Thursday, October 15, 2009

အဖေနဲ့အမေ။၂၂။

အကြီးဆုံး သားနဲ့သမီးအတွက် အဖေ နဲ့ အမေ စိတ်သောက ရောက်နေရသလို အဲဒီအချိန်မှာ ငယ်သေးတဲ့ ကျွန်တော့်ရင်ထဲမှာလည်း ပါတ်ဝန်းကျင်ကြောင့် ဒဏ်ရာရစ ပြုနေပြီ ဆိုတာတော့ အဖေနဲ့အမေ မရိပ်မိခဲ့ဘူး......ကျွန်တော်ကိုယ်တိုင်လည်း ကျွန်တော်ခံစားရတာတွေကို အဖေနဲ့အမေ စိတ်ဆင်းရဲနေရတာတွေ စိတ်အနှောင့်အယှက်ဖြစ်နေရတာတွေကို ကြည့်လို့ ပြောမထွက်ခဲ့ဘူး.......အငယ်ဆုံး သား ကျွန်တော့်ကို သိပ်ချစ်တဲ့ အဖေနဲ့အမေ ကိုယ်တိုင်လည်း ကျွန်တော်ဟာ စိတ်တိုတတ်တယ် ဒေါသကြီးတယ် ပြီးရင် ပြီးသွားတာပါဘဲ ဆိုတာလောက်ပဲတွက်ထားခဲ့ပြီး ကျွန်တော်ဟာ ခံစားချက်ကြီးသလို ကျွန်တော့်ကို အသည်းနာအောင် ခံစားရအောင် လုပ်ရင်တော့ တစ်မြည့်မြည့်နဲ့ မမေ့နိုင်ပဲ နာနေတတ်တယ် ဆိုတာကို ကျွန်တော် မိန်းမရပြီးချိန်လောက်မှ သေချာ သဘောပေါက် ခဲ့ကြတယ်......

အထက်တန်းကျောင်းမှာ ကလေးအရွယ်နဲ့မမျှအောင် ပညာတတ်နည်းတွေနဲ့ နှိပ်စက်ကြတဲ့ ဆရာဆရာမ တစ်ချို့အပေါ်မှာ နာလာတဲ့ စိတ်ကနေတစ်ဆင့် ကလေး ဦးဏှောက်နဲ့ ကလဲ့စားချေတဲ့အနေနဲ့ ဆရာမတွေ ခုံပေါ်ခွေးလှေးယားသီး မှုန့်ဖြူးတာတို့ မီးခြစ်တစ်လုံးနဲ့ တွေ့ကရာ မီးရှို့တာတို့ ကျောင်းသောက်ရေကန်ထဲ ရေဆင်းကူးတာတို့ စတဲ့ ဆိုးသွမ်းမှုတွေနဲ့ အဖေလည်း ကျောင်းအုပ်ကြီး ရုံးခန်းကို ၂ လတစ်ကြိမ်လောက်ရောက်ရသလို ကျွန်တော်ဟာလည်း ပေတိပေကပ် ပေစောင်းစောင်း ဂျစ်ကန်ကန် ကလေးတစ်ယောက်ဖြစ်လာခဲ့တယ်........စည်းကမ်းတကျ စနစ်တကျ နဲ့ ရိုးသားအေးဆေး စွာ နေတတ်တဲ့ အဖေ လည်း ဘယ်လို သားသမီးတွေများ မွေးလာခဲ့လည်း မသိဘူးလို့ အဲဒီအချိန်က တွေးနေမိမလား ဆိုတာကို ကျွန်တော် အခုချိန် ပြန်တွေးနေမိတယ်..........

အိမ်မှာ မိသားစု အတူတူ ပျော်ပျော်ရွှင်ရွှင် နေလာကြပြီး အစ်မက မင်္ဂလာဆောင် အစ်ကိုကလည်း အိမ်မှာမနေပဲ မေမေကြီးတို့အိမ်သွားနေ နောက်ပိုင်းမှာထမင်းစားချိန်ကအစအဖေရယ်အမေရယ်ကျွန်တော်ရယ် သုံးယောက်ပဲ ရှိတော့တဲ့ထမင်းဝိုင်း တစ်ချိန်က အိမ်ရှေ့က ဧည့်ခန်းမှာ အဖေနဲ့အမေ အိပ်သွားလည်း မောင်နှမသုံးယောက် တီဗွီဇာတ်လမ်းတွဲ ထိုင်ကြည့်နေကြပေမယ့် အားလုံး ကွဲပြားသွားပြီးချိန်မှာ ကျွန်တော်တစ်ယောက်ထဲ ငုတ်တုတ်ထိုင်ကြည့်နေခဲ့ရတဲ့အချိန်တွေ အရင်ကထက် အဆပေါင်းများစွာ တိတ်ဆိတ်သွားတဲ့အိမ် စတာတွေက ကျွန်တော့်ကို တော်တော် ခံစားစေခဲ့တဲ့တယ်.......အဖေနဲ့အမေ ကလည်း ပြစ်ထားတာမဟုတ်ပေမယ့် ကျွန်တော့်ရင်ထဲမှာတော့ ပျက်စီးသွားတဲ့ အရာတစ်ခုကို အရင်လို ပြန်ဖြစ်ချင်စိတ်ကြီးစိုးနေခဲ့ပြီး မဖြစ်နိုင်မှန်းလည်း သိနေတဲ့အခါ ပါတ်ဝန်းကျင်အနေနဲ့လည်း ပျော်မွေ့စရာမကောင်းတဲ့အချိန်မှာ ကျွန်တော်ဟာ ကလေးသာသာမှာပဲ လူကြီးတစ်ယောက်လို ပျက်စီးခဲ့တော့တယ်.........

ဆင်းရဲပင်ပန်းကြီးစွာ ပညာရှာခဲ့ပြီး ပိုက်ဆံအလုံအလောက်မတတ်နိုင်လို့ ဆေးတက္ကသိုလ်ဝင်ခွင့်ရရဲ့သားနဲ့ တစ်ခြား အသက်မွေးဝမ်းကျောင်းတက္ကသိုလ်တစ်ခုကိုတောင် သူတပါးအထောက်အပံ့နဲ့ တက်ခဲ့ရတဲ့ အဖေ ...ပညာတော် ဥာဏ်ရည်ကောင်းပြီး ပိုက်ဆံရှိပေမယ့် မေမေကြီးကျောင်းဆက်မတက်ခိုင်းလို့ မတက်ခဲ့ရတဲ့အမေ က သူတို့ရဲ့သား သမီးတွေကို အယူအဆ တစ်ယောက်တစ်မျိုးစီနဲ့ လိုအပ်တာမှန်သမျှကို ထောက်ပံ့ပေးခဲ့ပြီး မုန့်ဖိုးကအစ အလွန်အကျွံပေးခဲ့တာကလည်း ပျက်စီးစေဖို့ လမ်းကြောင်းပဲ လို့ကျွန်တော်ယူဆခဲ့တယ်........အဖေနဲ့အမေကို ပြစ်မှား အပြစ်တင်တာမဟုတ်ပေမယ့် တစ်ကယ်တော့ အဲဒီအတိုင်းပဲ ဖြစ်ခဲ့တယ်.......အဖေနဲ့အမေ က သူတို့ခံစားချက်နဲ့ အဖေကလည်း သိပ်ချို့တဲ့ခဲ့တဲ့ သူ့အဖြစ်မျိုးသားသမီးကိုမဖြစ်စေချင် တဲ့ ဆန္ဒနဲ့ လိုက်လျောခဲ့သလို အမေကလည်း သူသိပ်ဖြစ်ချင်တဲ့ ပညာတတ်ကြီး မဖြစ်ခဲ့တော့ သားသမီးတွေကို ပညာတတ်တွေ ဖြစ်စေချင်တဲ့ စိတ် မေမေကြီး လိုအမေမျိုး မဖြစ်ချင်တဲ့ စိတ်တွေနဲ့ ကျွန်တော်တို့ကို ဖြည့်စည်းပေးခဲ့တယ်လို့ ကျွန်တော် ထင်မြင်ယူဆမိတယ်.....ကျွန်တော်ထင်မြင်ယူဆသလိုလည်း အဖေနဲ့အမေက နောင်တစ်ချိန်မှာ အဖေတို့အမေတို့ ခံစားချက်အရ သားတို့ကို အလိုသိပ်လိုက်ခဲ့တာ မှားခဲ့တယ်ဆိုတာ ကျွန်တော့်ကိုပြောပြခဲ့တယ်......

သူတပါး ၆ တန်း ကျောင်းသားအရွယ်တွေ ပုံမှန် ၅ ကျပ် ၁၀ မုန့်ဖိုး ရနေချိန်မှာ တစ်ပါတ်စာမုန့်ဖိုး ၂၅၀-၃၀၀ လောက်ရတဲ့ ကျွန်တော်က သူနဲ့မပေါင်းကြနဲ့ လို့ပြောခံထားရတဲ့ ကျွန်တော်နဲ့ရွယ်တူ သူငယ်ချင်းတွေနဲ့ လုံးဝမပေါင်းတော့ပဲ ကျွန်တော့်ထက် အသက်နှစ်ပြန်လောက်ကြီးတဲ့ လူတွေကို သွားပေါင်းရာကအစ ကလေးအရွယ်နဲ့ အရက်သောက်တတ်ဖို့ဖြစ်လာခဲ့တယ်......မုန့်ဖိုးအပြင် သားသူငယ်ချင်းတွေကို မုန့်ကျွေးမလို့ ပိုက်ဆံပေးအုန်းဆိုတိုင်း အေးအေး သွားကျွေး ဆိုပြီး ထုတ်ပေးတတ်တဲ့ အမေ့ကြောင့် လက်ထဲမှာ ၁၀၀၀ ကျော်လောက်တော့ အမြဲရှိတတ်ပြီး နေရာတကာ ကျွန်တော်ကြည့်ရှင်းတဲ့အတွက်လည်း ကျွန်တော့်သူငယ်ချင်း လူကြီးတွေက သွားလေရာ ကျွန်တော့်ကိုခေါ်သွားလေ့ရှိခဲ့တယ်.......လူကောင်းတွေတော့ မဟုတ်ခဲ့ဘူး.......ထို့အတူ မွန်ထရီ မာဘိုရို ဇင်ဇင်း စတဲ့ ဆေးလိပ်လေးတွေလည်း ကျွန်တော့်လက်ကြား ရောက်လာခဲ့တယ်......အဖေနဲ့အမေ ကတော့ ကျွန်တော့်ကို သားလေး ဆိုပြီး ကလေးလို့ထင်နေပေမယ့် ကျွန်တော်ဟာ ကလေးလူကြီး ဖြစ်နေပြီဆိုတာကို စစချင်းမှာ မရိပ်မိခဲ့သလို ကျွန်တော်ဟာလည်း အိမ်ပြန်ရောက်လို့ အဖေနဲ့အမေ ကိုတွေ့ရင် ကလေးလိုပဲ နေခဲ့တယ်.....သူငယ်တန်းရောက်တဲ့အထိ မထွက်တော့တဲ့ အမေ့နို့ကို အမေ့ညနေကျရင်နို့လှန်ထားနော် သားက အိမ်ရောက်ရောက်ချင်း နို့စို့မှာ ဆိုပြီး မနက်ကျောင်းလိုက်ပို့ထဲကပြောတတ်သလို ပြန်လာရင်လည်း အမေ့ရင်ခွင်ထဲမှာ ကလေးတစ်ယောက်လို နို့စို့ပြီး နေနေတတ်တဲ့ ကျွန်တော့်ကို အမေက ကျွန်တော် ကလေးလူကြီးဖြစ်နေတဲ့အရွယ်ထိ ပွေ့ပိုက်နေတုန်းပါဘဲ..........

ဒါပေမယ့် တစ်ရက်မှာတော့ ထန်းရည်မူးပြီး အိမ်ပြန်ရောက်လာတဲ့ ကျွန်တော့်ကို အမေက ငိုယိုပြီး သားလေးရယ် သားလေးရယ် ဖြစ်နေပေမယ့် အဖေကတော့ စိတ်အနည်းငယ်တိုပြီး အမေ့ကို ဆူနေခဲ့တယ်...မင်းကြောင့် မင်းကြောင့် မင်းအလိုတွေ သိပ်လိုက်လွန်းလို့ ဆိုတာကို အဲဒီအချိန်ကစလို့ နောင် ကျွန်တော်တစ်ခုခုဖြစ်တိုင်း အမေ့ကိုပြောခဲ့တယ်.....နောက်နေ့မှာတော့ အဖေက ကျွန်တော့်ကို လူကြီးတစ်ယောက်လို နားဝင်အောင် ဆုံးမခဲ့ပေမယ့် ကျွန်တော်ကတော့ ကျွန်တော့်ကို သိပ်အလိုလိုက်တယ်လို့ထင်တဲ့ ၊အပြင်လောကမှာ ကျွန်တော့်ကို ချစ်တယ်လို့ထင်တဲ့ လူကြီး လူဆိုးတွေနဲ့ ပေါင်းပြီး ပြိုကွဲသွားတဲ့မိသားစုကိုလွမ်းတဲ့စိတ် ကျောင်းမှာခံစားရတဲ့စိတ်တွေကို သူတို့ဆိုးသလို လိုက်ဆိုး သူတို့နဲ့အတူတူ လိုက်ပြီးနေနေရတာကို ပျော်နေတတ်ခဲ့ပြီဆိုတာ အဖေ မရိပ်စားမိခဲ့ဘူး........

အဲဒီနေ့ကစလို့ အမေက ကျွန်တော့်ဘယ်သွားလည်း ဘာလုပ်သလည်းဆိုတာကို လိုက်ကြည့်ရတဲ့ အလုပ်တစ်ခုပိုလာသလို ကျွန်တော်ကလည်း အရင်လို ချောချောရှူရှူ အပြင်ထွက်ခွင့်မရတော့တဲ့အတွက် အမေနဲ့အဖေ့ အပေါ်မှာ ညာတတ်လာခဲ့သလို ကလေးအရွယ်နဲ့မမျှပေးထားတဲ့ပိုက်ဆံအပြင် မလောက်တော့တဲ့အတွက် ပိုက်ဆံပါ ခိုးတတ်လာခဲ့တယ်........မိဘဆီက ပိုက်ဆံ ယူကျင့်ရှိရင် နောက်ပိုင်းမှာ တစ်ခြားသူဆီကလည်း ယူကျင့်ရှိလာမယ် တစ်ဖြည်းဖြည်းနဲ့ မကောင်းတဲ့ဘက်ကို ရောက်သွားမယ် စသဖြင့်ဆုံးမပြီး လိုတာကို ဘာလိုအပ်သလည်းပြော အဖေနဲ့အမေ သားတို့လိုအပ်တာမှန်သမျှ အတတ်နိုင်ဆုံး ဖြည့်စည်းပေးမယ် မုန့်ဖိုးကအစ မလောက်လို့ စားချင်တာရှိရင်ပြောထပ်ပေးမယ် ဆိုပြိး ဆုံးမထားလို့ ပိုက်ဆံတွေတွေ့လည်း မယူတတ်ခဲ့တဲ့ ကျွန်တော့်အတွက် မလောက်ငတော့တဲ့နောက်ပိုင်းမှာ ခိုးဖို့ပဲဖြစ်လာတော့တယ်......

ပုံမှန်ဆိုရင် လောက်ငရုံမက ပိုတောင်ပိုနေသေးပေမယ့် ကျွန်တော့်ရဲ့သူငယ်ချင်း လူကြီးတွေက တစ်ခုခု လိုအပ်လို့ ကျွန်တော့်ရှေ့မှာ မျက်နှာညှိုးနေရင် ဘာဖြစ်တာလည်းဗျ ကျွန်တော့်ကိုပြောဗျ အစ်ကိုရ ပြောစမ်းပါဗျ ကျွန်တော် လုပ်ပေးမယ်လုပ်တတ်တဲ့အတွက် ကျွန်တော့်ရှေ့မှာ သူတို့ရဲ့ မျက်နှာတွေ ခဏခဏ ညှိုးသလို ကျွန်တော်ဟာလည်း အမေနဲ့အဖေဆီက ပိုက်ဆံကို ခဏခဏ ခိုးနေရတော့တယ်.......ဒါပေမယ့် အဲဒီတစ်ချိန်က ကျွန်တော့်အတွက်တော့ ကျွန်တော့်ကိုချစ်တယ် ခင်တယ် သံယောဇဉ်ရှိတယ်လို့ ထင်ခဲ့တဲ့ သူတို့မျက်နှာညိုးရင် နေမထိထိုင်မသာဖြစ်ခဲ့ရသလို တစ်ခါတစ်လေ ချက်ခြင်းတောင် အိမ်ပြန်ပြီး အမေနဲ့အဖေ ဆီက ခိုးပြီး ပေးခဲ့တဲ့ အခါတွေလည်း ရှိခဲ့တယ်.......ကျွန်တော်ကတော့ အဖေနဲ့အမေ မသိဘူးထင်ခဲ့တယ်........

7 comments:

P.Ti said...

အစအဆုံးဖတ်သွားပါတယ်.. စိတ်ဝင်စားအောင်ရေးနိုင်ပါတယ်.. ဆက်ရေးပါဦး။

Anonymous said...

Very interesting! Thanks for sharing your experience. I look forward to reading your next post.

နောင်သူ said...

p.ti + anonymous ....ကျေးဇူး

Anonymous said...

ဖတ်

ko oo said...

good post

သူမ said...

သြော်...အငယ်ကောင်လာပြီကိုးးးးးးးးးးးဆိုးချက်ကတော့...

naungthu said...

anonymous ....ဟုတ်

ကိုဦး....ကျေးဇူးတင်ပါတယ်ခင်ဗျာ

သူ(သူမ)....နည်းနည်းပါ :D