Saturday, October 17, 2009

အဖေနဲ့အမေ။၂၃။

ကျွန်တော် ပိုက်ဆံတွေ ယူနေတယ်ဆိုတာ အဖေနဲ့အမေ သိနေတယ်ဆိုတာကိုတော့ ကျွန်တော် မသိခဲ့ဘူး.....ဒါပေမယ့် အဖေနဲ့အမေအတွက် ပြောပလောက်အောင် မထိခိုက်တဲ့ ပိုက်ဆံဖြစ်တဲ့အတွက် ကျွန်တော့်အခြေအနေကို စောင့်ကြည့်ပြီး အကြမ်းမကိုင်ပဲ ကြိုးရှည်ရှည်နဲ့ လှန်ပေးထားတဲ့ သဘောနဲ့နေခဲ့ကြတယ်......တစ်ကယ်တော့ အထက်ကပြောခဲ့သလို ကျွန်တော့်အတွက် ပိုက်ဆံက မလိုအပ်လှပေမယ့် ကျွန်တော့်သူငယ်ချင်းတွေ လိုအပ်နေတဲ့အတွက် ကျွန်တော် ခိုးမြဲခိုးနေခဲ့တယ်.....တစ်ရက်မှာတော့ အဖေနဲ့အမေ ဆီက ပိုက်ဆံ ခိုးတတ်နေတဲ့ ကျွန်တော့်အကျင့်ကို ပျက်သွားအောင် ဖြစ်ဖို့ အကြောင်းဖန်လာခဲ့တယ်......ကျွန်တော့် သူငယ်ချင်း တစ်ယောက်က ကျွန်တော့်ကို ပိုက်ဆံ နည်းနည်းလိုလို့ ရှိရင် ပေးပါလို့ ပြောတဲ့အချိန်မှာ ထုံးစံအတိုင်း ကျွန်တော် ပေးမယ်လို့ပြောခဲ့လိုက်တယ်.....နောက်နေ့ ကျွန်တော် ကျောင်းသွားကာနီးမှာ အမေကလည်း ရေချိုး အဖေလည်း ရုံးသွားနေတာနဲ့ အဖေနဲ့အမေ့ အခန်းထဲဝင်ပြီး ပိုက်ဆံ နှိုက်ဖို့ ကြိုးစားပေမယ့် ဖြစ်ချင်တော့ သော့က ဘယ်နားထားမှန်း မသိတော့ဘူးဖြစ်နေခဲ့တယ်......

အမေကလည်း ပိုက်ဆံ ယူမယ်မှန်းသိနေသလိုပဲ အဲဒီနေ့က သော့ကို ထားနေကြနေရာမထားပဲ တစ်နေရာမှာသိမ်းထားခဲ့တယ်.....ကျွန်တော်လည်း ခေါင်းတောက်အောင်ရှာပေမယ့် ဘယ်လိုမှမတွေ့ဘူးဖြစ်နေခဲ့တယ်......နောက်ဆုံးတော့ အခန်းထောင့်မှာ အမေ့ထမိန် အလုံးလိုက် ပုံထားတာတွေ့ရတယ်....ပုံမှန်ဆို ထမိန်တွေအ၀တ်အစားတွေကို အမေက ဒီလိုထားလေ့မရှိတဲ့အတွက် ထမိန်ကို မြင်လိုက်ထဲက ကျွန်တော်လည်း သေချာပေါက် တွေးလိုက်မိတယ် သော့ဒီထဲမှာ ရှိကိုရှိရမယ်ဆိုတာကို.......အမေ့ ထမိန် ဆွဲလိုက်တာနဲ့ ချလွင်ဆိုတဲ့အသံကို ကြားလိုက်ရတယ်.....ကျွန်တော်လည်း အောင်နိုင်သူ တစ်ယောက်လိုပြုံးပြီး ခပ်မြန်မြန် သေတ္တာကိုဖွင့်် ပိုက်ဆံနှိုက်ဖို့ကြည့်လိုက်တော့ စည်းထားတာမဟုတ်ပဲ ဘဏ်ထုပ်တွေဖြစ်နေတော့ စိတ်ညစ်သွားခဲ့တယ်......ဘာလုပ်ရမတုန်းစဉ်းစားနေတုန်း ရေချိုးခန်းထဲက အမေ ရေချိုးပြီးတဲ့အသံကြားလို့ မြန်မြန်ပဲ သူငယ်ချင်းလိုအပ်တဲ့ တစ်ထောင် ယူပြီး ပြန်ထည့်မလို့ လုပ်နေတုန်းမှာပဲ ရေချိုးခန်းဖွင့်သံကြားလိုက်ရလို့ ကြောက်အားလန့်အားနဲ့ ပိုက်ဆံထုပ်ကို အမေ့ကုတင်အောက်ထဲပြစ်ထည့် သေတ္တာကို သော့ခတ် သော့ကိုအရင်နေရာပြန်ထားပြီး အမေ့အခန်းထဲကအမြန်ထွက်လို့ အမေ့ကို သားကျောင်းသွားပြီဆိုပြီး ပြောပြောပြေးပြေး ပြေးခဲ့တော့တယ်........

ကျွန်တော် ကျောင်းရောက်ပြီး သိပ်မကြာခင်မှာပဲ အဖေ ကျောင်းကို သုတ်သီးသုတ်ပျာ ရောက်လာပြီး ကျွန်တော့်ကိုတွေ့မှ စိတ်သက်သာသွားတဲ့ ပုံစံနဲ့ သားလာလာ အိမ်ပြန်လိုက်ခဲ့ ဆိုပြီး ဆရာမကို ခွင့်တောင်းလို့ ကျွန်တော့်ကို အိမ်ပြန်ခေါ်ခဲ့တယ်.......လမ်းမှာ ကျွန်တော် ထွက်သွားပြီး သူ့အခန်းထဲမှာ ခြေရာလက်ရာပျက်နေလို့ သေတ္တာကိုဖွင့်ကြည့်တော့ အထုပ်လိုက်ပျောက်နေတော့ အရင်က ပိုက်ဆံနည်းနည်းပဲယူနေကြ အခု အများကြီးယူတော့ အိမ်ကများထွက်ပြေးတာလားမသိဘူးဆိုပြီး အမေက သွေးရူးသွေးတန်းနဲ့ အဖေ့ဆီဖုန်းဆက် ကျောင်းကို လိုက်ဖို့ပြောတယ်လို့ အဖေက ပြောပြီး အဖေကိုယ်တိုင်လည်း စိတ်ပူနေတဲ့ မျက်နှာနဲ့ ကျွန်တော့်ကို တစ်ချက်မှမငေါက်ခဲ့ဘူး......အမေကတော့ အိမ်မှာ ကျွန်တော်ထွက်သွားပြီထင်ပြီး ခွေကျသွားခဲ့တယ်............ပိုက်ဆံအများကြီးပါသွားရင် အဝေးကြီးကိုထွက်သွားတော့မှာ ဆိုတဲ့ အစ်ကို့တုန်းက အတွေ့အကြုံက အမေ့ကို တော်တော်တုန်လှုပ်စေခဲ့တယ်......ကျွန်တော် အိမ်ပြန်ရောက်တဲ့အချိန်မှာ အမေဟာ အင်မတန် ပူဆွေးသောကရောက်တဲ့အငိုမျက်နှာနဲ့ ကျွန်တော့်ကိုလည်းတွေ့ရော ဖက်ဖက်ပြီး ငိုနေခဲ့တော့တယ်......သားရယ် အမေ့သားလေးရယ် အမေ့ကို ခွဲသွားပြီထင်နေတာ သား ဘာလိုအပ်လည်း အမေ့ရှိသမျှပိုက်ဆံ အကုန်ယူ စသဖြင့် ကျွန်တော့်ကို အမေ အရူးတစ်ယောက်လို ပြောနေခဲ့တယ်........

ကျွန်တော် လည်း သားမယူပါဘူး အမေ အမေ့အသံကြားလို့ ကုတင်အောက်ပြစ်ထဲ့ခဲ့တာပါ သားတစ်ထောင်ထဲယူတာပါဆိုပြီး အမေ့ကုတင်အောက်က ပိုက်ဆံထုပ်ကို ယူပေးတော့ အဖေနဲ့အမေက အဖေတို့အမေတို့ ပိုက်ဆံကြောင့်မဟုတ်ဘူး သားကိုပဲ ပူပန်တာ အခုဒီပိုက်ဆံတွေ သားဘာသုံးချင်လည်း ဘာဝယ်ချင်လည်း လိုက်ဝယ်ပေးမယ်ဆိုတဲ့အချိန်မှာ သား သူငယ်ချင်း ပိုက်ဆံလိုလို့ပါ ဒါကြောင့် ယူရတာပါ ဆိုတာကို ပြောတော့ အမေက ကျွန်တော့်ကို ပိုက်ဆံတော်တော်များများ ပေးခဲ့တယ်.....သား ပေးချင်ရင်ပေး သားအိမ်ကနေ ထွက်မသွားရင် အမေတို့ကျေနပ်ပါတယ်ဆိုပြီး ငိုပြီး ပြောနေတဲ့ အမေ့ကိုကြည့်ပြီး နောင် ဘယ်တော့မှ ပိုက်ဆံကို မယူဖို့ ကျွန်တော်ဆုံးဖြတ်ခဲ့တော့တယ်.......

အဖေနဲ့အမေ ပိုက်ဆံကို ဘယ်လိုပင်ပင်ပန်းပန်း ရှာခဲ့ရတယ် ဘ၀ကို ဘယ်လို ရုန်းကန်ခဲ့ကြရတယ်ဆိုတာ ကိုမသိတဲ့ လူမိုက် ကျွန်တော်ကတော့ ကျွန်တော့်ရဲ့ လူကြီး လူဆိုး သူငယ်ချင်းတွေကို အမေပေးတဲ့ပိုက်ဆံတွေနဲ့ ထောက်ပံ့လို့ကောင်းနေခဲ့တယ်.......အဖေနဲ့အမေရဲ့ ချစ်ခြင်းမေတ္တာကို အလွဲသုံးစား ကျွန်တော်လုပ်ခဲ့တယ်.......ဒီနှစ်ကာလ အပိုင်းအခြားကလည်း အဖေနဲ့အမေ မှာ စိတ်ညစ်စရာတွေများလှသလို စီးပွားလည်း ကောင်းခဲ့တယ်လို့ဆိုရမယ့်နှစ်တွေပါဘဲ......စီးပွားရေးအရ အဆင်ပြေ နေပေမယ့် တစ်စထက် တစ်စ ဆိုးလာနေတဲ့ ကျွန်တော့်အတွက်နဲ့ အဖေနဲ့အမေ နှစ်ပေါင်းများစွာ စိတ်ဆင်းရဲရတော့မယ့် အစလည်း ဖြစ်ခဲ့တယ်......ငယ်ငယ်က ကလေးအချင်းချင်း အနိုင်ကျင့်ခံရရင် ငိုပြီးပြန်လာတဲ့ ကျွန်တော့်ကို အမေက နောင်ငိုလာရင် အမေရိုက်မယ်သားကို သားကိုမတရားတာလာလုပ်ရင် ပြန်လုပ်ပါ ဖြစ်တာအမေရှင်းမယ်ဆိုတဲ့အပြင် ကရာတေး ကွန်ဖူး မြန်မာ့သိုင်း သုံးမျိုးကို ဟိုစပ်စပ် ဒီစပ်စပ် အမေက မသင်မနေရ သင်ခိုင်းထားခဲ့တဲ့အရှိန်လေးရယ် ပါတ်ဝန်းကျင်ရယ် ပေါင်းလိုက်တော့ ကျွန်တော်ဟာ စောင်းငန်းငန်း မိုက်တိမိုက်ကန်းပုံထွက်လာတော့တယ်.......

တစ်ကယ်တော့ ကျွန်တော်ဟာ ကလေးသာသာပဲရှိသေးပေမယ့် ပိုက်ဆံ သုံးနိုင်တာရယ် ပြောရလောက်မယ့် အရွယ်တူ အပေါင်းအသင်း မရှိတာရယ်ကြောင့် လူကြီးတွေနဲ့ လက်ဖက်ရည်ဆိုင် လိုက်ထိုင် လူကြီးစကားတွေ တောပြောတောင်ပြော ပြောနေတဲ့ ကျွန်တော့်ကို ကျွန်တော့်ထက် အသက်ရွယ်ကြီးတဲ့လူတွေက အမြင်ကပ်ကြမယ်ဆိုတာ ကျွန်တော် ဒီအသက်အရွယ်ရောက်တဲ့အချိန် ကျွန်တော့်လို ပုံစံ ကလေးတွေကိုတွေ့တဲ့အချိန်မှ ခံစားမိခဲ့တယ်......(တစ်ခုရှိတာက အဲဒီအချိန်မှာ အဖေနဲ့အမေ က ကျွန်တော့်ကို သိပ်မပြောခဲ့တာကလည်း ကျွန်တော် က ကျွန်တော့်အပေါ် သိပ်ချစ်တဲ့ အဖေနဲ့အမေ နဲ့ဆို ပုံမှန် ကလေးလို ဖြစ်သွားတတ်တာရယ် သားသမီးယုံ စုံလုံးကန်းဆိုတဲ့ စကားပုံလို ရယ်ကြောင့်လို့ ဖြစ်မယ်လို့ထင်မိတယ်)......ကျွန်တော့်ရဲ့ အသက်အရွယ်နဲ့မမျှနေထိုင်ပြောဆိုနေမှုတွေရယ် တစ်ခြားပါနိုင်သေးတဲ့အကြောင်းတွေရယ်ကြောင့်ပဲ နောင်တစ်ချိန်မှာ ရန်ဖြစ်ရင် လက်ယဉ်တယ်လို့ သတ်မှတ်ခံရတဲ့ ကျွန်တော့်ဘ၀ရဲ့ ပထမဆုံး ရန်ပွဲ လမ်းပေါ်မှာဖြစ်ခဲ့ရတော့တယ်.......

ကျွန်တော့်ထက် အသက် ၇ နှစ်ကြီးတဲ့ အစ်ကို့ သူငယ်ချင်း တစ်ယောက်က ကျွန်တော့်ကို စိမ်ခေါ်လာတဲ့အချိန်မှာ ကျွန်တော် ခံရမယ်မှန်းသိရက်နဲ့ ၀င်တိုးခဲ့တယ်......ကျွန်တော်ကိုယ်တိုင်လည်း ထမင်းတောင် မစားနိုင်အောင် ဖူးယောင် သွားသလို သူလည်း ကျွန်တော့်လက်ချက်နဲ့ ကွဲပြဲတဲ့ အထိ ဖြစ်ပြီး အမေတောင် မရိုက်ရက်တာ အခုတော့ ဖူးယောင်နေတာပဲ ငါ့သားရယ်ဆိုတဲ့ အမေ့ရဲ့ ငိုပွဲကလည်း မစဲနိုင်ခဲ့သလို အမေဟာ ကျွန်တော်ရန်ဖြစ်ခဲ့လို့ ရလာတဲ့ဒဏ်ရာတွေနဲ့ ပါတ်သက်ရင် ဒီနေ့ထိ အမေမွေးတုန်းက အပြစ်အနာအဆာ မရှိတဲ့သားလေး အခုတော့ ဒဏ်ရာတွေနဲ့ဆိုပြီး ပြောဆိုပြီး စိတ်မကောင်းဖြစ်နေလေ့ရှိခဲ့တယ်......ဒါပေမယ့် အဲဒီရန်ပွဲဟာ ကျွန်တော့်ရဲ့လူတွေအပေါ် မုန်းတီးတဲ့စိတ် လူတိုင်းဟာ ငါ့အပေါ်မှာ မုန်းနေကြတယ်ဆိုတဲ့စိတ် အမြဲတမ်းငါလက်ဦးမှုယူရမယ်ဆိုတဲ့ စိတ်တွေနဲ့ အတူ ကျွန်တော့်ရဲ့ စိတ်တွေ သိပ်ကြမ်းတမ်းသွားပြီဆိုတာတော့ အမေ နဲ့ အဖေ မသိခဲ့ဘူး.......

5 comments:

ko htoo said...

nice post... continue

naungthu said...

ကိုထူး ကျေးဇူးတင်ပါတယ်ခင်ဗျာ

သူမ said...

ဟင်းးးးးးးးးး
ဘာပြောရမှန်းတောင် မသိတော့ပါဘူး အငယ်ကောင်ရာ...
ဆက်ပါဦး

Shwe Aung San said...

I read your post (1-23) the whole day.
very interesting and like watching movie...
Continue, Bro...


Sann

naungthu said...

ကိုစန်း
ကျေးဇူးတင်ပါတယ်ခင်ဗျာ