Wednesday, June 23, 2010

ဘောလုံး ။၁။

ကျွန်တော်ဖြတ်သန်းခဲ့ရာ ဘဝတစ်လျှောက် မှတ်မှတ်ထင်ထင် ဖြစ်ခဲ့သော အဖြစ်အပျက်များတွင် ဘောလုံး သည်လည်း တစ်ခုအပါအဝင် ဖြစ်သောကြောင့် ဘောလုံး ဟု အသံကြားလိုက်သည်နှင့် အတိတ်ကို ဖျတ်ကနဲဖြစ်ဖြစ် သတိတရ ဖြစ်သွား တတ်သည်သာဖြစ်သည်။ သို့သော် အများသူငှာ ယောင်္ကျားလေးများလို ဘောလုံး အားကစားကို ခုံခုံမင်မင် ကစားခဲ့ပြီး ဘောလုံးပွဲများကို စိတ်ဝင်စားသော သူတစ်ယောက်အဖြစ် ...ဖြစ်ကျန်ရစ်ခဲ့သော အတိတ်ကို သတိတရဖြစ်နေခြင်းတော့မဟုတ်ပေ။ ကျွန်တော့် ဘဝ၏ ဘောလုံးနှင့် ပါတ်သက်ပုံမှာ တစ်မျိုးတစ်ဖုံ ကွဲထွက်နေခြင်းသာဖြစ်သည်။

ဘောလုံး နှင့် ပါတ်သက်ပြီး ကျွန်တော် အတိတ်ကို သတိရလိုက်တိုင်းတွင်လည်း အဖေနဲ့ အဖေ့ သူငယ်ချင်း ဦးမြဝင်း အကြောင်း သည်လည်း ပါလာမြဲဖြစ်သည်။ အဖေနဲ့ဦးမြဝင်းမှာ တက္ကသိုလ် တွင် ပထမနှစ်မှ နောက်ဆုံးနှစ်ထိ လည်ပင်းဖက်ပေါင်းခဲ့သော သူငယ်ချင်းများဖြစ်ပြီး အစိုးရအလုပ်သို့ ဝင်ရောက်ရာသည်တွင်လည်း အတူတူဖြစ်သောကြောင့် အင်မတန်ပင် ခင်မင်ရင်းနှီးသော ငယ်ပေါင်းကြီးဖော်သူငယ်ချင်းများ ဖြစ်ကြပြီး ဦးမြမှာ အမြဲတစ်စေ အိမ်သို့ဝင်ထွက်သွားလာနေတတ်သော အဖေ့သူငယ်ချင်းတစ်ယောက်ဖြစ်သည်။ ဦးမြပုံစံမှာ အမြဲတစေ ပြုံးရွှင် နေတတ်ပြီး ကျွန်တော့်အပေါ်တွင်လည်း အင်မတန်ချစ်သောကြောင့် ကျွန်တော်အနေနဲ့မူ အဖေ့ သူငယ်ချင်းပင် ဖြစ်လင့်ကစား ဦးဦးမြ ဦးဦးမြဟုခေါ်ပြီး ကျွန်တော့် ကစားဖော်လိုသာ သဘောထားခဲ့သည်။ ကျွန်တော် ခင်သော ဦးဦးမြမှာ အားနည်းချက်တစ်ခုတော့ ရှိ၏၊ ၎င်းမှာ သာမန် လူများကဲ့သို့ ခေါင်းအား ဘေးဘယ်ညာအလွယ်တစ်ကူ လှည့်ကြည့်လို့ မရသည့်အပြင် နောက်မှ တစ်စုံတစ်ယောက်က ဦးမြအား ခေါ်လျှင် ခန္ဓာကိုယ်တစ်ခုလုံးအား လှည့်ကြည့်မှရပြီး သာမန် လူများကဲ့သို့ ခေါင်းစောင်းကြည့် ရုံဖြင့် မမြင်နိုင်ပေ။ တစ်ခါတစ်ရံ ဦးမြ ၏အားနည်းချက်အား ကလေးစိတ်ဖြင့် ဦးဦးမြ သားကို တည့်တည့်ရအောင် ကြည့် ဟု စနောက်မိသောအခါများတွင်တော့ အဖေက သား ဦးဦး ကို အဲလို မပြောရဘူးလေ ငရဲကြီးမယ် ဟု အဖေက ဝင်ဟန့်တတ်သော်လည်း ဦးမြ ကမူ ရပါတယ်ကွာ ကလေးပဲ ဟုသာ ပြောပြီး ပြုံးနေတတ်လေ့ရှိသည်။

အမြဲ ပြုံးရွှင်နေတတ်သော်လည်း ဒုက္ခိတ ကဲ့သို့ဖြစ်နေသော ဦးဦးမြမှာ တစ်ချိန်က သန်မန်ဖြတ်လတ်ပြီး ထူးချွန်သော ဘောလုံးသမား တစ်ယောက်ဖြစ်ခဲ့သည်ဆိုသည်ကိုကား ကျွန်တော် ကျောင်းမတက်ခင်အချိန် ထိ မသိရှိခဲ့ပေ။ ကျွန်တော် မူလတန်း ကျောင်းရောက်ရှိပြီး တစ်ခြားကလေးငယ်များကဲ့သို့ ဘောလုံးကွင်းထဲတွင် ဘောလုံးကစားချင်၍ အဖေ့အား ခွင့်တောင်းရာမှ အစပြု၍ ဦးမြ အကြောင်းအား သိခဲ့ရတော့သည်။ ဘောလုံးကစားချင်၍ အဖေ့အား ဘောလုံး ဝယ်ခိုင်းရာ အဖေက ကျွန်တော့်အား ဘောလုံးဝယ်ပေးရန် ခါးခါးသီးသီး ငြင်းဆိုသည့်အပြင် ဘောလုံးကွင်းထဲဝင်၍ ဘောလုံးကစားချင်းမျိုးအားလည်း မပြုလုပ်ရန် ပြင်းပြင်းထန်ထန် တားမြစ်လေတော့သည်။ သို့သော် တဇွတ်ထိုး လုပ်ချင်ရာလုပ်တတ်သော ကျွန်တော့်ဗီဇအားလည်း သိထားသော အဖေက အဘယ့်ကြောင့် တားမြစ်ရသည်ဆိုသည်ကိုပါ တစ်လက်စထဲရှင်းပြခဲ့သည်။ အဖေ ဘောလုံးအား ခါးခါးသီးသီး ဖြစ်ရသည့်အကြောင်းမှာ အဖေ တက္ကသိုလ် ကျောင်းသားအရွယ်မှ စပြီး ခံစားခဲ့ရသည်ဟု ဆိုရမည်။ ဖြစ်ပုံမှာ အဖေ တက္ကသိုလ်ကျောင်းသားဘဝ ကျောင်းတက်စဉ်က ဦးဦးမြမှာ တက္ကသိုလ် လက်ရွေးစင် နာမည်ကြီးဘောလုံးသမားဖြစ်ခဲ့ပြီး သူ့ခေတ်သူ့အခါက မိန်းကလေးများ ဝိုင်းဝိုင်းလည် ခဲ့သည်ဟု ဆိုသည်။ တစ်ခုသော တက္ကသိုလ်ဘောလုံးပွဲတစ်ခုတွင် ဦးဦးမြနှင့် တစ်ဘက်အသင်းမှ အသင်းသား တစ်ယောက်ရင်ဆိုင်တွေ့အခိုက် ဦးဦးမြ ရုတ်တရက် ခြေချော်လဲပြီး မြက်ခင်းပေါ် လဲအကျ တစ်ဖက်အသင်းမှ ဘောလုံးသမားမှာလည်း လဲကျခဲ့ပြီး ဦးဦးမြအပေါ် ခန္ဓာကိုယ်တစ်ခုလုံး ပြုတ်ကျခဲ့တော့သည်ဟု ဆိုသည်။

ပွဲကြည့် ပရိတ်သတ်မှာ ဖြစ်ရိုးဖြစ်စဉ် အဖြစ်အပျက်တစ်ခုဟု ထင်သော်လည်း အတန်ကြာသည်အထိ ဦးဦးမြ ထမလာသောအခါမှ ဒိုင်လုပ်သူနှင့် ဘောလုံးသမားများ သွားကြည့်သောအခါမှ လည်ပင်းရိုး ကျိုးသကဲ့သို့ဖြစ်ပြီး မထနိုင်တော့ကြောင်းသိခဲ့ကြသဖြင့် အရေးပေါ် ဆေးရုံသို့ ပို့ခဲ့ရသည်။ ထိုဒဏ်ရာဖြင့်ပင် ဦးဦးမြ ဆေးရုံပေါ်တွင် အတန်ကြာ နေထိုင်ခဲ့ရပြီး ကံကောင်းထောက်မသဖြင့် အသက်မသေခဲ့သော်လည်း ဦးဦးမြလည်ပင်းမှာ အရိုးကျီးပေါင်းတက်သကဲ့သို့ဖြစ်ပြီး လူကောင်းတစ်ယောက်ကဲ့သို့ လည်ပင်းအား အလွယ်တစ်ကူ အလှုပ်အရှားမပြုနိုင်တော့သည်မှာ ယခုတိုင်ဖြစ်သည်ဟု အဖေက ပြန်ပြောင်းပြောပြသည်။ ဘောလုံးဆိုတာ ကြမ်းကြမ်းတမ်းတမ်းကစားရတာ ငါ့သားရဲ့ အဖေမွေးထားတုန်းက အကောင်း ဘောလုံးကစားမှ ကျိုးကန်းကုန်ရင် အဖေ ဘယ်လိုမှ ခံစားလို့ရမှာမဟုတ်ဘူး သားအစ်ကိုကိုလည်း အဖေ ဘောလုံးမကစားခိုင်းဘူး ငါ့သားလည်း မကစားနဲ့နော် ဟု အဖေက သူ့ခံစားချက်ဖြင့် ကျွန်တော်၏ ယောင်္ကျားလေးပီပီ ဘောလုံးကစားချင်စိတ်အားပိတ်ပင်လိုက်သကဲ့သို့ ကျွန်တော့်ထက် ၇ နှစ်ကြီးသော အစ်ကိုမှာလည်း ကျွန်တော့်ကဲ့သို့ပင် ငယ်ရွယ်စဉ်မှစ၍ ဘောလုံးမကစားခဲ့ရပေ.။ အဖေပြောသည့် ဦးဦးမြအကြောင်းနှင့် အဖေ ပိတ်ပင်ထားသောကြောင့် ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်မှာ ဘောလုံးကွင်းထဲတွင် ဘောလုံးကစားခြင်းအမှုအား ယခုအရွယ်ထိ ပြုဖူးသည်မဆိုထားနှင့် ဘောလုံးအား ဘောလုံးအား ခြေထောက်နှင့် ထိကန်ဘူးသည်မှာ လက်ချိုးရေလို့ရသည်ဟု ဆိုလျှင် လွန်အံ့မထင်။

ထိုသို့သော အကြောင်းအရာများကြောင့် ဘောလုံးဆိုလျှင် လုံးသည် ဟုလောက်သာသိပြီး တစ်ဘက်နှင့်တစ်ဘက် သူ့ဂိုးပေါက် ကိုယ့်ဂိုးပေါက် ဝင်အောင်သွင်းကြသည်ဟုလောက်သာ သိထားပြီး ဘောလုံးဖြင့် ခပ်ကင်းကင်း နေခဲ့သည်မှာ ကျွန်တော် အထက်တန်းအောင်ပြီး တက္ကသိုလ် မဖွင့်ခင်စပ်ကြား မန္တလေး ဂျီတီအိုင်ကျောင်းသားဘဝ ပထမနှစ်ကုန်သည်အထိဖြစ်သည်။ ကျွန်တော် သည်သာ ဘောလုံးအကြောင်း အား ထိုမျှလောက်သိသော်လည်း ကျွန်တော့်အချစ်ဆုံးသူငယ်ချင်းမှာကား ဘောလုံးဂုရုများပင်ဖြစ်တော့သည်။ ၎င်းတို့မှာ ဘောလုံးကွင်းထဲတွင် ဘောလုံးကစားခြင်း အမှုအားပြုသကဲ့သို့ အပတ်စဉ် ထွက်ရှိသော ဘောလုံးဂျာနယ်များမှာ ၎င်းတို့ ကျောင်းလွယ်အိတ်ထဲတွင် အမြဲပါလေ့ရှိပြီး နိုင်ငံတစ်ကာပွဲစဉ် များအား ညနက်သန်းခေါင် ထကြည့်တတ်သော ဘောလုံး သရဲများပင် ဖြစ်နေခဲ့သည်။ လက်ဖက်ရည်ဆိုင်ထိုင်သည့်အချိန်များတွင်လည်း နိုင်ငံတစ်ကာ ဘောလုံး အသင်းများဖြင့် နိုင်ငံတစ်ကာ အသင်းသားများအကြောင်းအား ဆွေးနွေးနေကြသည်မှာ ပီဘိ ကမ္ဘာကျော် နည်းပြကြီးများ အလားပင်ဖြစ်သည်။ ထိုသို့သော အချိန်များတွင် ကျွန်တော့်မှာ ၎င်းတို့ ပြောဆိုနေသည်များကို မကြားတစ်ချက် ကြားတစ်ချက်ဖြင့် လက်ဖက်ရည်ဆိုင်ထဲသို့ ဝင်ထွက်သွားလာနေသော သူများအားကြည့်ရှုရင်း လက်ဖက်ရည်ဆိုင်မှ ဖွင့်ထားသော သီချင်းများအား နားထောင်ရင်းဖြင့်သာ အချိန်ကို ကုန်ဆုံးစေရ၏။

ဘောလုံးအကြောင်း လုံးလုံးမျှစိတ်မဝင်စားဟု သိထားသော ကျွန်တော့် သူငယ်ချင်းများမှလည်း ကျွန်တော့်အား ၎င်းတို့ ဘောလုံးအကြောင်းပြောပြီဆိုလျှင် ဖုတ်လေသိငါးပိ ရှိလေသည်ဟုပင် မထင်သကဲ့သို့ ကျွန်တော်ကလည်း နည်းနည်း မျှ စိတ်မဝင်စားခဲ့ချေ....။သို့သော်အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့ဘောလုံးပွဲအကြောင်းပြောတိုင်း ပါးစပ်ပိတ်နေရသော ကိုယ့်အဖြစ်ကိုယ် ကြည့်၍ ဒီတိုင်းဆိုလျှင် မဖြစ်ချေဘူး နည်းနည်းတော့ ဝင်ပြောနီုင်အောင် ကြိုးစားအုန်းမှဟု တွေးတောမိသော်လည်း ခက်သည်က ကျွန်တော်သည် ဘောလုံးစာစောင်များကို စိတ်ဝင်တစ်စား ဖတ်ရလောက်အောင် စိတ်မပါသကဲ့သို့ တစ်ဖက်နဲ့တစ်ဖက် ဘောလုံးလေးတစ်လုံးအား သူ့ဂိုးပေါက် ကိုယ့်ဂိုးပေါက် သွင်းရန် ကြိုးစားနေကြသော ဘောလုံးပွဲများအားလည်း ကြည့်ရှုရန် စိတ်မဝင်စားချေ။ ထို့ကြောင့် ၎င်းတို့ ပြောစကားများအား အာရုံစိုက်နားထောင်ပြီး နားလည်အောင် လုပ်နိုင်မည့်နည်းလမ်းသာရှိတော့သည်။ ထိုအချိန်က ၎င်းတို့ပြောစကားများထဲတွင် ဖာဂူဆန် ကနူး ဇီဒန်း ရော်နယ်ဒို တို့အား ထည်လဲကြားရသကဲ့သို့ မန်ချက် မန်ယူ အာစင်နယ် စသည်များအားလည်း ထပ်ခါတစ်လဲလဲ ကြားနေရသည်ကို ကျွန်တော် သတိထားခဲ့မိသည်။ တစ်ခါတွင်မတော့ အတူနေဘောလုံးသရဲ သူငယ်ချင်းအား ဟေ့ကောင် မန်ချက်နဲ့မန်ယူက ဘယ်က အသင်းတွေတုန်း နာမည် ခပ်ဆင်ဆင်တွေပဲဟု ပြောသောအခါ ညကြီးမိုးချုပ် ၎င်းမှာ ခွက်ထိုးခွက်လှန်ရီလေသောကြောင့် အတန်ငယ်စိတ်ပေါက်ကာ ငါမသိလို့မေးတာကွ မင်းက ဘာဖြစ်နေတာတုန်း ဆိုပြီး ခပ်ဆတ်ဆတ် မေးလိုက်မှ မျက်နှာပိုးသတ်ကာ မန်ချက် နဲ့ မန်ယူ ဆိုတာ မန်ချက်စတာယူနိုက်တက် အသင်းအား အလွယ်ခေါ်ကြသော နာမည်ဖြစ်ကြောင်းပြောပြသဖြင့် ကမ္ဘာကျော် မန်ချက်စတာ ယူနိုက်တက် အသင်းအကြောင်းအား သိရှိခဲ့ရသည်။

တစ်လတန်သည် နှစ်လ တန်သည် သူငယ်ချင်းအား ဘောလုံးအကြောင်းများ စိတ်လိုလက်ရမေးသကဲ့သို့ ၎င်းတို့ ဘောလုံးအကြောင်း ပြောသည့်အခါတွင်လည်း စိတ်ဝင်တစ်စားနားထောင်ခဲ့သောကြောင့် ကိုယ့်ကိုယ်ကိုယ် ဘောလုံးအကြောင်း သိပြီဟု ကျွန်တော် ထင်မှတ်ခဲ့မိသည်မှာ မှားမှန်း တစ်ရက် ကျောင်းဆင်းချိန် သူငယ်ချင်းများဖြင့် လက်ဖက်ရည်ဆိုင်ထိုင်မှ ကျွန်တော် ကောင်းကောင်း သိခဲ့ရသည်။ လက်ဖက်ရည်ဆိုင် ထိုင်၍ သူငယ်ချင်းများ ဟိုဟိုဒီဒီ ပြောနေရာမှ ထုံးစံအတိုင်း ဘောလုံးသရဲများဟု ကျွန်တော်ခေါ်သောသူငယ်ချင်းအများစု ပါသောကြောင့် စကားဝိုင်းမှာ နောက်ဆုံးတွင် ဘောလုံးအကြောင်းသာ ရောက်သွားတော့သည်။ ထိုနေ့က ၎င်းင်းတို့ ဦးတည်ပြောနေသည်မှာ ရော်နယ်ဒိုကတော့ ဘယ်အသင်းမှာ ကောင်းနေသည် ဇီဒန်းမှာ တစ်ခြားအသင်းသို့ရွှေ့လျှင် ပိုကောင်းမည် အာစင်နယ်မှ အွန်နရီမှာ ဘယ်လိုကောင်းသည်ဟု ပြောနေကြချိန်တွင် ငါလည်းပြောနိုင်ပါတယ်ကွဟု အထင်ရောက်ခဲ့သော ကျွန်တော်ကလည်း နေပါအုန်းကွ ဟိုကောင်ကွာ ငါမေ့နေတာ အမည်းကောင် ဟု အစချီ လိုက်သောအခါ တစ်ကြိမ်တစ်ခါမှ ဝင်မပြောပဲ ဘေးနားကသာ ဟိုကြည့်ဒီကြည့်ဖြင့် ပါးစပ်ဟောင်းလောင်းဟကာ နားထောင်နေတတ်သော် ကျွန်တော့်ဆီမှ ဘောလုံး အကြောင်းထွက်လာသော အခါ သူငယ်ချင်းများမှာ ငြိမ်၍ နားထောင်နေပြီး ကျွန်တော်ပြောလာမည့်စကားအား နားစွင့်နေကြသည်။ ကျွန်တော်လည်း အားတက်ပြီး အေး ငါသိပြီ ကနူးကွာ လာဇီယိုကကောင် အဲကောင် မဆိုးဘူးကွဟု ပြောချလိုက်သောအခါ သူငယ်ချင်းများမှာ ပထမ ကျွန်တော့်အား ကြောင်ကြောင်ကြီး ကြည့်၍ ထို့နောက် ဟာ ဟု အာမေဋ္ဋိတ် အသံများ ပြိုင်တူ ထွက်လာပြီး မျိုးသွင်ဟု ခေါ်သော သူငယ်ချင်းမှာ ပါးစပ်ထဲမှ လက်ဖက်ရည်များပင် ထွက်ကျသည်ထိ ခွက်ထိုးခွက်လှန်ရီသောကြောင့် ကျန်သော သူငယ်ချင်းများမှာလည်း တစ်သောသောဖြင့် ဘေးမှဝိုင်းများပင် ကြည့်နေရလောက်အောင် ရီကြလေတော့သည်။ ကျွန်တော်သည်လည်း အတန်ငယ်ရှက်သွားကာ ဘာတုန်း မဟုတ်ဘူးလားဟု ရီကျဲကျဲနှင့်မေးသောအခါ ကနူးမှာ လာဇီယိုက မဟုတ်ကြောင်း သူငယ်ချင်းများမှာ အူလှိုက်သဲလှိုက်ရီရင်း ရှင်းပြတော့မှ ကျွန်တော် ပြောတာ မှားသွားခဲ့မှန်း သိရတော့သည်။ ထိုနောက်ပိုင်းတွင်တော့ သူငယ်ချင်းများမှ ကျွန်တော့်အား ဟေ့ကောင် ကနူး လာဇီယို မှာ ကန်တုန်းလားဟု စသကဲ့သို့ ကျွန်တော့်စိတ်ထဲတွင်လည်း ငါနဲ့ ဘောလုံး မဖြစ်ပါဘူး အရင်အတိုင်းပဲ ကောင်းပါတယ်ဟု တွေးတောမိကာ ဘောလုံးအကြောင်းနှင့်ပါတ်သက်၍ နည်းနည်းမျှ အသံမဟမိတော့ပေ။


ထိုသို့ ဘောလုံးအကြောင်းမသိ ကမ္ဘာ့ဖလားပွဲ စိတ်မဝင်စား နေလာခဲ့ရင်း တစ်ခုသော ယူရိုဖလားပွဲတစ်ခု၏ ဖွင့်ပွဲနေ့တွင် သူငယ်ချင်းများမှ ဇွတ်ဆွဲခေါ်သောကြောင့် ကျွန်တော့်ဘဝရဲ့ ပထမဆုံး ကြည့်ဖူးသော နိုင်ငံရပ်ခြားဘောလုံးပွဲ ဖြစ်လာမည့် ပွဲအား သူငယ်ချင်းများနှင့်အတူ ကြည့်ရန် ဘောလုံးပွဲရုံသို့ လိုက်ခဲ့မိတော့သည်။ ဘောလုံး ပွဲမကြည့်ခင် သူငယ်များနှင့်အတူ အရက်ဆိုင်တွင် အရက်သောက်ခဲ့သောကြောင့် ကျွန်တော်ကား အတန်ငယ်ထွေနေမိသလို အရက်မူးလာလျှင် ပေါက်တတ်ကရလုပ်ချင်သော ထိုအချိန်တုန်းက အတိုင်း ပေါက်တတ်ကရ လုပ်ချင်စိတ်များလည်း ပေါက်နေခဲ့သည်။ ဘောလုံးပွဲရုံရောက်သောအခါတွင် သူငယ်ချင်းများမှာ အချင်းချင်း သုံးသပ်ချက်များလုပ်ပြီး ဘောလုံး လောင်းကြေးများအား လောင်းနေသည့်အချိန်ထိ ကျွန်တော့်စိတ်ထဲတွင် မည့်သို့မှ မရှိသေးသော်လည်း ဘောလုံးပွဲစကာနီးအချိန်တွင်တော့ မည်သို့ဖြစ်သည်မသိ ကျွန်တော့်စိတ်ထဲတွင် ဘောလုံးလောင်းချင်စိတ်များ တစ်ဖွားဖွားပေါ်လာခဲ့တော့သည်။

3 comments:

khin oo may said...

စရေးရင် အဆုံးသတ်နိုင်မှရေးပါ။

naungthu said...

ဒါက ကိုယ့်သဘောနဲ့ကိုယ် ဟိုဟာက အမေ့ ပါမစ် မရတော့လို့ အဆုံးမသတ်တာ :D

khin oo may said...

အဆက်တွေ သိတ်များတယ။် passport လဲဘာဖြစ်သွားမှန်းမသိရဘူး။