Friday, June 11, 2010

ဘိုထိုင်

အေးချမ်းလှသော နှင်းမှုန်များကြားတွင် ထည်ဝါခန့်ငြားစွာ မီးရောင်ထိန်ထိန်ငြီးနေသော ဖရန့်ဖွတ် အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီး
၏ လေဆိပ် လုံခြုံရေး ရဲစခန်းအတွင်းတွင် ရုတ်တရက် အချက်ပေးခေါင်းလောင်းသံများ ဆူဆူညံညံထွက်ပေါ်လာတော့သည်။ တာဝန်ကျရဲဝန်ထမ်းများ တာဝန်ချိန်ပြီးဆုံး၍ အိမ်ပြန်ရန် အ၀တ်အစားလဲနေသော ရဲဝန်ထမ်းများ ကော်ဖီသောက်၍ အေးအေးလူလူ စကားဝိုင်းဖွဲ့နေသော ရဲဝန်ထမ်းများ ရုတ်တရက် ကြားလိုက်ရသော အချက်ပေးခေါင်းလောင်းသံကြောင့် ချက်ချင်းပင် ပင်မ ရုံးခန်းရှိရာသို့ အပြေးအလွှားထွက်ခွာသွားကြသည်။ အချက်ပေးခေါင်းလောင်းသံကား အဆက်မပြတ်ထွက်ပေါ်နေဆဲ.......


ပုံမှန်အားဖြင့်ဆိုလျှင် ကမ္ဘာတစ်ဝှမ်း အထူးစိုးရိမ်နေရသော အကြမ်းဖက်သမားများရန်မှ ကာကွယ်ရန် အနည်းငယ်ပို၍ ဂရုစိုက်ရသည်မှလွဲ၍ ဤဖရန့်ဖွတ်လေဆိပ်ကြီးတွင် အထူးအထွေ ပြဿနာမရှိလှ၍ တာဝန်ကျရဲဝန်ထမ်းများအဖို့ ပြောပလောက်အောင် အလုပ်မရှုပ်ချေ။ သို့သော် ယနေ့တာဝန်ကျသော ရဲများအဖို့ကား ထူးခြားပြီး အနည်းငယ် အလုပ်ရှုပ်သော နေ့ဟု ခေါ်ရမည်။ အထူးသဖြင့် ကလောက်စ် နှင့် ဖွန်လောက် ဖြစ်သည်။ ကလောက်စ် နှင့် ဖွန်လောက်မှာ ငယ်စဉ်ထဲကပင် ရဲအရာရှိဖြစ်ချင်ခဲ့ပြီး ရဲအရာရှိလောင်းများခေါ်သော အခါတွင်လည်း ပြိုင်တူ လျှောက်လွှာတင်ခဲ့ပြီး လူပေါင်းများစွာထဲမှ လက်ရွေးစဉ် အရွေးခံခဲ့ရသော လူအနည်းငယ်တွင် ပါခဲ့သော လူငယ်ရဲအရာရှိနှစ်ဦးဖြစ်သည်။ အထူးသဖြင့် ယနေ့အဖို့ သင်တန်းမှဆင်းပြီးပြီးချင်း ရဲအရာရှိ အသစ်စက်စက် ကလောက်စ်နှင့်ဖွန်လောက်တို့အတွက် ပထမဆုံးတာဝန်ကျသောနေ့ဖြစ်သလို တာဝန်ကျရာနေရာသည်လည်း ဖရန့်ဖွတ်အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးဖြစ်သောကြောင့် လူငယ်ရဲအရာရှိလေး နှစ်ဦးကား တက်ကြွလန်းဆန်းနေတော့သည်။ ပျားပန်းခပ်မျှ သွားလာလှုပ်ရှားနေသော ခရီးသည်များကြားတွင် တည်ကြည်သော မျက်နှာပေး စူးရှသောမျက်ဝန်း ခန့်ငြားသော ဟန်ပန်တို့ဖြင့် တာဝန်ထမ်းဆောင်နေသော ဂျာမန် ရဲအရာရှိလေးများဖြစ်သည့် ကလောက်စ်နှင့် ဖွန်လောက် ကို မြင်ရသည်နှင့် ခရီးသွားများအဖို့ စိတ်ချလုံခြုံမှုကို ခံစားရစေနိုင်ပြီး တာဝန်ထမ်းဆောင်နေသော ကလောက်စ်နှင့်ဖွန်လောက်တို့မှာလည်း တက်ကြွသော လူငယ်အရာရှိလေးများ ဖြစ်သလို ရဲအရာရှိအနေဖြင့် ပထမဆုံးယူရသော တာဝန်ဖြစ်သောကြောင့် အထူးပင် အားစိုက်၍ တာဝန်ထမ်းဆောင်နေခဲ့သည်။ အချိန်အားဖြင့်ဆိုသော် ရဲစခန်းအတွင်းမှ အရေးပေါ် အချက်ပေး ခေါင်းလောင်းသံထွက်ပေါ်မလာခင်ငါးနာရီအလိုခန့်မှ ဖြစ်သည်။


အထူးအာရုံစိုက်ပြီး အခိုက်အတန့်လေးမျှပင် ရပ်တန့်၍ အနားမယူပဲ အရှေ့မှအနောက် တောင်မှမြောက် လေဆိပ်တစ်ခွင် လူးလားခေါက်တုန့်လျှောက်လှမ်းပြီး ဥဒဟို သွားနေသော ခရီးသည်များကြားတွင် တာဝန်ထမ်းဆောင်နေသော ကလောက်စ်နှင့်ဖွန်လောက်တို့၏ သိမ်းငှက်ကဲ့သို့ စူးရှသော မျက်လုံးထဲတွင် မသင်္ကာဖွယ်ရာ လူသုံးဦးကို ပြိုင်တူ တွေ့လိုက်မိတော့သည်။ အချင်းချင်းလည်း မျက်လုံးဖြင့် စကားပြော၍ သားကောင်အနံ့ရသော ကျား ကဲ့သို့ နှစ်ဦးစလုံး ခံစားလိုက်ရတော့သည်။ ဤခရီးသည် သုံးဦးကား လူဆိုးလား လူကောင်းလား ......။သေချာသည်ကတော့ မသင်္ကာစရာကောင်းနေသည်မှာအမှန်ပင်ဖြစ်သည်။ အာရှမျက်နှာပေါက်ဖြင့် ဥဒဟိုသွားလာနေကြသည့် ခရီးသည်များကြားတွင် တောင်ကြည့် မြောက်ကြည့်ဖြင့် လုပ်နေသော ခရီးသည် သုံးဦးအား သေချာစစ်မေးမှရတော့မည်။ ကလောက်စ်နှင့်ဖွန်လောက် တစ်ဦးကိုတစ်ဦးအချက်ပြ၍ ခရီးသည် သုံးဦးနား ချဉ်းကပ်သွားသလို တစ်ဆက်ထဲမှာပင် ဖွန်လောက်မှ ပင်မရုံးခန်းအား မသင်္ကာစရာ ခရီးသည် သုံးဦးအား တွေ့ထားကြောင်း တာမင်နယ် ဘယ်လောက် ဂိတ်နံပါတ် ဘယ်လောက် နားတွင်ဖြစ်ကြောင်းကို သတင်းပို့လိုက်တော့သည်။

ကလောက်စ်နှင့်ဖွန်လောက် မသင်္ကာစရာ အာရှခရီးသည် သုံးဦးနားရောက်သွားချိန်တွင်တော့ ကလောက်စ်မှ ဦးစွာ ဟယ်လို ကျွန်တော်တို့ လေဆိပ် လုံခြုံကျရဲဝန်ထမ်းတွေဖြစ်ပါတယ်...မိတ်ဆွေတို့ ခရီးသွားခွင့်စာအုပ် (passport) ကိုစစ်ဆေးခွင့် ပြုပါခင်ဗျာ ဟု အဓိပ္ပါယ်ရသော ဂျာမန်စကားဖြင့် ပြောလိုက်သော်လည်း မသင်္ကာစရာခရီးသည်သုံးယောက်မှာ ကြောင်စီစီသာ ကြည့်နေသောကြောင့် ဖွန်လောက်မှ မင်းကလည်း သူတို့ ဂျာမန်လို ဘယ်တတ်မှာတုန်း ငါ အင်္ဂလိပ်လို မေးလိုက်မယ်ဟုဆိုကာ ကလောက်စ်မေးသော အဓိပ္ပါယ်အတိုင်း အင်္ဂလိပ်လို မေးလိုက်တော့သည်။ အမှန်တော့ သူသည်လည်း အင်္ဂလိပ်လို တတ်လှသည် မဟုတ်ချေ။ တစ်ဖက်သား နည်းလည်သဘောပေါက်ရန် အနည်းငယ်ပြောတတ်ရုံသာဖြစ်သည်။ ထိုသို့ ဖွန်လောက် အင်္ဂလိပ်လို ပြောလိုက်မှ မသင်္ကာစရာ အာရှခရီးသွား သုံးယောက်ထဲမှ လည်လည်ဝယ်ဝယ် ရှိဟန်တူသော ခရီးသည်လူငယ်တစ်ယောက်က ငါတို့ မော်ရိုကို သွားမယ် မော်ရိုကို သွားမယ် ဟုသာ တွင်တွင်ပြန်ပြောတော့သည်။ ဖွန်လောက်မှ ပါတ်စ်ပို့ ပြပါ ဟု ထပ်မံပြောသော်လည်း ထိုလူငယ်မှ ငါတို့ မော်ရိုကို သွားမယ်ဟု သာ ပြန်ပြောပြန်သည်။ ထိုသို့ သုံးလေးခါ ဖြစ်အပြီးမှာတော့ ဖွန်လောက်ထက်စာလျှင် စိတ်အနည်ငယ်ဆတ်သော ကလောက်စ်မှာ ခပ်ဆတ်ဆတ်ဖြင့် ပါတ်စ်ပို့ ပါတ်စ်ပို့ ဟု လက်ဟန်ခြေဟန်ကော ပြလျက် ၀င်ပြောလိုက်တော့မှ အာရှခရီးသွား သုံးယောက်မှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍ သူတို့ပါတ်စ်ပို့များ ထုတ်၍ ကလောက်စ် လက်ထဲအားထည့်လိုက်သည်။

ပင်မရုံးခန်းထဲမှ တာဝန်ကျနေသော ရဲဝန်ထမ်း သုံးယောက်မှာလည်း ရဲအရာရှိ အသစ်ဖြစ်သော ကလောက်စ်နှင့်ဖွန်လောက်တို့ ဖြစ်ပျက်နေပုံကို ဖွန်လောက် သတင်းပို့ပြီးချိန်မှစ၍ လုံခြုံရေးကင်မရာများမှ အဆက်မပြတ်ကြည့် ရှုနေသောကြောင့် အလုံးစုံမြင်နေရသည်။ ကလောက်စ်မှာ ပါတ်စ်ပို့ စာအုပ် သုံးအုပ်အား ထပ်ကိုင်ပြီး သေချာကြည့်ရှု စစ်ဆေးနေသလို ဖွန်လောက်ကလည်း အသင့်အနေအထားဖြင့် ခရီးသည်သုံးဦးအား သေချာစောင့်ကြည့်နေသည်။ အတန်ငယ် ကြာပြီးချိန်တွင်တော့ ကလောက်စ် က ဖွန်လောက်ကို တီးတိုးကပ်ပြောပြီး ဖွန်လောက်အား ပါတ်စ်ပို့ စာအုပ်များတစ်လှည့်ပေးကြည့်ကာ ဖွန်လောက်ထက် ပိုသော သတိအနေအထားဖြင့် မသင်္ကာစရာ ခရီးသည် သုံးဦးအား အထူးစောင့်ကြည့်နေတော့သည်။ ဖွန်လောက် ပါတ်စ်ပို့ များအား သေချာကြည့်ရှုအပြီးတွင်တော့ ကလောက်စ်ဘက်အားလှည့် ၍ ရက်စ် ဟု တစ်လုံးထဲဆိုကာ လမ်းလျှောက်စကားပြောစက်ဖြင့် ပါတ်စ်ပို့အတုဖြင့် ခရီးသည် သုံးယောက် တွေ့ထားကြောင်း ရဲသုံးယောက် သူတို့ဆီကို ပို့ပေးရန်လိုကြောင်း စသည့် အဓိပ္ပါယ် ရသော စကားကိုပြောပြီးသည်နှင့် အာရှခရီးသွား မသင်္ကာစရာ ခရီးသည် သုံးဦးဘက်လှည့်၍ မင်းတို့ကို ဆက်သွားခွင့် မပြုနိုင်ကြောင်း ရဲစခန်းကို လိုက်ခဲ့ရမည်ဖြစ်ကြောင်းကို အင်္ဂလိပ်လိုအပြင် လက်ဟန် ခြေဟန်နှင့်ပါ ပြလိုက်ရာ အနည်းငယ်သွက်သော လူငယ်မှာ မော်ရိုကို သွားမယ် ငါတို့မော်ရိုကို သွားမယ်ဟုသာ တွင်တွင်ပြောပြီး ဖွန်လောက် လက်ထဲတွင် ကိုင်ထားသော စာအုပ်များအား ပြန်ယူမည်ပြုရာ ဖွန်လောက်မှာ သူ့လက်ကို နောက်ဆုတ်လိုက်သကဲ့သို့ ကလောက်စ် ကလည်း အသင့်အနေအထားဖြင့် သေနတ်ပေါ် လက်တင်လိုက်သော်လည်း အာရှလူငယ်မှာ ဆက်မတိုးလာသလို ပင်မရုံးခန်းမှ ကူညီရန် ရောက်လာသော ရဲသုံးဦးလည်း ရောက်လာသောကြောင့် မသင်္ကာစရာ ခရီးသည် သုံးဦးအား အလည်တွင်ထားပြီး ကလောက်စ်နှင့်ဖွန်လောက် အပါအ၀င် ရဲငါးဦးခြံရံကာ လေဆိပ်အတွင်းရှိ ရဲစခန်းသို့ ခေါ်ခဲ့တော့သည်။


ရဲစခန်းအတွင်းသို့ရောက်သော အခါ မသင်္ကာစရာ ခရီးသည်များအား စစ်မေးသော အခန်းထဲတွင် အာရှခရီးသွား သုံးဦးအားထည်ထားပြီး ကလောက်စ်နှင့်ဖွန်လောက်တို့၏ အထက်အရာရှိ မှ ကလောက်စ်နှင့်ဖွန်လောက် တာဝန်ချိန်တွင်ဖြစ်သောကြောင့် ၎င်းတို့ နှစ်ဦးတာဝန်ယူ၍ စစ်ရန် တာဝန်ပေးလိုက်တော့သည်။ ပထမဦးဆုံး တာဝန်ကျသော နေ့မှာပင် ပထမဆုံးအကြိမ် စစ်မေးရပြီး ဘာသာစကားမတူသော လူမျိုးများအား စစ်မေးရန် တာဝန်ကျသော ကလောက်စ်နှင့် ဖွန်လောက် မှာ စိတ်တော့ အတန်ငယ်ညစ်သွားမိသော်လည်း တက်ကြွသော လူငယ်ပီပီ ရအောင် စစ်မေးရန်သာ ဆုံးဖြတ်လိုက်သည်။ ပထမဦးစွာ ဖွန်လောက်မှ အင်္ဂလိပ်စကား တစ်ဝက် လက်ဟန်ခြေဟန်တစ်ဝက်ဖြင့် အာရှခရီးသွား သုံးဦးအား သင်တို့ ခရီးသွားစာအုပ်မှာ အတုများဖြစ်ကြောင်း သင်တို့အား ဆက်သွားခွင့်မပြုပါကြောင်း လေဆိပ်လုံခြုံရေး ဥပဒေ အရ သင်တို့အား ချုပ်နှောင်ပြီး လိုအပ်သလို အရေးယူမှု ပြုသွားမှာဖြစ်ကြောင်း ပြောသော်လည်း အာရှခရီးသွား သုံးယောက်မှာ ရုတ်တစ်ရက် နားမလည်ချေ။ အတန်ငယ် ရှင်းပြပြီးမှ သာ နားလည်သွား၍ ဖွန်လောက် သက်ပြင်းချနိုင်သော်လည်း ပါတ်စ်ပို့ စာအုပ်တွင် ပါသော နိုင်ငံအား မည်သည့်နိုင်ငံမှန်း မသိ၍ ခရီးသည်သုံးဦးအား မေးလျှင်လည်း လိပ်ပါတ်လည်မည်မဟုတ်ဟု ထင်သောကြောင့် ကွန်ပျူတာထဲတွင် အပြေးအလွှားရိုက်ကြည့်လိုက်ရသေးသည်။ ထိုအချိန်ကျမှသာ မသင်္ကာစရာ အာရှခရီးသွား သုံးဦးမှာ ယခင်က ဘားမား ယခု မြန်မာ ဟုခေါ်ဆိုသော နိုင်ငံမှ လာကြသော အာရှသားများဖြစ်ကြောင်း သိလိုက်ရတော့သည်။ ထူးဆန်းပေစွ ကလောက်စ်နှင့်ဖွန်လောက်အဖို့ ဤအမည်ရှိသော အာရှနိုင်ငံအား ယခုမှ ကြားဖူးသည်။ ပို၍ ထူးဆန်းသည်မှာ သူတို့နှစ်ယောက်စလုံး ရောက်ရှိလည်ပါတ်ဖူးသော ထိုင်းနိုင်ငံဘေး ကပ်ရက်တွင် ရှိခြင်းပင်။

သို့သော် အံ့သြထူးဆန်းစိတ်ကို အသာထား လုပ်စရာရှိတာတွေကို လုပ်ရပေအုန်းမည်။ အရင်ဆုံး ရဲလုပ်ထုံးလုပ်နည်းအရ ခရီးသည်များနှင့် ၎င်းတို့ပါလာသော ပစ္စည်းများအတွင်း တရားမ၀င် ပစ္စည်းများ ပါ မပါ ကို စစ်ဆေးရပေအုန်းမည်။ ၎င်းတို့ကို ရှာဖွေရမည်ဖြစ်ကြောင်း လက်ဟန်ခြေဟန်ဖြင့် ပြောဆိုပြီး လက်အိတ်ကိုယ်စီ စွပ်နေသော ကလောက်စ်နှင့်ဖွန်လောက်ကို ကြည့်၍ ခရီးသည်သုံးဦး၏ မျက်နှာမှာ မေဘယ်လ်ရွက်လောက်ပင် ရှိတော့သည်။ လက်အိတ်ကိုယ်စီဖြင့် ကလောက်စ်နှင့်ဖွန်လောက် နှစ်ဦးကတော့ ခရီးသည်များ ပါလာသော အသုံးအဆောင်များအား စတင်၍ လှန်လှောရှာဖွေလေတော့သည်။ သို့သော် မသင်္ကာစရာ တရားမ၀င် ပစ္စည်းကား တစ်ခုမှမတွေ့။ လူများ အလှည့်သာ ကျန်တော့သည်။ ကလောက်စ်နှင့်ဖွန်လောက်မှ ၎င်းတို့ အ၀တ်အစားများ ချွတ်ရန် ခိုင်းသောအခါ နှစ်ယောက်မှာ အသာတစ်ကြည်ပင် ဖြစ်သော်လည်း ခပ်သွက်သွက်လူငယ်မှာ မချွတ်နိုင်ကြောင်း သူ့နိုင်ငံသူ့ပြန်မှာဖြစ်ကြောင်း သူ့ပါတ်စ်ပို့ ပြန်ပေးပြီး သူ့ကို လေယာဉ်ပေါ်ပြန်တင်ပေးရန်တို့အား အော်ကြီးဟစ်ကျယ်ဖြင့်ပြောလေတော့သည်။ သို့သော် အချိန်ကား နှောင်းလေပြီ။ သူမည်မျှပင် အော်ကြီးဟစ်ကျယ် ထိတ်လန့်တစ်ကြား ပြောဆိုနေသော်လည်း သူပြောသလို လုပ်ခွင့်ကား မဖြစ်နိုင်တော့ပေ။ ပါတ်စ်ပို့အတုကိုင်ဆောင်ခဲ့မိသော သူ့အဖို့ကား ရဲအရာရှိ ကလောက်စ်နှင့် ဖွန်လောက် ခိုင်းသလိုသာလုပ်ရပေတော့မည်။ အနုနည်းဖြင့်မရလျှင် အကြမ်းကိုင်မည့်ဟန်ပြင်နေသော ကလောက်စ်နှင့် ဖွန်လောက်ကြောင့် နောက်ဆုံးတွင်တော့ အော်ကြီးဟစ်ကျယ်လုပ်နေသော မြန်မာလူငယ်သည်လည်း အားမတန် မာန်လျှော့လိုက်ရလေတော့သည်။


အတန်ငယ် စစ်ဆေးပြီးသော မည်သို့သော မသကာင်္စရာမျှမတွေ့သောကြောင့် ၎င်းတို့အား သက်တောင့်သက်သာ နေထိုင်နိုင်ရန် ခွင့်ပေးထားသော်လည်း ကလောက်စ်နှင့်ဖွန်လောက်မှာ အနားမယူနိုင်သေးချေ။ ၎င်းတို့ မိခင်သံရုံးကို ဆက်သွယ်ပြီး ချိတ်ဆက်အရေးယူရန် ဆောင်ရွက်ရသကဲ့သို့ ၎င်းတို့ လူမျိုး စကားပြန် ရှိမရှိ ဆက်သွယ်ရမည့် စာရင်းများထဲတွင် ရှာဖွေခြင်းများဖြင့် အလုပ်များ ပျားပန်းခတ်အောင် ရှုပ်ရတော့သည်။ အတန်ငယ်ကြာသော် ကလောက်စ်ရဲ့ အားရ၀မ်းသာ ဟစ်ကြွေးသံထွက်ပေါ်လာသောကြောင့် ဖွန်လောက်မှ ဘာလဲ ဘာလဲဟုမေးလိုက်သောအခါ ကလောက်စ်မှ မြန်မာလူမျိုး ဘာသာပြန် မိန်းမတစ်ယောက် ဖရန့်ဖွတ်တွင် ရှိကြောင်း ပြော၍ အချိန်ပင် မဆိုင်းတော့ပဲ ချက်ခြင်း ဖုန်းကောက်၍ ဆက်လေတော့သည်။ ခဏကြာသော် စကားပြန်ဆိုသူ အမျိုးသမီးဖြင့် ကလောက်စ် အချီအချစကားပြောကာ ယခု ရဲစခန်းတွင် ရှိနေသော သူများသည် မြန်မာလူမျိုးများ ဟုတ်မဟုတ် ကနဦး အတည်ပြုရန် ရဲစခန်းတွင်းရှိမြန်မာသုံးဦးစလုံးဖြင့် စကားပြန် အမျိုးသမီးအား စကားပြောခိုင်းပြီး အတည်ပြုချက်ယူရသည်။ ထို့နောက် စကားပြန်အမျိုးသမီးမှ ယခု ရဲစခန်းအတွင်းရှိနေသော သုံးဦးစလုံးသည် မြန်မာလူမျိုးများ ဖြစ်ကြောင်း အတည်ပြု လိုက်သောအခါ ကလောက်စ်နှင့်ဖွန်လောက်အဖို့ အတန်ငယ် စိတ်အေးသွားရပြီဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် မနက်မိုးသောက်၍ စကားပြန်အမျိုးသမီးလာလျှင် ထိုအမျိုးသမီးနှင့် မနက်တာဝန်ကျရဲဝန်ထမ်း လက်ထဲသို့ ထိုမြန်မာသုံးဦး အားလွှဲပြီးလျှင် ကလောက်စ်နှင့် ဖွန်လောက် တာဝန်ပြီးဆုံးပြီဖြစ်သည်။

ထို့နောက် လက်စသတ်စရာရှိသည်များ ရီပို့တင်စရာရှိသည်များကို အစသတ်လုပ်ဆောင်ပြီး မြန်မာပြည်သား သုံးဦးအား ယာယီအချုပ်ခန်းငယ်တွင် သော့ခတ်ထားခဲ့ပြီး ခဏအနားယူမည်ဟု ကျန်ကာ ကလောက်စ်နှင့်ဖွန်လောက် အလုပ်စားပွဲမှ ထလိုက်ပြီး မြန်မာပြည်သားခရီးသွား သုံးဦးအား ယာယီအချုပ်ခန်းငယ်ထဲသို့ ထည့်လိုက်တော့သည်။ ဖွန်လောက်တို့နှစ်ယောက် ယာယီအချုပ်ခန်းရှေ့မှ လှည့်ထွက်လုဆဲဆဲမှာပင် ခပ်သွက်သွက်လူငယ်မှ တွိုင်းလက် တွိုင်းလက် ဟု ပါးစပ်မှပြောကာ အိမ်သာ တက်သည့်ပုံစံလည်း ဒူးကွေးပြသဖြင့် ကလောက်စ်မှ စောစောကတော့ မပြောဘူး ဟု ပါးစပ်မှ ပွစိ ပွစိ ရေရွတ်ကာ အချုပ်ခန်းတံခါးအား ပြန်ဖွင့်ပြီး ထိုလူငယ်အား အိမ်သာရှိရာသို့ လိုက်ပို့ပေးရပြန်သည်။ မြန်မာလူငယ်အား အိမ်သာထဲသို့ ထည့်ပေးပြီး အိမ်သာရှေ့တွင် ရပ်၍ ယနေ့ ကြုံတွေ့ရသည့်အဖြစ်အပျက်များအား စမြုံ့ပြန်ပြောနေကြသော ကလောက်စ်နှင့် ဖွန်လောက်တို့၏ စကားသံများနှင့်အပြိုင် တရားခံများအတွက် ပုံစံပြု ဆောက်ထားသော အိမ်သာဖြစ်သောကြောင့် အိမ်သာ တံခါးအောက်ခြေဖြင့် ကြမ်းပြင် တစ်ထွာကျော်ကျော်ခွာထားသော နေရာမှ ၀မ်းသွားသံ ကိုလည်း အတိုင်းသား ကြားနေရသောကြောင့် ကလောက်စ်မှာ နှာခေါင်းလေးများပင် ရှုံ့လိုက်မိသေးသည်။

သို့သော် မည်သို့မျှ မတတ်နိုင်ချေ စောင့်ရှိသည်။ အိမ်သာထဲရှိနေသူအဖို့ ဒီထွက်ပေါက်တစ်ပေါက်သာရှိ၍ အိမ်သာထဲတွင် ဖောက်ထားသော အပေါက်ငယ်မှာလည်း ထူထည်းခိုင်ခန့်သော မှန်တစ်ထပ် သံဇကာ တစ်ထပ် ကာရံထားသောကြောင့် မည်သို့မျှ ထွက်ပြေးမလွတ်မြောက်နိုင်ပေ။ အိမ်သာ အ၀ တစ်ဖက်တစ်ချက်တွင် မှီ၍ စမြုံပြန်ပြောဆိုနေသော ကလောက်စ်နှင့်ဖွန်လောက်မှာလည်း ဤမြန်မာ ဘယ်အချိန်ထဲက အိမ်သာမသွားရသေးတာလည်းမသိဟု ကိုယ်စီတွေးမိသော်လည်း စမြုံ့ပြန်ပြောဆိုနေခြင်းအပေါ်တွင် ဈန်ဝင်လာသောကြောင့် အိမ်သာထဲမှ ခရီးသွားမြန်မာလူငယ်အား ခဏ မေ့လျော့သွားတော့သည်။ အတန်ငယ်ကြာသောအခါတွင်မှ စိတ်ရှည်သော ဖွန်လောက်ပင် ဒီကောင်ကလည်း ကြာလိုက်တာဟု ပြောသောအခါ စိတ်မြန်သော ကလောက်စ်က ရုတ်တရက် စိုးရိမ်သော မျက်နှာထားဖြင့် အိမ်သာတံခါးဖြင့် ကြမ်းပြင်ကြားဟထားသော နေရာမှ ကိုယ်ကိုယ် ကိုင်း၍ အိမ်သာထဲသို့ လှမ်းကြည့်လိုက်တော့သည်။ ရုတ်တရက် ကလောက်စ် မျက်လုံးများပင် ပြာသွားမိသည်။ အိမ်သာကြမ်းပြင်တွင် ခြေထောက် နှစ်ချောင်း မရှိတော့။ ခေါင်းပုတ်လောက်ကြီးသွားသော ကလောက်စ်မှာ မည်သို့များ ထွက်ပြေးလွတ်မြောက်သွားသနည်းဟု ဝေခွဲမရသော ထိတ်ထိတ်လန့်လန့် မျက်နှာဖြင့် ဖွန်လောက်အား ဟိုကောင် မရှိတော့ဘူး ဟု ပြောလိုက်သောအခါ ဖွန်လောက်လည်း ကဗျာကယာ ကြမ်းပြင်မှ ငုံ့ပြီး အိမ်သာထဲသို့ လှမ်းကြည့်သော အခါ အမှန်ပင်မရှိတော့ချေ။ အိမ်သာကြမ်းပြင်တွင် ချထားသော ခြေထောက်နှစ်ချောင်းကား စုပ်စမြုတ်စ ပျောက်နေချေပြီ .။ အိမ်သာကြမ်းပြင်ကား ဟာလာဟင်းလင်း.....။

အစောပိုင်းက မြန်မာများဖြစ်နေသော မေဘယ်လ် ရွက်လောက်မျက်နှာသည် ယခုတွင်တော့ ဖွန်လောက်နှင့်ကလောက်စ် မျက်နှာတွင် ဖြစ်ပေါ်နေတော့သည်။ ငါတို့ ဘယ်လို လုပ်ကြမလည်း ဟု အထစ်ထစ်အငေါ့ငေါ့ဖြင့်ပြောသော ဖွန်လောက် စကားအဆုံးတွင် ကလောက်စ်က နံရံပေါ်ရှိ အရေးပေါ်ခေါင်းလောင်း ခလုပ်အား နှိပ်ချလိုက်ပြီး ပင်မရုံးခန်းထဲတွင် ရှိသော အိမ်သာအား အပြင်မှဖွင့်လို့ရသော သော့အား ယူရန် ဒရောသောပါး ပြေးလွှားထွက်ခွာသွားတော့သည်။ ဖွန်လောက်မှာလည်း ခြေမကိုင်မိ လက်မကိုင်မိဖြင့် ကလောက်စ် နောက်မှ အပြေးအလွှားပင် ထပ်ချပ်မကွာလိုက်လာခဲ့တော့သည်။ စိတ်ထဲမှလည်း ဒီလောက် အထပ်ထပ် ကာထားသည့်နေရာအား မည်သို့များ ဤမျှ တိုတောင်းသော အချိန်လေးဖြင့် မည်သို့များ ဖောက်ထွက်ပြေးသွားလည်းဟု စဉ်းစား၍ မရနိုင်ချေ။ ခေါင်းလောင်းသံကား အဆက်မပြတ် မည်နေဆဲ.......။


ရုံးခန်းထဲသို့ ဒရောသောပါး ပြေးဝင်လာပြီး လမ်းတစ်လျှောက် ဘာဖြစ်မှန်းမသိ အရေးပေါ်ခေါင်းလောင်းသံကြောင့် အသင့်အနေအထားဖြစ်နေသော ရဲများကိုလည်း တရားခံထွက်ပြေးလို့ ဟု ကလောက်စ်က အော်ပြောသောကြောင့် အားလုံး ပျာယာခတ်ကုန်တော့သည်။ အိမ်သာဖွင့်လို့ရသော သော့ ယူပြီး ကလောက်စ်နှင့်ဖွန်လောက် ရုံးခန်းထဲမှ ပြန်ပြေးထွက်ချိန်တွင်တော့ လက်နက်အပြည့်အစုံဖြင့် ရဲများသာမက အထူးလေ့ကျင့်ပေးထားသော ခွေးများဖြင့် ရဲများပါ သူတို့ နှစ်ယောက် နောက်မှ အပြေးအလွှားလိုက်လာခဲ့တော့သည်။ မြန်မာလူငယ် တက်ခဲ့သော အိမ်သာရှေ့သို့ ရောက်သော အခါ ဒရောသောပါး ဖွင့်မည့် ပြုသော ကလောက်စ်အား အတွေ့အကြုံရှိ စီနီယာရဲအရာရှိမှ ကလောက်စ်အား တားလိုက်ပြီး သေနတ်တစ်ဖက်က ကိုင်ရင်း အသင့်အနေအထားဖြင့် သူကိုယ်တိုင် တံခါးကိုဖွင့်လိုက်တော့သည်။ ရဲများအားလုံးကား ဤမျှ လုံခြုံသော အနေအထားမှ ဖောက်ထွက်ပြေးနိုင်သောသူသည် သာမန်တော့မဖြစ်နိုင် ဟူသောစိတ်ဖြင့် သတိကြီးစွာထား၍ တံခါးကို ဖွင့်လိုက်သော အခါ......................


စတီးဖြင့် ပြုလုပ်ထားပြီး ကြမ်းပြင်ပေါ်တွင် ခြေချထိုင်နိုင်သော အိမ်သာအိုးပေါ်တွင် ခြေနှစ်ချောင်းတင်၍ ငုတ်တုတ်အနေအထားဖြင့် ထိုင်ကာ သေနတ်များ ချိန်ထားသည့်အပြင် မာန်ဖီနေသော ခွေးများအား ဆွဲထားသည့် ရဲများအား ကြောင်စီစီဖြင့် ကြည့်နေသော မြန်မာနိုင်ငံသား ခရီးသွား လူငယ်အား ဘွားကနဲတွေ့လိုက်ရလေတော့သည်။ အချက်ပေး ခေါင်းလောင်းသံများ ကြားရသည့်အပြင် အိမ်သာတံခါးအရွှေ၌ ရုတ်ရုတ်သဲသဲ အသံများ ကြားပြီးထဲက အကြောက်လွန်ကာ ကြက်သေ သေနေဟန် ရှိသော မြန်မာခရီးသွားလူငယ်အား ကြည့်ကာ လေ့ကျင့်သားဝ၍ စွမ်းရည်ပြည့်နေသော ဂျာမန်ရဲများလည်း ကြက်သေ သေ၍ နေတော့သည်။ ခွေးများသာ တစ္ဂြီဂြီး တစ္ဂြဲဂြဲ ဖြင့် ဘာကို ဆွဲချင်နေသည် မသိ ထိန်းထားသော ရဲလက်မှ ရုန်းထွက်ရန်သာ ကြိုးစားနေသည်။ ရဲများကား မည်သည့်စကားမှမဆိုနိုင် ကြက်သေ သေ၍ သာကြည့်နေတော့သည်။ အတန်ကြာမှ အကြီးဆုံး ရဲဝန်ထမ်းမှ တံခါးဟား ပြန်ပိတ်ခိုင်း၍ လက်အောက်ငယ်သားများရှေ့တွင် ဟန်ပင်မဆောင်နိုင် ခွက်ထိုး ခွက်လှန် ရီတော့သည်။ ကလောက်စ်နှင့်ဖွန်လောက်မှာလည်း ရှက်ရှက်ဖြင့် ရီကြသလို ကျန်ရဲအရာရှိများမှာလည်း ငိုအားထက် ရယ်အားသန် အပြိုင် အဆိုင် ရီကြလေတော့သည်။ ခွေးများ လူစကားတတ်လျှင် ခုတစ်မျိုး တော်ကြားတစ်မျိုး လူတွေ ဟုများ ပြောလေမလားမသိ......။


မြန်မာလူငယ် အိမ်သာတက်အပြီး လေဆိပ် ယာယီ အချုပ်ခန်းသို့ ပြန်ပို့သည့်တိုင် ကလောက်စ်နှင့်ဖွန်လောက်မှာ ရီချင်စိတ်ကို မထိန်းနိုင်သဖြင့် ပြုံးစိစိ ဖြစ်နေသလို ထိုည တစ်ညလုံး လေဆိပ်တာဝန်ကျ ရဲအရာရှိများအဖို့ မြန်မာလူငယ် အိမ်သာတက်ပုံနှင့် သူတို့ ဖြစ်ပျက်ခဲ့ပုံများကို ပြန်လည်ပြောဆိုရင်း တစ်ဝါးဝါး တစ်ဟားဟားဖြင့် ပွဲကျနေလေတော့သည်။ မနက်မိုးလင်း၍ စကားပြန်အမျိုးသမီး ရောက်လာပြီး မနက်ပိုင်း တာဝန်ကျ ရဲအရာရှိများ ရောက်လာပြီး တာဝန်တွေ လွှဲပြောင်းပေးသည့်တိုင် ကလောက်စ်နှင့်ဖွန်လောက်မှာ မျက်နှာပိုး မသတ်နိုင်သလို ကလောက်စ်တို့အား တွေ့သည့် ညပိုင်း တာဝန်ကျရဲများသည်လည်း ပြုံးစိစိ ဖြစ်သွားကြသည့် သူများကြည့်သာလျှင် ဖြစ်သည်။ အကြောင်းမသိသော စကားပြန်အမျိုးသမီးကား ကလောက်စ်နှင့်ဖွန်လောက် အပါအ၀င် ညပိုင်းတာဝန်ကျရဲများအား သူတွေ့ဖူးသမျှ ဂျာမန်ရဲများထဲတွင် မျက်နှာပိုး မသေဆုံးသော ရဲများဟု ထင်သွားမလား မပြောတတ်ချေ။

သို့သော် မည်သို့ တတ်နိုင်မည်နည်း ကလောက်စ်နှင့် ဖွန်လောက်တို့အဖို့ သူ့တို့ဘ၀တစ်သက်တာတွင် ယခုအချိန်ထိ ထိုမျှလောက် ရီစရာကောင်းသော အဖြစ်အပျက် မကြုံခဲ့ဖူးသည်ကား အမှန်ပင် ဖြစ်တော့သည်။



( မြန်မာလူငယ်တစ်ယောက် ကိုယ်တိုင်ပြောပြဖူးသော ကိုယ်တွေ့အဖြစ်အပျက်ကို ဖတ်ကောင်းအောင် ကျုပ်ကျက်လိ ပြီး ရေးလိုက်ပါသည်)

6 comments:

:P said...

ဟားဟားဟား.................။

နောက်ဘာဆက်ဖြစ်သွားသေးလဲ၊ Passport အတုလို့ ဘာလို့ပြောတာလဲ.. သိချင်သေးတယ်။ ဝတ္ထုက ဒါပဲလား။

naungthu said...

မသိချင်ပါနဲ့တော့ ပြောရမှာအရှည်ကြီးဆိုတော့ လက်ညောင်းမှာဆိုးလို့ :P

khin oo may said...

ည ပြန်လာထပ်ဖတ်မယ်။ ဇတ်အိမ်ရှည်တယ်။

khin oo may said...

ခွေးများသာ တစ္ဂြီဂြီး တစ္ဂြဲဂြဲ ဖြင့် ဘာကို ဆွဲချင်နေသည် မသိ ထိန်းထားသော ရဲလက်မှ ရုန်းထွက်ရန်သာ ကြိုးစားနေသည်။


အဲဒီအပိုဒ် အရယ်ရဆုံးဘဲ ဟာသဝတ်ထုရေးပါလား

အစပိုင်းက အီးနာမည်တေါ ဆိုတော့ဘာသာပြန်များလား စဉ်းစားနေတာ မြန်မာလူမျိုးတွေ ပါလာတော့စဉ်းစားရခက်သွားတယ်။

အဲ.. ပစပ အတုကိတ်စလုပ်ဦးလေ. အတုမဖြစ်နိုင်ပါဘူး. အချိန်ပုပ်. အချုပ်ခန်းထဲ မလိုအပ်ဘဲ ထည့်တာမျိုးတော့မကြိုက်ပါဘူး. အတုလို့ဘာလို့ပြောနိုင်လဲ.
လက်ညောင်းရင်တော့လဲထားပါတော့။

naungthu said...

ပွဲစားက ပါတ်စ်ပို့ အတုလုပ်ပေး ..... ၎င်းတို့အား လေယာဉ်ဖြင့်တင်ပေးလိုက်......ဂျာမဏီထရန်စစ် ဖြင့်တင်ပေး......ဂျာမဏီမှာ ဒုတ်ခသည်ခိုလှုံခွင့်ရမရ ပွဲစားသိချင်....၎င်းတို့ သုံးဦး ရသွားသည်ဟု ကြားသည်ဖြင့် နောက်မှ တစ်အုပ်ကြီးတင်ပေး...ပွဲစားထော....လက်တော်တော်ညောင်း ဘောလုံးပွဲကောင်း ....:P

Law Shay said...

မြန်မာတွေ ဘိုထိုင်ထိုင်တတ်ဖို့ စီမံကိန်းနဲ့ လုပ်ဖို့လိုပြီ။

ဘိုတွေလဲ ရှေးတုန်းကတော့ ဘိုထိုင်နဲ့ မပါကြပါဘူး။ ဆောင့်ကြောင့်ပဲ ထိုင်ကြတာပါပဲ။ ဘိုထိုင်ထွင်တဲ့ ဆရာက သူ့အဖိုး အိမ်သာကအထ ဦးဏှောက်သွေးကြောပေါက်ပြီး သေသွားလို့ ဘိုထိုင်ကို တီထွင်ခဲ့တာပါ။ ဒူးကောက်ကွေးကို အဆန့်မှာ သွေးတွေ ခေါင်းကို တဟုန်ထိုး ထိုးတတ်တာမို့ ဖြစ်ရတာဆိုပြီး ဘိုထိုင်ကို တီထွင်ခဲ့ပါတယ်။

ဘိုထိုင် စီမံကိန်းပော်ပေါက်ရေး ဒို့အရေးပေါ့။

စကားမစပ် စင်ကာပူမှာ အိမ်ရှာတော့ ကျွန်တော့ကိုယ်အလေးချိန် ကီလို ၈၀ ကျော်နဲ့ ဘိုထိုင်နဲ့မှ အဆင်ပြေလို့ အိမ်သာဘိုထိုင်လားလို့ မေးမိတာကို မင်းက ဘာဖင်ခေါင်းကျယ်တာလဲဆိုတဲ့ မျက်စိနဲ့ ကြည့်ခံရတာ အခါခါပါ။ ဘာရောဂါမှန်းလဲ မသိပါဘူးဗျာ။