Saturday, October 24, 2009

အဖေနဲ့အမေ။၂၄။

တစ်သက်နဲ့တစ်ကိုယ် သူများနဲ့ စကားတောင် ကောင်းကောင်း မများဘူးတဲ့ အေးဆေးတဲ့ အဖေကတော့ ရန်ဖြစ်တာကို တော်တော်သဘောမကျခဲ့ဘူး.........အမေကတော့ ထုံးစံအတိုင်း သားက စတာမှမဟုတ်တာ သူတို့က ရန်စတာပဲ လို့ ဆိုခဲ့ပြီး ကျွန်တော့်ဘက်က ကာဆီးကာဆီး လုပ်ခဲ့တယ်........ကျွန်မသားက မဟုတ်မခံ ဒေါသကြီးတာလည်း ကျွန်မတူတာဆိုပြီး အမေ ကျေကျေနပ်နပ် ပြောနေတိုင်း အဲဒါ မကောင်းတဲ့အကျင့်ကွ လို့ အဖေကလည်း အမြဲပြောလေ့ရှိခဲ့တယ်........အဖေနဲ့အမေ ကိုယ့်ကိတ်စနဲ့ကိုယ်အပြင် ကျွန်တော့်အတွက် ရင်တစ်ထိတ်ထိတ် ဖြစ်နေတဲ့ကာလမှာပဲ ဇာတိမြေမှာ ဘဘကြီး အိပ်ရာပေါ်ပြန်လဲသွားတဲ့အတွက် မေမေကြီးတို့ စီးပွား အလုံးစုံပျက်ဖို့ ဖြစ်လာတော့တယ်.......ဘဘကြီး သားသမီးတွေထဲမှာ အမေ နဲ့ အမေ့မောင်တွေထဲက တတိယမောင် တစ်ယောက်သာ ဘဘကြီးပညာ ကို ဆက်ခံနိုင်ခဲ့ပြီး အမေကလည်း ကိုယ့်အိမ်ထောင်နဲ့ကိုယ် အမေ့မောင်ကလည်း ကြီးကောင့်ကြီးမားကျမှ မေမေကြီးရိုက်လို့ စိတ်ဆိုးပြီး အိမ်ကထွက်သွားလိုက်တာ ဘယ်ရောက်လို့ဘယ်ပေါက်နေမှန်းတောင် မသိတဲ့အတွက် ဆက်လုပ်ဖို့ လူမရှိတော့တဲ့အတူတူ ဘဘကြီး မုန့်ဖို ကို ပိတ်ဖို့ပဲ ဖြစ်လာတော့တယ်.........တစ်ကယ်ဆို အဲဒီနယ်တစ်ဝိုက် ဘဘကြီး ကိတ်မုန့်တိုက် တစ်ခုထဲကပဲ ဖြန့်နေတဲ့အတွက် မုန့်တိုက် ပိတ်လိုက်ရတာ အင်မတန်နှမျောဖို့လည်း ကောင်းခဲ့တယ်........မေမေကြီးကတော့ ထုံးစံအတိုင်း ဟေ့ အမဲသားလယ်ရောင်းပြီး ဒီဘ၀ထိ ရောက်အောင် လုပ်လာတာ ငါဘယ်သူ့မှဂရုမစိုက်ဘူး ဘယ်သူမှမရှိ ငါတစ်ယောက်ထဲလုပ်မယ်ဆိုပြီး ကျန်နေသေးတဲ့ လက်ဖက်ရည်ဆိုင် ကို အငယ်ဆုံး သားနဲ့သမီး နှစ်ယောက်ကို အားကိုးပြီး ဆက်လုပ်မယ်ပြောခဲ့တယ်..........ဒါပေမယ့် သူ့သားနဲ့သမီး ကိုယ်တိုင် လူငယ်လည်းဖြစ် မေမေကြီးလုပ်နေကိုင်နေတာတွေကိုလည်း စိတ်ပျက်ပေမယ့် မေမေကြီးကို ကြောက်ရတဲ့အတွက် အမေ့ဆီ အားကိုးတစ်ကြီး ရောက်လာခဲ့ကြတာပါဘဲ..........



အမေကတော့ အစ်မ မ၀င်ချင်တော့ဘူး အစ်မ မှာလည်း ကိုယ့်စီးပွားနဲ့ကိုယ် နောက် အစ်မ အမေနဲ့ အကျယ်အကျယ်လည်း ထပ်မဖြစ်ချင်တော့ဘူး ငါ့မောင်တို့ ငါ့ညီမတို့လည်း အတတ်နိုင်ဆုံး ကြိုးစားကြပါ အစ်မကိုတော့ မမျှော်တော့ပါနဲ့လို့ ပြောလိုက်တဲ့အတွက် အမေ့မောင်နဲ့ညီမလည်း မျက်နှာငယ်ငယ်နဲ့ ပြန်သွားခဲ့ကြရတယ်.......ဒါပေမယ့်လည်း ကျွန်တော် နွေရာသီကျောင်းပိတ်ရက်ရောက်ကာနီးဆဲဆဲမှာပဲ အမေ့မောင် နဲ့ ညီမ ထပ်ရောက်လာပြီး အစ်မရယ် အရင်က မုန့်လာယူတဲ့လူ မုန့်ပို့တဲ့လူ တစ်ရုန်းရုန်းနဲ့ အခုတော့ ခြောက်ကပ်ပြီး မြို့လည်ကောင်မှာ အရှက်ကွဲနေရလို့ အစ်မ ကျွန်တော်တို့ ကျွန်မတို့ကို မသနားတော့ဘူးလား ဆိုပြီး လာငိုနေပြန်တဲ့အတွက် အဖေကလည်း မင်း ကွာ ကလေးတွေ သနားပါတယ်လို့ ပြောလိုက်တဲ့အတွက် ကဲ ဒီလိုဆို မင်းတို့ တူ စာမေးပွဲပြီးတာနဲ့ အစ်မ လာခဲ့မယ် ဘာလုပ်ရမယ်ဆိုတာတော့ အစ်မ အခု မစဉ်းစားနိုင်သေးဘူး လောလောဆယ် စိတ်အေးလက်အေး ပြန် အစ်မ ရှိတယ် မပူနဲ့တော့ လို့ပြောလိုက်တဲ့အတွက် သူတို့လည်း ပျော်ပျော်ရွှင်ရွှင် ပြန်သွားခဲ့ကြတယ်..........



ကျွန်တော် စာမေးပွဲဖြေပြီးတဲ့ အချိန် အမေကျွန်တော့်လက်ကို ဆွဲလို့ မေမေကြီးတို့အိမ်ကို ရောက်သွားတဲ့အချိန်မှာတော့ အမေ့မောင်နဲ့ညီမ ရှက်မယ် စိတ်မကောင်းဖြစ်မယ် ဆိုလည်း ဖြစ်လောက်စရာပါဘဲ......တစ်ချိန်က ရောင်းသူ ၀ယ်သူ တွေနဲ့ စည်စည်ကားကား မေမေကြီးတို့ အိမ် က ချောက်တီးချောက်ချက် လက်ဖက်ရည်ထိုင်သောက်သူတွေရယ် ချက်ခြင်းပဲ မှုန်ကုပ်ကုပ် ဖြစ်သွားတဲ့ ဆိုင်ရယ် ပိတ်ထားတဲ့ မုန့်ဖိုရယ် ပုဆိုးတိုတိုဝတ်ပြီး လက်သည်းကိုက်ပြီး မျက်နှာငယ်လေးနဲ့ထိုင်နေတဲ့ အမေ့မောင်ရယ် တစ်ချိန်က ဘဘကြီးဖုတ်တဲ့ ကိတ်မုန့်တွေ ပေါင်မုန့်တွေ ပန်းကိတ်တွေ ထည့်ရောင်းခဲ့တဲ့ဗီဒိုတွေထဲမှာ မန်းဒလေးက မုန့်တွေ ကျို့တဲကျဲတဲ ထည့်ပြီးရောင်းနေတဲ့ အမေ့ညီမ ရယ် ကိုကြည့်ရတာ ကလေးသာသာ အရွယ်သာ ရှိသေးတဲ့ ကျွန်တော့်ရင်ထဲတောင် ဆို့နင့်ခဲ့တာကြောင့် အမေဆိုရင် ဘယ်လောက်တောင် ခံစားခဲ့ရမှန်း မသိနိုင်ခဲ့ပါဘူး.........အမေ့ ကိုမြင်လိုက်ရတဲ့အချိန်မှာ အစ်မ လာပြီဆိုပြီး ကျယ်ကျယ်လောင်လောင် အော်လိုက်တဲ့ အမေ့မောင် အသံ နဲ့အတူ သူတို့ရဲ့ အမူအယာတွေကလည်း ချက်ခြင်းပဲ သွက်လက်သွားတော့တယ်..........



ဖြစ်မှဖြစ်ရလေ ဒီလောက်တောင် ဖြစ်သွားကြရလား ဆိုတဲ့ စိတ်မကောင်းတဲ့ အသံနဲ့ အမေက တတွတ်တွတ် ပြောနေခဲ့ပြီး ဘဘကြီး ကို အဖေ သမီးရောက်လာပြီ ဘာမှအားမငယ်နဲ့နော်လို့ အမေ ပြောခဲ့တယ်.......မေမေကြီးကတော့ သူ့ဝသီအတိုင်း ဘာမှအားငယ်စရာမရှိဘူး ဘာမှ လည်း မဖြစ်ဘူး တစ်သက်လုံး ဒီသားသမီးတွေကို ငါ ရှာကျွေးလာတာ ဆိုပြီး တောင်စဉ်ရေရာမရ လျှောက်ပြောနေပေမယ့် သူကိုယ်တိုင်လည်း ဖြစ်ပျက်လာတာတွေကို သွေးပျက် နေသလိုပါဘဲ .........အမေ ရောက်လာတယ်ကြားလို့ တစ်ခြားမှာ အိမ်ခွဲနေတဲ့ အမေ့ညီမ အမေ့မောင် အမေ့အစ်မ နှစ်ယောက် ရောက်လာပြီး အေး နင်လာမှဖြစ်မှာ အမေ လုပ်နေပုံက ငါတို့လည်း ပြောလို့မနိုင်ဘူး ကလေးတွေလည်း (အမေ့မောင်နဲ့ညီမအငယ်ဆုံး) သနားပါတယ် ငါတို့လည်း မပြောချင်တော့ဘူး နင်ပြောမှ နင်လုပ်မှ အမေကရမှာ ငါတို့လည်း ၀ိုင်းကူပါ့မယ် နင်ဘာလုပ်မယ် စိတ်ကူးလည်း ဆိုပြီး ၀ိုင်း မေးခဲ့ကြတယ်.......အမေကတော့ လောလောဆယ် ငါအခြေအနေ ကြည့်လိုက်အုန်းမယ် ဒါပေမယ့် ဒီလောက် မှုန်ကုပ်ကုပ် ဖြစ်နေတာတောင် နင်တို့လည်း နေနိုင်တယ်ဆိုပြီး အမေက သူ့မောင်နှမတွေကိုပါ ဆူပေမယ့် နင်လည်း အမေ့အကြောင်းသိတာပဲ ဘာမှလုပ်လို့မှ မရတာ ဆိုပြီးပြန်ပြောခဲ့ကြလို့ အမေလည်း ဘာမှမပြောသာခဲ့ဘူး.......လောလောဆယ် တော့ ဒီလက်ဖက်ရည်ဆိုင်ပါ ပိတ်မယ်ဆိုပြီး အမေပြောတာ သိသွားတဲ့ မေမေကြီးက ငါ့လက်ဖက်ရည်ဆိုင် နင်တို့ပိုင်တာမဟုတ်ဘူး ပိတ်စရာအကြောင်းမရှိဘူးလို့ပြောပေမယ့် ကျန်တဲ့သားသမီးတွေကပါ အမေ မပိတ်လည်း အမေ့ဟာအမေ တစ်ယောက်ထဲလုပ် ရှက်တော့ ကျွန်တော်တို့ ကျွန်မ တို့ရှက်ရတာ အမေက ရသမျှပိုက်ဆံ အမေ့ရွာကအမျိုးအတွေပေးတာ နတ်ကနားပေးတာနဲ့ကုန်တာ မပိတ်လည်း တစ်ယောက်ထဲ လုပ်တော့ ဆိုပြီး အားလုံးက အမေ့အားကိုးနဲ့ အာခံကြလို့ မေမေကြီးလည်း မကျေမနပ်နဲ့ လက်လျော့လိုက်ရတော့တယ်.........



မေမေကြီးတို့ အိမ်မှာ နေသာသလို နေနေတဲ့ ကိုးတန်းကျလိုက် ဆယ်တန်းကျလိုက် အစ်ကိုကလည်း အမေ့ကို အမေနွေရာသီ ရောက်နေပြီ အအေး ဆိုင်ဖွင့်ပါလားလို့ လည်းပြော အမေ ကိုယ်တိုင်ကလည်း ဆိုင်အသစ်အနေနဲ့ တစ်မျိုးပြောင်းဖွင့်ချင်နေတဲ့အတွက် အအေးဆိုင် ဖွင့်ဖို့ အမေ ဆုံးဖြတ်ခဲ့တယ်.......လက်ထဲမှာ ပိုက်ဆံ အလုံအလောက်ရှိပြီး အမြင်လည်း ရှိတဲ့အမေက အအေးဆိုင်ကြီးကိုဟီးထနေအောင် ဖွင့်ခဲ့လိုက်တော့တယ်......အဲဒီခေတ်အနေအထားအရ ကြံရည်ကြိတ်စက်တောင်မှ မော်တာနဲ့ ကြိတ်ပြီး သံဗူး ဘီယာတွေ အအေးတွေ ကအစ စုံနေအောင် ရတဲ့အတွက် အမေ့အအေးဆိုင်က ချက်ခြင်းပဲ လူတွေ တရုန်းရုန်းနဲ့ ရောင်းရသလို မေမေကြီး တို့ အိမ်လည်း ဘဘကြီး မုန့်ဖို ရှိတုန်းကလိုပဲ စည်စည်ကားကားပြန်ဖြစ်သွားတော့တယ်.......ကြံရည်အတွက် ကြံချောင်းခြစ်တဲ့လူ ၃ ယောက်လောက်ငှားထားရပြီး အမေလုပ်တဲ့ဖာလူဒါလို ဒိန်ချဉ်လို အအေးတွေက ရောင်းကောင်းလွန်းလို့ လာဝယ်တဲ့လူတစ်ချို့ က မကျန်တော့ရင် စိတ်ဆိုးတဲ့ထိအောင်ပဲ အောင်မြင်ခဲ့တယ်.......အလုပ်မရှိသေးတဲ့ အစ်မနဲ့ သူ့အမျိုးသားကိုလည်း အအေးဆိုင်မှာ အမေက လုပ်ခိုင်းပြီး အရင်လို စည်စည်ကားကားဖြစ်နေတဲ့ အချိန်မှာပဲ အိမ်ကထွက်ပြေးသွားတဲ့ အမေ့မောင် မိန်းမတစ်ယောက် လက်ဆွဲလို့ အိမ်ကိုပြန်ရောက်လာတဲ့အတွက် အားလုံးကလည်း ၀မ်းသာပြီး ပျော်စရာကောင်းတဲ့ ကာလလေး မေမေကြီးတို့ အိမ်မှာ တဒင်္ဂပြန်ဖြစ်ခဲ့တော့တယ်.......



အဓိကမောင်လေး နဲ့ ညီမလေး ကို လုပ်ပေးချင်တဲ့ အမေက နွေရာသီကာလလေးမှာ အရှိန်ယူပေးခဲ့ပြီး လမ်းတန်းသွားရင် အစ်မတို့ ကိုထားခဲ့ပြီး ပုံမှန်စီးပွားရေးကို ပြန်လုပ်မယ်ပဲ အမေရည်ရွယ်ခဲ့တယ်........အမေပဲ အေးအေးနေရမယ့် ကံမပါတာလား အမေ့လက်ဆိပ်ပဲ ပြင်းတာလား မခန့်မှန်းနိုင်အောင် လာအားပေးကြတဲ့လူအများစုကလည်း အအေးဖျော်တာတောင် အမေ ဖျော်မှ အမေ ရေချိုးနေရင်ကအစ ထိုင်စောင့်ပြီး သောက်တဲ့ထိအောင် အမေ့မှာ လက်မလည်ခဲ့ဘူး.......အားလုံးက အမေ့ကို ၀ိုင်းကူကြရပြီး အမေကလုပ်ရင်းကိုင်ရင်းပဲ သူမရှိရင် သူ့လက်ရာအတိုင်းဖြစ်အောင် အားလုံးကို အတိအကျသင်ပေးခဲ့တယ်......အဲဒီကာလလေး ကို အမေ ပြန်ပြောင်းပြောရင် သူ့ခေတ်သူ့အချိန်က အသားဖြူဖြူနဲ့ ရုပ်ဖြောင့်ပြီး မြို့ပေါ်က အပျိုပေါက်လေးတွေက အန်တီရေ ကျော်ကျော် ဖျော်ရည်တစ်ခွက်ဆိုပြီး ရွှတ်နောက်နောက်နဲ့ အစ်ကို့ကို လာလာစတဲ့ အဖြစ်ကို အမေ သတိတရပြန်ပြောနေလေ့ရှိခဲ့တယ်.........နောင်တစ်ချိန်မှာ အရက်ကို နေ့စဉ်ရက်ဆက် သောက်ပြီး ပေပေတေတေ ဖြစ်နေတဲ့ အစ်ကို့ကို ကြည့်ပြီး အတိတ်ကိုပြန်တွေးလို့ အမေ စိတ်မကောင်း ဖြစ်မှာပေါ့လို့ ကျွန်တော် တွေးမိခဲ့တယ်..........

4 comments:

မင်းညို said...

ကဂျာ ကောင်းတယ်ဗျ...

မဟာဆန် said...

ကိုယ်ပိုင်မိသားစု ထူထောင်ပြီးရင်တော့ အရင်ကိုယ်တိုင် သားသမီးအဖြစ်နေခဲ့တဲ့ မိသားစုနဲ့ စီးပွားအတူ မလုပ်သင့်ဘူးလို့ သင်ခန်းစာ ရမိတယ်။ ကိုယ့်မိဘ မောင်နှမသားချင်းကို ချစ်လို့ ပြုစုစောင့်ရှောက်ချင်ရင် ရှင်းရှင်းလင်းလင်းလုပ်ဖို့ ကောင်းတယ်နော်။ ကိုဂျာက အမေ့ အချစ်တော်ထင်တယ်။ သွားလေရာ တကောက်ကောက်လိုက်နေလို့

မြန်မာဘုန်းတော်ကြီးကျောင်း ဂျာမဏီ said...
This comment has been removed by the author.
naungthu said...

အမေ့ကစီးပွားရေးသမားဆိုတော့ အထင်လွဲခဲ့ကြတာပါ.....အမေက ကျွန်တော့်ကို သိပ်ချစ်တာ....ကျွန်တော်က ငယ်ငယ်ထဲက ရွယ်တူချင်းဆို လူကောင်ကြီးတယ်လေ.....ကြီးတဲ့အထိ ပွေ့ပွေ့ပိုက်ပိုက်လုပ်တုန်း......၇ တန်းနှစ်လောက်မှာ တစ်ရက် ကွှန်တော့်ကို ပွေ့ပြီး ငါ့သားလေး လုပ်နေတုန်း အစ်ကို့သူငယ်ချင်းတစ်ယောက်က သုတ်ကနဲ နောက်ပြန်လှည့်သွားတာတွေ့လို့ ဟဲ့သား ဘယ်တုန်းဆိုတော့မှ ရှက်ကိုးရှက်ကန်းနဲ့ အလည်လာတာအန်တီတဲ့ ပြီးတော့မှ ဟာ ကျွန်တော်က အန်တီ ဦးဦးကို ပွေ့ထားတယ် ထင်လို့တဲ့ :D....အဖေက လူကောင်သေးတာကိုး :))