Wednesday, June 9, 2010

အမေ့ငါးပိရည်

အွန်လိုင်းပေါ် သွားရင်းလာရင်း ငါးပိရည်ဖျော်ပါမယ်ဆို စိမ်းစား ငါးပိ ၀ယ်လာတယ်ဆိုပြီး ပြောတာလေးတစ်ခုတွေ့တော့ အမေချက်တဲ့ ကျွန်တော့်အကြိုက်ငါးပိရည် ကို ချက်ခြင်းပြေးသတိရပြီး ငယ်ငယ်က မိသားစု ထမင်းဝိုင်းကိုပါ သတိရခဲ့တယ်....ကျွန်တော် က အစားအသောက်မှာ အစွန်းရောက်တယ်လို့ ပြောရမယ့် လူမျိုးထဲမှာထည့်မယ်ဆို ထည့်လို့ရမယ်.....အချဉ်ဆိုရင်လည်း သံပုရာသီးကို ဆားတို့ပြီး တစ်လုံးလုံးကုန်အောင်ဒီတိုင်းစားနိုင်သလို ငရုတ်သီးဆိုလည်း ထမင်းတစ်လုပ် ငရုတ်သီးတစ်တောင့် စားနိုင်တဲ့အပြင် အငံဆိုလည်း ငါးပိရည်ကို ဒီတိုင်းကို ခပ်သောက်နိုင်ခဲ့တယ်......ငယ်ငယ်က ထမင်းစားရင် မိသားစုထဲ တစ်ယောက်ထဲ ချွန်ထွက်နေတဲ့ကျွန်တော့်ကို အဖေက သား ဟင်းသီးဟင်းရွက်စား ငရုတ်သီးတော်ပြီမစားနဲ့တော့ အချဉ်တွေများနေပြီ ပြောတတ်ပြီး အမေကတော့ စားချင်စိတ်ရှိတာကို စားချင်နေတဲ့အချိန်မှာ စားတာ အာဟာရ ဖြစ်တယ်ဆိုတဲ့ သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်အရ ကျွန်တော်စားချင်တာမှန်သမျှကို စားချင်သလောက်စား လွှတ်ပေးထားလေ့ရှိတယ်......

ငါးခြောက်ဆိုလည်း အာပြဲချောက်လိုမျိုးကို မီးဖုတ်ပြီးဆီစမ်းထားတာဖြစ်ဖြစ် ကြော်ထားတာကိုဖြစ်ဖြစ် ကျွန်တော်က ဒီတိုင်းစားနေလေ့ရှိသလို အမေ့ ဟင်းတွဲတွေကို ကျွန်တော်က အထူးတစ်လည်ကြိုက်လေ့ရှိတယ်......အထူးသဖြင့် အမေဖျော်တဲ့ငါးပိရည်ကို သည်းကြီးမည်းကြီး ကျွန်တော်စားတတ်လို့ တစ်ပါတ်မှာ ၂ ခါလောက် ပုံမှန် အမေဖျော်လေ့ရှိတယ်.....ငါးပိရည်ဖျော်တဲ့နေ့ဆို ကြက်သားအာလူး ဆီပြန် ငါးခြောက်ဖုတ် ချဉ်ပေါင်ဟင်း အတို့အမြုတ်က သခွားသီး ဘောစကိုင်းရွက် တစ်ခြား တိုလီမိုလီလေးတွေ ထည့်လေ့ရှိတယ်......ကျွန်တော်ကသခွားသီးနဲ့ဘောစကိုင်းရွက်ကို အင်မတန်ကြိုက်တဲ့အတွက် ဒီနှစ်မျိုးကတော့ အများဆုံးအမေ ထည့်လေ့ရှိတယ်.......အမေ့ငါးပိရည်ကို ကျွန်တော်ဘယ်လောက်ကြိုက်လည်းဆိုရင် ထမင်းဝိုင်းထိုင်တာနဲ့ အဖေ အစ်ကိုနဲ့ အစ်မက ချဉ်ပေါင်ဟင်း ခပ်သောက်ပေမယ့် ကျွန်တော်က ငါးပိရည်ကို ဒီတိုင်းခပ်သောက်သလို အဖေကလည်း ငါးပိရည်ဆိုတာ ထမင်းနဲ့နယ်စားရတာ ငါ့သား ဒီလိုစားတော့ ရောဂါဖြစ်မှာပေါ့ကွာ ဆိုတာ အမြဲလိုပြောလေ့ရှိပေမယ့် ကျွန်တော်ကတော့ သားကြိုက်လို့ပေါ့ အဖေကလည်းဆိုပြီး ပြောတတ်သလို အမေကလည်း စားပါစေ သူကြိုက်တာကို ဆိုရင် ပြီးသွားတာပါပဲ......

အဲဒီနေ့မှာ ကြက်တောင်ပံ ခြေထောက် အသည်းအမြစ်စတဲ့ ကျွန်တော်ပြောလေ့ရှိတဲ့ ကြက်အဖျားသားတွေရယ် ကလီစာရယ်ကို အဖေ့ကိုဦးချပြီးတာနဲ့ အဖေဖြစ်ဖြစ် အစ်ကိုဖြစ်ဖြစ် အစ်မဖြစ်ဖြစ် ကျွန်တော့်ကိုထည့်ပေးလေ့ရှိတယ်.......ကြက်သားချက်လို့ အိမ်မှာ ကျွန်တော်ရှိရင် ဒီအစိတ်အပိုင်းတွေက ဘယ်သူမှမစားရဘူးလို့ မပြောထားပေမယ့် ကျွန်တော့်အတွက်သီးသန့်လိုဖြစ်ပြီး ခပ်လိုက်လို့ပါလာရင်တောင် ဥလေးကအစ ကျွန်တော့်ကိုပဲထည့်ပေးလေ့ရှိတယ်......အမေ့ငါးပိရည်ပါတဲ့နေ့ဆိုရင်တော့ ကျွန်တော့်ပန်းကန်ထဲထည့်ပေးထားတဲ့ ကြက်အဖျားသားတွေရယ် ကလီစာရယ်က ကျွန်တော်စားလို့သာပြီးသွားတယ် အရာမယွင်းပဲကျန်ကျန် နေတတ်လို့ အစ်မက တောင်းတောင်းစားတတ်တယ်........ကျွန်တော်ကြိုက်ပေမယ့် ငါးပိရည်ကို ပိုကြိုက်လို့ ထမင်းပေါ်ကို ချဉ်ပေါင်ဟင်းဆမ်းသလို ငါးပိရည်ကို ရွှဲနေအောင်ဆမ်းပြီး ငါးခြောက်ဖုတ်ရယ် အတို့အမြုတ်ရယ်နဲ့ တင်ပြီးသွားလို့ ကြက်သားကို တို့ကိုမတို့ဖြစ်သလောက်ပဲ.........ငါးပိရည် နဲ့ နယ်ထားတဲ့ထမင်းကို ငါးခြောက်ဖုတ်နဲ့စားပြီး ကြက်သားဟင်းထဲပါတဲ့ အာလူးဖဲ့စားလိုက် သခွားသီးစားလိုက် ဘောစကိုင်းရွက် စားလိုက်လုပ်နေတတ်ပြီး စားလို့ပြီးသွားရင် ငါးပိရည်ကို တစ်ဇွန်းပြီး တစ်ဇွန်းခပ်သောက်နေတဲ့ ကျွန်တော့်ကိုတော့ အဖေက သဘောမတွေ့ဘူး........

ဟင်းသောက်ပန်းကန်လုံးကြီးနဲ့ဖျော်ထားတတ်တဲ့ အမေ့ငါးပိရည်ဖျော်က ပုံမှန်ဆို ၁၀ ယောက်လောက်စားလို့ရပေမယ့် ကျွန်တော်တစ်ယောက်ထဲ ငါးယောက်စာလောက်စားလို့ အဖေ သဘောမတွေ့ဘူးဆိုလည်း မတွေ့လောက်စရာပါပဲ.......နောက်ပိုင်းတော့ အဖေက ဘယ်လိုမှမနေနိုင်တော့ပဲနဲ့ အမေငါးပိရည်ဖျော်တဲ့နေ့ဆို ဟင်းသောက်ပန်းကန်လုံးသေးသေးနဲ့ ကျွန်တော့်အတွက်သတ်သတ်ခွဲပေးပြီး ဒါကုန်ရင်တော်ပြီလုပ်တတ်လို့ ကျွန်တော်မျက်နှာညိုခဲ့တယ်.......ကျွန်တော် မျက်နှာညိုတာ မကြည့်ချင်မမြင်ချင်တဲ့အမေက ကျွန်တော့်ကိုစားစေချင်ပေမယ့် ကျွန်တော်စားတာလည်း အလွန်အကျွံမိုလို့ နောက်ပိုင်းတော့ ကျွန်တော့်ဘက်က သိပ်ကာမပြောတော့ပဲ သား ဟင်းလေးနဲ့စား အမေ ငါးပိရည်နဲ့ ထမင်းနယ်ပေးမယ် သားအကြိုက်ဆိုပြီး ကျွန်တော် စိတ်မကောက်သွားအောင် အမြဲလို လုပ်ပေးခဲ့တယ်......ငါးပိရည်ဖျော်တဲ့နေ့တိုင်း ဖြစ်နေကြပါပဲ.....ငါးပိရည်သိပ်မကြိုက်တဲ့ အစ်ကိုက ကောင်းတယ်ဟေ့ ငါးပိရည်လေးက ချိုနေတာပဲဆိုပြီး မသောက်ချင်ပဲ ကျွန်တော် ကို စချင်လို့ သူမကြိုက်တာကို စားပြီးတော့ကို စဖြစ်အောင်စခဲ့တယ်......နောက်ပိုင်း ကျွန်တော် အိမ်ကနေထွက်လာခဲ့ပြီး အဖေနဲ့အမေဆီကို ပြန်ရင်ဖြစ်ဖြစ် အဖေနဲ့အမေ ကျွန်တော့်ဆီကိုလာရင်ပဲဖြစ်ဖြစ် ပထမနေ့မှာ အမေချက်တဲ့ဟင်းက အပေါ်ကပြောခဲ့သလို ကြက်သား ငါးခြောက်ဖုတ် အချဉ်ဟင်း ငါးပိရည် အတို့အမြုတ်ပဲ........

တစ်ခါတစ်လေ ကျွန်တော့်ကို သိပ်သတိရနေရင် ငါးပိရည်ဖျော်ပြီး သားလေး ကြိုက်တာဆိုပြီး မင့်အမေ မျက်ရည်ကျနေတယ်ဆိုပြီး အဖေပြောရင် ကျွန်တော် စိတ်မကောင်းဖြစ်ရတဲ့အထိ ဖြစ်ခဲ့တယ်.......အမေ့ဘေးနား ကြက်သွန်လှီးပေး ဂျင်းထောင်းပေး ဟင်းရွက်သင်ပေး လောက်ပဲလုပ်ပြီး ဟင်းမချက်တတ်တဲ့ ကျွန်တော့်ကို သားအငယ်က ချက်တတ်ပြုတ်တတ်တာမဟုတ်ဘူး ကျွန်မ ချက်တာပဲ စားတာ ဆိုပြီး ကျွန်တော့်ကို စိတ်ပူနေတတ်သလို စင်ကာပူကို အလည်သွားတော့ အစ်ကို့ကို အထူးတစ်လည်မှာတာက ကျွန်တော့်ကို ငါးပိရည်ဖျော်ပေးလိုက်ပါ စင်ကာပူမှာ ဘောစကိုင်းရွက်ရှိရင် အတို့အမြုတ်ထဲမှာ ဘောစကိုင်းရွက်ပါ ထည့်ပေးလိုက်ပါဆိုပြီး အမေက ငါ့ကိုမှာထားတယ် အစ်ကို ချက်ပေးမယ် ညီလေးစားသွားဆိုလို့ အစ်ကို့ကိုလည်း ငါချက်တတ်နေပြီအစ်ကိုရ နောက်ခုလည်းမစားချင်ပါဘူးကွာ မင်းလည်းချက်မနေပါနဲ့ ပင်ပန်းပါတယ် ဆိုပြီး ပြောပေမယ့် အစ်ကို့ကို အမေ ဘယ်လောက်တောင်ပြောထားလည်းမသိအောင် ဒီငါးပိရည်ဖျော်နဲ့ ထမင်းစားဖို့ သူချက်မယ် ဆိုတာ ဇွတ်ပြောနေလို့ မစားချင်ပါဘူးဆိုကွာ မင်းကလည်း ဆိုတော့မှ အစ်ကိုလည်း ရပ်သွားတယ်.......ဒါပေမယ့် အစ်ကို့ကို အမေက သား ချက်ပေးလားဆိုတော့ အစ်ကိုက ကျွန်တော်မစားချင်ဘူးပြောတယ်ဆိုတော့ အမေ စိတ်မကောင်းဖြစ်သွားခဲ့တယ်.....တစ်ကယ်က မစားချင်တာမဟုတ်သလို ခဏတဖြုတ်လာတာ အစ်ကို့ကို ဒုတ်ခမပေးချင်တာလည်းပါပါတယ်.......

စင်ကာပူက ပြန်လာပြီး ပြန်ရောက်တာနဲ့ အမေ့ဆီဖုန်းဆက်ပြီး အမေ့ သားကို အမေ့ငါးပိရည်ဖျော်နည်း ပေး သားလည်းချက်တတ်တယ် စင်ကာပူမှာတုန်းက ခဏတဖြုတ်ဆိုတော့ အစ်ကို့ကို ဒုတ်ခမပေးချင်လို့ပါ အခုသားလည်း ဟင်းချက်တတ်နေပြီ သားဟာသား ချက်စားမယ်ဆိုတော့ အမေ ပျော်သွားတယ်........ငါးပိရည်ဖျော်နည်း ပေးပြီး ဟင်းစပ်တွေပါ ပြောပြနေလို့ သားသိပါတယ်အမေရ အမေ့ဟင်းစပ်က ဒါတွေလေ ဆိုတော့ အမေက သဘောတွေကျလို့ ......အမေ့ငါးပိရည်က လူတိုင်းအတွက် ကောင်းချင်မှကောင်းမှာ ဖြစ်ပေမယ့် ကျွန်တော့်အတွက်တော့ ခုချိန်ထိ အင်မတန်ကြိုက်တဲ့ အစာဖြစ်သလို ပုံမှန် ရေချိုငါးပိ တွေနဲ့ လုပ်တဲ့ ငါးပိရည်ဖျော်ကို ငါးပိရည်လို့ မထင်အောင်ထိ အောင်ပါပဲ......ကျွန်တော့်အိမ်ကို လာတဲ့ဧည့်သည်တွေကိုလည်း ကြုံကြိုက်ရင် ကျွန်တော့်အမေနည်းနဲ့ဖျော်တဲ့ ငါးပိရည်လေ ဆိုပြီး ကျွေးရင်လည်း ကောင်းတယ် ပြောကြလို့ တစ်ကယ်ကောင်းတာလို့ ကျွန်တော်ကတော့ ထင်ခဲ့တယ်......သူများအိမ်ထမင်းစားပြီး ဇွတ်ကို ချီးမွမ်းခန်း ဖွင့်နေတဲ့ အတွက် အားနာလို့ ကောင်းတယ်ပြောတာလည်းဖြစ်နိုင်ပါတယ်....ဘာပဲဖြစ်ဖြစ် ကျွန်တော့်အတွက်တော့ အမေ့နည်းနဲ့ဖျော်တဲ့ငါးပိရည်မှ ငါးပိရည်လို့ ထင်တဲ့ထိ ကောင်းပါတယ်.......

ကျွန်တော်ပြောတာ လွန်မလွန် သိနိုင်အောင် အမေဖျော်တဲ့ ငါးပိရည် လုပ်နည်းကို လည်းပြောပြချင်ပါတယ်......

အမေ့ငါးပိရည်ဖျော်ဖို့ လိုအပ်တာတွေက လူ သုံးယောက်စာလောက်ဆိုရင်

၁။စိမ်းစားငါးပိ ကွမ်းသီးလုံးခန့်
၂၊ကြက်သွန်ဖြူ ၂ တက်
၃။ဂေါက်သီးလုံးအရွယ်ရှိတဲ့ ကြက်သွန်နီဥရဲ့ တစ်ခြမ်း
၎။မြန်မာပင်စိမ်းရွက် (ယူရုပ်မှာဆိုရင် ဘာဆီလီကွန်ရောင်းတဲ့ အတန်းတွေမှာရှိတယ်)
၅၊ပဲဆီ ထမင်းစားဇွန်း ၃ ဇွန်း
၆။ငရုတ်သီး ၄ . ၅ တောင့်

အရင်ဆုံး ငါးပိကို သောက်ရေခွက် တစ်ခွက်စာလောက်ရေနဲ့ အရည်ဖျော်ထား

ဒယ်အိုး သေးသေးထဲ ဆီထည့်ပြီး ဆီပူရင် ကြက်သွန်ဥနီ ကို ပါးပါးလှီးထားတာတွေ အရင်ထည့် ပြီးရင် ကြက်သွန်ဖြူကို ဓားပြားရိုက်ထည့် ......ဆနွင်းမှုန့် နည်းနည်းထည့်ပြီး ဆီသတ်လိုက်ပါတယ် (ဆနွင်းမှုန့်က မထည့်မနေရပါ အရောင်ရယ် အနံ့သတ်ဖို့ရယ် နည်းနည်းပေါ့)

ကြက်သွန် တွေ နွမ်းပြီး နည်းနည်း နီချင်နေပြီဆိုရင် အရည်ဖျော်ထားတဲ့ ငါးပိရည်ကို အနယ်တွေစစ်ပြီး အရည်တွေကိုလောင်းထည့်လိုက်ပြီး ငရုတ်သီး ကိုလည်း ဓားပြားရိုက်ပြီး ထည့်လိုက်ရပါတယ်........

ပွက်ပွက်ဆူလာလို့ ၁၅ မိနစ် လောက်နေပြီးရင် ပင်စိမ်းရွက် တွေ ပြစ်ထည့်ပြီး အိုးပေါ်က ချလို့ ရပါပြီ.......ပင်စိမ်းနံ့သင်းသင်းနဲ့ စိမ်းစားငါးပိရည်ဖျော်တစ်ခွက်ဖြစ်သွားပါပြီ.........လွယ်လည်း လွယ်ပါတယ်....လွယ်ပေမယ့် သူ့အဆင့်နဲ့သူသွားမှ မွှေးမွှေးကြိုင်ကြိုင်ငါးပိရည်ဖျော်ဖြစ်မှာပါ....ဥပမာ ပင်စိမ်းရွက်တွေကို ကြိုထည့်လိုက်ရင် ပင်စိမ်းနံ့ပျောက်သွားပြီ သိပ်အရသာရှိတော့မှာမဟုတ်ဘူး။

ပြောခဲ့သလို ဟင်းစပ်တွေနဲ့စားရင် ပိုစားလို့ကောင်းပါတယ်.....တစ်ခုသတိထားဖို့က လက်နဲ့စားရင်တော့ တော်တော်ဆေးယူရတယ်ဆိုတာပါပဲ...။


5 comments:

:P said...

ငပိရည်ကို အသေကြိုက်တာမှာ စားတဲ့ ငပိချင်း ဒေသလိုက်ပြီး မတူကြဘူးနော်။

တို့ဆီမှာ ရေချိုငပိ(ငါးကောင်လေးတွေပါတဲ့ ငါးငပိ)ကိုပဲ ငါးပိချက်ချက်စားလေ့ရှိတယ်။နေတဲ့ဒေသကိုက ငါးငပိနာမည်ကြီးမို့ တစ်ခါပြန်ရင်၂ ပိသာလောက်သယ်ထားပြီးစားတာ၊အိမ်မှာ ငါးဇင်ရိုင်းငါးငပိတွေ ဘူးကြီးနဲ့ (၃)ဘူး၇ှိတယ်။ ယူမလား၊ :D
စိမ်းစားငပိရေကျိုတော့ သူများချက်ရင်စားတယ်။ ကြိုက်တာပါပဲ။ နောင်သူရဲ့နည်းနဲ့ စိမ်းစားငပိရေကျိုစားဖြစ်တဲ့နေ့မှာ ဓာတ်ပုံရိုက်ပြီး ပိုကလိုက်မယ်။

naungthu said...

ငါးဇင်ရိုင်း ငါးပိတော့ မစားဖူးဘူး ငါးဇင်ရိုင်း ဥတော့ ကြိုက်တယ် ......စိမ်းစားငါးပိရည်ချိုမရှိရင် ငါးပိထောင်းကို အချဉ်ဟင်းနဲ့ဖျော်ပြီး နယ်စားလိုက်တာပဲ ကျွန်တော်ကတော့.....ထိုင်းက အငံကတော့ မိုက်တယ်နော် ငံပြာရည်ထဲ ငရုတ်သီး ညှပ်ထည့်လိုက် အဲဒါပဲ ပြီးရော.......စားဖြစ်အောင်စားကြည့် ကောင်းတယ် ပင်စိမ်းရွက်ထည့်ဖြစ်အောင်ထည့်နော် မတွေ့ဘူး မရှိဘူးဆိုရင် မချက်နဲ့ ပင်စိမ်းမပါရင် မကောင်းဘူး

Unknown said...

What's pin sain? Could you upload it's photo? I want to make according to Ur recipe but don't know pin sain :-)) Thanks.

naungthu said...

မမိုးကောင်းသူ ဘလော့မှာ ရှိတယ်ခင်ဗျ.....ျြွန်မာပင်စိမ်းအနံ့က စိမ်းစိမ်းချဉ်ချဉ် လေး.....http://mogaungthu.blogspot.com/2009/04/blog-post_7347.html

khin oo may said...

စိတ်ကူးနဲ့ဘဲစားသွားတော့တယ်။ ကောင်းမဲ့ပုံဘဲ တို့တွေ ရန်ကုန်သူကတော့ ငါးငပိရည်ျကျိုဘဲစားဘူးတယ။် အဲဒါဘယ်အရပ်ကလဲ။.
ပင်စိမ်းရွက်မသိ. လိုက်ကြည့်မယ်။