Saturday, June 6, 2009

အဖေနဲ့အမေ ။၁၇။

ပြသနာတွေ တက်မယ့်နေ့က ကျွန်တော်တို့ မောင်နှစ်မ သုံးယောက် အိမ်ကနေ လှမ်းမြင်နေရတဲ့ ကံ့ကော်ပင်ကြီးအောက်မှာ ကံ့ကော်ပန်းတွေ သွားခူးနေခဲ့ကြတယ်.....ကျွန်တော်တို့ ကံ့ကော်ပန်းတွေ ခူးနေတဲ့အချိန်မှာ အိမ်ဘက်မှာ အော်ကျယ်အော်ကျယ် အသံတွေကြားလို့ ပြန်ပြေးလာတဲ့အချိန်မှာ အဖေ့ညီမနဲ့ ယူမယ်ဆိုတဲ့ ဆိုင်ကယ်ဝပ်လျှော့က လူက လာပြီး အဖေနဲ့ အမေ့ကို မိုက်မိုက်ရိုင်းရိုင်း ဆဲဆိုနေသလို အဖေ့ညီမကပါ ၀င်ဆဲနေခဲ့တယ်......အဖေ့ကို မင်းနဲ့ဘာဆိုင်လည်း မယားကြောက် အလကားကောင်လို့ ပြောဆိုနေတဲ့အပြင် အမေ့ကိုလည်း အင်မတန်ကို မိုက်မိုက်ရိုင်းရိုင်း ဆဲဆိုနေခဲ့တယ်.......အဖေကတော့ အိမ်ပေါ်မှာ နဖူးပေါ်လက်ထောက်လို့ ထိုင်နေပေမယ့် အမေက ကြာလာတဲ့အချိန်မှာ ဓားဆွဲပြီး ခုတ်မယ်လုပ်လို့ အဖေ အမေ့ကို ဇွတ်ကိုဆွဲခဲ့ရတယ်......အမေတို့ အဲလိုဖြစ်နေချိန်မှာ အိမ်မှာနေတဲ့ အဖေ့ညီမ ကတော့ တစ်ခွန်းမှဝင်မပြောခဲ့ပေမယ့် သူ့မျက်နှာကလည်း သိပ်ကို တင်းနေခဲ့တယ်........

သူတို့ပြန်ထွက်သွားပြီချိန်မှာ ဒီလို လာလုပ်တာကို အဖေနဲ့အမေက လူကြီးအိမ်ကိုသွားတိုင်မယ်ဆိုပြီးထွက်သွားခဲ့သလို ကျွန်တော်တို့တွေလည်း ကိုယ့်အခန်းထဲမှာကိုယ် ခပ်ကုတ်ကုတ် နေခဲ့ကြတယ်......ခဏနေတော့ အိမ်မှာ နေတဲ့ အဖေ့ညီမက ငါ လည်း သွားတော့မယ် နင်တို့ အမေလာရင်ပြောလိုက် ငါတို့ တစ်သက် မကြေဘူးဆိုတာ ကိုလို့ ဆိုပြီး အိမ်ကနေထွက်သွားခဲ့တယ်......ကျွန်တော်တို့လည်း ဘာမှ ပြန်မပြောသလို သူတို့မျက်နှာကိုလည်း မကြည့်ချင်ခဲ့တော့ဘူး.......အဖေနဲ့အမေ ပြန်လာပြီးတဲ့အချိန်မှာ အဖေက သူ့ညီမ ဘယ်သွားလည်း လို့မေးတော့ အစ်ကိုက အိမ်က ထွက်သွားပြီအဖေဆိုတော့ အဖေက အေး ကောင်းပါတယ် အဲဒါပဲ လို့ပြောခဲ့တယ်......အမေကတော့ စိတ်တွေပဲတိုနေခဲ့တယ်......အမေထပ်ပြီး စိတ်တိုရအောင်လည်း အဖေ့ညီမက လုပ်သွားခဲ့ပြန်တယ်.....ကျွန်တော်တို့ စားဖို့ ထားတဲ့ ဆန်တွေကို အိတ်တွေထဲက နေ အသေအချာထုတ် ပြီး သဲတွေနဲ့ စနစ် တကျကို ရောသွားတာ အမေသိလိုက်ရတော့ အမေ့ဒေါသ အထွတ်အထိပ်ကိုရောက်ပြီး အမေ ရှိသမျှ အကုန်ရိုက်ခွဲတော့တာပါဘဲ.......

အဖေကတော့ မိုက်ရိုင်းစော်ကားလိုက်ကြတာကွာ လို့ ပြောယုံကလွဲပြီး သူ့မောင်နှမ သားချင်းအပေါ် စိတ်အပျက်ကြီးပျက်သွားခဲ့တယ်......သိပ်မကြာခင်မှာပဲ အိမ်ရဲ့ ခပ်လှမ်းလှမ်းကနေ အဖေ့နာမည်ကိုတပ်ခေါ်လို့ ဟေ့ကောင်မယားကြောက် အလကားကောင် မင်းက မင်းမိန်းမကို ကြောက်နေတာ မင်းလုပ်လို့ ငါတို့ ဒီဘ၀ ရောက်နေတာ စတဲ့ အဖေ့၅ ယောက်မြောက် ညီက အော်ဆဲနေတဲ့အသံကို ကြားတဲ့အခါမှာ ဓားဆွဲနေတဲ့အမေ့ကို အဖေရအောင်ထိန်းပြီး ရဲစခန်းကို ဖုန်းဆက်လို့ ဖမ်းခိုင်းခဲ့တယ်......ရဲတွေရောက်လာပြီး သူ့ကို ဖမ်းသွားပြီးတဲ့ အချိန်ကျမှ ဇာတ်ရှိန်က ပိုတက်လာခဲ့တယ်.....မေကြီးက ဘဘမပါပဲ ရောက်လာခဲ့ပြီး အမေ့ကို အိမ်ထဲတောင် မ၀င် အိမ်ရှေ့က နေ အော်ဆဲတော့တာပါဘဲ......အဖေ့ကို သူတို့လက်ထဲက လုယူတယ် အဖေ သာ အမေ့ကို မယူခဲ့ရင် သူတို့ဘ၀တွေ ကောင်းစားနေပြီ ခုတော့ အမေနဲ့ ကျွန်တော်တို့က ကောင်းစားပြီး သူတို့က ဆင်းရဲမွဲတေနေရတယ် အခု သားတစ်ယောက်ပါ အမေလုပ်လို့ အချုပ်ကျနေပြီ အဖေ့ကိုလည်း မယားကြောက် မိဘကျေးဇူး မသိတတ်တဲ့လူ မိန်းမ မျက်နှာပဲ ကြည့်တဲ့ကောင် စသဖြင့် ပြောနေချိန်မှာ အဖေကတော့ အမေရယ် အိမ်ထဲဝင်ပါ သားတောင်းပန်ပါတယ် ပြောလည်း လက်မခံခဲ့ဘူး......

ကြာလာတော့ အမေ့ရဲ့ အဖေ့အမေ လို့ထိန်းထားတဲ့ စိတ်က ပေါက်ကွဲထွက်ခဲ့ပြီး ကိတ်စတိုင်းကို အမေ ဒေါသ တစ်ကြီး အော်ဟစ်ခဲ့သလို အဖေအမေ့ဆီကို ရောက်လာတုန်းက ပုဆိုး ၂ ထည် အိမ်င်္ကျ ၂ ထည်ပဲ ပါခဲ့တယ်ဆိုတာတွေက အစ ပါလာတော့တယ်......ဒါပေမယ့် မေကြီးကတော့ အဖေ့ ပညာကြောင့်သာ အမေ ဒီလိုနေရတယ် အဖေနဲ့သာ မရရင် နင်ဒီလိုနေနိုင်မလား နင့်နေရာမှာ ငါတို့ ရောက်မှာ ဆိုတာကိုပဲတွင်တွင်ပြောနေခဲ့ပြီးနောက်ဆုံးမှာ လူကြီးကတော်တွေက အမေ့ကို ဆွဲခွေားခဲ့ပြီး လူကြီးတွေက အစ အဖေ့အမေကိုပြောဆို ပြန်လွှတ်ခဲ့တယ်.......မိဘကို မစော်ကားချင်တဲ့ မိဘကျေးဇူးသိချင်တဲ့အဖေကတော့ အမေတို့ ရက်စက်လိုက်တာဗျာ လို့ တွင်တွင်ပြောပြီး ရှိုက်ကြီး တစ်ငင် ငိုနေခဲ့တာကို ကျွန်တော်တို့ တွေ့ခဲ့ရတယ်.....

နောက်တစ်နေ့မှာ မေကြီးလက်ဆွဲလို့ ဘဘအိမ်ကိုရောက်လာခဲ့တယ်......အဖေကတော့ ပုံမှန်ပေမယ့် အမေကတော့ မေကြီးနဲ့ဘဘကိုတွေ့တာနဲ့ အခန်းထဲကို တန်းဝင်သွားခဲ့တယ်......ဘဘက အဖေ့ကို လူလေး အဖေ စိတ်မကောင်းပါဘူးကွာလို့ ပြောတဲ့ အချိန်မှာပဲ အဖေက အဖေ သားလည်း မိသားစုနဲ့ အဖေနဲ့အမေကိုပဲ ကြည့်နိုင်မယ် သားမှာလည်း သားသမီးလေးတွေနဲ့ မောင်နှမထိကတော့ သားမကြည့်နိုင်ဘူး အဖေနဲ့အမေ လည်း အိမ်လာနေလို့ရတယ် သားတင်ကျွေးထားနိုင်တယ် ဆိုတော့ မေကြီးက တစ်ခါ ထအော်ပြန်ခဲ့တယ်......ဘဘက မေကြီးကို ငေါက်ငန်းပြီး ရပါတယ်သားရယ် ကျန်တဲ့သားသမီးတွေကိုလည်း အဖေ ပြစ်မထားနိုင်ဘူး ငါ့သားဘ၀ ငါ့သားပဲနေပါတော့ လို့ပြောပြီး ဘဘတို့က ရုတ်ကနဲ ထပြန်သွားလို့ အဖေ စိတ်မကောင်းချင်းကြီးစွာနဲ့ တစ်ခါ ထပ်ငိုရပြန်တယ်........

အဲဒီနောက်ပိုင်းမှာတော့ စနေတနင်္ဂနွေလောက်မှာသာ ဘဘတစ်ယောက်ထဲအိမ်ကို ရောက်ရောက်လာခဲ့တယ်.......အမေကတော့ ဘဘကို ပုံမှန် ဆက်ဆံခဲ့ပြီး တစ်ခါတစ်လေ ဘဘတို့ကို လကုန်တိုင်း ပိုက်ဆံသွားပေးဖို့ အဖေ အလုပ်ရှုပ်နေရင်တောင် အမေနဲ့အဖေကိုနားလည်ပြီးလေးစားတဲ့ အဖေ့အောက်က ညီကို ပိုက်ဆံ လာယူခိုင်းခဲ့သလို အဖေ့ညီတွေ ညီမတွေအတွက် အ၀တ်အစားက အစ အမေ အမြဲလိုပေးခဲ့တယ်......သူတို့ကလည်း ကွယ်ရာမှာသာ အမေ့ကိုပြောချင်ပြောမယ် အမေအဖေ့အောက်က ညီ ကတစ်ဆင့်ပေးတဲ့ မုန့်ဖိုး အ၀တ်အစားက အစ ယူခဲ့ကြတယ်.......ဒါတွေပဲ ၀တ်ခဲ့သုံးခဲ့ကြတယ်.......ဒီလို ပြသနာတွေတက်ပြီး ပူပူနွေးနွေးကာလမှာပဲ ဘ၀တွေရဲ့ အလှည့်အပြောင်းကို အမေတို့ပါမက ငယ်သေးတဲ့ ကျွန်တော်တို့ပါ အံ့သြတစ်ကြီး ကြုံတွေ့ခဲ့ရသလို ဘ၀ဆိုတာ ဘာမှမတည်မြဲပါလားဆိုတာ မျက်မြင်ကိုယ်တွေ့ သိခဲ့မြင်ခဲ့ရတော့တယ်......

တစ်ရက် အမေနဲ့အဖေ ဆင်းရဲခဲ့စဉ်က အမေ့ကို ကြည့်ခဲ့တဲ့ လက်ကောက်တံတောင်လောက်ဝတ်ခဲ့ပြီး ခန့်ခန့်ကြီးနေခဲ့တဲ့ အမေ့အစ်မလတ် အပူမီးဝိုင်းနေတဲ့ မျက်နှာနဲ့ အမေ့ဆီကိုရောက်လာခဲ့တယ်......အမေ့ ကိုတွေ့တာနဲ့ အမေ့အစ်မလတ် ကျွန်တော်တို့အခေါ် ကြီးကြီးက အမေ့ကိုတိုင်တည်ပြီး ငါ့ညီမ ရယ် ကုန်ပြီ အစ်မရှိသမျှ ကုန်ပြီဆိုပြီး ရှုံးပွဲချ ငိုခဲ့တော့တယ်.......အမေလည်း ထိတ်ထိတ်ပျာပျာနဲ့ ဘာဖြစ်တာလည်း ငါ့ကို ပြောစမ်း ပါ ဆိုပြီး အတန်တန် မေးအပြီး ကြီးကြီးလည်း ရှုံးပွဲချ ငိုအပြီးမှာ ဖြစ်ကြောင်းကုန်စင် ကြီးကြီးက ပြောပြခဲ့တယ်.......ပိုက်ဆံလေး ရှိလာတဲ့အချိန် လောင်းကစား ဖက်မိလိုက်တဲ့ ကြီးကြီးရဲ့ အမျိုးသား က ဂျင်ဝိုင်းတစ်ခုမှာ ထိုးရင်းထိုးရင်း ရှုံးမဲ မဲ လာတဲ့အပြင် ငါ့မှာပိုက်ဆံရှိတယ် ဆိုတဲ့ အရှုံးဆိုတာကို လက်မခံချင်တဲ့စိတ်ကနေ နောက်ဆုံး တစ်ပြားမှမကျန်တဲ့ဘ၀ထိအောင်ကို အနှစ်နှစ်အလလ ရှာခဲ့တဲ့ပိုက်ဆံတွေကို တစ်ချက်ထဲနဲ့ အကုန် ရောစုံမျောတဲ့ ထိအောင် မိုက်ခဲ့မိလို့ ရွှေတိုရွှေစ အနည်းငယ်က လွဲလို့ ဘာမှမကျန်တော့ပါဘူးလို့ ကြီးကြီးက ငိုရင်း ပြောပြခဲ့တယ်........

အမေ လည်း သူ့ထက် အကြီးတွေကို မိုက်လိုက်တာ မိုက်လိုက်ကြတာဆိုတာကလွဲလို့ ဘာမှမပြောနိုင်ခဲ့ဘူး........အမေက ကြီးကြီးကို ဘာဖြစ်ချင်လည်း ဆိုတော့ ကြီးကြီးက လောလောဆယ် အိမ်လည်း ထိုးအပ်ရတော့မှာမိုလို့ မိသားစုလိုက်ပြောင်းလာချင်တယ်ဆိုတော့ အမေ အဖေနဲ့တိုင်ပင်ခဲ့တယ်.......အမေနဲ့အဖေ ဒုတ်ခရောက်ချိန်နဲ့ အစ်ကို့ကိုမွေးတဲ့အချိန်မှာ ကြီးကြီးက အဓိက ထောက်ပံ့ခဲ့တာဆိုတော့ အဖေကလည်း အမေတိုင်ပင်တာကို မဆိုင်းမတွပဲ လက်ခံခဲ့သလို ကြီးကြီးကိုလည်း အစ်မ ဘာမှမပူနဲ့ ကျွန်တော်တို့ရှိတယ် ကျွန်တော်တို့ တစ်လှည့်ပြန်စောင့်ရှောက်ပါမယ် လို့ ပြောပြီး ပြောင်းလာခဲ့ဖို့ ကြီးကြီးကို ပြောလိုက်တယ်....ကြီးကြီးတို့ မိသားစု ဆိုပေမယ့် ပြောင်းလာမယ့်အထဲမှာ ကြီးကြီးအမျိုးသားရဲ့ မိဘ နှစ်ယောက်ပါ ကန့်လန့်ကန့်လန့် သနားစရာကောင်းအောင်ပါလာခဲ့ပြန်တယ်........ကြီးကြီးအမျိုးသားက တစ်ဦးထဲသော သားဆိုတော့ သားလေးနောက်ကို လိုက်လာခဲ့တဲ့ မိဘ နှစ်ယောက်စလုံးပါ ရှိသမျှ ကုန်ပြီး ဇာတိမြေကို လည်း ပြန်မဖြစ်နဲ့ နောက်ဆုံး သွေးမတော်သားမစပ်ချွေးမ ညီမရဲ့ အိမ်ကို လိုက်လာခဲ့ကြရတယ်.........

ကြီးကြီးတို့ပြောင်းမလာခင်မှာပဲ အဖေက ကျွန်တော်တို့ မောင်နှမ သုံးယောက် ကစားဖို့ဖောက်ထားတဲ့ မြေကြက်တောင်ကွင်းလေးပေါ်မှာပဲ ကြီးကြီးတို့မိသားစု ၇ ယောက် နေဖို့ ပျဉ်ထောင်အိမ် လေးတစ်ခု ဆောက်ပေးခဲ့ပြီး ကြီးကြီးယောက်ခမတွေအတွက်ကတော့ အဖေကိုင်ထားရတဲ့ ဆိုဒ်ထဲမှာ အိမ်သေးသေးတစ်လုံးဆောက်ပေးခဲ့ပြီး ညစောင့်ဆိုပြီးထားပေးခဲ့တယ်........ကျွန်တော်တို့အတွက်ကတော့ ညနေဆို အစ်ကို့သူငယ်ချင်း အစ်မသူငယ်ချင်း ကျွန်တော့်သူငယ်ချင်းတွေနဲ့ ဆော့နေတဲ့ ကြက်တောင်ကွင်းပျက်သွားပေမယ့် မောင်နှမ၀မ်းကွဲတွေ အများကြီးရောက်လာတော့ ဖြေသာခဲ့တယ်.......ပျော်စရာလည်းကောင်းတယ်လို့ ထင်ခဲ့ကြတယ်........ရောက်ရောက်ချင်း တစ်လ နှစ်လမှာတော့ ကြီးကြီးတို့ကို အမေနဲ့အဖေက ဘာမှမလုပ်ခိုင်းခဲ့ပဲ နေရာဒေသအသစ်မှာ လေ့လာခိုင်းထားပြီး တစ်ခုခုလုပ်ချင်တယ်ဆို လုပ်ပေးမယ်ဆိုပြီး ဒီတိုင်းတင်ကျွေးထားသလို ကျောင်းနေနေတဲ့ ကြီးကြီးသားသမီး လေးယောက်ကိုလည်း ကျောင်းတွေအပ်ပေးထားခဲ့တယ်.......အစိုးရအလုပ်သာ ဆက်လုပ်ခဲ့မယ်ဆိုရင် အဖေ့ထက် ရာထူးတစ်ဆင့်မြင့်မယ့် ကြီးကြီး အမျိုးသားကတော့ ခပ်တန်းတန်း နဲ့ အဖေနဲ့အမေက လုပ်ကိုလုပ်ပေးရမယ်ဆိုတဲ့ပုံစံနဲ့နေခဲ့သလို တစ်ခါတစ်လေ ကျွန်တော် အော်ကြီးဟစ်ကျယ်အော်ဆော့နေရင် ထထငေါက်တတ်လို့ အဖေအိပ်နေလို့ကျွန်တော်ဆူရင်တောင် အငေါက်မခံရတဲ့ကျွန်တော့်စိတ်ထဲ ကလေးစိတ်နဲ့ စိတ်တော့ကွက်မိပေမယ့် အဖေနဲ့အမေကတော့ ကိုယ့်ကိုယ် စောင့်ရှောက်ခဲ့တဲ့လူတွေ အခုလို ဒုတ်ခရောက်လို့ ကိုယ့်အိမ်မှာ လာပြီး ခိုနေရချိန်မှာ သည်းခံလိုက်ပါမယ်ဆိုတဲ့ စိတ်နဲ့ ကျွန်တော့်ကို စိတ်မဆိုးစေဖို့ ဆိုဆုံးမခဲ့သလို သူ့အပေါ်လည်း အပြစ်မမြင်ခဲ့ကြဘူး.............

ဒါပေမယ့် ရောက်ပြီး တစ်လ နှစ်လ ကြီးကြီးတို့ ဘာမှမလုပ်သေးခင်မှာပဲ အဖေနဲ့အမေ ကိုယ်တိုင် အနည်းငယ် စိတ်ညစ်စပြုခဲ့ရတယ်......ဘ၀ကအမြင့်ကနေအနိမ့်ကို ရုတ်တရက်ပြောင်းကုန်လို့ စိတ်ဓာတ်တွေပဲ ကြမ်းကုန်တာလား နေထိုင်ခဲ့ရတဲ့ပါတ်ဝန်းကျင်ကြောင့်ပဲလား မွေးရာပါ ဗီဇကြောင့်ပဲလားမသိနိုင် မခန့်မှန်းနိုင်လောက်အောင် ကြီးကြီးတို့နဲ့ တစ်ကယ်အတူ နေကြည့်တဲ့အခါမှာ မောင်နှမ ညီအစ်မ တစ်အူတုံဆင်း ငယ်ငယ်ထဲက အတူကြီးပြင်းခဲ့တယ် ဆိုပေမယ့် အိမ်ထောင်တွေကျအပြီး ဘ၀တွေ ပြောင်းအပြီးမှာတော့ စရိုက်တွေက အတန်ငယ်မက တော်တော်ခြားသွားခဲ့တာကို အဖေနဲ့အမေ တွေ့ခဲ့ရသလို ခံစားခဲ့ရတယ်.......မနက်စောစော ကလေးတွေကိုကျောင်းသွားဖို့ ထမင်းကျွေးနေတုန်း ထမင်းစာတာ ပြီးစေနော် ပြီးစေ ဟိုသေနာ မျိုလေ မြန်မြန် လည်မြိုဖြတ်ရိုက်လိုက်မယ် စသဖြင့် မနက်စောစောစီးစီး ပြောနေတဲ့အသံတွေက ရှေ့ကအိမ်မှာ မနက်စောစော ထမင်းပူပူနဲ့ တိတ်တိတ်ဆိတ်ဆိတ် သာယာနာပျော်ဖွယ် စကားတွေဖြစ်တဲ့ အမေ သားက ပဲပြုတ်ကို ဆီရွှဲရွှဲနဲ့မှစားချင်တာ အမေ ကြက်ဥကြော်ကြော်ပေးပါအုန်း သားထမင်းကြော်ထပ်ယူအုန်းမလား စသဖြင့် ပြောဆို စားသောက်နေတဲ့ ကျွန်တော်တို့မိသားစု အတွက်တော့ ပြောခဲ့သလို ကြီးကြီးအော်နေတဲ့ အသံတွေက အားမနာတမ်းပြောရမယ်ဆို မနက်စောစောစီးစီး ငှက်ဆိုး ထိုးနေသလိုပါဘဲ.........

အရင်က နေ့လည်နေ့ခင်း ကျွန်တော် ၀ုန်းဒိုင်းကျဲနေအောင် အိမ်ပါတ်ပြေးပြီး ဆော့နေလည်း အဖေ တရေးတမော အိပ်ပျော်ပေမယ့် ကြီးကြီးတို့ရောက်လာပြီးနောက်ပိုင်း သူ့သားသမီးတွေကို ဆဲဆိုပြီး တံမြက်စည်းကျိုးအောင် ရိုက်တတ်ပြီး ကြီးကြီး၇ိုက်လို့ အော်ဟစ်ငိုယိုနေတဲ့ ကြီးကြီးသားသမီးတွေရဲ့ အသံတွေကြောင့်လည်း အဖေ လန့်နိုးရလောက်အောင်ဖြစ်သလို သားသမီးကို ပါးစပ်ကပဲ ဆိုဆုံးမပြီး စိတ်ကြီးတဲ့ အမေ့ကိုလည်း သားသမီးကို ပါးစပ်ကပဲ ဆိုဆုံးမဖို့ ပြောခဲ့တဲ့အဖေ့အတွက်တော့ ကြီးကြီး နဲ့သူ့အမျိုသား အပြုအမူတွေက စိတ်အနှောက်အယှက် တော်တော်ကြီးကြီးကို ဖြစ်စေခဲ့တယ်......ဒါပေမယ့် အဖေ ပါးစပ်က ထုတ်မပြောခဲ့သလို ဒီလို အချိန်တွေတိုင်း ဘယ်လောက်ပဲပင်ပန်းခဲ့ပါစေ အဖေ တရေးတမောတောင်မလှဲနိုင်ပဲ ရုံးကို တိတ်တိတ်ဆိတ်ဆိတ် ပဲ ပြန်ပြန်ထွက်သွားခဲ့ရတဲ့ အကြိမ်ပေါင်းလည်း များလာခဲ့တယ်.......အမေ က ကြီးကြီး ကို အဖေ့အပေါ်လည်းတစ်မျိုးမထင်အောင် အမေ့ကိုလည်း တစ်မျိုးမမြင်အောင် အရိပ်အမြွက်လောက်ပြောပြပေမယ့် ကြီးကြီးနဲ့ သူ့တို့အမျိုးသားကတော့ သူ့တို့ဗီဇ သူ့စရိုက်ကို မဖျောက်နိုင်ခဲ့ကြဘူး........

15 comments:

မောင် said...

ဖတ်လို့ကောင်းတယ်....ဆက်၇န် မျှော်...

Anonymous said...

it's a good novel.

naungthu said...

ကိုမောင် အမြဲအားပေးတဲ့အတွက်ကျေးဇူး .....ဒါလေးပြီးလို့အဖေနဲ့အမေဆီကိုပို့ရင် ကိုမောင်တို့ဒီလိုရေးထားတာလေးတွေကော ပို့ပေးမှာ ကျေးဇူးခင်ဗျ...

အမည်မသိ...ကျေးဇူးတင်ပါတယ်ခင်ဗျာ

Anonymous said...

it's good. keep gooing.

Anonymous said...

ကိုယ့်မိဘရဲ့ အဖြစ်နဲ့ တူနေခဲ့လို့ ဒီ ပို့စ်တွေကို စိတ်ဝင်တစား ဖတ်နေမိပါ တယ်။ ဒါပေမဲ့ မိဘအပေါ်မှာ အရမ်းများ အကောင်းမြင်နေလို့ အဖိုးအဖွား၊ ဆွေမျိုးတွေ အပေါ် အမြင်မကြည်တာများ ဖြစ်နေမလားလို့ တွေးမိတယ်။ ကိုယ်တိုင်လဲ အဖေ့ အမျိုးတွေ အပေါ်မှာ ခုချိန်ထိ နာကျည်းနေဆဲပေမဲ့ အသက် အရွယ် ရလာတော့ ၂ ဘက် မျှတွေးလာမိတယ်။ အဖေ့ရဲ့ မိဘတွေ နေရာက ခံစားတွေးကြည့်ပါလား။ ဘာပဲဖြစ်ဖြစ် သူတို့မွေးလို့ပဲ ကိုနောင်သူ အဖေက လူဖြစ်လာရတာပဲမှလား။ (ဆရာလုပ်တာ မဟုတ်ပါ၊ ကိုယ်တိုင် ခံစားခဲ့ရတာမို့ စာအဖြစ် မှတ်တမ်းတင်တဲ့အခါ ဖြေတွေးနိုင်အောင် ပြောပြမိတာပါ)။

Anonymous said...

အစကနေခုထိအကုန်အားလုံးဖတ်သွားတယ် ..ဆက်ရေးပါ ..ဆက်အားပေးနေပါ့မယ် ၂ဘက်အမျိုးတွေနဲ့ပတ်သတ်ပြီးခံစားချက်ရှိပါတယ် စိတ်နာပါတယ် ..မိသားစုကလွဲရင်စိတ်ထဲမှာဘယ်သူမှအမျိုးလို့မသတ်မှတ်ဘူး အဲ့လောက်ထိမုန်းပါတယ်

maemee said...

Pls let me know Ur e-mail addrress. I want to send letter to Ur Mom through U. I like Ur posts and Ur Mom gives me some strength. I want to say thanks to her.

naungthu said...

anonymous......မိသားစုထဲမှာတော့ အမေ့လိုပဲ ကျွန်တော်က ဆွေမျိုးတွေကို သံယောဇဉ်ရှိပါတယ် အဖေ့ အမျိုးတွေကောပေါ့...အဖေနဲ့အမေမိုလို့ ဘက်လိုက်တဲ့စိတ်လည်း မရှိပါဘူး ကျွန်တော်ကြုံခဲ့တာကို ကြုံသလိုရေးတာပါ ......တစ်ခါတစ်လေ စိတ်တိုမိလို့ ကလေးတုန်းက ပြောမိရင်တော့ အဖေကလည်း အဲလို ပြောဘူးပါတယ်.....မေကြီးဘကြီး မွေးလို့ အဖေ လူဖြစ်လာတာလေဆိုပြီး ......ဆရာလုပ်တယ်မထင်ပါဘူး အားပေးတဲ့အတွက်ကျေးဇူး

avocado.......ကျွန်တော့် အစ်ကိုလိုဖြစ်နေပြီနဲ့တူတယ် အမျိုးဆို စကားကိုမပြောတော့တာကြာပြီ..

maemee......ကျွန်တော့်အီးမေးလ် stroms117@googlemail.com

maemee said...

sorry, I forgot to give my e-mail address :-)
maemee09@gmail.com
thanks a lot

Anonymous said...

thank for sharing your true story

သူမ said...

ဦးဦး၊ ဒေါ်ဒေါ်တို့ရဲ့ ပေးဆပ်မှု၊ ကြိုးစားမှုတွေအတွက် သူတို့တွေ အပြည့်အ၀မခံစားရရင်တောင် ဒါတွေဟာ နောင်သူတို့ သားသမီး၊ မြေး၊မြစ်တွေ အတွက် ကောင်းကြီးမင်္ဂလာဖြစ်နေမှာပါ။ ကိုယ်လုပ်ဆောင်ခဲ့တာတွေအတွက် အသီးအပွင့်ကိုတော့ ခံစားရမှာပါ။ သားစဉ်မြေးဆက်တိုင်အောင်ပါ။ ဒီစကားလေးကို ဦးဦးတို့ဒေါ်ဒေါ်တို့ ကြားသိရင် ၀မ်းမြောက်မှာပါ။ သားသမီးတွေအတွက် ဆိုတော့...။

မလင်း

naungthu said...

အဖေနဲ့အမေ ကတော့ မလင်း မှတ်ချက်ကို ဖတ်မိရင် ပြုံးပြီး ဒီလိုပါဘဲကွယ် လို့ပြောပြီး ကျေနပ်နေမယ်ထင်ပါတယ်....

တသက်တာ said...

အရေးအသားရော အကြောင်းအရာရော တော်တော်ဆွဲဆောင်မှုရှိပါတယ်။ အားပေးနေပါတယ်။

naungthu said...

ကျေးဇူးခင်ဗျ တသက်တာ

သူမ said...

တကယ်ပါ။ နှစ်သိမ့်မှုတစ်ခုအတွက်မဟုတ်ပါဘူး။ တကယ်ဖြစ်လာမှာပါ။