Friday, October 30, 2009

အဖေနဲ့အမေ။၂၆။

တစ်ကြိမ်တစ်ခါမှ ၀င်မပြောပဲ ခပ်အေးအေးနေခဲ့တဲ့ ဘဘကြီးက အမေ့ကို ဒီလိုတွေပြောခဲ့ တာဟာ မေမေကြီးရဲ့

စနက်ကြောင့်ဖြစ်ရမယ်လို့ အမေ့မောင်နှမ ၈ ယောက်လုံးက တထစ်ချ ယုံကြည်ခဲ့ကြသလို တစ်ကယ်လည်း အဲလိုပဲဖြစ်မှာပါလို့ အဖေနဲ့အမေကလည်း ယုံကြည်ခဲ့တယ်......ထို့အတူ မေမေကြီးရဲ့ သားသမီးတွေအပေါ် မှာရှိတဲ့ သူ့ရဲ့ အာဏာကျတော့မယ့် အစလို့လည်း ပြောရမှာပါဘဲ........အမေကတော့ စိတ်မကောင်းဒေါသတွေနဲ့ အတူ ငိုလည်းငိုနေသလို ပစ္စည်းတွေလည်း သိမ်းနေရင်းနဲ့ ညတွင်းချင်းပြန်ဖို့ လုပ်ခဲ့တော့တယ်.......အမေဟာ စိတ်တို ဒေါသကြီးတတ်ပြီး ဘယ်လောက်ပဲ သူ့အပေါ်မှာ မိဘက မကောင်းခဲ့ပေမယ့် မေမေကြီး ခုံနဲ့ပေါက်လိုက်လို့ သူတို့အမေကို ထိရကောင်းလားဆိုတာတွေကြောင့်ရယ် မေမေကြီးက နှိမ်တယ်ဆိုတဲ့ စိတ်အခံတွေရှိတာကြောင့်ရယ် ပေါင်းပြီး မေမေကြီးကို ရိုက်ဖို့ကြိုးစားတဲ့ အမေ့အစ်မလတ်ရဲ့ သားကြီးတွေကို ဒေါသတစ်ကြီး လည်း ဆူပူငေါက်ငမ်းနေခဲ့တယ်........ထို့အတူ သူ့ရဲ့အစ်မလတ်ကိုလည်း နင်အထိန်းအသိမ်းမတတ်လို့ ကလေးတွေ ကော နင်ပါ အကုန်မြေမြိုကုန်မယ် နင့်ယောင်္ကျားလည်းပြောထား အမေ့ကို ဘာမှထိစရာအကြောင်းမရှိဘူး ဆိုပြီး စိတ်မကောင်းဒေါသတွေကြားကနေ ဆူပူငေါက်ငမ်းနေပြီး အမေ့မောင်အငယ်ဆုံး ညီမအငယ်ဆုံးနဲ့ အမေ့ညီမ ကျွန်တော်အချစ်ဆုံး မာမီတို့ ငိုယိုပြီးတားနေတဲ့ကြားကနေ ညတွင်းချင်းပဲ အဖေ့ဆီကို ပြန်ခဲ့တော့တယ်.........





စိတ်မကောင်းဖြစ်လွန်းခဲ့လို့ လမ်းခရီးတစ်လျှောက် မျက်ရည်တွေသာ တွေတွေကျပြီး နေခဲ့တဲ့ အမေ့ကိုကြည့်လို့ ကျွန်တော်တို့လည်း ငြိမ်ငြိမ်သက်သက်ပဲ ပြန်လာခဲ့ကြတယ်........မေမေကြီးတို့ အိမ်မှာ နေချင်သလို နေရပြီး သူငယ်ချင်းတွေနဲ့ပျော်နေတဲ့ အစ်ကိုကတော့ စိတ်ပျက်လက်ပျက်နဲ့ အိမ်ကို ပြန်ပါလာခဲ့တယ်.......မနက်ဝေလီဝေလင်း အိမ်ပြန်ရောက်တဲ့ အချိန်မှာ အဖေက အံ့အား သင့်နေခဲ့ပြီး အစ်မနဲ့ ယောက်ဖက ရှင်းပြခဲ့လို့ သိခဲ့ပြီးတဲ့နောက်မှာတော့ အဖေ့ဆီကနေ ဦးလေး တို့ ဒေါ်ဒေါ် တို့ကလည်းကွာ ဆိုတာလောက်ပဲထွက်ခဲ့ပြီး အမေ့ကိုသာ စိတ်မကောင်းမဖြစ်ပါနဲ့ကွာ ကိုယ်က သားသမီးဝတ္တရား ကျေအောင်နေတာပဲ တစ်ချိန်ကျတော့ သိလာမှာပါ ဆိုတာမျိုးတွေပြောလို့ အမေ့ကို နှစ်သိမ့်ခဲ့တယ်........အမေ နဲ့ ကျွန်တော်တို့မောင်နှမတွေ အိမ်ပြန်ရောက်ပြီး နောက်ရက်တွေမှာတော့ အမေ ရံဖန်ရံခါ စိတ်မကောင်းဖြစ်နေတတ်ပြီး သူ့မောင် ညီမလေးတွေ ဘယ်လိုများ ဆက်လုပ်ကိုင်နေမလည်း မသိဘူး ဆိုတဲ့အကြောင်း သတိတရ ဖြစ်နေတတ်တာကလွဲလို့ အိမ်မှာ အရင်လို ပုံမှန် အဖေရုံးသွား အမေ အလုပ်ကိတ်စတွေနဲ့သွားရင် ကျွန်တော်တို့ လိုက်နဲ့ ပုံမှန်လည်ပါတ်နေခဲ့တယ်.........



အမေနဲ့ ဘဘကြီး တို့ ပြသနာတွေဖြစ်လို့ ကျွန်တော်တို့ အိမ်ပြန်ရောက်ပြီး သိပ်မကြာခင်မှာပဲ အောင်စာရင်းတွေထွက်တဲ့အချိန်ရောက်လာခဲ့တယ်........ကလေး ငပေ လုပ်လာခဲ့တဲ့ ကျွန်တော့်ကို အဖေက မယုံသလို အေးအေးလေးနဲ့ ပေတဲ့ အစ်ကို့ကိုလည်း အဖေကအောင်မယ် မထင်ခဲ့ဘူး.......အောင်စာရင်းထွက်တဲ့နေ့မှာ ကျွန်တော်ကတော့ အဖေတို့ နဲ့ နေခဲ့တာဖြစ်လို့ အဖေကိုယ်တိုင် အောင်စာရင်းသွားကြည့်ခဲ့ပြီး အဖေ ဒေါသတစ်ကြီးနဲ့ အိမ်ပြန်ရောက်လာခဲ့တယ်.......ရောက်ရောက်ချင်းပဲ အမေ့ကို လူက လက်တောက် ဒီ အတန်းတောင် မအောင်ရင် ကလေကချေ ဖြစ်မှာပဲ မင်းကို ငါပြောတယ် အခုတော့ မင့်သား ကျပြီလေ ဘယ်လောက် ရင်နာစရာကောင်းလည်း ဒီအတန်းလေးကို ကျရတယ်လို့ဆိုပြီး အဖေဒေါသတစ်ကြီးနဲ့ အမေ့ကို ဆူနေခဲ့တယ်.......ပညာရေးနဲ့ပါတ်သက်တဲ့အတွက် အဖေ ဒေါသတွေကြီးနေပေမယ့် အမေကတော့ စိတ်အေးအေးထားပါ ကျွန်မမေးပါအုန်းမယ် သေချာကြည့်ခဲ့တာလား ပြောပါအုန်းဆိုတော့ ကြည့်တာပေါ့ကွ အောင်စာရင်းကြည့်တာ မှားစရာလားဆိုတော့ ဘယ်နာမည်နဲ့ ကြည့်တာလည်းလို့ အမေက ထပ်မေးလိုက်တဲ့အချိန်မှာ ဘယ်နာမည်နဲ့ ကြည့်ရမှာလည်း ဆိုပြီး လူသိများတဲ့ ကျွန်တော့်အိမ်နာမည် ကိုအဖေကပြောပြီး အဲဒီနာမည်နဲ့ကြည့်တာပေါ့ဆိုမှ တော် ကိုယ့်သားကိုယ် နာမည်ပေးပြီးမေ့နေပြီလား တော့်သား ကျောင်းနာမည်က အဲဒါမဟုတ်ဘူးလေ သွားခုပြန်ကြည့်ဆိုပြီးပြောလိုက်တော့မှ အဖေလည်း ချက်ခြင်းအို့တို့အန်းတန်း ဖြစ်ပြီး အေးဟုတ်သားပဲ ငါပြန်ကြည့်မယ်ဆိုပြီး ချက်ခြင်းပြန်ထွက်သွားခဲ့တယ်.......အမေကတော့ အဖေထွက်သွားတာနဲ့ ဟင်းဟင်း ဘယ်ရမလည်း ငါ့သားများ အထင်သေးလို့ ငါ့သားအောင်တယ်မဟုတ်လားဆိုပြီး ကျွန်တော့်ကို လှမ်းမေးခဲ့လိုက်သေးတယ်.........



ကျွန်တော်ကလည်း မဆိုင်းမတွ အောင်တာပေါ့အမေရ ဒီလောက်ကတော့ အပျော့ပါလို့ ပြောလိုက်ပေမယ့် ရင်တော့ တစ်ထိတ်ထိတ်ပါဘဲ.......ခဏနေတော့ အဖေသဘောကျရင် ဖြစ်တတ်တယ် ပြုံးတုံ့ မပြုံးတုံ့ မျက်နှာနဲ့ အဖေ အိမ်ကိုပြန်ရောက်လာပြီး နာမည် တွေ့ခဲ့တယ်လို့ အမေ့ကိုပြောမှ ကျွန်တော်လည်း သက်ပြင်းချနိုင်ခဲ့တယ်.......ဒါပေမယ့် အဖေ့ အပျော် ကြာရှည်မခံလိုက်ပါဘူး.......အမေ့ဇာတိမြို့က အမေ့မောင်က အဖေ့ဆီဖုန်းလှမ်းဆက်ပြီး အစ်ကို ကျော်ကျော် ကျတယ်ဆိုပြီး ပြောလိုက်တဲ့အချိန်မှာ အဖေက အစ်ကို့ကို စိတ်တော်တော်ဆိုးခဲ့တယ်..........အဲဒီနောက် ငါ့သား ဒီနှစ် အဖေ့စီမံမှုအောက်မှာ နေရမယ် အဖေပြောသလို နေရမယ် အဖေမွေးတဲ့သားတွေက ဒီလောက် ညံ့ဖျင်းနေတာ အဖေ စိတ်တော်တော်မကောင်းဖြစ်တယ် ငါ့သားတို့အတွက် အဖေ ပြောနေတာ အဖေ့ကို မုန်းရင်လည်း မုန်းနိုင်တယ် အဖေကတော့ အဖေ့ဝတ္တရားအတိုင်းလုပ်ရမှာပဲ ဆိုပြီး အဲဒီနေ့ကစလို့ အစ်ကို့ကို အရင်ကထက် စည်းကမ်း ပိုတင်းကျပ်ခဲ့ပြီး ကျွန်တော့်ကို ပါ အဖေကကျပ်ခဲ့တယ်........





ကျွန်တော် ၇ တန်းနှစ် ကျွန်တော့်ထက် ၇ နှစ်ကြီးတဲ့ အစ်ကို ၁၀ တန်းစကျတဲ့ နှစ်မှာ အဖေ စည်းကမ်း အတင်းကျပ်ဆုံး လုပ်ခဲ့သလို ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက်စလုံးလည်း စိတ်တော်တော်ညစ်ခဲ့ရတဲ့နှစ်ပါဘဲ........အဖေ ရုံးသွားတဲ့အချိန် အပြင်ထွက်သွားတဲ့အချိန်ဆို အမေက လွတ်လပ်ပြီဟေ့ ဟာသပြောတတ်ပြီး သားတို့ နေချင်သလိုနေ ဆိုပြီး စိတ်ချမ်းသာသလို နေခိုင်းခဲ့ပေမယ့် အဖေ့ ဆိုင်ကယ်သံကြားတာနဲ့ ကိုယ်စီကိုယ်စီ အခန်းထဲကိုဝင်ပြီး ငြိမ်သက်တိတ်ဆိတ်နေခဲ့ကြရတယ်.......အမေကတော့ ကလေးတွေကို အဲလောက်မလုပ်ပါနဲ့ လို့အဖေ့ကို ပြောခဲ့ပေမယ့် အဖေက မင်းဝင်မပါနဲ့ ဆိုပြီးပဲ တစ်ချက်လွှတ်ပြောခဲ့တယ်........အစ်ကိုကတော့ စိတ်ညစ်ရုံကလွဲပြီး သူ့ဟာသူ ဂစ်တာတစ်လက်နဲ့ နေနေတတ်ပေမယ့် ကျွန်တော်ကတော့ အဖေ မရှိတဲ့အချိန်ဆို လေသေနတ်တစ်လက်နဲ့ ငှက်လိုက်ပြစ်လိုက် ငါးသွားမျှားလိုက် လုပ်နေခဲ့တယ်........အဖေက ငှက်ပြစ် ငါးမျှား အလုပ်ကို သူ့ခံစားချက်အရက် အင်မတန် မုန်းပေမယ့် အဲဒီကာလမှာ ကျွန်တော်က ခုံခုံမင်မင်ကိုလုပ်ခဲ့တယ်......



အစ်မ အမျိုးသားကလည်း အလုပ်အကိုင်ရွေးဆဲကာလမို့ အိမ်မှာပဲ ကျွန်တော့်ကို စာပြတဲ့အခါပြ ကျွန်တော်ဂျီကျသမျှ သည်းညဉ်းခံလို့ နေထိုင်နေရင်း အစ်မမှာလည်း ကိုယ်ဝန်ရှိလာခဲ့တယ်.........ကျွန်တော့်အပေါ်မှာ သာမန်ယောက်ဖထက်ပိုပြီး ကျွန်တော့်ထက် ဆယ့်သုံးနှစ်ကြီးတဲ့ ယောက်ဖက ညီလေးတစ်ယောက်လို ချစ်ခဲ့တဲ့အတွက် ယောက်ဖအပေါ်မှာလည်း အစ်ကိုကြီးတစ်ယောက်လို ကျွန်တော်သံယောဇဉ်ကြီးခဲ့တယ်.......တစ်ကယ်တော့ အဲဒီကာလက ကျွန်တော့်ရဲ့ ဒုတ်ခတွေကို နားလည်ခဲ့တာ အမေနဲ့အစ်မအမျိုးသားလို့ ပြောရမှာပါဘဲ........အပြင်မှာ ကျွန်တော်ဖြစ်ပျက်နေတာတွေ အိမ်ရောက်လာရင် ကျွန်တော်ပြောင်းလဲသွားတာတွေကို အမေနဲ့ယောက်ဖက ကောင်းကောင်းခန့်မှန်းနိုင်ခဲ့တဲ့အတွက် ကျွန်တော့်အပေါ်မှာ မေတ္တာ အပြည့်ပေးခဲ့တဲ့အချိန်တွေပါဘဲ........အမေနဲ့ ယောက်ဖ ဘယ်လိုပဲ မေတ္တာပေးပေး တော်ရုံတန်ရုံလူဆို ငါ့ကို သူက မြင်ပြင်းကပ်နေတာနေမှာပေါ့ ငါ့ထိလို့ကတော့ သေအောင် လုပ်ပြစ်မယ်ဆိုပြီး ရန်လိုနေတတ်တဲ့ ကျွန်တော့်အတွက်တော့ ပြသနာတွေဟာ နေရာတိုင်းမှာ ရှိနေခဲ့တဲ့အပြင် အေးအေးနေတတ်ပြီး လူလေးစားအောင်နေခဲ့တဲ့ အဖေ့အဖို့ ကျွန်တော့်အတွက်နဲ့ ပထမဆုံးအကြိမ် မျက်နှာအောက်ချ တောင်းပန်ဖို့ဖြစ်လာခဲ့တယ်........



အမ အမျိုးသားလည်း အမေခိုင်းလိုက်တဲ့ကိတ်စနဲ့ နယ်တွေသွားနေတဲ့တစ်ရက် ကျွန်တော်လည်း အိမ်မှာရှိနေတဲ့တစ်ရက်မှာ အမေက အစ်မကိုလည်း အပြင်ကို ကိတ်စတစ်ခုနဲ့ လွှတ်ခဲ့တယ်........အစ်မ အပြင်က ပြန်လာတဲ့အချိန်မှာလည်း ကျွန်တော် သိတောင်မသိပေမယ့် ငိုငိုပြီးတော့ သမီးကိုပြောတယ် သမီး သူတို့ကိုဘာလုပ်လို့လည်း အမေတို့တောင် ဘာမှမပြောတာ စသဖြင့်ပြောပြီးငိုနေတဲ့အစ်မ ကို အေးပါသမီးရယ် အမေသွားပြောမယ် အငယ်ကောင်လည်း ရှိတယ် မပြောနဲ့တော့နော် တိတ် အမေရှင်းပေးမယ် ဆိုတဲ့အသံတွေကြားလို့ အခန်းထဲကထွက်ပြီး ဘာဖြစ်နေတာလည်း မေးတဲ့အချိန်မှာ အမေက ဘာမှမဖြစ်ဘူးသား ဆိုပြီးပြောပေမယ့် ဖြစ်တာပေါ့ ပြောငါ့ကို နင်ဘာဖြစ်တာလည်းဆိုပြီး ကျွန်တော်မေးခဲ့တယ်.......အစ်မက မျက်ရည်လည်ရွှဲနဲ့ပဲ ငါ့ဟာငါ ယောင်္ကျားယူတာ ဘာဖြစ်လည်း သူတို့က ငါ့ကို အလကားနေအလကားမြင်ပြင်းကပ်နေတာ စသဖြင့်ပြောနေလို့ ပြောစမ်းပါ ဘာဖြစ်တာလည်းဆိုတဲ့အချိန်မှာ အမေကလည်း သမီးရယ်ပြောမနေပါနဲ့ ပြသနာတွေ ထပ်တက်ကုန်ပါ့မယ် လို့တားနေပေမယ့် အစ်မက ငါ့ကို ဘေးအိမ်က အဖေ့သူငယ်ချင်းသားက လူက ကလေးတောင်မွေးတော့မယ် အပျိုလည်းမဟုတ်ပဲနဲ့ အပျိုလို ပြင်ဆင်ပြီးထွက်နေတာ ကျက်သရေတုန်းတယ်လို့ ပြောသွားတယ်ဆိုတဲ့ အချိန်မှာ စောင်းမြောင်းပြောတတ်တဲ့ အစ်မနဲ့ရွယ်တူ ကျွန်တော့်ထက် သုံးနှစ်ကြီးတဲ့ အဲဒီသူကို မကျေနပ်တဲ့ အခံရှိတဲ့ ကျွန်တော်က ဟင် ဒီကောင်က နင့်ကို ဘာပြောစရာရှိလည်းဆိုပြီး မိုက်သွေးကြွတဲ့အရွယ်မှာ မထိန်းနိုင်တဲ့စိတ်နဲ့ ဓားဆွဲပြီး သူ့အိမ်ဘက်ကို ကျွန်တော်ပြေးထွက်ခဲ့တာ အမေ နောက်က အော်ပြီးပြေးလိုက်ခဲ့ပေမယ့် မမှီခဲ့ဘူး........



ကျွန်တော် ဓားဆွဲပြီးပြေးလာတာကို မြင်တဲ့ သူက သူ့အိမ်ရှေ့မှာ ထိုင်နေရင်းကနေ ထပြေးပြီး ကယောင်ကတမ်းနဲ့ အိမ်ကိုပါတ်ပြေးနေသလို ကျွန်တော်ကလည်း နောက်က မမှီမကမ်း ဓားနဲ့ လိုက်ခုတ်နေခဲ့ပြီး ခဏအကြာမှာ သူ့အိမ်ထဲဝင်ပြေးခဲ့တယ်.......စိတ်တိုဒေါသ ထွက်နေတဲ့ကျွန်တော်ကလည်း သူ့အိမ်ထဲထိ ဓားနဲ့လိုက်ခုတ်ခဲ့ပြီး သူ့အိမ်ထဲမှာ လည်း သူ့အမေလည်း ကြောက်လန့်ပြီး ၀ရုန်းသုန်းကားတွေဖြစ်နေခဲ့တယ်.......ကျွန်တော်ကတော့ သူဝင်ပုန်းနေတဲ့အခန်းတံခါးကို ဒေါသတစ်ကြီးကန်နေပြီး မိုးမွှန်အောင်ဆဲလို့ သူ့အမေကိုလည်း မဆီမဆိုင် ခင်ဗျားတို့လည်း သတိထား ကျုပ်သတ်ပြစ်မယ် ဆိုတာကိုပဲ တရစပ်ပြောနေခဲ့တယ်........အမေကတော့ ကျွန်တော့်ကို ဖရိုဖရဲနဲ့ သားရယ် အမေ့ကိုသနားပါ အမေရှင်းပေးမယ် အမေရှင်းပေးမယ် လာနော် ငါ့သားလေး စိတ်ကိုလျှော့လိုက် စိတ်ကိုလျှော့လိုက်နဲ့ ကျွန်တော့်ကို ဇွတ်ဆွဲခေါ်ပြီးအိမ်ကိုပြန်လာခဲ့တယ်........



ခဏနေမှာ အဖေနဲ့ အစ်မကို ပြောခဲ့တဲ့သူရဲ့အဖေ ပြန်ရောက်လာကြပြီး အဖေက အစ်မကိုလည်း ဆူနေသလို ကျွန်တော့်ကိုလည်း မင်းထောင်ကျသွားမယ် ဘာမှတ်နေလည်း သူများအိမ်ပိုင်နက်ကျူးလွန်မှု မင်းကိုမင်း ဘာမှတ်နေလည်း မင်းဘာကောင်လည်း လူမိုက်လုပ်ချင်နေတာလား စတာတွေနဲ့ ပြင်းပြင်းထန်ထန် ငေါက်ပြီး အမေ့ကိုတော့ အဖေက ခေါင်းမဖေါ်နိုင်အောင်ကို ဆူနေခဲ့တော့တယ်........အဲဒီနောက် တောင်းပန်ဖို့ ကျွန်တော့်ကို အဖေက ခေါ်ပေမယ့် ကျွန်တော်ကတော့ မတောင်းပန်နိုင်ဘူး အဲဒီကောင်ကို သားလည်းတောင်းပန်စရာမလိုသလို အဖေလည်းမလိုဘူး အဖေတောင်းပန်တယ်ဆိုလည်း တောင်းပန်ရင်တောင်းပန် ပြီးရင်တော့ အသေသတ်မယ် ဒီကောင့်ကိုဆိုလို့ အဖေလည်း မင်းက ပြောလေကဲလေ မန်းလေ ပြဲလေကောင်ပဲ ဆိုပြီး ဒေါသအကြီးအကျယ်ကို ထွက်နေခဲ့တယ်.......နောက်ဆုံး အမေက ဘာတောင်းပန်စရာလိုလည်း တော့်သူငယ်ချင်းကိုတောင်းပန်ရင်ပြီးပြီပေါ့ တော်လုပ်မှပိုဆိုးမယ်နော်ဆိုလို့ သူ့သူငယ်ချင်းကိုပဲ အဖေ တောင်းပန်ခဲ့ရတယ်.......သူငယ်ချင်းဆိုပေမယ့်လည်း သူ့သားကို အိမ်ထဲထိအောင် ဓားနဲ့လိုက်ခုတ်ခဲ့တဲ့အတွက် အဖေ့ကိုမကျေမနပ် ဖြစ်တာသဘာဝ ကျသလို အဖေလည်း အနူးအညွတ်တောင်းပန်ခဲ့ရတယ်ဆိုတာ နောက်ပိုင်းမှ ကျွန်တော်သိခဲ့ရတယ်........အဖေကတော့ ကျွန်တော့်ကို ဆိုးလွန်းလှတယ်ဆိုပြီး ကလေးတစ်ယောက်လို မဆက်ဆံတော့ပဲ အရင်က ခေါ်နေကြ သားငယ်လေး ဆိုတာတောင် မခေါ်တော့ပဲ ကျွန်တော့်နာမည်ကိုသာ စပြီးခေါ်ခဲ့သလို အစ်ကို့ကိုလည်း သားကြီးလို့ခေါ်နေရာကနေ အစ်ကို့နာမည်ပဲ ခေါ်ပြီး အရင်လို ကျွန်တော်တို့အပေါ်မှာလည်း ဟက်ဟက်ပက်ပက် မရှိလှတော့ပဲ ခပ်တင်းတင်းနေခဲ့တော့တယ်.........

No comments: