Wednesday, June 10, 2009

အဖေနဲ့အမေ ။၁၈။

ဒီလို မပြေလည်မှုလေးတွေခံစားခဲ့ရပြီး သိပ်မကြာခင်မှာ ဒီလိုတော့ထိုင်နေလို့မဖြစ်ဘူး နင်တို့ အလုပ်တစ်ခုတော့ လုပ်မှရမယ် ဆိုပြီး အမေက အရင် အမေနဲ့အဖေ လုပ်ခဲ့တဲ့ မနက်ဆို စမူဆာ အီကြာကွေး တွေကြော်ပြိး လက်ဖက်ရည်ဆိုင် တွေကိုလိုက်ပို့ဖို့ လုပ်ပေးခဲ့တယ်.......အဖေနဲ့အမေ စီးပွား အဆင်ပြေပြီဆိုပေမယ့် ကြီးကြီးနဲ့သူ့အမျိုးသား အလုပ် အဆင်ပြေစေဖို့ သူတို့နဲ့အတူ လုပ်ပေးခဲ့ရပြန်တယ်........မနက်ဆို အမေကိုယ်တိုင် စောစောထ လုပ်စရာရှိတာတွေလုပ်ပေးပြီး အားလုံးပြီးတာနဲ့ အဖေက ကြီးကြီးအမျိုးသားကို ခေါ်ပြီး လက်ဖက်ရည်ဆိုင်တွေကို လိုက်ပို့ပေးခဲ့တယ်.......တစ်လလောက် ဒီလိုနည်းနဲ့လုပ်ပေးပြီး နောက်လတွေမှာ ကြီးကြီးအမျိုးသားတစ်ယောက်ထဲကို သွားခိုင်းခဲ့တယ်......နှစ်လ သုံးလ သူတို့လည်ပါတ်နေတာကြည့်ပြီး လုပ်ငန်း လမ်းတန်းသွားပြီလို့ အဖေနဲ့အမေ ထင်နေတုန်းမှာပဲ လက်ဖက်ရည်ဆိုင်တွေက အသံတွေထွက်လာခဲ့တယ်.....ကြီးကြီးအမျိုးသားကြောင့်ပါဘဲ......

လက်ဖက်ရည်ဆိုင်တစ်ချို့က စမူဆာ သိပ်မကောင်းဘူး အီကြာကွေးသိပ်မကောင်းဘူး လို့ပြောရင် ကြီးကြီး အမျိုးသားက မကောင်းရင်မယူနဲ့ ဆိုပြီး ဘုပြောတတ်သလို နောက်နေ့ သွားမပို့တာတွေဘာတွေလုပ်တတ်တယ်....လက်ဖက်ရည်ဆိုင်ပိုင်ရှင်တွေက အဖေ့ကို တိုင်တဲ့အခါ အဖေက အမေကနေတစ်ဆင့်ပြောခိုင်းပေမယ့် မထူးခြားလာခဲ့ဘူး.......ဒါပေမယ့် တစ်ရက်မှာတော့ ကြီးကြီးအမျိုးသားလိုပဲ စိတ်ရှိတဲ့ လက်ဖက်ရည်ဆိုင်ပိုင်ရှင်တစ်ယောက်နဲ့ ကြီးကြီးအမျိုးသားနဲ့ အကြီးအကျယ်စကားများရန်ဖြစ်ပြီး တုတ်ဆွဲဒါးဆွဲ တွေအထိ ဖြစ်ကုန်ကြတယ်........ဒီလိုနဲ့ အဆုံးသတ်လိုက်တော့ အဖေနဲ့အမေ လမ်းကြောင်းပေးခဲ့တဲ့ အလုပ်လေး နိတ်ထိတန် သွားခဲ့တော့တယ်..........အမေနဲ့အဖေကတော့ ဇွဲမလျော့သေးဘူး သူတို့အပေါ်ကျေးဇူးရှိတယ်ဆိုတဲ့ အသိနဲ့ ကြီးကြီးကို ထမင်းဆိုင်လေး လုပ်ဖို့ အကြံပေးခဲ့သလို နေရာ အရင်းအနှီးစတာတွေလည်း လုပ်ပေးခဲ့တယ်.......

ကြီးကြီးအမျိုးသားကတော့ သူ့စိတ်ထဲမှာ အမေနဲ့အဖေ ဆီမှာကပ်နေရတာ အဖေနဲ့အမေ ပြောသမျှလုပ်နေရတာ အဖေနဲ့အမေ ဆီကလက်ဝေခံအနေနဲ့ နေနေရတာကို အောက်ကျတယ်လို့ ထင်ခဲ့သလို သူကိုယ်တိုင်လည်း ရပ်တည်ဖို့ရာမစွမ်းသာတဲ့အနေအထားမို့ အောင့်သီးအောင့်သက် အနေအထားနဲ့ နေနေခဲ့တယ်.......ကြီးကြီးကတော့ ဖတ်သီဖတ်သီနဲ့ လုပ်နေပေမယ့် သူကတော့ မိုးလင်းရင် လက်ဖက်ရည် အီကြာကွေး စမူဆာ စတာတွေနဲ့ တခန်းတစ်နား စားသောက်နေထိုင်တတ်သလို နေ့လည်ဆို လက်ဆေးပြီး ရောက်နေတဲ့ အနေအထားနဲ့ မှမလိုက် အင်မတန် ခန်းခန်းနားနားပြင်ထားတဲ့ ထမင်းစားစားပွဲမှာ အခန့်သား ထိုင်တတ်တယ်.......အမေ့ဆန် လုပ်တဲ့ လုပ်ငန်းမှာ အစ်ကို တစ်ယောက်လို အားကိုးအားထား ခေါ်တာကိုတောင် သူတို့လက်အောက်ငါ မလုပ်နိုင်ဘူးဆိုပြီး ပေကပ် နေခဲ့တော့တယ်........

ဒီလိုနဲ့ အဖေ့မိဘမောင်နှမ အမေ့အစ်မ ကြီးကြီးတို့မိသားစု နှိပ်စက်တာတွေနဲ့တင် အဖေနဲ့အမေလည်း စိတ်ဆင်းရဲကိုယ်ဆင်းရဲ တော်တော်ဖြစ်ခဲ့ရတယ်......နောက်ဆုံးမှာ ကြီးကြီးလည်း သူ့ယောင်္ကျားရဲ့ အဖေနဲ့အမေကို မကြည်တာတွေကြောင့် ဇာတိမြို့ကို ပြန်တော့မယ်ဆိုပြီး ပြောလာခဲ့တယ်........ဒါ့အပြင် ဇာတိမြို့မှာ ထမင်းဆိုင်ဖွင့်ဖို့ လိုအပ်တဲ့ အရင်းအနှီးနဲ့ နေရာအတွက်ပါ အဖေနဲ့အမေကို အကူညီတောင်းလို့ အဖေနဲ့အမေကိုယ်တိုင် လိုက်လုပ်ပေးပြီး ကြီးကြီးတို့မိသားစု ပြောင်းသွားခဲ့တော့တယ်.......မေမေကြီး ကလည်း ထင်တိုင်းကျဲပြီး နတ်ကနားပွဲ တစ်ချိန်းချိန်းနဲ့ နတ်ကလွဲလို့ ဘာကိုမှ အာရုံမစိုက်နိုင်လောက်အောင်ကို ဖြစ်နေသလို ဒီနယ်တစ်ဝိုက် ငါ့မုန့်ဖိုကလွဲရင် ဘယ်သူမှမရှိပါဘူးဆိုတဲ့ စိတ်ကလေးကလည်း ရှိနေတော့ ထင်တိုင်းကို ကျဲနေခဲ့တယ်.......ကိတ်မုန့်တိုက်နဲ့ တွဲလျက် ဖွင့်ထားတဲ့ လက်ဖက်ရည်ဆိုင်မှာ လည်း စိတ်မထင်ရင်မထင်သလို လက်ဖက်ရည်တစ်ခွက်သောက်ပြီး အကြာကြီးထိုင်နေတဲ့လူ ဆိုရင် ခုံဆေးတယ်ဆိုပြီး ရေနွေးနဲ့ ပက်ချပြီးဆေးတာတို့ လက်ဖက်ရည်တစ်ခွက်နဲ့ အကြာကြီးမထိုင်ပါနဲ့လို့ ပြောတာတို့တွေကအစ မေမေကြီးက လုပ်ခဲ့တယ်..........

လူပျို အပျိုတွေဖြစ်လာတဲ့ အမေ့ မောင်ညီမ တွေက မလုပ်ဖို့ ပြောပေမယ့် သူတို့လောက်တော့ မေမေကြီးက ရှိတယ်လို့ကို မထင်သလို အဲလိုပြောလာရင်လည်း နီးရာနဲ့ကောက်ပြစ်ခဲ့တယ်......အမေကတော့ ဘာမှဝင်မပြောသလို ၀င်လည်း မစွက်ခဲ့ဘူး......အဲဒီအချိန်က မေမေကြီးတို့ သာ ခေတ်အမြင်ရှိခဲ့ပြီး သားသမီးတွေစကားနားထောင်ခဲ့ရင် ဒီနေ့ဒီအချိန်ထိ ကိတ်မုန့်တိုက်က ဆက်ရှိနေအုန်းမှာဖြစ်ပြီး မေမေကြီးနဲ့ဘဘကြီး သားသမီး အမေ့ တစ်ခြားမောင်နှမတစ်ချို့လည်း ကစဉ့်ကလျားတွေဖြစ်ကြမှာမဟုတ်ဘူးလို့ ကျွန်တော် ထင်ခဲ့တယ်.......

ကြီးကြီးတို့ မေမေကြီးရှိတဲ့ ဇာတိမြို့မှာ ပြန်ပြီး ထမင်းဆိုင်ဖွင့်ခဲ့တာကလည်း တော်တော်အောင်မြင်ခဲ့တယ်.......ပိုက်ဆံပုံးထဲမှာ ဖွေးဖွေးလှုပ်နေတဲ့ပိုက်ဆံတွေကို နေ့တိုင်းနီးပါး အပြည့်မြင်ခဲ့ရတယ်..........အဖေနဲ့ အမေကို သူတို့ကိုထုတ်ပေးထားတဲ့အရင်းအနှီး ပြန်မပေးပေမယ့် အဖေနဲ့အမေကတော့ ကျေနပ်ခဲ့တယ်.....သူတို့ဒီလို လမ်းပြန်တန်းသွားတာကိုပဲ အဖေနဲ့အမေ ပျော်ရွှင်ခဲ့တယ်........ကြီးကြီး အမျိုးသားရဲ့ အဖေနဲ့အမေကတော့ ပျော်ရွှင်မှုလည်း မဖြစ်တော့သလို ပါတ်လည်း မပါတ်သက်ချင်တော့ပါဘူးဆိုတဲ့အထိဖြစ်ခဲ့ကြတယ်.......ကြီးကြီးတို့ ဇာတိမြေကို ပြန်တော့မယ်ဆိုတဲ့အချိန်ထဲက ကျွန်တော်တို့အခေါ် ဘိုးလှိုင်နဲ့မေကြီးရွှေ က အမေ့ကို အမေနဲ့အဖေ လက်ခံမယ်ဆိုရင် သူတို့ အမေတို့ဆီမှာနေခဲ့ပါရစေ ထမင်းကျွေးထား နေစရာပေးထားရင်ကိုကျေနပ်ပါပြီဆိုပြီး သူတို့သားကိုလည်း အဖေတို့မလိုက်ပါရစေနဲ့တော့ဆိုပြီး ပြောခဲ့လို့ အဖေနဲ့အမေက ဘိုးလှိုင်တို့သဘောပါဘဲဆိုပြီး ခေားခဲ့တယ်.......သူတို့ပြန်အဆင်ပြေလာတဲ့အချိန်မှာ ကြီးကြီးအမျိုးသားက လာခေါ်ပေမယ့် ဘိုးလှိုင်နဲ့ဘွားရွှေက ငါတို့ဘ၀ ဒီမှာအေးချမ်းပါတယ် ဒီမှာပဲနေတော့မယ်ဆိုပြီး ပြန်မလိုက်ခဲ့တော့ပဲ ရာသက်ပန် အဲဒီမြေမှာ ခေါင်းချတဲ့အထိ နေသွားခဲ့တော့တယ်........

ကြီးကြီးတို့ မရှိတော့တဲ့ နောက်ပိုင်း တိတ်ဆိတ်သွားပေမယ့် အဲဒိလိုတိတ်ဆိတ်သွားတာကို ပျင်းစရာကောင်းလိုက်တာနော်လို့ ကျွန်တော်တို့မိသားစု တစ်ယောက်မှအသံမထွက်ပဲ အားလုံးရဲ့စိတ်ထဲမှာ အေးချမ်းမှုကိုသာ ခံစားခဲ့ကြရတယ်........အမေလည်း အမေ့အလုပ်လုပ်လို့ အဖေလည်း အချိန်တန်ရုံးသွား ရုံးပြန်ကျွန်တော်တို့လည်း အိမ်မှာဆော့ကစားနဲ့ ကြီးကြီးတို့ မရှိတော့တာကို ထူးထူးထွေထွေ မခံစားမိခဲ့ကြဘူး........ဒီလိုပဲ ကျွန်တော်တို့မိသားစု ပုံမှန်လည်ပါတ်နေတုန်း တစ်ရက်မှာ အမေ့ မောင်အငယ်ဆုံး သူ့အထက် ညီမ နှစ်ယောက် အမေနဲ့အဖေဆီကိုလာပြီး ငိုယိုလို့ မေမေကြီးလုပ်နေတာတွေကို တိုင်ပြောခဲ့တဲ့အပြင် မြို့လည်ခေါင်မှာ သူများတွေခေတ်နဲ့အညီတိုက်တွေ အပြိုင်အဆိုင်ဆောက်နေတဲ့အချိန် တိုက်ခံပျဉ်ထောင်အိမ်နဲ့ နေနေရတာကို လည်း ရှက်တဲ့အတွက် အမေ့ကို တိုက်ဆောက်ပေးပြီး လုပ်ငန်းကို ပြန်ဦးစီးဖို့ လာပြောခဲ့ကြတယ်........မေမေကြီး တို့ လုပ်ငန်းတွေ ပြန်ဥိးစီးဖို့ အမေစိတ်မ၀င်စားတော့ပေမယ့် မောင်ညီမတွေ မျက်နှာငယ်နေတာကို ကုစားပေးဖို့ အတွက် တိုက်ဆောက်ပေးဖို့ကိုတော့ အမေ သဘောတူခဲ့တယ်........အဖေကလည်း သူ့အပေါ် အစ်ကိုအစ်ကိုဆိုပြီး အားကိုးကြတဲ့ အမေ့မောင်ညီမတွေအပေါ်မှာ သူ့အပေါ်စော်ကားလွန်းတဲ့ သူ့ညီညီမတွေထက် အချစ်ပိုခဲ့လို့ အမေ့ဆန်ဒကို အလွယ်တစ်ကူလိုက်လျောခဲ့တဲ့အပြင် ချက်ခြင်းကို လုပ်ပေးဖို့ အမေ့ကိုပြောခဲ့တယ်........

စိတ်မြန်တဲ့အမေကလည်း သူ့မောင်ညီမတွေကို လက်ဆွဲ ဇာတိမြေကိုပြန်ပြီး မေမေကြီးနဲ့ ဘဘကြီးကို သမီး တိုက်ဆောက်ပေးမယ်ဆိုပြီး လိုအပ်တာတွေကို ဇက်တိုက် တွန်းပြီး လုပ်ခဲ့တယ်........အဲဒီကာလမှာတော့ အမေနဲ့အဖေ ကိုယ်ပိုင်စီးပွားရေးကတစ်ဖက် အဖေ့ရုံးလုပ်ငန်းကတစ်ဖက် အိမ်ဆောက်နေတာတစ်ဖက်နဲ့ ပြားပန်းခပ်အောင်အလုပ်ရှုပ်နေခဲ့ကြတယ်.....တစ်ခါတစ်လေဆို ကျွန်တော့်ကိုတောင် မခေါ်နိုင်လောက်အောင် အမေနဲ့အဖေ ဟိုပြေးဒီပြေး ပြေးနေခဲ့ကြရတယ်........ဒီကြားထဲမှာပဲ အဖေ့ကို အမေရိကား ပညာတော်သင်သွားဖို့ စာထွက်လာခဲ့တယ်..........အဖေနဲ့အမေ သိပ်ပျော်ခဲ့သလို ကျွန်တော်တို့လည်း သိပ်ပျော်ခဲ့ကြတယ်.......အဲဒီအချိန်က အမေရိကားပညာတော်သင်သွားရင် ပိုက်ဆံ တော်တော် ရတဲ့အချိန်ဆိုတာကို သိထားကြတဲ့အပြင် အဖေက သူမသွားခင် လည်း ဆောက်ပေးနေတဲ့ အိမ်ကို အပြီးဆောက်သွားပေးချင်ခဲ့တယ်.........အိမ်ဆောက်တယ်ဆိုတာကလည်း မှန်းထားရင် မှန်းထားတာထက် ပိုကုန်ကျတော့ အဖေနဲ့အမေ လက်ထဲကိုင်ထားတဲ့ ပိုက်ဆံ ပြတ်ခဲ့တယ်........နောက်ဆုံး ဆောက်ရင်းတန်းလန်း ပိုက်ဆံ ထပ်ပြီး လိုအပ်လာတဲ့အချိန်မှာတော့ ဘဏ်မှာ အပ်ထားတဲ့ ပိုက်ဆံ ကိုပဲ ထုတ်လိုက်ကြတာပေါ့ဆိုပြီး အဖေနဲ့အမေ ဆုံးဖြတ်ခဲ့တယ်.....ဘဏ်ကို ပိုက်ဆံသွားထုတ်တဲ့နေ့က ကျွန်တော်ရယ်အဖေရယ်အမေရယ် သွားထုတ်ခဲ့ကြပြီး မေမေကြီးတို့ ရှိတဲ့ ဇာတိမြို့ကို ထွက်လာခဲ့ကြတယ်.......စနစ်ဆိုးရဲ့ သားကောင် ဖြစ်ကြတော့မယ့် အမေနဲ့အဖေ ရှေ့ရေးကိုသာ တိုင်ပင်ဆွေးနွေးပြီး ကျွန်တော့်လက်ကိုဆွဲလို့ မေမေကြီးတို့ဆီ ရောက်လာခဲ့ကြတယ်.....

အိမ်ဆောက်ဖို့ ဘဏ်ကထုတ်လာတဲ့ ငွေထုပ်ကိုင်လို့ အဖေနဲ့အမေ မေမေကြီးတို့အိမ်ကိုရောက်တဲ့ အချိန်မှာတော့ အဖေနဲ့အမေ အထူးသဖြင့် အမေ့ကို အလဲထိုးမယ့် သတင်းဆိုးက စောင့်ကြိုနေတော့တယ်.....တစ်ကယ့်ကို ကံဆိုးချင်လို့ ဖြစ်ခဲ့ရသလိုဖြစ်ခဲ့ရတာကတော့ အမေတို့ ပိုက်ဆံထုတ်ပြီး မေမေကြီးတို့ဆီအလာမှာပဲ အစိုးရရဲ့ ၇၅ ကျပ်တန် ၂၅ ကျပ်တန် စတာတွေကို ဖျက်သိမ်းလိုက်တာပါဘဲ........အမေတို့ ရောက်ရောက်ချင်းပဲ အမေ့မောင်တွေညီမတွေနဲ့ မေမေကြီးပါ အပါအ၀င် အသည်းအသန် စီးပြီးပြောကြပေမယ့် အရာရာဟာ အချိန်နှောင်းခဲ့တယ်......အမေက ချက်ခြင်းပဲ မဟုတ်ပါဘူး မဟုတ်ပါဘူး ဆိုပြီး တွင်တွင်ငြင်းနေပေမယ့် အမေ့ပါးပေါ်မှာတော့ မျက်ရည်တွေ တွေတွေကျပြီး ငိုသံပါနဲ့ ဒါဟာ အမှန်မဟုတ်ပါဘူးဆိုတာကို ပြောနေတဲ့ အမေ့ကို ကျွန်တော်မြင်ခဲ့ရတယ်.......တရားသမား မဟုတ်ပေမယ့် အေးချမ်းပြီး အရာရာကို တည်တည်ငြိမ်ငြိမ် ဖြေရှင်းတတ်တဲ့အဖေကတော့ အမေ့ကို စိတ်လျော့လိုက်ဖို့နဲ့ လူထက် အရေးကြီးတာ ဘာမှမရှိကြောင်းအပြင် ဘ၀အစမှာတောင် လက်ထဲတစ်ပြားမှမရှိပဲ ရပ်တည်ခဲ့ကြသေးတာပဲ အခု တို့မှာ လက်ဝတ်လက်စားနဲ့ ပိုက်ဆံ ကျန်သေးတာပဲ ဆိုတာကို တရားချနေပေမယ့် အမေကတော့ တန်းလျားတစ်ခုပေါ်လှဲလို့ လူမမာတစ်ယောက်လို ဖြစ်ခဲ့ရတယ်.......

အမေ့မောင်တွေညီမတွေက အမေ့ကို အဲလိုမြင်လိုက်ရတော့ အားလုံး ရှိုက်ကြီးတစ်ငင် ငိုကြတဲ့အချိန်ကျမှ အမေက စိတ်ကို ထိန်းပြီး ဘာမှမပူနဲ့ အစ်မမှာရှိသေးတယ် အစ်မ ဒီအိမ်ကိုပြီးအောင် ဆောက်ပေးမယ်လို့ အမေ ပြောပြီး အဖေနဲ့အမေ သုံးမရတော့တဲ့ ငွေထုတ်ကို ပြန်လဲပေးလိမ့်နိုးနဲ့ အဖေတာဝန်ကျတဲ့နေရာကို အဲဒီငွေထုတ်ပိုက်လို့ ပြန်လာခဲ့ကြတယ်......အိမ်ပြန်ရောက်တဲ့ အချိန်မှာတော့ အမေ့ကို တရားပြခဲ့တဲ့ အဖေ အသားတဆတ်ဆတ် တုန်အောင် ဒေါသထွက်ခဲ့ရတော့တယ်.......ကျွန်တော့်တစ်သက်မှာ အဖေ ဒီလို ဒေါသထွက်တာကို ရှားရှားပါးပါး အဲဒီတစ်ခေါက်နဲ့ နောင် ကျွန်တော်ကြီးလာတဲ့အချိန် အမေ့အစ်မကြီး ကြောင့် တစ်ခါပဲ တွေ့ခဲ့ရဘူးတယ်........အဖေနဲ့အမေ ကျွန်တော် အိမ်ပြန်ရောက်တဲ့အချိန်မှာ အိမ်မှာထားခဲ့တဲ့ အစ်ကိုနဲ့အစ်မက အားရ၀မ်းသာ အဖေနဲ့အမေ ပြန်လာပြီဟေ့ဆိုပြီး ထွက်ကြိုတဲ့အထိ အေးဆေးပေမယ့် ပြစ်စည်းတွေကူဆွဲပေးရင် အစ်ကို ပြောလိုက်တဲ့ စကားကို ကြားတော့ အဖေ့ရဲ့ ဘာ ဆိုတဲ့ အသံက ကျယ်ကျယ်လောင်လောင်ထွက်ခဲ့တော့တယ်.......အဖေနဲ့အမေ တစ်ခြားမြို့က ဘဏ်ကို ပိုက်ဆံသွားထုတ် တစ်ခါ မေမေကြီးတို့ဆီအသွား လေဒီယို သတင်းနားထောင်ပြီး သတင်းကြိုသိနေပြီး အမေတို့လည်း ပိုက်ဆံထုတ်ပြီး မေမေကြီးတို့ဆီလာနေပြီဆိုတာကို သိတဲ့ အမေ့အောက်က မောင်က အဖေနဲ့အမေ လမ်းခုလတ် မှာတင် ကလေးသာသာပဲ ရှိသေးတဲ့ အစ်ကိုနဲ့အစ်မ သာကျန်ခဲ့တဲ့အိမ်ကို အရောက်သွား အဖေ ပထမတစ်ခေါက်ပြန်လာတုန်းကပါလာတဲ့ နတ်သေးသေးလေးတွေပေါ်မှာကအစ မိချောင်းရုပ်ကလေးတွေပါတဲ့ မိချောင်းစက်ဘီး လေး ၊ တီဗွီ နဲ့ နေရှင်နယ် လေဒီယိုကြီးကို အမေနဲအဖေ ကိုပြောပြီး ငွေပေးပြီးပြီ အခု သူတို့ ပြန်မလာနိုင်သေးဘူး အိမ်ကိတ်စ ရှုပ်နေတယ် ဒါ့ကြောင့် ကြိုပြီးလာယူတာဆိုတာ ဆိုပြီး ယူသွားတဲ့အကြောင်း ကို ပြောပြခဲ့တယ်......

အစ်ကို့စကားလည်းဆုံးရော အဖေက ဒေါသတွေ အကြီးအကျယ်ထွက်ပြီး ချက်ခြင်း ပြန်သွားမယ် အလုပ်မှာ အမေက အဖေ့ကို အသည်းအသန်ဆွဲရတော့တယ်.......အဖေက ပြစ်စည်းကိုနှမျောတာထက် မောင်နှမအရင်းဖြစ်ပြီး ဒီလောက် ပူဆွေးဗျာပါဒ များနေရချိန်မှာ ကလေးတွေကို ကလိမ်ကကျစ်လာလုပ်သွားတာကို ဒေါသထွက်ခဲ့တာပါဘဲ........အမေ့အောက်က မောင် ကျွန်တော်တို့ အခေါ် ဦးကိုကြီး ကလည်း အင်မတန်ကို စီးပိုး ကပ်စီးနည်း ပိုက်ဆံရှိသလောက် သေသည်အထိ အမေ့အပေါ်မှာ အမေ့စိတ်ရင်းကို နင်းပြီး ရရင်ရသလောက် ယူခဲ့တဲ့လူတစ်ယောက်ပါဘဲ.....သူယူသွားခဲ့တဲ့ စက်ဘီးလေးကလည်း အမျိုးအစားက ကောင်းလို့လား သူတို့ပဲ ရိုသေလို့လားမသိ နှစ်ပေါင်း ၂၀ ကျော်ကြာ အထိ သူတို့အိမ်မှာ ရှိနေခဲ့သလို အဲဒီစက်ဘီးလေးကို တွေ့တိုင်းလည်း ကျွန်တော်က ကျွန်တော်နဲ့ ညီအစ်ကိုဝမ်းကွဲ သူ့သားတွေကို မင်းတို့ အဖေ ငါတို့အိမ်က ခိုးသွားတဲ့စက်ဘီး ဆိုပြီးပြောသလို သူ့ကိုလည်း ဦးကိုကြီး ကျွန်တော်တို့အိမ်က ခိုးသွားတဲ့ စက်ဘီးရှိသေးတယ်နော်လို့ အမြဲပြောတတ်လို့ အမေ့ကို နင့်သားက မမေ့သေးဘူးလို့ ပြောခဲ့တဲ့အထိ အဲဒီအဖြစ်အပျက်ကလည်း ကျွန်တော့်ခေါင်းထဲမှာ စွဲနေခဲ့တယ်.....(ကျွန်တော်တို့ အိမ်မှာ စက်ဘီးမလိုအပ်တော့ပေမယ့် အဲဒီစက်ဘီးလေးကိုတွေ့တိုင်း ငါတို့စက်ဘီးလေးဆိုတဲ့ စိတ်က ကျွန်တော့်ဆီမှာ ချက်ခြင်း ပေါ်လာတတ်တယ်.........)

ဆိုခဲ့သလို အဖေနဲ့ အမေလည်း ဘာမှသုံးမရတော့ တဲ့ ငွေထုတ်နဲ့ စိတ်ဆင်းရဲ ၀မ်းနည်းရတာကတစ်မျိုး အမေ့မောင် ကလိမ်ကကျစ်လာလုပ်သွားတာကို စိတ်တိုဒေါသထွက်ရတာကတစ်မျိုးနဲ့ အဲဒီရက်ပိုင်းက အိမ်မှာတိတ်တိတ်ဆိတ်ဆိတ် ဖြစ်ခဲ့ရတယ်..........နောက်ရက်တွေမှာ အမေက ငွေတွေပြန်လဲပေးလိမ့်နိုး ဒီငွေတွေကို အလိုက်ပေးပြီး လဲပေးတဲ့လူတွေ လာလိမ့်နိုးနဲ့ မျော်လင့်ခဲ့ပေမယ့် ဘာမှတော့ အရာမထင်ခဲ့ဘူး........အဖေကလည်း မေ့လိုက်ပါတော့လို့ ပြောခဲ့သလို အမေ့လုပ်ငန်း နဲ့ အဖေ နိုင်ငံခြားသွားဖို့အတွက် လုပ်စရာရှိတာတွေလည်း လုပ်ရအုန်းမှာမို့ အမေနဲ့အဖေ အချိန်အကြာကြီးတော့လည်း ပူဆွေးချိန်မရခဲ့ဘူး..........ဒီလိုနဲ့ ပိုက်ဆံတွေပြန်လဲပေးနိုး လည်းစောင့်ရင်း လုပ်လက်စ အလုပ်တွေလည်းလုပ်ရင်း အဖေ နိုင်ငံခြားသွားဖို့ အချိန် နီးကပ်လာလို့ အဖေ့အတွက် အမေ အထုတ်အပိုးထုတ်ပေးပြီး အဖေလည်း ကျွန်တော်တို့ကို နှုတ်ဆက်လို့ လုပ်စရာရှိတာတွေလုပ်ရအောင် တစ်လလောက် ကြိုပြီး အဖေ ရန်ကုန်ကို ထွက်သွားခဲ့တော့တယ်........ကျွန်တော်တို့လည်း နိုင်ငံခြားမှာ နှစ်အကြာကြီးနေဖို့ ထွက်သွားတဲ့အဖေ့ကို အမေ့အလုပ်တွေရှိတာကြောင့် ရန်ကုန်ထိ လိုက်မပို့နိုင်ပဲ အဖေ ထွက်သွားတာကို မျက်စိတစ်ဆုံးကြည့်ရင်း လက်တွေပြလို့ ကျန်ခဲ့ကြတယ်.......

ဒီလိုနဲ့ အဖေထွက်သွားပြီး တစ်လနီးပါးလောက်မှာ အဖေ့ဆီက ဖုန်းဝင်လာခဲ့တယ်.......နောက် တစ်ပါတ်ကျော်လောက်ဆို အဖေ နိုင်ငံခြားကို သွားတော့မှာ ဖြစ်လို့ ကျွန်တော်တို့ဆီကို ဖုန်းဆက်ခဲ့တာပါဘဲ.......အမေနဲ့ ကျွန်တော်တို့လည်း အဖေနဲ့ ၀မ်းသာအားရစကားတွေပြောခဲ့ကြတယ်........ကျွန်တော်တို့ကလည်း လိုချင်တာတွေ မှာသလို အဖေကလည်း လိမ်လိမ်မာမာနေဖို့ အမေ့စကားနားထောင်ဖို့ အမေ့ကိုလည်း ကလေးတွေကိုဂရုစိုက်ဖို့ မိသားစု အလွမ်းသယ်ပြီးဖုန်းချခဲ့ကြတယ်........ကျွန်တော်တို့ မောင်နှမတွေလည်း ကလေးအတွေးနဲ့ အဖေပို့လာမယ့် လက်ဆောင်တွေ ကို စိတ်ကူးယဉ်ပြီးပျော်ခဲ့ကြသလို အမေလည်း စိတ်ကူးနဲ့မြူးခဲ့တာပေါ့...........အဲဒီစိတ်ကူးတွေ အပျော်တွေနဲ့ ၂ ရက် ၃ ရက်လောက် နေအပြီးမှာတော့ မနက်စောစော ကျွန်တော်တို့ အိမ်တံခါးကို တစ်ဒေါက်ဒေါက် လာခေါက်နေတဲ့ အသံကို ကျွန်တော်တို့ကြားခဲ့ရတယ်........

5 comments:

သူမ said...

အင်း။ ၇၅၊၂၅ တန်တွေ သိမ်းသွားတဲ့အချိန် သတိရမိသေး။ အမေ့ သစ်တာ တစ်လုံးစာလောက်ပါသွားတယ်။ ငယ်သေးလို့ အဲဒီတုန်းက အဲဒါတွေ နားမလည်ခဲ့ဘူး။ မြန်မာပြည်က လူတွေအများကြီး အထိနာသွားကြတယ်။ အားလုံးလိုလိုခံကြရမယ် ထင်ပါရဲ့။
တံခါးခေါက်သံနောက်ပိုင်းဘာဖြစ်လဲ။ လုပ်ပါဦး။ ဘာတွေဖြစ်ပြန်ပြီလဲ။ ၁၉ ဖတ်ဖို့ စောင့်နေတယ်။

Anonymous said...

တံခါးခေါက်ကို ဘယ်သူခေါက်တာလဲ... ဆက်၇န်မျှော်...

Anonymous said...

ဆက်အားပေးနေပါတယ် ကိုနောင်သူ
avocado

တသက်တာ said...

အလည်ထပ်ရောက်ပါတယ်။ ၁၉ ဖတ်ဖို့ စောင့်မျှော်နေပါတယ်။

Anonymous said...

'စနစ်ဆိုးရဲ့ သားကောင်' ဒီအသုံးအနှုန်းလေးက ထိထိမိမိရှိလှတယ်။ အမြဲလာဖတ်ဖြစ်တဲ့ ဘလော့ လေးတစ်ခုပါ။

ရာခေလ