Saturday, March 28, 2009

ကံကောင်း

ကျုပ်နာမည်က ကံကောင်း....ကျုပ်ကိုမွေးတော့ မိုးတွင်းကြီး...ကျုပ်အကြိုက်ပေါ့.....ကျုပ်က အအေးသိပ်ကြိုက်တဲ့ကောင် ....မွေးချင်းလား ရှိတယ်လေ...ကျုပ်အစ်ကိုပေါ့....ပြောရမယ်ဆို အမွှာပူးပေါ့ဗျာ။ ဒီကောင်က ကျုပ်ထက် နာရီဝက်လောက်စောမှာပေါ့ ဒါပေမယ့် ကျုပ်မှာ မွေးချင်းရှိတယ်ဆိုတာပဲ သိတာပါဗျာ ဘယ်ဆီနေလို့ ဘယ်မှာမှန်းတောင် ကျုပ် မသိပါဘူး....ဒီလိုပဲအမေ ဆိုတာလည်း ကျုပ် မမှတ်မိဘူး.....ဗျာ ဘယ်လိုဖြစ်တာလည်း ဟုတ်လား......အေးဗျာ ကျုပ်ကံကောင်းတယ်လို့ပဲ ကျုပ်ပြောချင်ပါတယ်။ အမေ့အတွက်တော့ စိတ်မကောင်းဘူးပေါ့ဗျာ ။ ဖြစ်ပုံက ဒီလိုဗျို့....ကျုပ်ကိုမေွးပြီး သိပ်မကြာဘူး ကျုပ်လိုမျိုးကိုမှ ကြိုက်တာဆိုတဲ့လူတွေကိုရောင်းဖို့ ကျုပ်မူရင်းသခင်က ခေါ်လာတယ်လေ။ အမေကတော့ ၀မ်းနည်းပက်လက်ဖြစ်ပြီး ကျန်ခဲ့မှာပဲလို့ ကျုပ်ပြန်တွေးမိတယ်။ ထားပါတော့ဗျာ။

အဲ အဲလို ကျုပ်ကိုသူများ လက်ထဲ ရောင်းစားဖို့ခေါ်အလာ ကျုပ် ကျေးဇူးရှင် သခင်နဲ့သခင်မ ကတွေ့ပြီး ကျုပ်ကိုမွေးစားဖို့ သူတို့အိမ်ကိုခေါ်ခဲ့တော့တာပဲဗျာ.....ကျုပ်ကိုနာမည်လည်း ချစ်စနိုးနဲ့ပေးခဲ့ကြတယ်။ ကံကောင်းဆိုတာ ကျုပ်သခင်နဲ့သခင်မ ပေးခဲ့တာပေါ့ဗျာ။ ကျုပ်သခင်မက အသားဖြူဖြူ၀၀နဲ့ စီးပွားရေးသမား သခင်က အသားညိုညို ပိန်ပိန်နဲ့ ရုံးဝန်ထမ်းတစ်ယောက်ဗျို့။ ကျုပ်ကံကောင်းမှ ကံမကောင်း ဘယ်သူ ကံကောင်းမလည်းဗျာ။ ကျုပ်နဲ့ဘ၀တူတွေ ဆင်းဆင်းရဲရဲ သွားလာလှုပ်ရှားပြီး မ၀ရေစာ ဗြုတ်စဗြင်းတောင်း တွေစားနေရချိန်မှာ ကျုပ်က အေးအေးဆေးဆေး ကျုပ်အခန်းလေးထဲမှာ အိပ်နေယုံပဲ။စားချိန်ဆိုရင် သခင်က သူမစားခင် ကျုပ်စားပြီးပလား အရင်မေးသေးတယ်။ ကျုပ်မပြောနဲ့ အိမ်မှာရှိတဲ့ကြောင်ကိုတောင် သူထမင်းစားတဲ့အချိန် ကြောင်ကိုမကျွေးရသေးဘူးဆိုရင် တိရစာန်ဆိုတာ ကိုယ်ကျွေးမှ စားရတာ လက်တဆုပ် စာကျွေးရတာ ဘာမှအပန်းကြီးတာမဟုတ်ဘူးဆိုပြီး သူ့သားသမီးတွေကို ဆုံးမတတ်တယ်...။

သခင့်သားသမီးတွေထဲက အကြီးနှစ်ယောက်က ကြောင်ကို မကြိုက်ဘူး...။သခင့်ကွယ်ရာဆို ကြောင်ကို ခြေထောက်နဲ့ကန်လိုက် ကုတ်ကကိုင်ပြီး အိမ်အပြင်ကို လွှင့်ပြစ်လိုက်နဲ့ တော်တော် ဆိုးတယ်ဗျို့....။အငယ်ကောင်လေးကတော့ ကျွေးပါတယ် ...။တစ်ခါတစ်လေ သူလည်းကန်တာပဲ....။သူကကြောင်လည်း မချစ်ဘူး ဒါပေမယ့် သူ့အဖေစကားနားထောင်ပြီး ထမင်းကိုတော့ သူစားတိုင်း ကြောင်ကိုအရင်ကျွေးတယ်.....။ ကြောင်ကလည်းကြောင်ပဲ ကျုပ်ဖြင့်ဘယ်သူ့အပြစ်ပြောရမှန်းတောင် မသိဘူး။ အငယ်ကောင်က ကျွေးထားတဲ့ဟာကို သခင် ရုံးကပြန်လာလို့ ထမင်းစားပြီဆိုတာနဲ့ သခင့်ခြေထောက်နား မှာ ချွဲပြစ်ပြီး တစ်ညောင်ညောင်လုပ်တော့ သခင်ကမေးပြီလေ အငယ်ကောင်က ကွှေးတယ်ပြောလည်း သခင်က မယုံဘူးလေ....။ဘယ်ယုံမလဲ ကြောင်ကောင်က သခင်ချကျွေးတာကိုလည်း စားချင်ဟန်ဆောင်တာကိုး တစ်ကယ်လည်း မကုန်ပါဘူး.....။ဒါဆိုရင်တော့ အငယ်ကောင့် ဒေါသ အထွတ်အထိပ်ရောက်သွားပြီး သခင့်ရှေ့မှာတင် ကြောင်ကို ကန်တော့တာပဲ.....။သခင်ကလည်း ထုံးစံအတိုင်း ဆုံးမတာပေါ့ ဒီအချိန်ဆို တိရိစာန် ချစ်တဲ့ သခင်မတောင် မနေနိုင်တော့ဘူး ဒီကြောင်ပါးကြောင့် သခင်တို့ မိသားစု စကားများရတာလည်း အကြိမ်ကြိမ်.....။

ကျုပ်ကိုတော့ အကြီးနှစ်ယောက်က ရှိတယ်လို့လည်း သဘောမထားဘူး ဂရုလည်းမစိုက်ပါဘူး....။အငယ်ကောင်ကတော့ ကျုပ်ကိုချစ်တယ်...။ သခင်က တစ်ရက် တစ်ခါ ကျုပ်ကိုရေချိုးပေးဖို့တာဝန်ကိုလည်း အငယ်ကောင်က အမြဲတမ်းယူတယ်....။အငယ်ကောင်က ကျုပ်လိုပဲ အအေးကြိုက်တယ်....။ သူအအေးကြိုက်လွန်းလို့ အိမ်နောက်ဖေးမှာ သူ့အတွက် ရေကန်သေးသေး တစ်ခု သခင်ကလုပ်ပေးထားရတယ်...။နေပူတဲ့အချိန် တွေများ အပြင်ကပြန်လာရင် သခင်တို့ ဘယ်လောက်တားတား လစ်တာနဲ့ သူ့ကန်လေးထဲ ခုန်ဆင်းပြီး စိမ်နေတော့တာပဲ.....။တစ်ခါတစ်လေတော့လည်း သခင်ဝယ်ပေးထားတဲ့ ရေငုတ်မျက်မှန်နဲ့ ရေအောက် ထွန်းလို့ရတဲ့မီးသေးလေးထွန်းပြီး ရေထဲမှာနေတယ်ဆိုပြီး သူတစ်ယောက်ထဲ ဆော့ရင်ဆော့နေတတ်တာမျိုး......။ သူရေစိမ်နေရင်း စိတ်ကူးပေါက်တာပဲဖြစ်ဖြစ် ရေစိမ်ပြီးမှဖြစ်ဖြစ် ရေပုံးဆွဲပြီး သူ့စိတ်ကြိုက် ကျုပ်ကိုရေချိုးပေးတော့တာပဲ....။သူက ရေချိုးပေးရင် ငြိမ်နေမှ ကျုပ်ကလည်း မလှုပ်ရဲဘူးဗျို့....။သခင်နဲ့သခင်မက သူတို့အလုပ်နဲ့သူတို့ သခင်မညီမက ကျုပ်နားကပ်ဖို့မပြောနဲ့ ကျုပ်ကိုတောင် စေ့စေ့မကြည့်ဘူး......။ ကျုပ်ကလည်း တစ်ရက်မှာ ရေလေးတစ်ခါမှမချိုးရရင် မနေနိုင်ဘူး....။ကျုပ်အတွက် ရေစိမ်ဖို့သခင်တို့ကလုပ်ပေးမထားဘူးလေ....။ဘ၀ကလည်း သူများချိုးပေးမှ ရေချိုးရတဲ့ဘ၀....။ဆိုတော့ အငယ်ကောင်လေးသာ ကျုပ်ကို ရေမချိုးပေးချင်ဘူးဆိုရင် ဘယ်လိုများလုပ်ရပါ့လို့လည်း ကျုပ်မှာရင်မောရတာ အကြိမ်ကြိမ်....။

အငယ်ကောင်ကလည်း တစ်ရက်မှမပျက်ဘူးဗျို့.....။တစ်ခါတစ်လေများ ပူလွန်းလို့ သူရေနှစ်ခါချိုးရင် ကျုပ်လည်း နှစ်ခါပဲ....။ကာဘော်လစ် ဆပ်ပြာနဲ့ ရေကောင်းရေသန့်နဲ့ ချိုးရတဲ့ ကျုပ်ဘ၀ မြင်ကြည့်စမ်းဗျာ အစားဆိုလည်း သခင်မက ကျုပ်ကိုတော့ ဂရုစိုက်တယ်...။အငယ်ကောင်ကလည်း ကျုပ်ကိုတော့ စိတ်လိုလက်ရ ကျွေးတယ်....။တစ်ခါတစ်လေများ ကျုပ်စားနေတာကြည့်ပြီး ကံကောင်း စားကောင်းလားလို့ မေးတတ်သေးတယ်....။ကျုပ် ဝေဖာ ချောကလက် စတာတွေလည်း စားဖူးတာပေါ့ဗျာ.....။ ဟဲ ဟဲ ။ဘယ်သူရှိရမလည်း အငယ်ကောင်ပဲပေါ့.....။သခင်မက နေ့လည်နေ့ခင်း အငယ်ကောင်အိပ်ရာကနိုးရင် တစ်ခုခုကျွေးတယ်....။အငယ်ကောင်က သူဘာစားရစားရ ကျုပ်ကို တစ်ဝက်လာကွှေးတယ်....။အစုံပါဘဲဗျာ တစ်ခါတစ်လေ မုန့်လေပွေ လည်းပါသလို တစ်ခါတစ်လေ ချောကလက်လည်း ပါတယ်....။ဘာတဲ့ စတော်ဘယ်ရီ ဖျော်ရည်တောင် သောက်ဖူးသေးတယ်....။ကျုပ်လား သခင် သခင်မနဲ့ အငယ်ကောင့် ကျေးဇူး ဘယ်မေ့လိမ့်မလည်းဗျာ....။ကျုပ်ကို ရေချိုးပေးပြီးရင် အငယ်ကောင့်ကို ကျုပ်ကျောပေါတင်ပြီး အိမ်တစ်ပါတ် ပြေးတော့တာပဲ.....။အငယ်ကောင်က အဲလိုလုပ်တာကို သိပ်သဘောကျတာဗျ....။သခင်နဲ့ သခင်မကလည်း သဘောကျတာပေါ့ဗျာ အငယ်ကောင်က သူတို့အသည်းစွဲလေ....။ကျုပ်အငယ်ကောင်ကို ကုန်းပိုးပြေးပြီဆိုရင် အိမ်နီးနားချင်းကလေးတွေကလည်း သူတို့ကို ကုန်းပိုးပြီး ကျုပ်ကိုပြေးခိုင်းစေချင်တယ်.....။အငယ်ကောင်က လက်မခံဘူး....။ကျုပ်ကလည်း လုပ်မပေးချင်ပါဘူး........။အငယ်ကောင်က ဟင့်အင်းဆိုတိုင်း ကျုပ်ကလည်း ခပ်မာမာပဲ....။ကျုပ်ချစ်လည်းမချစ်ဘူးလေ သူတို့ကို သူတို့ကလည်း ကျုပ်ကို မချစ်ပါဘူး ကျုပ်ကို အသုံးချချင်ယုံသက်သက်ပဲ....။ကံကောင်းလေဗျာ ဘယ်ရလိမ့်မလဲ....။

ကျုပ်ကို ချစ်တဲ့ အငယ်ကောင့်ကြောင့် သခင်မညီမ ပြေးပေါက် မှားရတဲ့ အဖြစ်လည်း ရှိသေးတယ်ဗျို့....။သခင်နဲ့ သခင်မ နှစ်ယောက်စလုံး အပြင်ထွက်တဲ့အချိန်ဆို အငယ်ကောင့်ကို ထိန်းရအောင်လို့ သခင်မက သူ့ညီမကို ခေါ်ထားတာလေ...။ သခင်မညီမကလည်း ပျင်းပျင်း အငယ်ကောင်ကလည်း ပေါက်ပေါက်ရှာရှာ လုပ်တတ် မေးတတ်တော့ သခင်မညီမက စိတ်မရှည်ပဲ အငယ်ကောင် ထမင်းစားပြီးတိုင်း ဘာမီတွန် ၂ လုံး တိုက်တယ်တဲ့....။ အငယ်ကောင့်ကိုလည်း ဒါကအားဆေး ထမင်းစားပြီတိုင်း သောက်ရမယ်ဆိုတော့ အငယ်ကောင်ကလည်း သောက်သတဲ့....။သောက်ပြီးမှတော့ အိပ်တော့တာပေါ့ဗျာ ကလေး ကို ဘာမီတွန် ၂ လုံးဆိုတော့....။ အငယ်ကောင်အိပ်မှာ သခင်မညီမက သူနေချင်သလိုနေလို့ရမှာကိုး.....။အငယ်ကောင်ကလည်း စပ်စပ်စုစု ကောင်ဆိုတော့ ဆေးနာမည် ဘာတုန်း မေးသတဲ့ သူ့အဒေါ်ကို....။ဟိုကလည်း အငယ်ကောင့်ကို လျှော့တွက်ပြီး အမှန်အတိုင်း ဘာမီတွန် လို့ပြောလိုက်တာပေါ့....။အငယ်ကောင်ကလည်း အိပ်ဆေးမှန်းမသိဘူးလေ.....။သူသောက်ရတဲ့ အားဆေးနာမည်က ဘာမီတွန် ဆိုပြီး အသေမှတ်ထားရောဆိုပါတော့ဗျာ.....။တစ်ခါတစ်လေများ ထမင်းစားပြီးလို့ သူ့အဒေါ်က တိုက်ဖို့မေ့နေရင်တောင် ဘာမီတွန် သောက်ရအုန်းမယ်လေ ဘာလို့မတိုက်တာလည်း လို့ သူ့အဒေါ်ကိုမေးသတဲ့ ဖြစ်ပုံများ....။

တစ်ရက် အိမ်မှာ သခင်နဲ့သခင်မရှိတုန်း ထမင်းစာကာနီး မှာ အငယ်ကောင်က ကျုပ်ကို ကျွေးဖို့လုပ်ရင်း သခင်မကို အမေအမေ ကံကောင်းကို သားလို အားရှိအောင် သူစားပြီးရင် ဘာမီတွန်တိုက်ရအောင် နော်ဆိုပြီး ပြောရော ဆိုပါတော့ဗျာ......။သခင်မကလည်း ချက်ခြင်း သား ဘာမီတွန်ကို ဘယ်လို သိလည်း ဆိုတော့မှ အငယ်ကောင်က သူထမင်းစားပြီးတိုင်း အားရှိအောင် ဘာမီတွန် နှစ်လုံး တီတီ ကတိုက်တယ်လေလို့ ပြောသံဆုံးတာနဲ့ လက်ထဲက ပန်းကန်ပြားတွေပြစ်ချခဲ့ပြီး သခင်မက သူ့ညီမအခန်းကို ဒေါသတစ်ကြီးထွက်သွားတော့တာပဲ ဗျို့....။ သခင်မညီမကလည်း အခန်းထဲမှာ ရှူးတောင်ထွက်ကျတယ်တဲ့ဗျာ ကြောက်ပြီးတော့.....။ သခင်မကတော့ ငိုလည်း ငို ဒေါသတွေလည်း ထွက်ပေါ့လေ...။သခင်ကတော့ လူအေးဆိုတော့ ဘာမှမပြောပေမယ့် စိတ်တော့ တော်တော်မကောင်းဖြစ်ခဲ့ပုံပဲဗျာ ရက်တော်တော်ကြာ သခင်မျက်နှာမကောင်းခဲ့ဘူး.....။တစ်ခုတော့ ကောင်းသွားတယ်ဗျို့ သခင်မက သူ့ညီမကို ပြန်လွှတ်လိုက်ပြီး သူ့ အလုပ်တွေကို လည်း လျှော့ချလိုက်တယ်......။ကျုပ်အတွက်ကတော့ အစားပိုစားရတာပေါ့....။သခင်မက အိမ်မှာနေရင်း လာသမျှ လူကို တစ်ခုပြီးတစ်ခု လုပ်ကွှေးသလို သူ့သားသမီးသူငယ်ချင်းတွေကိုလည်း အိမ်မှာ ခေါ်ခေါ်ပြီး အမြဲတမ်းကျွေးနေတော့တာပဲ....။ကျုပ်လည်း အရင်ကထက် ပိုစားရတယ်ပေါ့ဗျာ......။ပိုလည်း စားဖြစ်တယ်ဗျို့....။ကျုပ်အလေးချိန်ကလည်း တစ်နေ့တစ်ခြားတိုးလာလိုက်တာ ကျုပ်ကိုတွေ့တဲ့လူတိုင်း မျက်လုံးပြူးရတဲ့အထိပဲ....။အရင်လိုသခင် သခင်မနဲ့ အငယ်ကောင်က ကံကောင်းရေလို့ ခေါ်ရင်တောင် မြန်မြန်ဆန်ဆန် မလာနိုင်တော့ဘူး......။

ကျုပ်အလေးချိန် မဟားဒရားကြီးတက်လာလို့ သခင်တို့က ဆရာဝန် ခေါ်ပြပေမယ့် မထူးပါဘူးဗျာ....။ကျုပ်က မဆင်ခြင်ခဲ့တာ ကိုး....။ဆရာဝန်ကတော့ အပါတ်တိုင်းကိုလာ၇တယ်ဗျို့....။ကျုပ်လည်း ကိုယ့်ကိုကိုယ်တောင် သိပ်မသယ်နိုင်တဲ့ အဖြစ် ဖြစ်သွားတယ်ဗျာ....။နောက်ဆုံး ဆရာဝန် စကားနဲ့ပဲ ကျုပ်ကို သခင်မက ရောင်းဖို့ဆုံးဖြတ်ခဲ့တာပေါ့....။ကျုပ်ကျေနပ်ပါတယ်...။ကျုပ်နေခဲ့ရတဲ့ သက်တမ်းတစ်လျှောက် ကောင်းကောင်းနေ ကောင်းကောင်းစားခဲ့ရပြီး ပြီဗျာ....။သေလည်းသေတော့မှာပဲ ....။ကျုပ် စိတ်မကောင်းတာက သခင့်အတွက်ပါ.....။ကျုပ်ကိုရောင်းမယ့်နေ့က အငယ်ကောင့်ကို တစ်ခြားကို ပို့ထားတယ်လေ....။သခင်မကလည်း သခင်မရှိတဲ့ အချိန် ကျုပ်ကိုလာခေါ်ပါလို့ သေချာမှာထားလျက်နဲ့ ကျုပ်ကို လာခေါ်တဲ့ကောင်တွေနောက်ကျနေတာနဲ့ သခင်ပြန်အလာနဲ့ တည့်တည့်တိုးတော့တာပေါ့ဗျာ.....။ကျုပ်ကို ခေါ်ပြီးထွက်အလာ သခင့်ဆိုင်ကယ်ဝင်လာတာမြင်တာနဲ့ သခင့်ကို ကျုပ် နောက်ဆုံး ကန်တော့ ဖို့ ပြားပြားဝပ်လိုက်တော့ သခင်က ဆိုင်ကယ်ကိုပြစ်ချပြီး သူ့သူငယ်ချင်းအိမ်ဖက်ကို ထွက်ပြေးသွားတယ်လေ....။ ကျုပ် မလိုက်ချင်လို့ ဦးချတာ မဟုတ်ပါဘူးဗျာ ကျုပ်ကျေးဇူးရှင်တွေကို နောက်ဆုံး အနေနဲ့ ကန်တော့တာပါ....။သခင်မကို ကျုပ်ကန်တော့ပြီးလို့ သခင်မက အိမ်လှေကားမှာ ထိုင်ငိုနေတယ်ဗျာ....။ မဖြစ်ကြပါနဲ့ ကျုပ် ကျေနပ်ပါတယ်ဆိုတာကို သခင်နဲ့သခင်မ နားလည်အောင် ကျုပ်ဘယ်လိုပြောရမှန်း မသိဘူးဗျာ....။ကျုပ် ကိုယ့်ခန်ဒါကိုယ်တောင် သိပ်မနိုင်ချင်တော့ပေမယ့် တည်တည်ငြိမ်ငြိမ်ဖြစ်အောင်ထိန်းပြီး ထွက်ခဲ့လိုက်တယ်.....။

နှုတ်ဆက်ခဲ့ပါတယ်အငယ်ကောင်ရေလို့လည်း ကျုပ်စိတ်နဲ့ပဲ အငယ်ကောင့်ကို နှုတ်ဆက်ခဲ့တယ်....။နောက်တစ်ပါတ်လောက်နေတော့ ကျုပ်ကိုရောင်းလို့ရတဲ့ ပိုက်ဆံနဲ့ ဆွမ်းကျွေးအလှူလုပ်ပြီး သခင်နဲ့သခင်မက ကျုပ်အတွက် အမျှအတန်းဝေတယ်လေ...။ သားကြီးကံကောင်း ရောက်ရာဘ၀က သာဓုခေါ်ပါဆိုတဲ့ သခင်နဲ့သခင်မ အမျှဝေသံအဆုံးမှာ ကျုပ် အားရပါးရ သာဓုခေါ်ခဲ့တာပေါ့ဗျာ....။ဒါကြောင့် ပြောတာပေါ့ ကျုပ်က နာမည်နဲ့လိုက်အောင် ကံကောင်းတဲ့ ကံကောင်းပါလို့....။ ဗျာ ... ကျုပ်လား အော် ကျုပ်က ကျုပ်ကို ကောင်လုံးကင်စားဖို့ဝယ်မယ့် လူတွေလက်ထဲကနေ သခင်နဲ့ သခင်မက သနားလို့ပြန်ဝယ်ပြီး မွေးခဲ့တဲ့ ၀က် လေဗျာ..။

1 comment:

Shwe Aung San said...

:) Ahh..Finally, it is pig,but so sad.
Your post writting is very good.

Sann