Wednesday, June 23, 2010

ကျွန်တော်ဖြတ်သန်းခဲ့ရာ ဘဝတစ်လျှောက် မှတ်မှတ်ထင်ထင် ဖြစ်ခဲ့သော အဖြစ်အပျက်များတွင် ဘောလုံး သည်လည်း တစ်ခုအပါအဝင် ဖြစ်သောကြောင့် ဘောလုံး ဟု အသံကြားလိုက်သည်နှင့် အတိတ်ကို ဖျတ်ကနဲဖြစ်ဖြစ် သတိတရ ဖြစ်သွား တတ်သည်သာဖြစ်သည်။ သို့သော် အများသူငှာ ယောင်္ကျားလေးများလို ဘောလုံး အားကစားကို ခုံခုံမင်မင် ကစားခဲ့ပြီး ဘောလုံးပွဲများကို စိတ်ဝင်စားသော သူတစ်ယောက်အဖြစ် ဖြစ်ကျန်ရစ်ခဲ့သော အတိတ်ကို သတိတရဖြစ်နေခြင်းတော့မဟုတ်ပေ။ ကျွန်တော့် ဘဝ၏ ဘောလုံးနှင့် ပါတ်သက်ပုံမှာ တစ်မျိုးတစ်ဖုံ ကွဲထွက်နေခြင်းသာဖြစ်သည်။

ဘောလုံး နှင့် ပါတ်သက်ပြီး ကျွန်တော် အတိတ်ကို သတိရလိုက်တိုင်းတွင်လည်း အဖေနဲ့ အဖေ့ သူငယ်ချင်း ဦးမြဝင်း အကြောင်း သည်လည်း ပါလာမြဲဖြစ်သည်။ အဖေနဲ့ဦးမြဝင်းမှာ တက္ကသိုလ် တွင် ပထမနှစ်မှ နောက်ဆုံးနှစ်ထိ လည်ပင်းဖက်ပေါင်းခဲ့သော သူငယ်ချင်းများဖြစ်ပြီး အစိုးရအလုပ်သို့ ဝင်ရောက်ရာသည်တွင်လည်း အတူတူဖြစ်သောကြောင့် အင်မတန်ပင် ခင်မင်ရင်းနှီးသော ငယ်ပေါင်းကြီးဖော်သူငယ်ချင်းများ ဖြစ်ကြပြီး ဦးမြမှာ အမြဲတစ်စေ အိမ်သို့ဝင်ထွက်သွားလာနေတတ်သော အဖေ့သူငယ်ချင်းတစ်ယောက်ဖြစ်သည်။ ဦးမြပုံစံမှာ အမြဲတစေ ပြုံးရွှင် နေတတ်ပြီး ကျွန်တော့်အပေါ်တွင်လည်း အင်မတန်ချစ်သောကြောင့် ကျွန်တော်အနေနဲ့မူ အဖေ့ သူငယ်ချင်းပင် ဖြစ်လင့်ကစား ဦးဦးမြ ဦးဦးမြဟုခေါ်ပြီး ကျွန်တော့် ကစားဖော်လိုသာ သဘောထားခဲ့သည်။ တစ်ခါတစ်ရံ ဦးမြ ၏အားနည်းချက်အား ကလေးစိတ်ဖြင့် ဦးဦးမြ သားကို တည့်တည့်ရအောင် ကြည့် ဟု စနောက်မိသောအခါများတွင်တော့ အဖေက သား ဦးဦး ကို အဲလို မပြောရဘူးလေ ငရဲကြီးမယ် ဟု အဖေက ဝင်ဟန့်တတ်သော်လည်း ဦးမြ ကမူ ရပါတယ်ကွာ ကလေးပဲ ဟုသာ ပြောပြီး ပြုံးနေတတ်လေ့ရှိသည်။

No comments: