Sunday, June 20, 2010

ကြက်အစိမ်းဖောက် ဒံပေါက်

မြန်မာပြည်နေတုန်းကတော့ ကျွန်တော် ဒံပေါက်ကို မစားရရင်လည်း စားချင်လှချည်ရဲ့ မဖြစ်ခဲ့ဘူးပေမယ့် နိုင်ငံခြားရောက်ပြီး သိပ်မကြာခင် မြန်မာပြည်မှာ လုပ်သမျှ ရိုးရာ အစားအစာလို ဖြစ်နေတာမျိုးတွေ အကုန်စားချင်တယ်ဆိုတဲ့ အထဲမှာ ဒံပေါက် လည်း ပါလာပါတယ်........တစ်ကယ်တော့ လွန်ခဲ့တဲ့ လေးနှစ်လောက်ကထိ ဒံပေါက် မဆိုထားနဲ့ အုန်းထမင်းလောက်ဆိုရင်တောင် ကျွန်တော့်အတွက် တော်တော်ခက်ခဲနေပါပြီ.....လူဟာ ကိုယ့်ဝမ်းကိုယ်တော့ အငတ်မထားဘူး ဆိုသလိုပဲ တစ်ကယ် စားချင်လာတော့ ရှာကြံမေးမြန်းပြီး လုပ်စား ရတော့တာပါပဲ.....အစပိုင်းမှာတော့ ဘယ်အဆင်ပြေမလဲ.....ဒါပေမယ့် စိတ်ရှည်လက်ရှည် မဖြစ်ဖြစ်အောင် လုပ်မယ် ဆိုတဲ့ စိတ်တဲ့ အားကြိုးမာန်တက် ကြိုးစားလိုက်တာ အထက်မီးအောက်မီးနဲ့ ဖုတ်တဲ့ ဒံပေါက်တင်မက ရိုးရိုး ထမင်းပေါင်းအိုးနဲ့ပါ အထက်မီးအောက်မီးနဲ့ ဖုတ်တဲ့ ဒံပေါက်လို ချက်တတ်လာပါတော့တယ်......

တစ်ကယ် ချက်တတ်သွားတော့လည်း သိပ်ခက်လှတယ်ရယ်လို့ မဟုတ်တော့ သလို အထက်မီး အောက်မီး နဲ့ ချက်တာ အဆင်ပြေနေတာတောင်မှ ထမင်းပေါင်းအိုးနဲ့ ပြောင်းချက်တဲ့အခါ ၄...၅ အိုး လွှင့်ပြစ်ရပြီးမှ အဆင်ပြေခဲ့တဲ့ ဒံပေါက်မိုလို့ အတိအကျသာ ချက်ရင် မျက်စိမှိတ်ချက် ကွက်တိထွက်မယ် ထင်ပါတယ်......တစ်ယောက်ယောက်များ ဒီနည်းနဲ့ ချက်လို့ အဆင်ပြေ စားကောင်းတယ်လို့ ခံစားရရင်လည်း ကျွန်တော် ကျေနပ် ပီတိ ဖြစ်နေမှာ မလွဲပါ..................

ကြက်သား အစိမ်းဖောက် ဒံပေါက် (လူလေးယောက်စာ)

Basmati ဆန် ၃ ဗူး
ကြက်သွန် ဥ (တင်းနစ် ဘောလုံးလောက် ဆို ) ငါးလုံး
ကြက်သား ပေါင် ၄ ပေါင်
ဒိန်ချဉ် တစ်ခါစား ရယ်ဒီမိတ် ၂ ဗူး
ထောပါတ်
ဒံပေါက် မဆလာ
ဆန်ဆိုးဆေး အနီ ၊ အ၀ါ
သစ်ဂျပိုး လေးခေါက်၊ ကရဝေး ၆ ရွက်၊ ဖာလာ လေးစေ့၊ သီဟိုစေ့ ၊ စပျစ်သီး (အချိုးအစားကတော့ ချက်သူရဲ့ အကြိုက်ပေါ်မှာ မူတည်ပါတယ်)

အရင်ဆုံး ကြက်သားကို အရေခွံဆုတ် ဆား ၊ ဒိန်ချဉ် ၊ မဆလာတွေနဲ့ ရောနယ် (ဒံပေါက် မဆလာက ၆ ဇွန်းလောက်ထည့် (ပိုကြိုက်ပိုထည့်) မထည့်ခင် ငရုတ်ဆုံရှိရင် ထောင်းလိုက်အုန်း မဟုတ်ရင် သူ့ထဲပါတဲ့ အစိလေးတွေက သဲလေးတွေလိုဖြစ်ကန်ုလိမ့်မယ်)ပြီးရင် ရေခဲသတ္တောထဲ ထည့်ထားလိုက်ပါ

ဒုတိယ ကြက်သွန်တွေကို ပါးပါး လှီးပြီးတော့ ဆီများများနဲ့ ကြော်ထားမယ် .....ပြီးရင် ဇကာထဲ ထည့်ပြီး ထားထားလိုက်ပါ

တတိယက ဆန် ပိုင်းကို လှည့်မယ်....ဆန်က ထမင်းပေါင်းအိုးမှာပါတဲ့ ဆန်ချိန်ခွက်နဲ့ သုံးခွက် ကို သုံးပုံ ပုံ (တစ်ခွက် တစ်ပုံပေါ့) ဆန်တွေကို ရေမဆေးခင် ခွဲထားရမှာ........ပြီးရင် တစ်ပုံချင်း ရေဆေးပြီး ရေစစ်ပြီး တစ်ပုံ ကို အဖြူထည်ပဲ ထားပြီး ကျန်တာကို အနီနဲ့အ၀ါ ဆေးဆိုး .....ဆေးဆိုးပြီးရင် အဖြူထည်ကို အရင်ဆုံး စကိုင်ပါမယ်.....

ဆန် ထဲကို လက်ဖက်စားဇွန်း တစ်ဝက်လျော့လျော့ ဆားထည့်မယ် ၊ ထောပါတ် ထမင်းစားဇွန်း ၃ ဇွန်းထည့်မယ်၊ ကရဝေးရွက်၊ သစ်ဂျပိုးခေါက်နဲ့ ဖာလာ တစိ ထည့်မယ် ပြီးရင် ကြက်သား နှပ်ထားတဲ့ အနှစ် သုံးပုံ တစ်ပုံ ယူထည့်မယ်....အားလုံးထည့်ပြီးရင် ယောင်းမနဲ့ သမအောင် နယ်ပေး .....နယ်ပြီးသွားရင် ထမင်းအိုးထဲကို ထည့် ....အဲဒီအပေါ်ကမှ သီဟိုစေ့ စပျစ်စေ့ ပဲစေ့ ထည့်မယ်(ပဲစေ့က သံဗူးနဲ့လာတဲ့ အစိမ်းရောင်ဗူး မရှိလည်း မထည့်နဲ့)

ပြီးရင် အ၀ါဆိုးထားတဲ့ ဆန်ကို ဆန်အဖြူ စပ်သလိုပဲ စပ်ပြီး အပေါ်က ထပ်ထည့်ပါမယ်........ဆန်ဝါပေါ်မှာလည်း စပျစ်စေ့ သီဟိုစေ့ ထုံးစံအတိုင်းထည့်ပြီး အပေါ်ဆုံးက မှ အထက်ကဆန်တွေလို စပ်ထားတဲ့ ဆန်နီထည့်ပါမယ်....

ပြီးရင် ရေလက်တဆစ် စပါးလုံးတစ်ထောက်စာလောက်လျော့ထည့်ပြီး ရေတွေထည့်ပြီးတော့မှ နှပ်ထားတဲ့ ကြက်သားတွေထည့်မယ်.....ပြီးရင် တည်လိုက်လို့ ရပါပြီ

ထမင်းကို တက်သွားပြီဆိုတာနဲ့ ပလပ်ပေါက် ချွတ်ပြီး အပေါ်က ကြက်သားတွေကို ပန်းကန်ပြားတစ်ခုထဲထည့် ပြီးရင် လင်ဗန်းလို ခပ်ပြန့်ပြန့် ဗန်းတစ်ခုပေါ်မှာ ထမင်းတွေကို သွန်ချလိုက်ပါ ......

ပြီးရင် အိုးထဲကို ထမင်းနည်းနည်းပြန်ထည့်ပြီး အစောပိုင်းက ကြော်ထားတဲ့ ကြက်သွန်ကြော်တစ်ဝက်လောက် ထမင်းအပေါ်မှာခင်းလိုက်ပါ ...ကြက်သွန်နီတွေပေါ်ကမှ ကြက်သားတွေ ထည့် ပြီးရင် ထမင်းတစ်ဝက်လောက်ပြန်ထည့် ......ဒါပြီးရင် ကျန်တဲ့ ကြက်သွန်ကြော် တစ်ဝက်လောက်ကို အဲဒီထမင်းပေါ်မှာ ထည့်ပြီးမှ နောက်ဆုံးကျန်နေတဲ့ ထမင်းတစ်ဝက်ကို အပေါ်က ထပ် ခင်းလိုက်ပြီးတော့ ထမင်းအိုး ကို ခလုပ်မနှိပ်တော့ပဲ ပလပ်ပဲ တပ်ပြီး ဒီတိုင်း ငါးမိနစ်လောက်ထားလိုက်ပါ....ပြီးရင် ပလပ်ချွတ်ပြီး ၁ နာရီလောက် ပြစ်ထားလိုက်ရပါတယ်....ဒါဆို အထက်မီး အောက်မီးနဲ့ ချက်တဲ့ မြန်မာပြည်က ဒံပေါက်လို ချွတ်စွတ်ထွက်ပါတယ်.....။

14 comments:

khin oo may said...

သိတ်ကောင်းတယ်။ အဖေမယုံနိင်ဘူးဖြစ်သွားမယ်။

khin oo may said...

၂၀၀၉ မှာ ၁၀ ပုဒ်တောင်ရေးသွားတာကိုး. ဟိုတစ်လောကဘလော့ပိတ်ထားလို့ မဖတ်လိုက်ရဘူး. ပြန်မပိတ်နဲ့ဦး. အခုတော့အိပ်လိုက်ဦးမယ။် နောက်နေ့ပြန်လာဖတ်မယ်။

Unknown said...

Thanks for your recipe.

hnin said...

Thanks for Sharing your recipe. I will try.

စန္ဒကူး said...

စားချင်စရာလေး နီရဲနေတာဘဲ..း))

MMNN-NNMM said...

ရေ လက်တဆစ်စာက စုစုပေါင်း ဘယ်နှဗူးလောက်ဖြစ်မလဲ..ဆန်ခြင်ခွက်နဲ့..

naungthu said...

ကျွန်တော် နောက်တစ်ခေါက်ချက်မှ မှတ်ထားလိုက်ပါ့မယ်.....တစ်ခါမှတော့ အဲလို မှတ်မထားမိဘူး...ဟုတ်တော့ ဟုတ်ပါတယ် လက်အတိုအရှည်မှ မတူကြတာ :D

khin oo may said...

ခြောက်လမှ တစ်ခါရေးတာ wesheme က ဘယ်လိုလုပ်သိသွားတာလဲ။

http://wesheme.blogspot.com/

side bar list

naungthu said...

မသိဘူးလေ အဲဒါတော့

MrDBA said...

ဒီတစ်ပါတ် ချက်စားကြည့်ဦးမယ်ဗျာ .. ကျေးဇူးပါဘဲ။ ချက်နည်းသိချင်နေတာကြာပြီ။

naungthu said...

ချက်ပြီးရင်လည်း အဆင်ပြေ မပြေ ပြောပါအုန်း အစ်ကို

kyaw linn said...

မသိလို့ မေးပရစေ..ဗျာ.. ရေးထားတဲ့အထဲမှာ ဒိန်ချဉ် လို့ တွေ့ ရတယ်.. ဒိန်ချဉ် နဲ့ နယ်ရမှာလား .. ဒိန်ခဲ နဲ့ နယ်ရမှာလား ဆိုတာလေး ပြောပါဦး ... ကျနော်တို့ ဆီမှာ.. ဒိန်ချဉ် နဲ့ ပက်သက်တဲ့ နို့ ထွက်ပစ္စည်းတွေ က အများကြီး ရှိလို့ ပါ..

naungthu said...

ဒိန်ချဉ်ပါ ခင်ဗျာ

kyaw linn said...

ဒီဆိုက်(ဒ်)လေးကိုသာမတွေ့ ရင် ဒံပေါက်စားရဖို့ မမြင်ဘူး.ပြန်လည်ဖြေပေးတဲ့အတွက်ရော...ဆိုက်(ဒ်)တင်တဲ့အတွက်ရော.ကျေးဇူးပါ ... ဘရို ...