်းမှာ အနီရောင်ဝတ်မည်ဖြစ်ပြီး နောက်တစ်သင်းမှာ အပြာရောင် ဝတ်မည်ဟု ၎င်းသူငယ်ချင်းက ပြောသောအခါ ကျွန်တော့်စိတ်ထဲတွင် ငါလောင်းမယ့် ပုံစံ မှန်ချေပြီဟု တွေးထင်မိခဲ့သည်။ ဘောလုံးအကြောင်းကျွမ်းကျင်သောသူငယ်ချင်းများကဲ့သို့ မလောင်းတတ်သော ကျွန်တော့်အဖို့ ဘောလုံးကို မည်သို့မည်ပုံ လောင်းမည်ဟု ကိုယ့်အတွေးနှင့်ကိုယ် ဆုံးဖြတ်သောအခါ ဘောလုံးအသင်းများဝတ်သောအရောင် ကိုကြည့်၍ မိမိ အကြိုက်ဆုံး အရောင်ကို လောင်းမည်ဟု ဆုံးဖြတ်ခဲ့သည့်အပြင် တိုက်တိုက်ဆိုင်ဆိုင် ထိုနေ့တွင်ကန်သော အသင်းတစ်သင်း၏ အရောင်မှာ အနီရောင်ဖြစ်ပြီး အနီရောင်မှာ ကျွန်တော် အကြိုက်ဆုံး အရောင်ဖြစ်နေသောကြောင့်ပင်ဖြစ်သည်။

ကျွန်တော်လည်း မည်သို့မျှ စဉ်းစား တွေဝေ တုံ့နှေးမနေတော့ပဲ အနီရောင်အသင်းအား လောင်းမယ်ကွာ ဟု သူငယ်ချင်းများအား ပြောပြီး မိုက်မိုက်ကန်းကန်း ပါသမျှ အကုန်လောင်းလိုက်တော့သည်။ သူငယ်ချင်းများမှာ ဟေ့ကောင် ရူးနေလား မင်းလောင်းချင်တဲ့ နိုင်ငံက နာမည်ကြီးအသင်းနဲ့ ကန်ရမှာ မလောင်းနဲ့အဲဒီက ဟု ဝိုင်းတားကြသည့်တိုင် ကျွန်တော်ကတော့ အနီရောင်မှ အနီရောင် ဟုဆိုကာ နည်းနည်းမှ မလျှော့တော့ပေ။ ကျွန်တော်ပဲ ကံကောင်းသည်လား သူငယ်ချင်းများပဲ ကံဆိုးသည်လားမသိ ဇာတ်လမ်းပေါင်းတော့ ကျွန်တော် လောင်းခဲ့သည့် အနီရောင်နိုင်ငံအသင်း နိုင်သွားခဲ့၍ ကျွန်တော်လည်း လောင်းကြေးများ နိုင်ခဲ့တော့သည်။ သူငယ်ချင်းများကား ပြောလို့ မဆုံးတော့ပေ။ ထို့အတူ ကျွန်တော်သည်လည်း သီချင်းရေးဆရာ အရိုးစကား ယူသုံးရလျှင် ဘောသွေးကြွ တစ်ယောက်ဖြစ်သွားခဲ့တော့သည်။ နောက်နေ့ နောက်နေ့ကန်သည့်ပွဲများတွင်လည်း နှစ်သင်းထဲမှ ကျွန်တော် အကြိုက်ဆုံး အရောင်ဝတ်သည့် အသင်းများကို သာ လောင်းသောကြောင့် ကျွန်တော်တို့ လောင်းနေကြ ဘောလုံးပွဲရုံက ဒိုင်များကပင် လူမိုက်ကံကောင်းပေါ့ကွာ ဟု သြဘာ ပေးလေသည်။ ကျွန်တော်ကား အရင်းဖယ်ဖယ်ပြီး ဆထိုးများလောင်းသောကြောင့်ဖြစ်သည်။ ကံအင်မတန် ကောင်းနေသော အချိန်ဖြစ်သောကြောင့်ထင်သည် ကျွန်တော် လောင်းသည့်ပွဲတိုင်း အနိုင်ကြည့်သာဖြစ်ရာ သူငယ်ချင်းများမှာ ကျွန်တော့်နောက် လိုက်လောင်းရနိုးနိုး သူတို့ သုံးသပ်ချက်ဖြင့် သူတို့ လောင်းရနိုးနိုး ဇဝေဇဝါ ဖြစ်ကုန်သော်လည်း ကျွန်တော်က ၎င်းတို့ မခံချိမခံသာဖြစ်အောင် ဘောလုံးလောင်းတာများကွာ မင်းတို့မယ် နှစ်ပေါက်အောင် မျက်တွင်းတွေချောင်အောင် ညအိပ်ရေးပျက်ခံပြီး ဘောလုံးပွဲလည်း ကြည့်ရသေး ဂျာနယ်ဖိုးက ကုန်သေး ငါဖြင့် မလိုပါဘူး တစ်ပွဲမှတောင် မရှုံးသေးဘူးဟု စသောကြောင့် ကြိတ်မနိုင်ခဲမရဖြင့် အေး ဘယ်နေ့ ငတ်မလည်း ကြည့်ရသေးတာပေါ့ကွာဟုသာ ပြန်ပြောနိုင်ကြသည်။ သို့သော် ထိုဘောလုံးပွဲစဉ်များရှိသော ညစဉ်ညတိုင်း မန္တလေး သုံးဆယ့်ငါးလမ်းပေါ်မှ အလင်းပေါက်ဆိုင်တွင် ဘောလုံးပွဲအပြီး ညလယ်စာစားရင်း သူငယ်ချင်းများအကြား အောင်ပွဲခံနိုင်သည်မှာ ဘောလုံးအကြောင်းနားမလည်သည့် ကျွန်တော်တစ်ယောက်ထဲပင် ဖြစ်သည်။

ပွဲစဉ်တစ်လျှောက် ရှုံးပွဲမရှိ နိုင်ပွဲဆက်လာသော ကျွန်တော့် လက်ထဲတွင်လည်း အတော်အတန်များပြားသော ပိုက်ဆံများ ရှိလာသောကြောင့် ကျွန်တော် အချစ်ဆုံးသူငယ်ချင်းတစ်ယောက်မှ စုမိဆောင်းမိရန် ရွှေလုပ်ထားရန် ပြောသောလည်း ရှိပူရသေး ကုန်မှနားအေး ထုံး နှလုံးမူပြီး ဝေသန္တရာ လုပ်ချင်သော ကျွန်တော့်ဥာဉ်အတိုင်း သူငယ်ချင်းများဖြင့် ပျော်ပျော်ကြီးသာ သုံးဖြုန်းနေမိခဲ့သည်။ နောက်ဆုံး ဗိုလ်လုပွဲတွင်သာ ပွဲစဉ်တစ်လျှောက်ကြည့်ခဲ့ပြီး သံယောဇဉ်ရှိလာသော အသင်းအား လောင်းလိုက်မိသဖြင့် ကျွန်တော် ရှုံးသွားခဲ့တော့သည်။ ကျွန်တော့်ထုံးစံအတိုင်း အရောင်ကြည့်လောင်းမည်ဆိုလျှင် ထိုပွဲပါ နိုင်လျှင် အရောင်ကြည့်လောင်းပြီး ရှုံးပွဲမရှိ ဆက်တက်နိုင်သွားသည့် မှတ်တမ်းဝင်သွားအုန်းမည်ဖြစ်သည်။ သို့တိုင်အောင် သံယောဇဉ်အား ဦးစားပေးထားသောကြောင့် ရှုံးချင်ရှုံးနိုင်တယ်ဟု တွေးထင်ကာ အနည်းငယ်သာ လောင်းခဲ့မိ၍ တော်သေးသည်ဟု ဆိုရမည်။ သို့သော် ထို့နောက်ပိုင်းတွင်တော့ ဘောလုံးလောင်းကစားချင်းအမှုအား ကျွန်တော် မပြုတော့ပေ။ သူငယ်ချင်းများအား စနောက်ချင်၍သာ စကားနိုင်လုပြောသောလည်း အရောင် ကြည့်လောင်းသည့် အလုပ်မှာ ရေရှည်မဖြစ်နိုင်သော အလုပ်ဟု တွေးထင်မိသည့်အပြင် ဘောလုံးအကြောင်းအား မသိခြင်းလည်း တစ်ကြောင်းအပါအဝင်ဖြစ်သည်။

ထိုပထမဦးဆုံး လောင်းဖြစ်သည့် ဘောလုံးပွဲအပြီး နှစ်အပိုင်းအခြား အကြာတွင် ကျွန်တော်သည်လည်း အိမ်ထောင်ရက်သားကျ၍ သူငယ်ချင်းများဖြင့်ကွဲကွာကာ မိဘ ဇာတိမြေတွင် အိမ်ထောင်ဘက်နှင့်အတူ နေထိုင်ခဲ့သည်။ ထိုသို့နေထိုင်ရင်း ကျွန်တော့် သားလေး ကိုယ်ဝန်ဆောင်ချိန်တွင်မူ ကျွန်တော့်စိတ်ထဲတွင် ကျွန်တော့်သားလေးအား ကျွန်တော့်ပိုက်ဆံဖြင့် မွေးပေးချင်သော စိတ်ဆန္ဒ ပြင်းပြင်းထန်ထန်ဖြစ်လာခဲ့တော့သည်။ သို့သော် ကျွန်တော့်တွင် ထိုစဉ်က အလုပ်ကိုင် မရှိချေ။ ရပ်ဝေးတွင် တာဝန်ကျနေသော အဖေနှင့် အမေ မှ လှမ်းလှမ်းပို့နေသော ပိုက်ဆံဖြင့် မိဘအိမ်တွင် နေထိုင်ကာ လက်ဖက်ရည်ဆိုင်ထိုင်လိုက် အိပ်လိုက် စားလိုက်ဖြင့်သာ အချိန်ကုန်နေခဲ့သော နှစ်များပင်ဖြစ်သည်။ ကျွန်တော့်သားလေး မွေးဖွားချိန်တိုင်လျှင် အမေမှာ သူကိုင်တိုင်လာပြီး ပြုစု စောင့်ရှောက်မည် မွေးဖို့ဖွားဖို့ အစစအရာရာ အမေရှိသည်ဟုဆိုသော်လည်း ကျွန်တော့်စိတ်ထဲတွင် အမေရှိလျှင် ငွေရှိသည်ဆိုသော အတွေးများ စတင် ပျောက်ဖို့ အချိန်တန်လာသောအခါ ကျွန်တော့် သားလေးအား ကျွန်တော် ရှာဖွေရရှိလာသော ပိုက်ဆံဖြင့် မွေးဖွားပေးချင်စိတ်သာ ပေါက်မိနေတော့သည်။ သို့သော် ကျွန်တော့်တွင် အလုပ်အကိုင်မရှိသောကြောင့် မည်သို့မျှလည်း ငွေဝင်လမ်းမရှိချေ။ တစ်နည်းသာ ရှိသည် ၎င်းမှာ အမေပို့ထားသော ပိုက်ဆံဖြင့် ဘောလုံးပွဲလောင်းပြီး ကျောင်းသားဘဝကကဲ့သို့ သိန်းချီနိုင်လျှင် ကျွန်တော့်သားလေးအား ကျွန်တော်ရှာဖွေရရှိလာသော ပိုက်ဆံဖြင့် မွေးပေးနိုင်မည်ဟု ဖြစ်သည်။

ထိုနည်းသည်သာ လောလောဆယ် အကောင်းဆုံးဟု တွေးထင်ခဲ့မိသော ကျွန်တော့် အနေဖြင့် ဘောလုံးပွဲလောင်းပြီး ပိုက်ဆံရှာကာ သားလေးအား အဖေ့ပိုက်ဆံဖြင့် မွေးပေးခဲ့တာပေါ့ဟု တစ်ချိန်မှာ ငါပြောနိုင်ပါ မှာဟု စိတ်ကူးဖြင့် ပီတိ ဖြစ်ခဲ့သော အချိန်များလည်းဖြစ်သည်။ ဘောလုံးပွဲလောင်းဖို့ရာသည်လည်း အထူးအထွေ သွားနေစရာမလိုပေ ငယ်သူငယ်ချင်းနှစ်ယောက်မှာ စပ်တူဘောလုံးပွဲဒိုင် ဖွင့်ထားသောကြောင့် ၎င်းတို့ဆီ လှမ်းလောင်းလိုက်ယုံဖြင့် ကိတ်စပြတ်သည်။ သို့ဖြင့် ဘယ်ကလပ်အသင်းက ဘယ်နိုင်ငံကမှန်းပင် မသိသော ကျွန်တော်သည် ကလပ်အသင်းများ ကစားသောပွဲစဉ်ကာလများအတွင်း ဘယ်ကလပ်အသင်းက ဘာရောင်ဝတ်မှာလည်း မေးကာ ဘောလုံးပွဲလောင်းချင်းအား ပြုတော့သည်။ သူငယ်ချင်းနှစ်ယောက်ထဲမှ တစ်ယောက်မှာ ကျွန်တော့်ခံစားချက်ကို သိသဖြင့် မလောင်းရန် တားမြစ်သော်လည်း ကျွန်တော်ကား တားမရတော့ချေ။ ကျွန်တော် လည်း ကျွန်တော်ကြိုက်သော အရောင်ဝတ်သည့်အသင်းအား လောင်းပြီး စိတ်ထဲတွင်လည်း တစ်ပည့်တော် သားလေးအား တစ်ပည့်တော် ပိုက်ဆံဖြင့်မွေးပေးချင်သောကြောင့် တစ်ပည့်တော်အား စောင်မကြည့်ရှူတော်မူပါဘုရားဟု မဆီမဆိုင် လောင်းကစားလုပ်ပြီး ဘုရားအား တိုင်တည်လိုက်သေးသည်။ သို့သော် ကျွန်တော့် ဆန္ဒ မပြည့်ဝခဲ့ချေ။ ကျွန်တော့်လောင်းကြေးများ အားလုံး ရှုံးသွားခဲ့တော့သည်။ ကျွန်တော့်အနေနဲ့ကား သိပ်တော့ စိတ်မပူလှသေးချေ။ နောက်တစ်ပွဲတော့ သေချာပေါက် နိုင်မှာ ပါ ဟု တွေးထင်ကာ လက်ကျန်ပိုက်ဆံအပြင် ဆထိုး လောင်းချင်သောကြောင့် သူငယ်ချင်းကိုပြောကာ အကြွေးဖြင့် လောင်းတော့သည်။ စိတ်ထင်တိုင်းသာ ဖြစ်ခွင့်ရမည်ဆိုလျှင် ဘဝဆိုတာကို ကျွန်တော် မျက်ဝါးထင်ထင်မြင်ရတော့မည် မဟုတ်ပေ။ ဒုတိယ ပွဲတွင်လည်း ကျွန်တော် ရှုံးသွားခဲ့တော့သည်။ ထိုအချိန်တွင်ကား ကျွန်တော် အပျာကြီးပျာ နေပြီဖြစ်သည်။ ချွေးသီးချွေးပေါက်များပင် ပြန်နေသော ကျွန်တော့်အတွက် နောက်ဆုံး မျှော်လင့်ချက် လေးတော့ ရှိနေသေးသည်။ ၎င်းမှာ သူငယ်ချင်းအားပြောပြီး နောက်တစ်ပွဲအား ဆထိုး လောင်းရန်ပင်ဖြစ်သည်။

ကျွန်တော် ကံသည်ပြောရလောက်အောင် မဆိုးဟု ကျွန်တော် ထင်မိသည်မှာ ကျွန်တော့် အမှားပင်ဖြစ်သည်။ သုံးပွဲဆက်တိုက်တော့ မရှုံးနိုင်ဟု တွေးထင်ခဲ့မိသည်လည်း ပါမည်ထင်သည်။ နောက်ဆုံးပွဲတွင်လည်း ကျွန်တော် အရှုံးကြီးရှုံးတော့သည်။ ထိုအချိန်တွင်တော့ ကျွန်တော် တော်တော်ပျာယာခတ်နေပြီဖြစ်သည်။ ကျွန်တော့်အား မလောင်းရန်တားမြစ်သော သူငယ်ချင်းမှာ ဂရုဏာဒေါသောဖြင့် ပြစ်တင်ပြောဆိုလိုက်သည်မှာ ဆိုဖွယ်ရာပင် မရှိချေ။ ထိုအကြွေးများကို မည်သို့ ပေးဆပ်ရမည်ကို ကျွန်တော် မခန့်မှန်းနိုင်ချေ။ အမေနဲ့အဖေမှာလည်း အဝေးတွင်ရောက်ရှိနေပြီး ကျွန်တော့်အား လိုလိုသေးမရှိ ပေးပြီးဖြစ်သည့်အပြင် ကျွန်တော်နေ့စဉ်စားဖို့မှအစ အမေ့ညီမနှစ်ယောက်အား အားလုံး ပေးအပ်ခဲ့ပြီးဖြစ်သောကြောင့် အမေနှင့်အဖေ့ကိုကား ထိုကိတ်စ နည်းနည်းမျှမပြောရဲပေ။ ကျန်ရာမရတော့သည့် အဆုံး အမေ့ညီမထံသွားပြီး ဘောလုံးပွဲရှုံးလို့ အကြွေးဆပ်ရမည်ဖြစ်သောကြောင့် ပိုက်ဆံပေးပါရန်သွားပြောချိန်တွင် အဒေါ့်အမျိုးသားမှ ညနက်ကြီး တို့ဆီမှာလည်း မရှိဘူး ရှိလည်း မပေးနိုင်ဘူးကွာ မင်းက တော်တော်ဆိုးတဲ့ကောင်ပဲ ခုချိန်ထိ မိဘကို နှိပ်စက်နေတဲ့ကောင် ပြန်တော့ဟု နှင်ထုတ်လေသောကြောင့် အကြွေးပေးရမည့်ပူပန်မှု နှင့်အတူ ရှက်ရွံ့ ဒေါသစိတ်များဖြင့် အချိန်အတန်ကြာ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်၍ ကျွန်တော် အံကြိတ်ကာ ရပ်နေမိခဲ့တော့သည်။

အဒေါ်ကိုလည်း ဦးလေးမှ လာမင်းလည်း အိပ်တော့ဟု ဆိုသောကြောင့် အဒေါ့်မှာ ကျွန်တော့်အား ကလေးရယ် မိုက်လိုက်တာ မိုက်လိုက်တာ ဟု တတွတ်တွတ်ရွတ်ပြီး သူ့ယောင်္ကျားအား မလွန်ဆန်ဝံ့သောကြောင့် အိပ်ရာသို့ ပြန်ဝင်သွားခဲ့တော့သည်။ ခံစားချက်ပေါင်းစုံ စုနေသော ကျွန်တော့်ခေါင်းထဲတွင် ငါ့သားက လူတွေနဲ့အကျိုးပေးမကောင်းဘူး ငါ့သားဘက်မှာ အမေတစ်ယောက်ပဲရှိတယ် ငါ့သားလေးဘာဖြစ်ဖြစ် အမေ့ကိုသာပြော အမေ အကုန်ရှင်းပေးမယ် ဟု ဆိုခဲ့ဘူးသော အမေ့စကားသံများ ခေါင်းထဲရောက်လာသောကြောင့် အမေပဲ ဖြေရှင်းပေးနိုင်မည်ဟု တွေးကာ ညကြီးမိုးချုပ် နယ်စပ်တွင်တာဝန်ကျနေသော အဖေနှင့်အမေ့ထံ ဖုန်းမရ ရအောင်ခေါ်လေတော့သည်။ ဖုန်းရချိန်တွင် အမြဲတမ်းဖုန်းကိုင်လေ့ရှိသော အမေ မကိုင်ပဲ အဖေလာကိုင်သောကြောင့် အဖေ အမေကောဟု ဆိုသောအခါ ညကြီးမိုးချုပ် မင်းဘာဖြစ်ပြန်ပြီလည်း ဒီအချိန်ကြီးမှ ခေါ်ရသလားဟု ဆူနေသောကြောင့် သား အမေ့ကို သတိရလို့ပါဟုသာ ညာလိုက်တော့သည်။ အဖေမှ မင်းအမေ မင်းကို သတိရလို့ တမြန်မနေ့ကပဲ ထွက်သွားပြီ မနားပဲ ဆက်တိုက်လာရင် ဒီနေ့ညလောက်တော့ ရောက်မယ်ဟုပြောပြီး မင်းဘာဖြစ်တာလည်းငါ့ကို မှန်မှန်ပြောဟု မေးနေသော်လည်း အမေလာနေပြီဟု သိရသောကြောင့် ပျော်သွားသော ကျွန်တော့်စိတ်ထဲတွင် အဖေ့စကားသံများခေါင်းထဲမရောက်တော့ချေ။ ဘာမှမဟုတ်ဘူး ဘာမှမဖြစ်ဘူး အဖေလည်း အိပ်တော့ အမေ့ကိုသတိရလို့ အမေလာတယ်ဆိုပြီးတာပဲ ဟုဆိုကာ ဖုန်းချလိုက်တော့သည်။

အမေ့အကြောင်းကား ကျွန်တော် သိသည်။ အမေ သည် ကျွန်တော့်အား တွေ့ချင်သောကြောင့် လမ်းခရီးတွင် အနားယူမည်မဟုတ်ချေ။ ကျွန်တော်ကား အိပ်မပျော်တော့ အမေလာမည့်အချိန်ကိုသာ စောင့်မျှော်နေတော့သည်။ ကျွန်တော် ရုတ်တရက်ပျော်သွားအောင် မပြောပဲ လာနေသည့်အမေ့ကို ငုတ်တုတ်ထိုင်စောင့်နေသည့် ကျွန်တော့်အား အမေမြင်လျှင် မည်သို့ဖြစ်မည်နည်းဟုလည်း ကျွန်တော် တွေးနေခဲ့မိသည်။ မနက်ဝေလီဝေလင်း အချိန်လောက်တွင် အိမ်ခေါင်းလောင်းသံမည်လာခဲ့ပြီး သားရေ သားလေးရေ အမေလာတယ်ဟေ့ ဆိုပြီး အော်ခေါ်နေသည့် အမေ့သံ ကြားကြားချင်း ကျွန်တော် အိမ်ရှေ့သို့ ပြေးထွက်ခဲ့တော့သည်။ အမေကား ကျွန်တော့်အားတွေ့၍ ငါ့သားလေး အမေက သားပျော်သွားအောင် ဖုန်းကြိုမဆက်တာ ဟုဆိုကာ ကျွန်တော့်အတွက်ပါလာသော ပစ္စည်းများအား ထုတ်၍ စကားတွေဖောင်ဖွဲ့နေတော့သည်။ ကျွန်တော်ကား အမေပျော်နေသည်ကိုကြည့်၍ ကျွန်တော့်ပြဿနာများ ပြောသင့် မပြောသင့် ချိန်ဆနေမိချိန်တွင် ငါ့သား မျက်နှာသိပ်မကောင်းဘူး ဘာဖြစ်ထားလဲဟု အမေက တန်းမေးတော့သည်။ အမေ့အား ခရီးရောက်မဆိုက် စိတ်ညစ်စရာမပြောသင့်ပါဘူးဟု စိတ်ထဲရုတ်တရက်ပေါ်လာပြီး ဘာမှမဖြစ်ပါဘူး အမေ သား တစ်ညလုံး ဗွီဒီယို ထိုင်ကြည့်နေလို့ပါ အိပ်ရေးပျက်နေလို့ဟု သာညာလိုက်တော့သည်။ ကျွန်တော့်ရင်ထဲမှ အပူများသည်ကား အမေလာပြီဖြစ်သောကြောင့် အတော်အတန်လျော့သွားပြီဖြစ်သည်။ သို့သော် အမေ့အား မည်သို့မည်ပုံ ပြောလိုက်ရမည်လည်းဟု တွေးကာ စိတ်ကားထင့်နေဆဲ။

အမေနှင့်စကားအတန်ကြာ ပြောပြီးသည်နှင့် အမေလည်းခရီးပန်းလာတယ် အိပ်လိုက်အုန်း သားလည်း အိပ်လိုက်အုန်းမယ်ဟု ဆိုကာ စိတ်ကို ဒုန်းဒုန်းချပြီး အိပ်လိုက်သည်မှာ ညနေစောင်းထိပင်ဖြစ်သည်။ ညနေစောင်း ကျွန်တော် နိုးလာချိန်တွင်တော့ အမေက သား လာအုန်း မနက်က သားသူငယ်ချင်းလာသွားတယ် သား ဘောလုံး ပွဲတွေ ရှုံးထားတယ်ဆို အဲဒါ အကြွေးလာတောင်းတာ သားအိပ်နေလို့ အမေ မနိုးတာ ဟုတ်လား သားဟု အမေမေးတော့သည်။ ကျွန်တော်လည်း ဟုတ်တယ် အမေ သား ဘောလုံးပွဲရှုံးထားတယ် မနေ့ညကတောင် အဖေ့ဆီ ဆက်သေးတယ် ဟုပြောသောအခါ ငါ့သားကို အမေ လိုလေသေး မရှိအောင် ထားထားပေးတာ ငါ့သား ဘာလိုအပ်သေးလို့လည်း ဘာကိတ်စ ဒီလောင်းကစားတွေ လုပ်တာလည်းဟုဆိုသောအခါ သား ရဲ့ သားလေးမွေးရင် သားပိုက်ဆံနဲ့မွေးချင်လို့ပါဟု ပြောလိုက်သောအခါ အမေက ငါ့သားရယ် ဖြစ်မှဖြစ်ရလေ ဟုဆိုကာ ဘာမှဆက်မပြောတော့ချေ။ ကျွန်တော်လည်း ခေါင်းငုံ့၍သာနေလိုက်တော့သည်။ ထို့အတူ ကျွန်တော့်အား မလောင်းရန်တားမြစ်သော သူငယ်ချင်းဖြင့် အကြွေးလာတောင်းသော သူငယ်ချင်းမှာလည်း ကျွန်တော့်အတွက်ဖြင့် စကားများကြကာ စီးပွားပါ ခွဲလိုက်ကြတော့သည်။

ဖြစ်ပုံမှာ ကျွန်တော့်အား အကြွေးသွားမတောင်းရန် ကျွန်တော့်အား အကြွေးတောင်းလျှင် ကျွန်တော်က အမေ့အား အပူကပ်မည်ဖြစ်သောကြောင့် အန်တီက ငါတို့အပေါ်လည်း သိပ်ကောင်းတာ အန်တီစိတ်ဆင်းရဲနေအုန်းမယ် နေလိုက်ပါအုန်းဟု ဆိုထားသည့်ကြားမှ ဇွတ်ကျွန်တော့်ဆီ အကြွေးလာတောင်းကာ အမေနဲ့ထိပ်တိုက်တွေ့ပြီး အန်တီ မပေးလို့ မရဘူးနော်ဟု ပါ ဆိုသွားသည့်အတွက် အမေကလည်း စိတ်ဆိုးသည့်အပြင် ကျွန်တော့်အား မလောင်းရန်တားမြစ်သည့် သူငယ်ချင်းမှလည်း မင်းတော်တော်မိုက်ရိုင်းတဲ့ကောင် ပိုက်ဆံမျက်နှာပဲ ကြည့်တဲ့ မင်းနဲ့ငါ အလုပ်အတူတွဲမလုပ်တော့ဘူးဟုဆိုကာ တစ်ပါတ်မျှအကြာတွင် စီးပွားခွဲလိုက်ကြတော့သည်။ အမေကလည်း ကျွန်တော့်အား အမေ အကြွေးတွေ အကုန်ဆပ်ပေးမယ် ဒါပေမယ့် ဒီလောင်းကစားတွေ မလုပ်တော့ဘူးဆိုတာ သားအမေ့ကို ကတိပေးရမယ် ဒါဆိုရင် ဒီကိတ်စတွေ အဖေ့ကိုလည်း အမေမပြောဘူးဟု ပြောသောကြောင့် သားကတိပေးပါတယ်အမေဟု ပြောခဲ့သည်။ အကြွေးလာတောင်းသည့်သူငယ်ချင်းနှင့် ကျွန်တော်ကား ထိုနေ့မှစ၍ စကားမပြောတော့သလို သူငယ်ချင်းအဖြစ်က ရပ်စဲသွားခဲ့တော့သည်။ ထို့အတူ ကျွန်တော်သည်လည်း အမေ့အား စိတ်ဆင်းရဲအောင် လုပ်ခဲ့မိသော ကိတ်စများထဲမှ တစ်ခုအပါအဝင်ဖြစ်ကာ ခင်မင်ရင်းနှီးသော သူငယ်ချင်းဖြင့်ပါ သူစိမ်းတရံစာ့ ကဲ့သို့ ဖြစ်ခဲ့ရသောကြောင့် ဘောလုံးလောင်းကစားချင်းအမှုအား ထိုအချိန်မှစ၍ ယနေ့တိုင် မလုပ်မိတော့သကဲ့သို့ မည်သည့်လောင်းကစားမျှလည်း ယနေ့တိုင် မလုပ်မိတော့ပေ ။

No comments: