Sunday, October 25, 2009
အဖေနဲ့အမေ။၂၅။
အအေးဆိုင်သေးသေး လေးတွေ မြို့ပေါ်မှာ ရှိပေမယ့် အမေ့အအေးဆိုင် ဖွင့်ပြီးတဲ့နောက်မှာတော့ လူတွေက အမေ့အအေးဆိုင်မှာပဲ ကြိတ်ကြိတ်တိုးနေခဲ့တယ်......အအေးဆိုင်ဆိုပေမယ့် မိသားစုလိုက် ကြီးပွားနိုင်တယ်ဆိုတာ အမေ အစောကြီးထဲက သိထားတဲ့အတွက် သူ့ရဲ့မောင်နှမ အထူးသဖြင့် မောင်အငယ်ဆုံး ညီမအငယ်ဆုံး အိမ်ကိုပြန်ရောက်လာတဲ့ မောင် လင်မယားနဲ့ အစ်မတို့လင်မယားကို သေချာ လုပ်စေခဲ့တယ်.......အအေးဆိုင်ကလည်း လက်မလည်အောင်ရောင်းနေရပေမယ့်နောက်ပိုင်းမှာ အမေ့အလုပ်တွေလည်း ရှိတဲ့အတွက် အမေ ကျွန်တော့်လက်ကိုဆွဲလို့ အဖေ့ဆီ ပြန်ပြေးလိုက် မေမေကြီးတို့ဆီ ပြန်လာလိုက်နဲ့ အလုပ်တွေလည်း တော်တော်ရှုပ်ခဲ့တယ်.......အလုပ်လုပ်နေရရင် ပင်ပန်းတယ်လို့ ငြီးသံမကြားခဲ့ရဘူးတဲ့ အမေကတော့ အဖေ့ဆီနဲ့ မေမေကြီးတို့ဆီ ပြေးနေရတဲ့ကြားက မန်းဒလေးဘက်က ဆန်ပွဲရုံတွေဆီကိုလည်း လိုအပ်ရင် လိုက်သွားတတ်ပြီး အနားတောင်မယူ ပိုက်ဆံရှင်းပြီးတာနဲ့ ညတွင်းချင်းပြန်လာပြီး ညနက်မှ ပြန်ရောက်တတ်တဲ့အခါတွေလည်း ရှိတတ်ပေမယ့် မနက်လင်းရင် ရွှင်ရွှင်လန်းလန်းနဲ့ အလုပ်လုပ်ဖို့ အမေ အဆင်သင့်ဖြစ်နေတတ်တယ်........
အမေက ရောက်ရောက်ချင်းပဲ မောင်နဲ့သူ့အမျိုးသမီး အစ်မ တို့ကိုခေါ်ပြီး တစ်ရက်လေးသွားတာ ဖြစ်ရတယ် အစ်မ အားလုံးအတွက်လုပ်နေတာ သမီးကလည်း ကိုယ့်ဦးလေး မိန်းမ ကိုယ့်အဒေါ် ကို ရင့်ရင့်သီးသီးပြောစရာမလိုဘူး ငါ့မောင်နဲ့ငါ့ညီမကလည်း ကိုယ့်တူမလေးကိုခွင့်လွှတ်လိုက် ဒါ အစ်မဆိုင်လည်းမဟုတ်ဘူး မိသားစုဆိုင် အားလုံးပိုင်တယ် ခုဖြစ်တာကိုလည်း အားလုံးမေ့လိုက် သမီးလည်း အမေ့စကားနားထောင် ကိုယ့်ဦးလေးနဲ့အဒေါ်ကိုပြန်တောင်းပန် ငါ့မောင်နဲ့ငါ့ညီမလည်း နောက်ဆို ကိုယ့်တူမလေးကိုသည်းခံရမယ် အားလုံးလည်းပျော်ပျော်ရွှင်ရွှင်နေ ဆိုပြီးပြောခဲ့တဲ့အပြင် သိပ်မကြည်လှတဲ့ မောင်အငယ်ဆုံးနဲ့ညီမအငယ်ဆုံးကိုလည်း အစ်မ အားလုံးရှင်းပြီးပြီ ဘာမှ မဖြစ်ကြတော့နဲ့လို့ လက်သိပ်ထိုး ပြောပြီး အားလုံးကို အဆင်ပြေအောင် အမေညှိပေးခဲ့တယ်....အားလုံးပြီးတော့ အမေ အနားတောင်မယူပဲ ဘယ်သူကတော့ ဘာလုပ်ဟေ့ ဘယ်သူ ဘာယူပေးစမ်း စသဖြင့် အားလုံးကို သူ့နေရာနဲ့သူ ထောင့်စေ့အောင် ခိုင်းနေတဲ့အတွက် အားလုံးရဲ့စိတ်ထဲမှာလည်း ပေါ့ပေါ့ပါးပါး ပြန်ဖြစ်သွားပြီး အမေ့မောင်က အစ အစ်မ ကျွန်တော်တောင်းပန်ပါတယ် ဆိုပြီး လုပ်ရင်းကိုင်ရင်း မျက်နှာငယ်ငယ်နဲ့ လာပြောတဲ့အချိန်မှာကို အမေက ကဲ ငါ့မောင်လည်း အစ်မကို ဘာမှတောင်းပန်စရာမလိုဘူး သွားသွား လုပ်စရာရှိတာသွားလုပ်ဆိုပြီးပေါ့ပေါ့ပါးပါးပဲပြန်ပြောခဲ့တယ်..........
အားလုံးပြေလည်အောင် ညှိနှိုင်းပေးပြီး ခရီးထွက်ကပြန်လာတဲ့အ၀တ်တောင် မလဲနိုင်ပဲ အားလုံးမေ့ပျောက်သွားအောင် အမေဦးဆောင်ပြီးတက်ညီလက်ညီ လုပ်နေကြပြီး ရောင်းကောင်းနေတဲပ ညကိုးနာရီအချိန်လောက်မှာပဲ ဘဘကြီးက ဆိုင်ပိတ်ခိုင်းနေတယ်လို့ အမေ့ညီမ အငယ်ဆုံးက အမေ့ကိုလာပြောခဲ့တယ်.......အမေလည်း အံ့သြတစ်ကြီးနဲ့ ဟေ ဘာဖြစ်လို့လည်း ဆိုတဲ့အချိန်မှာ မသိဘူးအစ်မ အဖေက ဆိုင်ပိတ်ခိုင်းနေတယ် ပြီးရင် လူအကုန်စုထားလို့ပြောခိုင်းလိုက်တယ်လို့ အမေ့ညီမက ပြန်ပြောခဲ့တယ်.......အမေလည်း ဘဘကြီးရှိတဲ့အပေါ်ထပ်ကို ချက်ခြင်းသွားပြီး အဖေ ဘာဖြစ်လို့လည်းအဖေ ဆိုင်ကရောင်းကောင်းနေတုန်း.... အဖေ ဆူလို့လားလို့ မေးတဲ့အချိန်မှာ ဘဘကြီးက အမေ့နာမည်အရင်းကို ခပ်မာမာခေါ်ပြီး ဟေ့ ငါဆိုင်ပိတ်ခိုင်းနေတယ် အခုပိတ် တစ်ခွန်းမှပြန်မပြောနဲ့ဆိုပြီး တစ်ချက်လွှတ်ပိတ်ခိုင်းခဲ့တယ်........မေမေကြီး ကတော့ ခပ်မဆိတ်ပဲ နေနေခဲ့တယ်........အမေလည်း တစ်ခါမှမမာမာ မပြောဘူးတဲ့ ဘဘကြီး အပြုအမူကို အံ့သြတစ်ကြီးဖြစ်ခဲ့ရပြီး ရောင်းလက်စဆိုင်ကို ဒီနေ့စောစောပိတ်မယ် ဆိုပြီး ပိတ်ခဲ့လိုက်တယ်........အားလုံးလည်း သို့လောသို့လောနဲ့ ဆိုင်သိမ်းပြီးတဲ့အချိန်မှာ ဘဘကြီး ဆင်းလာပြီး တံခါးတွေ အကုန်ပိတ် အကုန် လာစမ်းလို့ ခိုင်းတဲ့အတွက် အားလုံးရဲ့အတွေးထဲမှာ ကျွန်တော်တို့ကအစ ဘဘကြီးဘာများဖြစ်သလည်းလို့ မတွေးတတ်ခဲ့အောင်ပဲ ယောင်တောင်တောင်တွေနဲ့ ကြည့်နေခဲ့ကြရတယ်........
လူအားလုံးစုံတဲ့အချိန်မှာဘဘကြီးကကဲပြောစမ်းငါ့ကိုနေ့လည်ကပြသနာငါရှင်းမယ်ဆိုပြီးစပြောတော့တယ်.........
အမေနဲ့အမေ့အစ်မလတ် က ချက်ခြင်းပဲ အဖေ အဲဒါပြီးသွားပြီလေ အားလုံးပြေလည်သွားပြီ ဘာမှရှင်းစရာမလိုတော့ဘူး လို့ပြောပေမယ့် ဘဘကြီးကတော့ ဇွတ်ဆိုမှဇွတ်ဆိုရလောက်အောင် မလိုချင်ဘူး ပြောစမ်းဘာဖြစ်တာလည်း ဆိုတဲ့အချိန်မှာ အမေ့သမီးက ဦးနိုင်မိန်းမ ပိုက်ဆံယူလို့ သမီးပြောတာ အဲဒါကနေ စဖြစ်တာ ဆိုပြီးပြောတဲ့အချိန် ဦးလေးမိန်းမကလည်း တစ်ကျော့ပြန်ရှက်ပြီး ငါယူတာမဟုတ်ဘူး ပိုက်ဆံရှင်းတာကိုထည့်တာ စသဖြင့် ပြန်လှန်အော်ရင်းကနေ ဦးလေးကလည်း သူ့မိန်းမ ကို အမျိုးတွေကြားမှာ ပြောရပါ့မလားဆိုပြီးဘယ်လိုမှကို ထိန်းမရဘူး ဖြစ်နေရင်းကနေ အမေ့ကိုပါ ခင်ဗျားနဲ့ကျွန်တော်နဲ့ပြောတဲ့အတွက် အမေအချစ်ဆုံးအမေ့မောင်အငယ်ဆုံးနဲ့ပါ ထိုးမယ်ကြိတ်မယ်တွေဖြစ်ကုန်လို့ ၀ိုင်းဆွဲကြရင်း ၀ရုန်းသုံးကားတွေဖြစ်ကုန်တော့တယ်..........အားလုံးအေးချမ်းနေပြီးမှ ရုတ်ချည်းဆိုသလို ပြသနာက အကြီးကြီးချက်ခြင်းဖြစ်သွားခဲ့တော့တယ်......အမေက တော့ ဘာပြောလို့ပြောရမှန်းမသိပဲ ရုတ်တရက်ကြောင်နေပေမယ့် အမေ့အစ်မလတ်ကတော့ ဘဘကြီးကိုပြင်းပြင်းထန်ထန်ကိုဝေဖန်တော့တယ်.........
အဖေဘာအသုံးကျလည်း ပြီးနေတဲ့ကိတ်စကို ရှုပ်အောင် လုပ်တာ အဖေတစ်သက်လုံး ဘာပြောခဲ့လည်း အခုမှထပြီး ပြောနေရအောင် အဖေ့သားသမီးတွေ အဖေနိုင်လို့လား စသဖြင့်ပြောနေတဲ့အချိန်မှာ မေမေကြီးက ခုံနဲ့ အမေ့အစ်မလတ်ကိုကောက်ပေါက်တဲ့အတွက် ကြီးကြီးလတ် ရဲ့ သားသမီးတွေကပါ မေမေကြီးကို ၀ိုင်းရိုက်မယ်လုပ်ပြီး ပြသနာက ရှုပ်သထက်ကို ရှုပ်သွားတော့တယ်...........နောက်ဆုံး ရုတ်တရက် ဖြစ်သွားတဲ့အဖြစ်အပျက်ကိုကြောင်နေတဲ့အမေက အားလုံးကို အားလုံးတော် ငါပြောတာနားထောင် အကုန်တော်ဆိုပြီး ဒေါသတစ်ကြီးထအော်မှ အားလုံးရပ်သွားတော့တယ်........အားလုံးရပ်သွားတဲ့အချိန်မှာ အမေက ဘဘကြီးကို အဖေ သမီးအံ့သြတယ် အဖေဘာကြောင့် ဒီနေ့မှ ပြီးနေတဲ့ကိတ်စကို အစပြန်ပျိုးနေတာလည်းဆိုတာကို နားကိုမလည်တော့ဘူး အဖေ ဘာ့ကြောင့်ဒီလိုလုပ်ရတာလည်း လို့ မေးတဲ့အချိန်မှာ ဘဘကြီးက အေး ငါနင့်ကိုလည်း ပြောစရာရှိတယ်.....နင်တို့လင်မယား ဒီအိမ်ကိုဆောက်ပေးတယ် အခု ဒီအိမ်မှာ စီးပွားလာလုပ်တယ် နောင်ဆို ဒီအိမ်ကြီးကို နင်တို့အပိုင်သိမ်းတော့မယ် ဒါကို ငါကြိုသိနေတယ် လို့ ဘဘကြီးကပြောလိုက်တဲ့အချိန်မှာ အမေ့မောင်နဲ့ညီမရဲ့ ဟာအဖေ အဖေ ဘာတွေပြောနေတာလည်းဆိုတဲ့အသံကျယ်ကျယ်လောင်လောင်ထွက်လာသလို အမေဟာလည်း ရုတ်တရက်ကြောင်ကြည့်ပြီးတဲ့နောက်မှာ ဒေါသထွက်လို့အသားတဆတ်ဆတ်တုန်နေခဲ့တာ ကျွန်တော်တောင် အမေ့ကိုကြည့်ပြီး လန့်နေခဲ့တယ်........
အဲဒီနောက် ဒေါသသံတစ်ဝက် ငိုသံတစ်ဝက်နဲ့ ကျွန်မ ဒီမိသားစုကြီးကိုချစ်တယ် ဒီမိသားစုကို မပြိုကွဲစေချင်ဘူး ကျွန်မမောင်လေးတွေ ကျွန်မ ညီမလေးတွေ အဖေတို့အမေတို့အတွက် ကျွန်မ ရည်ရွယ်ပြီးလုပ်ခဲ့တာပဲ......ကျွန်မ ဘာကိုမှမမက်မောဘူး ကျွန်မတို့ ကိုယ့်ဘ၀ကိုယ်ရပ်တည်ခဲ့တာ အဖေတို့လည်းအသိ ကျွန်မ မေတ္တာ ထားသလောက်အဖေတို့ ကျွန်မအပေါ်စော်ကားလွန်းတယ် အထူးသဖြင့် အဖေကပြောတာ ကျွန်မ သိပ်အံ့သြတယ် ရတယ်အဖေ ကျွန်မ ညတွင်းချင်းပြန်မယ် ပစ္စည်းတွေလည်းထားခဲ့မယ် ကျွန်မသားသမီးတွေ ပဲကျွန်မပြန်ခေါ်သွားမယ်ပြောခဲ့တယ်.........အဲဒီအချိန်မှာပဲ အမေ့မောင်အငယ်ဆုံးက သူ့အစ်ကိုကို မင်းကြောင့် မင်းတို့ကြောင့် အဖေလည်းအလကားပဲ လို့ထအော်ပြီး ၀ုန်းဒိုင်းကျဲခဲ့တော့တယ်........မြို့ထဲမှာနေတဲ့ အမေ့အောက်ကမောင် လည်းရောက်လာပြီး အမေ့ကို တားပေမယ့် အမေကတော့ ဆုံးဖြတ်ပြီး ပြန်တော့မယ် ပဲ ပြောခဲ့တော့တယ်...........အားလုံးလည်း ဘဘကြီးနဲ့မေမေကြီးကို စကားမပြောကြပဲ အလှိုလှိုထသွားတဲ့အချိန်မှာ အမေ့အောက်ကမောင်ရဲ့မိန်းမရယ် ကျွန်တော်ရယ်ပဲ ကျန်ခဲ့ပြီး နောင်တစ်ချိန်မှာ ဟာသအနေနဲ့ ပြောစမှတ်တွင်မယ့် အပြုအမူကို ဘဘကြီးလုပ်ခဲ့တယ်.........သူ့ရဲ့လက်ဖျားတွေထဲမှာ ကြက်ဥကို ကိုင်ထားတဲ့ပုံစံ စုစုလေးလုပ်ပြီး အဲဒီကြက်ဥကိုပဲ မြေကြီးပေါ်ပြစ်ချတဲ့ပုံစံလုပ်ပြီး အဲဒါမှ သောက်ရှက်ကိုကွဲရောဆိုပြီး ဟန်ပါပါလုပ်တဲ့ပုံစံကို ကြည့်လို့ ကျွန်တော်နဲ့ဦးလေးမိန်းမ ပြသနာတွေ ဒီလောက်ဖြစ်နေတဲ့ကြားက သူ့ပုံစံကိုရီရလွန်းလို့ စပ်ဖြီးဖြီးဖြစ်ပြီး သူ့ရှေ့ကထွက်လာခဲ့ကြတယ်........နောင်တစ်ချိန် အမျိုးထဲမှာ တစ်ယောက်ယောက် တစ်ခုခုဖြစ်ရင်လည်း ဘဘကြီးလုပ်တဲ့ပုံစံအတိုင်းလုပ်ပြီး ပါးစပ်ကလည်း အဲဒါမှသောက်ရှက်ကိုကွဲရော လို့ပြောရင် စိတ်အမောတွေကြားက ရီခဲ့ကြရသေးတယ်.........
2 comments:
ချစ်သမီး said...
ခေါင်းစဉ်တွေ့ ကတည်းက ဖတ်မယ်လို့  ကြိမ်းနေတာဗျာ.. ခုမှ စဖတ်ဖြစ်တယ်.. ကိုနောင်သူ့ ဘဘကြီးစိတ်ကို ဘယ်လို နားလည်ရမှန်းတောင် မသိတော့ဘူး။ ။
naungthu said...
ကျေးဇူးပါဗျာ....မေမေကြီးစံနက်တွေ ပေါ့